အမေများနေ့ အမှတ်တရ(၂၀၁၈)
မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့ဟာ အမေနေ့(Mother’s Day) ပါ။ ဒီနေ့ကိုရောက်တဲ့အခါ အမေ့ရဲ့ တုနိုင်းမမှီတဲ့မေတ္တာတွေကို ပြန်လည်အမှတ်ရကြတယ်။ အမေ့ရဲ့ အေးမြတဲ့ရင်ခွင်ကို ပြန်လည်သတိရကြတယ်။ အမေရှိတဲ့သူရော၊ အမေမရှိတော့တဲ့သူရော အားလုံးဟာ အမေမွေးလို့ လူဖြစ်ခဲ့တဲ့သူတွေပဲ မဟုတ်လား။
အမေ့ကျေးဇူးကို ဘုရားတောင်မှ နို့တစ်လုံးဖိုးပဲကြေအောင် ဆပ်နိုင်ခဲ့တယ်ရယ်လို့ တင်စားကြတယ်။ သားသမီးတွေ မမွေးခင် ကိုယ်ဝန်ရှိပြီဆိုထဲက မွေးလာမဲ့ကလေးအတွက် အစားအသောက် အနေအထိုင်ဆင်ခြင်ခဲ့ရတဲ့အမေ။ မွေးလာမဲ့ကလေးကို စိတ်ကူးနဲ့ချစ်နေခဲ့တဲ့အမေ။ ကိုးလလွယ်ဆယ်လဖွားတဲ့အထိ ကိုယ်ဝန်ဆောင်ခြင်းဒုက္ခကို ခါးစီးခံခဲ့တဲ့အမေ။ မွေးဖွားခြင်းဆိုတဲ့ ဒုက္ခကို အံကြိတ်ရင်ဆိုင်ခဲ့တဲ့အမေ။မွေးပြီးပြန်တော့လည်း ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်နဲ့ နီတာရဲလေးဘဝကနေ လူတစ်လုံးသူတစ်လုံးဖြစ်လာတဲ့ထိ ကိုယ့်ရင်သွေးကို ကိုယ့်ထက်စောင့်ရှောက်ခဲ့တဲ့အမေ။
အမေနေ့ရောက်ရင် အမေ့အကြောင်းတွေပြန်ပြောတတ်ကြတယ်။ အမေ့ကိုလွမ်းကြတယ်။ အမေမရှိတော့ရင်တောင် အမေ့ရဲ့ဖြူစင်တဲ့ချစ်မေတ္တာတွေက သူတို့ရဲ့ သားသမီးတွေဆီမှာ လွှမ်းခြုံနေမြဲပါ။ အမေ့ရဲ့ ဖြူစင်တဲ့ချစ်ခြင်းတရားတွေကို ကုန်စင်အောင် စာဖွဲ့ဖို့က အပုံတစ်သန်းပုံရင် တစ်ပုံတောင်မှီမယ်မထင်။
မောင်လူပေလည်း ဒီနေ့ရောက်ရင် အမေ့ကို ပိုလို့သတိရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးလုံးကို မနက်အိပ်ရာထတိုင်း သတိတရမေတ္တာပို့နေကြပေမဲ့ သူတို့တွေရဲ့မေတ္တာတွေက ကိုယ့်ဆီမှာ အခုအထိ လွှမ်းခြုံအေးမြနေဆဲလို့ ခံစားနေရဆဲပါ။ အထူးသဖြင့် အမေ့ရဲ့မေတ္တာတွေကိုတော့ ပိုလို့(ပိုလို့) မရနိုင်မှန်းသိလေ တောင်းတမိလေပါပဲ။
မောင်လူပေဟာ သားဆိုးသားမိုက်မဟုတ်ပေမဲ့ အမေ့စိတ်ကြိုက်နေထိုင်ကြီးပြင်းခဲ့တဲ့ သားလိမ္မာတစ်ဦးလည်း မဖြစ်ခဲ့ဘူး။ ငယ်ငယ်ထဲက လွတ်လပ်မှုကိုကြိုက်တယ်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူဘာပြောပြော ဂရုမစိုက်တတ်သူ၊ အပေါင်းအသင်းခုံမင်သူပေါ့။ အမေက တောသူပီပီ အနေရိုးတယ်၊ အတွေးရိုးတယ်၊ သူ့သားသမီးတွေကိုလည်း သူ့အုပ်ထိန်းမှုအောက်မှာ နေစေချင်ခဲ့တယ်။ စည်းကမ်းကြီးတဲ့အမေနဲ့ သူပုန်စိတ်ရှိတဲ့သားတို့ရဲ့ဆက်ဆံမှုဟာ စင်းလုံးချော မဖြစ်ခဲ့။
အမေက စာတော်တဲ့သားဖြစ်စေချင်တယ်။ မောင်လူပေက စာမညံ့ပေမဲ့ ထိပ်ကလည်းမဟုတ်တဲ့ မလယ်အလတ်။ ပြီးတော့ ကျောင်းစာဖတ်ဖို့ကလည်း အပျင်းကြီးသေး။ ကျောင်းစာအုပ်ကလွဲရင် ပြင်ပစာတွေဆို အကုန်စိတ်ဝင်စားခဲ့တယ်။ နည်းနည်းကြီးလာတော့ အလည်လွန်တတ်လာပြီ။ ဒီတော့ အမေက စည်းကမ်းနဲ့အိမ်ပြန်ချိန်သတ်မှတ်တယ်။ မောင်လူပေက အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အိမ်ပြန်ချိန် အမြဲနောက်ကျဆဲ။ ဘဝအဖေါ်လည်း အမေက သူ့စိတ်ကြိုက်ကို ရှာစေချင်တယ်။ မောင်လူပေက ကိုယ့်စိတ်ကြိုက်ကို ရှာခဲ့တယ်။ ဒီလိုဒီလို ပဋိပက္ခလေးတွေ၊ အဖုအထစ်လေးတွေနဲ့ အမေနဲ့သားရဲ့ ဆက်ဆံရေးပေါ့။ အမေ့စိတ်ကြိုက် သားလိမ္မာမဖြစ်ခဲ့တာအတွက် ခွင့်လွတ်ပါ အမေ။
အမေနဲ့သား ပဋိပက္ခဆိုပေမဲ့ သားအတွက်ဆို အမြဲလိုလို အလျှော့ပေးခဲ့တာလည်း အမေပါ။ငယ်ငယ်က ချူချာတဲ့သားကြောင့် အိပ်ရေးပျက်ခဲ့တဲ့အမေဟာ ကြီးလာတော့လည်း အချိန်တန်အိမ်ပြန်မလာတဲ့သားကြောင့် အိပ်ရေးပျက်ခဲ့တာပါပဲ။ အရက်ဆိုင်၊ ဖဲဝိုင်း၊ ပချုပ်ဆိုင်တို့ကိုနေ့တိုင်းမရောက်ပေမဲ့ လက်ဖက်ရည်ဆိုင်ကိုတော့ နေ့တိုင်းရောက်တဲ့သားက အမေအိပ်မပျော်တာမသိခဲ့။ သူငယ်ချင်းတွေနဲ့ပျော်လို့ကောင်းတုန်း။ လူငယ်ပီပီ တောကချက်ကြီးတို့ဂျော်နီလမ်းလျှောက်တို့နဲ့ တခါတရံ အဖေါ်လုပ်ပြီး ပြန်လာတဲ့အခါ အိပ်မပျော်သေးတဲ့အမေက သူ့သားတော်မောင် ဇရက်မင်းစည်းစိမ်ရနေတာ သိပေမဲ့ တစ်ခါတစ်လေပဲဆိုပြီး မသိချင်ယောင်ဆောင်ပေးခဲ့သူပါ။
ကောလိပ်ရောက်ထဲက အိမ်မကပ်တော့တဲ့သား၊ တက္ကသိုလ်ကျောင်းပိတ်ရက်တွေမှာလည်း ကျောင်းပိတ်ပြီဆို ချက်ခြင်းမပြန်ပဲ သူငယ်ချင်းတွေနဲ့လျှောက်လည်တတ်တဲ့သား၊ ဒီသားအတွက် အတော်သည်းငြီးခံခဲ့ရမယ်ဆိုတာ ကိုယ်တိုင်မိဘနေရာရောက်မှပဲ ခံစားတတ်လာတာပါ။ ကိုယ်တွေ့ကြုံမှ ယုံပါသည်ပေါ့။
အလွန်စည်းကမ်းကြီးတဲ့အမေ၊ သားအတွက်ဆိုရင် အမြဲလိုလို စိတ်ပူနေတတ်တဲ့အမေပေမဲ့ အံ့သြစရာကောင်းအောင် သားအတွက်အားပေးဂုဏ်ယူခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုလည်းရှိခဲ့ပါတယ်။ ဒါလေးကို အမေနေ့အမှတ်တရပြောပြခွင့်ပြုပါ။ အဲဒါကတော့ ရှစ်လေးလုံးနေ့မှာ သားတော်မောင်လမ်းပေါ်ထွက်ပြီးဆန္ဒပြခဲ့တာကို မတားမြစ်ပဲ သူကိုယ်တိုင်က လိုလိုလားလားနဲ့ အားပေးခဲ့တဲ့အဖြစ်ပါပဲ။ အဲဒီအချိန်က မဆလပါတီအောက်မှာ တစ်နိုင်ငံလုံးအကြောက်တရားနဲ့ ရောက်ရှိနေချိန်မို့ ရှစ်လေးလုံးနေ့မှာ လမ်းပေါ်ထွက်ကြမယ်လို့ တိုင်ပင်ထားကြပေမဲ့ ချက်ခြင်းကြီးရောက်မလာခဲ့ကြဘူး။ အခြေအနေကိုအကဲခတ်နေကြတုန်းပေါ့။ ထစ်ကနဲဆိုဖမ်းပြီမို့ ကြောက်နေကြဆဲ။
မောင်လူပေကတော့ စာရွက်ဖြူကြီးမှာ ခွတ်ဒေါင်းပုံကြီးဆွဲ၊ ဒီမိုကရေစီကိုထောက်ခံသည်လို့ စာရေးပြီး အိမ်ရှေ့မှာကပ်တယ်။ အမေက မကန့်ကွက်ဘူး။ သားလုပ်တာမှန်သတဲ့။ သားဖြစ်သူ လမ်းပေါ်ထွက်မယ်ဆိုတာလည်း မတားဘူး။ ဂရုစိုက်ပါတဲ့။ ဒီတစ်လုံးပဲ မှာခဲ့တယ်။ ဒီလိုနဲ့ ရှစ်လေးလုံးနေ့မှာ တိုင်ပင်ထားတဲ့သူငယ်ချင်းအချို့နဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖြစ်ခဲ့တယ်။ သူ့သားနဲ့ကျောင်းသားတွေ နိုင်ငံအတွက်လှုပ်ရှားတာမှန်တယ်လို့ ထောက်ခံခဲ့တာ စိုးရိမ်တတ်တဲ့အမေ့အတွက်ကြီးမားတဲ့စွန့်စားမှုကြီးပါ။ အိမ်မှာ တထိပ်ထိပ်နဲ့ စောင့်နေရမဲ့ အမေ့အဖြစ်ကို အခုမှ ကိုယ်ချင်းစာတတ်ခဲ့တယ်။
နိုင်ငံရဲ့လွဲမှားနေတဲ့စနစ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြတာ အမေ့ကိုယ်တွေ့။ ကိုယ်တွေက အဆင်ပြေပေမဲ့ အဆင်မပြေကြသူတွေက အများစု၊ ဒါတွေကြောင့်လည်း မဆလအစိုးရပြုတ်ကြရေးအတွက် ကျောင်းသားတွေ လမ်းပေါ်ထွက်တာကို မတားမြစ်ခဲ့ဘူးထင်ပါတယ်။ ပြောမဲ့သာပြောရတာ။ အမေက သူပုန်မျိုး။ သူ့ရွာက သူပုန်ကြီးစိုးတဲ့အရပ်။ သူ့ဦးလေးက သူပုန်ကြီး။ မောင်လူပေရဲ့ ပုန်ကန်လိုတဲ့အကျင့်က အမေ့သွေးတွေပေါ့။ အမေ့အားပေးမှုနဲ့ မောင်လူပေခေါ် မောင်တက်ကြွက စစ်တပ်ကအာဏာသိမ်းပြီးနောက်တနေ့ဖြစ်တဲ့ စက်တင်ဘာ(၁၉)ရက်အထိ အလံကြီးတကိုင်ကိုင်နဲ့ ဆန္ဒပြလို့ကောင်းနေတုန်း။ ဒီမိုကရေစီအစား ကျည်ဆံတွေပေးလိုက်လို့ အလောင်းတွေလိုက်ကောက်ရမှပဲ လက်လျှော့ခဲ့သူပေါ့။
ရှစ်လေးလုံးမှာ တူတော်မောင်တက်ကြွခဲ့တာကို အစာမကြေသူက မောင်လူပေရဲ့ဦးကြီးဖြစ်သူပါ။ သူက တပ်မတော်မှာဗိုလ်မှူးကြီးအထိ တာာဝန်ယူခဲ့သူ။ ညွှန်မှူးကြီးမို့ အစိုးရရဲ့ကြီးလေးတာဝန်ယူရသူ။ သူ့ရဲ့တူ မောင်လူပေက သူ့အိမ်မှာတည်းပြီး အစိုးရကိုတော်လှန်သူ။ တစ်နေ့တော့ စကားစပ်မိရင်း ရှစ်လေးလုံးမှာလမ်းပေါ်ထွက်ခဲ့တဲ့ မောင်လူပေတို့ကို အရူးတွေလို့ နှိတ်ကွပ်ပါတယ်။ အနားမှာရှိနေတဲ့အမေက သူ့အကိုအရင်းခေါက်ခေါက်ကို မောင်လူပေ့ကိုယ်စားပြန်ပြောလိုက်တာကိုလည်း အခုထိ မမေ့နိုင်သေး။" လမ်းပေါ်ထွက်ဆန္ဒပြမိတာနဲ့ အရူးဆိုရင် တစ်နိုင်ငံလုံးရူးနေတာဖြစ်မယ်အကို။" တဲ့ မှတ်ကရော။
အခုဆို ဒီနှစ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်းနှစ်သုံးဆယ်ပြည့်မဲ့နှစ်ပေါ့။ အမေဆုံးခဲ့တာလည်း နှစ်နှစ်ဆယ်ပြည့်ပါပဲ။ ဒီလိုတိုက်ဆိုင်တဲ့နှစ်ရဲ့ အမေနေ့မှာ အမေ့အကြောင်းလေး အမှတ်တရရေးဖြစ်ပါတယ်။ အမေ့ကိုလည်းလွမ်းရင်းပေါ့။
တကမ္ဘာလုံးက အမေတွေနဲ့ အမေ့ကိုချစ်တဲ့ အမေ့သားသမီးတွေ ကျန်းမာချမ်းသာကြပါစေ။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment