လောကမှာမြေ...မြေ... မြေ...မြေ
မြေတွေနေလှမ်းရင်း ချမ်းသာတဲ့ခေတ်တစ်ခုရှိခဲ့သဗျ။ ဘာမှအလုပ်လုပ်ဖို့မလိုဘူး။ အလုပ်လုပ်ရင်တောင် အရှုံးပေါ်နိုင်သေးတယ်။ မြေဝယ်ပြီးသာ နေလှမ်းထားလိုက်။ အလိုလိုမြတ်ပြီးသားပဲ။
ဒီလိုနဲ့ မြေတွေဝယ်လိုက် နေလှမ်းလိုက်၊ မြတ်လိုက်၊ ရောင်းလိုက်နဲ့ ချမ်းသာလာတဲ့သူတွေတစ်ပုံကြီးကို တွေ့ခဲ့ဖူးရဲ့။
မြေဆိုတိုင်းတော့မဟုတ်ဖူးပေါ့လေ။ နေရာကောင်းဆိုတဲ့ (location) လေးတော့ ဖြစ်ရမှာ။
အခုတစ်ခါ လာပြန်ချည်သေး။မြေနေလှမ်းရင်း ချမ်းသာမဲ့အကွက်တစ်ခု။ မြန်မာပြည်မှာတော့မဟုတ်။ မောင်လူပေ ခေတ္တအခြေချနေထိုင်ရာ ဆာမိတို့ရွာလို့ တင်စားခေါ်ခဲ့ဖူးတဲ့ ဖရီးမောင့်(Fremont) မြို့လေးမှာပါ။
ဖရီးမောင့်ဆိုတာ တောမြို့လေးပါ။ အထပ်မြင့်တွေမရှိပါဘူး။ အိမ်ဟောင်းလေးတွေ တန်းစီနေပြီး လမ်းတွေက ခြောက်ကပ်ကပ်။ လမ်းလျှောက်သူမမြင်ရတဲ့မြို့။ ဒီမြို့လေးကဆန်ဖရန်စစ္စကိုနဲ့မိုင်သုံးဆယ်ဝေးတယ်။ ဆီလီကွန်တောင်ကြားက ပန်းသီးတို့ ဂူဂဲလ်တို့ရဲ့ ဆန်ဟိုဆေး(San Jose) နဲ့ မိုင်နှစ်ဆယ်ဝေးတယ်။ ဆန်ဖရန်နဲ့ ဆန်ဟိုဆေးရဲ့ကြားက ကြားမြို့လေးပေါ့။
ဒီမြို့ငယ်လေးမှာ ဆာမိတို့တွေလို့ ချစ်စနိုးနဲ့ကြည်စယ်ခေါ်ရတဲ့ အိန္ဒိယနွယ်ဖွားတွေအများစုရှိတယ်။ တကယ်ကတော့ ဖရီးမောင့်မြို့ အပါအဝင်ဖြစ်တဲ့ ဆီလီကွန်တောင်ကြား( Silicon Valley ) မှာ သူတို့တွေက ကြီးစိုးထားကြတာပါ။ အိန္ဒိယက computer software လောကမှာ ပထမ။ ဒီလောကမှာဘယ်နိုင်ငံကမှ သူတို့ကို မယှဉ်နိုင်သေးဘူး။ အဲဒီအိန္ဒိယက အရမ်းတော်တဲ့ ပညာရှင်အဆင့် software engineers တွေသာ ဒီဖက်ကို ရောက်လာနိုင်ကြတယ်။ အလုပ်ဗီဇာနဲ့ရောက်လာကြပြီး ကုမ္မဏီကကြိုက်တော့ အမြဲနေထိုင်ခွင့်ရကြ၊ နောက်တော့ အမေရိကန်တွေဖြစ်ပေါ့။
ဒီမြို့ငယ်လေးက ပြိုကြတော့မဲ့အိမ်ကို ဒေါ်လာတစ်သန်းနဲ့ ဈေးကွက်တင်လိုက်တာ တစ်သန်းနှစ်သိန်းသုံးသောင်းနဲ့ ဝယ်သွားပါသတဲ့။ အိမ်က ဝယ်ပြီးရင်ဖြိုချရမှာမို့ ဘဏ်ကချေးငွေရဖို့ခက်လို့ ငွေသားအပြည့်ပေးနိုင်သူ (Cash only) ကိုသာ ရောင်းလိုက်ပါသတဲ့။
ခေါင်းကလေးတခါခါနဲ့ စကားပြောတတ်တဲ့ ဆာမိတို့အမျိုးထဲကပဲ ဝယ်သွားတာ ဖြစ်ဖို့များတယ်။ ငွေထုတ်ပိုက်ပြီး ရောက်လာကြတာ သူတို့ရယ် ဆွေမျိုးပေါက်ဖေါ်တွေရယ်ပဲ ရှိတာ။ ဆာမိတို့ရွာကတော့ ဆာမိအမျိုးတွေအကြိုက်မို့ ပေါက်ဖေါ်ဖြစ်နိုင်ချေနည်းတယ်။ အခုလိုအိမ်ဈေးတွေမြေဈေးတွေ မိုးပေါ်တက်နေချိန်မှာ ဒေါ်လာသန်းချီကို ငွေသားနဲ့အပြည့်ပေးပြီး ဝယ်နေကြတာမို့ ပေါက်ဖေါ်ဖြစ်ဖြစ် ဆာမိတို့အမျိုးဖြစ်ဖြစ် တကယ့်ကို ချမ်းသာသူတွေပါပဲ။
