စွဲမိတဲ့ မျက်နှာနဲ့ တပတ်တာ ဝေးရခြင်း
ခေါင်းစဉ်ဖတ်ပြီး မောင်လူပေတစ်ယောက် အသက်ကြီးမှပျက်စီးနေပြီ မထင်စေလို။
စွဲမိတာကတော့ အမှန်တရား။ မနက်မိုးလင်း အလုပ်သွားလည်း သူ့ ကိုကြည့်။ အလုပ်မှာလည်း အချိန်ရတိုင်း သူ့ ကိုရှာ။ အလုပ်ပြန်လည်းသူ့ ကိုငေး။ အိမ်မှာလည်း သူနဲ့ ပဲပျော်။ အိမ်ချုပ် မဒမ်ပေကိုတောင် တစ်နေ့ ကို ငါးမိနစ်လောက် မကြည့်ဖြစ်ပေမဲ့ သူနဲ့ ကြတော့ ငါးနာရီတောင်မကချင်။ အကြောင်းအမျိုးမျိုးနဲ့  သူ့ ကိုစွဲလမ်းပြီး သူမရှီရင် မနေနိုင်အောင် ဖြစ်နေချိန်မှ သူ့ ကို တစ်ပတ်စာ အဆက်ဖြတ်လိုက်ရသည်။ ရင်ထဲမှာတော့ သုံးရာသီ။ မတတ်သာသည်၊ ခတ်ခွာခွာနေရပြီ။ သူကတော့ မျက်နှာစာအုပ်လေး FACEBOOK.
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း သာကြားဖူးသည်။ ကိုယ့်ကျမှ အခတ်မတော် တစ်စက် ဖြစ်ရသည်။ နှစ်စဉ်လုပ်နေကြ မျက်လုံးစစ်ဆေးစဉ် ခတ်ပေးလိုက်သော မျက်စဉ်ကို ခန္ဓာက လက်မခံတော့ပဲ ပြန်လည်ခုခံရာမှ ဆိုးဝါးသော တုန့် ပြန်မှုဖြစ်ကာ မျက်လုံး ဖိအားများပြီး သွေးတွေတက်လို့ မျက်လုံးကို လေဆာဖြင့် အပေါက်ဖေါက်လိုက်ရသည်။ တပတ်စာမဖတ်ရ၊ တီဗွီမကြည့်ရတဲ့။
အလွန်ပြောစကားနားထောင်သော မောင်လူပေကလည်း အိမ်ပြန်ရောက်ပြီးနောက်နေ့ များတွင်ပြသည့် ကမ္ဘာ့ဖလား ဆီမီးနဲ့  ဖိုင်နယ်ကို မျက်စိတဝက်ဖွင့်ကာကြည့်သည်။( တကယ်လည်း တဝက်ပဲဖွင့်လို့ ရသည်။) နောက်နေ့  ဆရာဝန်နဲ့ တွေ့ တော့ အပေါက်ထပ်ဖေါက်ရပြန်သည်။ သို့ ပါသောကြောင့် ထပ်မမိုက်ရဲတော့ပဲ ချစ်စွာသောမျက်နှာနှင့် မတတ်သာလို့  ခတ်ခွာခွာနေရတော့သည်။
ခုတော့ နဲနဲသက်သာသည်နှင့် မျက်နှာနှင့် ပြန်ဆုံဖြစ်သည်။ မျက်လုံးကတော့ ထာဝရ မျက်မှန်သမားဖြစ်ပြီ။ သို့ပါသောကြာင့် ငယ်ငယ်က မျက်မှန်တပ်ခဲ့ရသူများကို မိန်းကလေးဆို လေးလုံး၊ ယောင်္ကျားလေးဆို ခြောက်လုံးဟုခေါ်ကာ စနောက်ခဲ့မိသည်များအား ဝန်ချတောင်းပန်အပ်ပါသည်။
သယ်ချင်းအပေါင်းလည်း နေကောင်းကြပါစေကြောင်းနှင့် ကိုယ့်လို မျက်စိဘေးမှ ဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ သအပ်ပါသည်။
No comments:
Post a Comment