ဝီလျှံနဲ့ကိတ်(သို့မဟုတ်)တော်ဝင်စုံတွဲ
ဘုရင့်မျိုးနွယ်တွေ မင်္ဂလာပွဲမို့ တော်ဝင်မင်္ဂလာပွဲလို့ ပြောကြရပေမဲ့ အောင်မြင်တဲ့အိမ်ထောင်တွေရှိသလို မအောင်မြင်တဲ့အိမ်ထောင်ရေးတွေလည်း ဒုနဲ့ဒေး။ မအောင်မြင်တဲ့တော်ဝင် အိမ်ထောင်ရေးတွေထဲမှာ အင်္ဂလန်အိမ်ရှေ့မင်းသားချားလ်နဲ့ လေဒီဒိုင်ယာနာတို့လည်း ပါခဲ့တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့သားကြီးဖြစ်တဲ့မင်းသားဝီလျှံနဲ့ ကြင်ယာတော်ကိတ်တို့ရဲ့ အိမ်ထောင်ရေးလေးကတော့ ခုထိ အောင်မြင်နေဆဲပါ။
မင်းသားဝီလျှံဆိုရင် မကြာခင်လေးင်္ဂလာဆောင်ခဲ့တဲ့ မင်းသားလေးဟယ်ရီရဲ့အကိုကြီး၊ အင်္ဂလန်ဘုရင်မကြီးအဲလစ်ဇဘက်ရဲ့ မြေးကြီး၊ ဘုရင်ဖြစ်မဲ့စာရင်းမှာ ဒုတိယနေရာရှိသူအဖြစ် တကမ္ဘာလုံးက သိပြီးသားမို့ မိတ်ဆက်ပေးဖို့ မလို။ အခုဆိုရင် ဝီလျှံတို့မိသားစုလေးမှာ ချစ်စရာ သားသမီးသုံးဦးတောင် ပွားစည်နေခဲ့ပြီ။
ဒီလိုသာယာတဲ့ အိမ်ထောင်လေးအတွက် အိမ်ရှင်မဖြစ်သူကိတ်ကိုလည်း အမှတ်ပြည့်ပေးရမယ်။ ကိတ်ရဲ့နာမည်အရှည်က ကက်သရင်း အဲလိဇဘက် 'ကိတ်' မက်ဒယ်တင်( Catherine Elizabeth ‘Kate’ Middleton ) ပါ။ သူ့ယောက်ျားဖြစ်သူ မင်းသားဝီလျှံက အနာဂတ်မှာ ဘုရင်ဖြစ်ဖို့ သေချာနေတာမို့ သူမကလည်း ဘုရင်ကတော်ဖြစ်ဖို့ သေချာနေသူပေါ့။
ကိတ်ကို ၁၉၈၂မှာမွေးခဲ့တော့ အခုမှ (၃၆)နှစ်ပဲရှိသေးတယ်။ အခုဆို သားကြီးဂျော့ခ်ျ၊ သမီးရှားလော့နဲ့၊ သားငယ်လေး လူးဝစ်လို့ခေါ်တဲ့ သားသမီးသုံးဦးပွားစည်ခဲ့ပြီ။ သမီးဖြစ်တဲ့ ရှားလော့မင်းသမီးလေးက ဦးလေးဟယ်ရီနဲ့မေဂင်တို့မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ခဲ့တယ်။ သားကြီးဂျော့ခ်ျလည်း သတို့သားအရံပဲ။ ( ဟယ်ရီနဲ့မေဂင်မင်္ဂလာပွဲမှာ နှစ်ယောက်လုံးက သတို့သားအရံ၊ သတို့သမီးအရံတွေ ရွေးပေးဖို့ ငြင်းခဲ့လို့ ကလေးတွေက အရံလုပ်ပေးခဲ့ရတာ။)သားအငယ်ဆုံးလေးကတော့ ဧပြီလကမှ မွေးခဲ့တဲ့ လသားလေးမို့ ငယ်လွန်းတာကြောင့် ပါမလာခဲ့ဘူး။ တကယ်ဆိုရင် ကလေးမွေးပြီးစမို့ မွေးဖွားခွင့်ခြောက်လအထိရလို့ အခမ်းအနားတွေကို တက်စရာမလိုဘူး။ သူမမတ်ကလေးရဲ့မင်္ဂလာပွဲမို့ တက်ရောက်ခဲ့တာ။
မင်းသားဝီလျှံက ငယ်ငယ်ထဲက အေးဆေးတည်ငြိမ်သူ။ ဆော့ကစားရင်တောင် လူကြီးလေးလို ကစားတတ်သူ။ လူကြီးပြောစကားလည်း နားထောင်တယ်။ ဒါကြောင့် သူခရီးထွက်နေရတဲ့အချိန်တွေမှာ သူ့အတွက်မပူပါဘူး၊ သားငယ်ဟယ်ရီကိုပဲ ပူတယ်လို့ အင်တာဗျူးတစ်ခုမှာ အမေဖြစ်သူ ဒိုင်ယာနာကပြောဖူးရဲ့။ အကိုဝီလျှံက အမေမရှိတော့တဲ့နောက်ပိုင်းလည်း အကိုကြီးတစ်ယောက်ပီသစွာ ညီလေးဟယ်ရီကို စောင့်ရှောက်ခဲ့တယ်။ သူတို့ညီအကိုတွေ ရန်ဖြစ်တာ မမြင်ဘူးသလောက်ပဲလို့ နီးစပ်သူတွေကလည်းထောက်ခံကြပါတယ်။
ဝီလျှံမင်းသားငယ်စဉ်(၇)နှစ်သားလောက်က "ကျွန်တော်ကြီးလာရင် ရဲကြီးလုပ်ပြီး အမေ့ကိုအကာအကွယ်ပေးမယ်" လို့ပြောလို့ အမေလုပ်သူက လူကြီးဆန်ဆန်တွေးတတ်တဲ့သူ့သားအတွက် ဝမ်းသာလို့ ရယ်နေသတဲ့။ (၅)နှစ်သားအရွယ် အငယ်ဖြစ်တဲ့ဟယ်ရီက ကြားသွားတော့ " အကိုက ရဲမလုပ်ရဘူးလေ၊ ဘုရင်လုပ်ရမှာ။" လို့ ဝင်ပြောဖူးတယ်လို့ ဆိုတယ်။ ညီအကိုနှစ်ယောက်ရဲ့ ချစ်မေတ္တာက ကလေးအရွယ်ထဲက ခိုင်မြဲနေခဲ့ပြီ။
ဝီလျှံရဲ့ကြင်ယာတော်ကိတ်က သူ့ယောက်ျားထက် ခြောက်လကြီးတယ်။ မေဂင်နဲ့ အသက်အတူတူပဲ။ သူမကလည်း အိမ်မှာ သမီးကြီးပီပီ အနေအေးသူ။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးးနဲ့ အဝတ်အစားလည်း စတိုင်ကြစွာဝတ်တတ်သူ။ မင်းသားဝီလျှံရဲ့ကြင်ယာအဖြစ် နာမည်ကျော်သလို သူမရဲ့ အဝတ်အစားဖက်ရှင်ကြောင့်လည်း နာမည်ရတယ်။ ပြည်သူတွေက သူမဝတ်တဲ့စတိုင်တွေလိုက်ဝတ်ကြလို့ ကိတ်မစ်ဒယ်တန်သက်ရောက်မှု (Kate Middleton effect) လို့ မီဒီယာတွေက နာမည်တတ်ရတဲ့အထိ ဖြစ်ခဲ့တယ်။ နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတွေမှာလည်း သူမပုံတွေ မကြာခဏဖေါ်ပြခံရလေ့ရှိတယ်။
သူမရဲ့မိဘတွေက လူလတ်တန်းစားအထက်လွှာ( Upper Middle Class)တွေ။ သူမနဲ့ဝီလျှံမင်းသားတို့က စိန့်အင်ဒရူးတက္ကသိုလ်မှာ သမိုင်းမေဂျာနဲ့ တက်ရင်းတွေ့ခဲ့ကြတယ်။ မဟာဆန်ဆန်လှတဲ ကိတ်ကို ဝီလျှံက သဘောကြတယ်။ ၂၀၀၃ခုနှစ်မှာ ကိတ်ရဲ့ပထမရီးစားနဲ့ကွဲသွားတဲ့အချိန်ကစပြီး သူတို့တွဲခဲ့ကြတယ်။ သမီးရီးစားတွေထုံးစံအတိုင်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက်။ ၂၀၀၇မှာ ငယ်သူတို့သဘာဝအတိုင်း အယူအဆတွေမတူကြလို့ စကားများကြရာက ခဏပြတ်သွားခဲ့ပေမဲ့ မကြာမှီ၂၀၀၈အရောက်မှာ ပြန်တွဲကြပြန်တယ်။ ချစ်သူသက်တန်း ခုနှစ်မြောက်ဖြစ်တဲ့ ၂၀၁၀မှာစေ့စပ်ကြပြီး ရှစ်နှစ်မြောက်တဲ့ ၂၀၁၁မှာ လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ချိန်မှာ နှစ်ဦးလုံး (၂၉)နှစ်အရွယ်တွေမို့ စဉ်းစားတွေးခေါ်နိုင်မှု ပြည့်ဝတဲ့အရွယ်ရောက်ခဲ့ကြပြီ။
သူတို့နှစ်ယောက်လက်ထပ်ပွဲက ရာစုနှစ်တစ်ခုရဲ့ အထူး လက်ထပ်ပွဲတစ်ခုလို့ ဆိုရမယ်။ စေ့စပ်လက်စွပ်က အမေဖြစ်သူဒိုင်ယာနာက ချားလ်မင်းသားနဲ့ စေ့စပ်ခဲ့စဉ်က ဝတ်ခဲ့တဲ့လက်စွပ်။ လန်ဒန်မြို့ရဲ့ ဧရာမဘုရားကျောင်းကြီးဖြစ်တဲ့ ဝက်စ်မင်စတာ ဘုရားကျောင်း( Westminster Abbey )မှာ ဧပြီလ(၂၉)နေ့က ကျင်းပခဲ့တဲ့ ဒီမင်္ဂလာပွဲကို ကမ္ဘာတဝှမ်းက လူပေါင်းသန်းနှစ်ထောင်ကျော်က