အိမ်ဈေးတွေကျနေချိန်က ငွေပေါသူတွေ အိမ်ဝယ်ထားကြရင်ဖြင့် အခုတော့ မြေနေလှမ်းရင်း ငွေထုတ်ပိုက်မိနေကြပြီ။ ဆန်ဖရန်မှာ အိမ်တန်ဖိုးက သာမန်အိမ်အစုတ်လေးတောင်မှ ဒေါ်လာတစ်သန်းခြောက်သိန်းထိ ရောက်နေပြီ။ ဆီလီကွန်တောင်ကြားရဲ့အလယ်မြို့ဖြစ်တဲ့ ဆန်နီဗေး(Sunnyvale)မှာ အိမ်စုတ်လေးတစ်လုံးက ဒေါ်လာနှစ်သန်းတဲ့။ ဒါလဲ Cash only နဲ့ ဝယ်သွားပါသတဲ့။
ဒီမြေဈေးတွေက လုပ်ခလစာနဲ့ယှဉ်ရင် မဖြစ်နိုင်တဲ့ဈေးတွေမို့ ဘယ်တော့ပြန်ကျမယ်ဆိုတာ ဘယ်သူမှမသိ။ ပြန်ကျရင်တော့ ဝယ်မိသူတွေ မြေမြိုပြီပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာ မြေနေလှမ်းတဲ့အချိန်မှာ မြေခွန်ပေးရမယ်၊ ဘာခွန်ညာခွန်တွေရှိတယ်။ ရောင်းရင်လည်း ရောင်းခွန်ဆောင်ရဦးမှာပဲ။ ညာလို့မရ။ လိမ်လို့မလွယ်။
လွန်ခဲ့တဲ့ဆယ်နှစ်နီးပါးကာလ ၂၀၀၈-၂၀၀၉ လောက်က မြန်မာပြည်က သူဌေးမောင်နှံလာလည်တော့ အိမ်ဝယ်ထားဖို့ တိုက်တွန်းဖူးတယ်။ အဲဒီအချိန်က စီးပွားပျက်လို့ အိမ်ဈေးတွေထိုးဆင်းနေချိန်ပေါ့။ သူတို့မဝယ်သွားခဲ့ဘူး။
ဒီတစ်ခေါက်ပြန်တော့ သူတို့ကို ဒီကအိမ်တွေဈေးတက်ကြောင်းပြောပြမိတယ်။
သူဌေးက ပြန်ရှင်းပြပါတယ်" ကိုပေတို့ဆီမှာ ၂၀၀၉လောက်မှာ ငွေသုံးလေးသိန်းရင်းထားမှ ဆယ်နှစ်ကြာရင် သုံးဆလောက်တက်တာပါ။ တသန်းလောက်ပေါ့။ကျွန်တော်တို့ဆီမှာ အဲဒီအချိန်က နှစ်တိုင်းလိုလို နှစ်ဆပြန်တက်တာ။ သုံးသိန်းရင်းရင် သုံးသန်းမကဖြစ်နေပြီဗျ။ အခု ခေါက်ချိုးဆင်းဦးတော့၊ တသန်းခွဲတော့တန်သေးတာ။ အခွန်လည်း ရှောင်လို့ရတယ်၊ ဒီမှာ မြေနေလှမ်းရတာ ပိုကိုက်တာပါ။ " တဲ့။ အဲဒီလို ပြန်ရှင်းပြမှပဲ မြန်မာပြည်ဟာ မြေနေလှမ်းရင်း ချမ်းသာတယ်ဆိုတာ ယုံရပါတော့တယ်။ မောင်လူပေတို့ ခေတ္တဆန်ဖရန်က ခုမှ ဈေးတက်ဖို့ပြင်တုန်း။ မြန်မာ့မြေတွေက ရွှေသီးနေတာကြာရောပေါ့တဲ့။ သူငယ်ချင်းမိတ်ဆွေတွေလည်း မြေတွေနေလှမ်းရင်း ချမ်းသာနေကြတာ တွေ့ရတာမို့ မုဒိတာတွေ ပွားရပါတယ်။
မောင်လူပေလား။ နေလှမ်းစရာက ခြုံစောင်ပဲရှိတယ်။ ဒါလေးလည်း ခဏခဏနေလှမ်းရလွန်းလို့ အရောင်တွေတောင်လွင့်နေပါပြီ။
(မြေနေလှမ်းထားတဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက် ရောင်းချိန်တန်ပြီဖြစ်ကြောင်း သံချောင်းခေါက်လိုက်ရပါတယ်။)
မြန်မာပြည်မှာ မြေမြိုနေသူတွေရှိရင်လည်း မြေကြီးထဲကထွက်နိုင်ကြပါစေ။ မြေကြီးက ရွှေသီးကြပါစေ။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment