ဘောင်ခတ်ခြင်း
မောင်လူပေတစ်ယောက် မျက်မှန်ကြီး တဝင်းဝင်းဖြင့် လောကကြီးကို ဘောင်ခတ်ကြည့်ဖို့  ခုတလော ကြိုးစားနေသည်။ လောကကြီးကိုလည်း မကြေနပ်။ စိတ်နာသည်။ ဘွဲ့ ရ အလုပ်လက်မဲ့ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်ဘဝဖြင့် ဆိုက္ကားပဲထွက်နင်းရတော့မလို ကားပဲသွားမောင်းရတော့မလိုဖြစ်နေစဉ် တုတ်(ဒုတ်)ဝေချိန်က ထိပ်ဆုံးကပါခိုင်းခဲ့ပြီးမှ သူများတကာတွေ ခေတ်ပြောင်းချိန်မှာ ဖလန်းဖလန်းထနေကြတဲ့ မုန့်ဝေချိန်ကြမှ လောကကြီးက သူ့ ကို ချန်ထားခဲ့လို့  မဖလန်းနိုင်ခဲ့။
သူများတကာတွေ ဖလန်းနေကြတာများ အားကြစရာ။ သမူးရဲ့ အီးရောဂါ၊ ကာရာအိုကေ မေတ္တာရောဂါ၊ စပွန်စာရောဂါ စသည့် နုနုရွရွလှလှ အလန်းဇယားရောဂါတွေနှင့် ပျော်ရွှင်လို့ ။ကိုယ့်ကြမှ အနုအရွ သမုဒယလေးတွေကို မမြင်နိုင်တဲ့ထိ ဒုက္ခပေးမဲ့ မျက်စိရောဂါ လာဖြစ်သည်။ နေ့ တိုင်း ဆေးထည့်၊ဆေးစား၊ ဆရာဝန်ပြနဲ့  အလုပ်တွေရှုပ်လှသည်။
ငယ်သူငယ်ချင်းကိုကိုသန့် ကလည်း သူများတွေ ဖလန်းဖလန်းထနေတာ အားကြပြီး ရွာပြန်သွားသည်။ မသွားခင်လည်း ဖုန်းဆက်ကာ " မင်းတို့ ငါတို့ အရွယ်တွေ ရွာမှာ အပြတ်ကဲနေကြတယ်။ တရုပ်ကြီးဆို ကာရာအိုကေမှာ ဘယ်ညာနှစ်ပါးနဲ့ " ဘာညာသာရကာစသည်ဖြင့် မောင်လူပေကို မခံချင်အောင် စနောက်သွားသေးသည်။ သူလည်းရွာမှာ ကဲနေပြီထင်ရသည်။ ရွာကပြန်ရောက်မှ အကြောင်းစုံ မေးမြန်းစုံစမ်းရမည်။
ထိုကဲ့သို့  မတရားလှသော လောကကြီးကို ဖါတစ်လုံးခေါင်းကြားကဲ့သို့  "ဟယ်.. အသင်လောက " ဟု ဟစ်အော်တိုင်တည်ချင်ပါသော်လည်း ' ဒီလူတော့ ချောင်သွားရှာပြီ' ဟု ပတ်ဝန်းကျင်က ဝိုင်းကြည့်ကြမည့် မျက်လုံးများကို ရင်မဆိုင်ရဲသည်မို့ လက်လျှော့ရသည်။ သို့ ပါသောကြောင့် အနှီ လောက ခေါ် ဒွန္နယား ( အာရဗီဘာသာဖြင့်) ကြီးကို ဘောင်ခတ်ကြည့်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ဒွန္နယားကြီးကို ဘောင်ခတ်လိုက်တော့လည်း သူ့ ဟာနဲ့ သူ အဟုတ်သား။ သူ့ ဘောင်ထဲမှာပဲနေရင် ဒွန္နယားကြီးက လှနေတာတွေ့ ရသည်။
ခရိုနီ၊ ခရိုပြာ၊ ခရိုပန်းနုရောင်မရင့်တရင့် စသည့် ခရိုအစုကို ခရိုဘောင်ဖြင့်ခတ်ကြည့်လိုက်တော့ သူဟာသူ ဘောင်ဝင်ကာ ကြည့်ကောင်းနေသည်။ အဘများကပ်ပေါင်းရင်း နောက်ဆုံးပေါ်ကား အကောင်းစားကြီးများစီးကာ ခြွေရံတသင်းဖြင့် တင့်တယ်နေကြလေသည်။
အဘများရဲ့  ဘောင်ကလည်း ရွှေရောင်တဝင်းဝင်းဖြင့် တင့်တယ်လှပလျှက်ရှိသည်။တပ်ဘောင်ထဲမှာနေ၊ ဒေါ်စုကို ဆန့် ကျင်၊ အခွင့်သာတုန်း ရသလောက်ရှာ၊ အကိုကြီး ညီလေးဆက်ဆံရေးများဖြင့် ပျော်စရာတွေပဲ တွေ့ ရလေသည်။
ဘောင်ကွက်လေးကို ထပ်ရွေ့ လိုက်တာ့ ချွေးတလုံးလုံးဖြင့် ဝမ်းစာရေးအတွက် လုံးပမ်းနေရသော အောက်ခြေဘဝများကို တွေ့ ပြန်သည်။ ဒီဘောင်က ကြည့်လို့ မလှ။ ဒါကြောင့်လည်း အရင်က ရုပ်ရှင်တွေမှာ ဆင်းရဲခန်းမပြရလို့  ဆင်ဆာဖြတ်တာနေမှာ။ ဒီလို မလှပတဲ့ဘဝတွေကို ဘယ်သူကြည့်ချင်မှာတဲ့လဲ။ ဒီဘောင်ကို ကျော်လိုက်သည်။
ဘောင်ကွက်တွေ ရွှေ့ ကြည့်ရင်း လောကကြီးကို စိတ်နာလာသည်မို့  သီချင်းတစ်ပုဒ်ကိုသာ အကျယ်ကြီး အော်ဆို မိလိုက်ပေသည်။
" ခရိုနီဖြစ်ဖို့  ကျွန်တော်ကြိုးစားမည်။ အဘကြီးဖြစ်ဖို့  ကျွန်တော်ကြိုးစားမည်။ ဗမာ့သားကောင်းဇာနည်၊ ဖလန်းဖလန်း ဘဝကို ကျွန်တော် မျှော်မှန်းရည်။ "
No comments:
Post a Comment