နိုင်ငံစံတော်ချိန် အချိန်တွေမတူညီကြပေမဲ့ live လွှင့်ပြီး အားပေးခဲ့ကြတယ်။ တက်ရောက်ကြတဲ့ဧည့်သည်တွေထဲမှာ အမေရိကန်သမ္မတအိုဘားမားတောင် ပါသေးရဲ့။ မင်္ဂလာဧည့်ခံပွဲကို ဘုရင်မကြီးရဲ့နန်းတော် ဘတ်ကင်ဟန်( Buckingham Palace ) မှာပြုလုပ်တယ်။ အင်္ဂလန်နိုင်ငံတစ်ခုလုံးမှာ လမ်းပေါ်ပါတီ( Street Party ) ပေါင်း ငါးထောင်ကျော်ရှိခဲ့တဲ့အထိပဲ။ အဖွားဖြစ်တဲ့ ဘုရင်မကြီးအဲလိဇဘက်စိတ်ကြိုက် ချွေးမလေး ရှာပေးနိုင်ခဲ့တဲ့ အတွက် ဘုရင်မကြီးကလည်း တပြုံးပြုံးနဲ့။
မင်းသားဝီလျှံနဲ့ကိတ်တို့ရဲ့ ပထမဆုံးတော်ဝင်ခရီးစဉ်ကတော့ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ဖက်ဆီ ခရီးနှင်ခဲ့ကြတယ်။ ကယ်လီဖိုးနီးယားရဲ့ ဒစ္စနီမြေကို ဝီလျှံတို့ညီအကို ငယ်စဉ်က အမေဖြစ်သူဒိုင်ယာနာနဲ့ ရောက်ခဲ့ဖူးတာမို့ ဒုတိယအကြိမ် တော်ဝင်ခရီးပေါ့။ တရုတ်ရိုးရာ နဂါးလှေပြိုင်ပွဲ( Dragon boat race) ကောင်းဘွိုင်တွေရဲ့ ကျွဲရိုင်းစီးပြိုင်ပွဲ( Rodeo)တွေ အားပေးခဲ့တဲ့အပြင် အမေရိကန်ကောင်းဘွိုင်တွေစတိုင် ဦးထုတ်ကြီးတွေဆောင်းပြီး ချစ်ကြည်ရေးတွေယူခဲ့ကြတယ်။
၂၀၁၃ဂျူလိုင်မှာ သားအကြီးဆုံးဂျော့ခ်ျ၊ ၂၀၁၅မေမှာ သမီးလေးရှားလော့ခ်၊ ၂၀၁၈ဧပြီမှာ သားအငယ်ဆုံးလေး လူးဝစ်တို့တိုးပွားလာခဲ့တဲ့ သူတို့အိမ်ထောင်ရေးလေးက အခုအထိ အောင်မြင်တဲ့တော်ဝင်အိမ်ထောင်ရေးအဖြစ် အားလုံးက အသိအမှတ်ပြုထားကြတယ်။ ဒီအထဲမှာ အဓိက အမှတ်ပေးရမဲ့သူက ကိတ်ပဲ။
မင်းသားကတော်မို့ တော်ဝင်အခမ်းအနားတွေတက်ရ၊ တော်ဝင်တွေရဲ့ခရီးစဉ်တွေထွက်ရ၊ ပြည်သူတွေနဲ့ထိတွေ့ရနဲ့ တောက်လျှောက်အလုပ်များနေပေမဲ့ မောပန်းပုံမရှိ၊ အမြဲလှပကြော့ရှင်းလျှက်။ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးပြီးသွားသည်အထိ ခန္ဓာကိုယ်က မပျက်မရွင်း၊ ဘုရင်လောင်းလေးဝီလျှံအတွက် နေရာတိုင်းအားကိုးရသူ၊ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာလည်း ပြည်သူတွေရဲ့အချစ်တော်၊ သားသမီးတွေအတွက်လည်း အမေကောင်း၊ ဘုရင်မကြီးနဲ့ ဆက်ဆံရေးလည်း အကုန်အဆင်ပြေ။
သာယာတဲ့အိမ်ထောင်ရေးအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ ဘက်စုံအရည်အချင်းတွေနဲ့ပြည့်စုံသူကိတ်၊ မိဘတွေအိမ်ထောင်ရေးသင်ခန်းစာကနေ အတွေ့အကြုံတွေယူပြီး မိန်းမကိုဂရုစိုက်ပြီး ချစ်တတ်သူ မင်းသားဝီလျှံ၊ ချစ်စရာ သားသမီးသုံးဦးနဲ့ သာယာတဲ့ တော်ဝင်စုံတွဲလေးအကြောင်း သိချင်ကြမဲ့ သူငယ်ချင်းမိတ်ဆွေများအတွက် သတင်းစုံထဲက မွှေနှောက်ရှာဖွေရင်း တင်ပြလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment