Wednesday, July 9, 2014

ကမ္ဘာ့ဖလားမှတ်စု

ဂျူလိုင် ၁ ရက် ၂၀၁၄

အမေရိကန်အသင်း လိမ်ဖယ်ဖယ်နင့်ပြုတ်သွားပြီ။ ဘယ်လဂျီယံကို အချိန်ပိုတွင် ၂း၁ နှင့် ရှုံးသွားသည်။ ကွာတားသို့ တက်နှင့်ပြီးသော မက်စီတို့၏ အာဂျင်တီးနားနှင့် ဘယ်လဂျီယံ တွေ့ကြတော့မည်။

အမေရိကန်အသင်းကား အံ့ဘွယ်အသင်း။ ရှေ့တန်းတိုက်စစ်မှုး ကောင်းကောင်းမရှိပဲ ဂိုးသမားတော်လွန်းသောကြောင့်သာ ဒီအဆင့်ထိ တက်လာနိုင်ခြင်းဖြစ်သည်။

ဒီနိုငိငံရောက်မှ ဘောပွဲမကြည့်ရ။ အမေရိကန်တွေက Football ဆိုလျှင် သူတို့ရဲ့ လက်ပစ်ဘောကစားနည်းဟုထင်ကြသည်။ ဘောလုံးပွဲကြတော့ Soccer ဟုခေါ်သည်။ သူတို့က ဘေ့စ်ဘော၊ ဘတ်စကက်ဘောတွေပဲ ကြည့်ကြ အားပေးကြသောကြောင့် ဘောလုံးပွဲ က တီဗွီမှာ မလွှင့်။အားပေးမှုလည်း နည်းလှသည်။ မိန်းကလေးတွေလောက်ပဲ ဘောလုံးကန်ကြတာများသည်။ အခုလို ကမ္ဘာ့ဖလားပွဲတောင် ESPN လို အားကစားလိုင်းသီးသန့် ကပဲလွှင့်သည်။

ဒီလောက် အောင်မြင်လာသည်ကိုပင် အမေရိကန် လောလုံးအသင်း၏ ညီညွတ်မှုကြောင့်ဟု ဆိုချင်ပါသည်။




 ဂျူလိုင် ၄ ရက် ၂၀၁၄

 ကမ္ဘာ့ဖလားရဲ့  ကွာတားဖိုင်နယ် နှစ်ပွဲပြီးသွားပြီ။ အများမျှော်လင့်ထားသလိုပဲ ဂျာမဏီက ပြင်သစ်ကို ၁းဝ နဲ့ နိုင်ပြီး ဘရာဇီးက ကိုလံဘီယာကို ၂း၁ နဲ့ နိုင်တယ်။

ဘရာဇီးနဲ့  ကိုလံဘီယာပွဲပိုကြည့်ကောင်းတယ်။ ဘရာဇီးက ဒီနေ့  အရမ်း ကောင်းအောင် ခြေစွမ်းပြနိုင်သလို ကိုလံဘီယာကလည်း ထပ်တူလိုက်ကစားနိုင်တယ်။

ကိုလံဘီယာက လူငယ်ခြေတက်ကစားသမားလေးတွေနဲ့  အခြေခံထားတဲ့အသင်းလည်းဖြစ်တယ်။ နောက် လာမဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ ဒီလူငယ်တွေနဲ့  အခြေခံပြီး အရမ်းတောင့်တင်းတဲ့ အသင်းကြီးဖြစ်လာလိမ့်မယ်။

ဒီလိုဆက်ပြီး ခြေစွမ်းပြနိုင်မယ်ဆိုရင် လာမဲ့ July 8th Tuesday 1:00pm (PT) မှာကစားမဲ့ ဂျာမဏီ နဲ့ ဆီမီးဖိုင်နယ် ပွဲမှာ ဘရာဇီးနိုင်ဖို့  များပါတယ်။ Go Brazil.... We Love You...!!!



ဂျူလိုင် ၅ ရက် ၂၀၁၄
 
 အာဂျင်တီးနားက ဘယ်လဂျီယံကို ၁းဝ နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားပြီ။ ထုံးစံအတိုင်း ခြေစွမ်းပြသွားသူက မက်စီပါပဲ။ ဒီလိုတိုက်စစ်မှူးကောင်းရှိတဲ့ အပြင် နောက်တန်းနဲ့ အလယ်တန်းကလည်း တဖက်အသင်းဂိုးသွင်းခွင့် မရအောင် ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။

ဒီနှစ် ဘယ်လဂျီယံအသင်းက လူငယ်လေးတွေလည်း အတော်ကောင်းပါတယ်။ အာဂျင်တီးနားနောက်တန်းကို မကျော်နိုင်ခဲ့လို့ ဂိုးရဖို့ မဖန်တီးနိုင်ပဲ အရှုံးနဲ့ အိမ်ပြန်ရတာ။

မက်စီ ဒီလိုသာ ခြေဆက်ကောင်းနေရင် နောက်တပွဲက တက်လာမဲ့ အသင်း ( နယ်သသာလန်နဲ့ ကော်စတာရီကာ ၊ နယ်သာလန်နိုင်ခြေများတယ်။) ကို အနိုင်ကစားနိုင်မယ် ထင်ရတယ်။ မက်စီက သူ့အသင်းကို မာရာဒိုနာလို ကမ္ဘာ့ဖလားရအောင် လုပ်ပေးနိုငိမလားဆိုတာ မကြာခင်သိရတော့မှာပါ။

အားလုံးရဲ့ အချစ်တော် ဘရာဇီးအသင်းကတော့ နေမာမပါတော့ဘူးတဲ့။ မနေ့က ကိုလံဘီယာနဲ့ပွဲမှာ ကျောရိုးနာသွားလို့တဲ့။ နေမာ မပါတော့ရင် ဘရာဇီးက ဂျာမနီကို အနိင်ကန်ဖို့ မလွယ်တော့ဘူး။ ကိုနေမာ မြန်မြန်နေကောင်းပါစေလို့ပဲ ဆုတောင်းပါတယ်။
 

ဒီနေ့ ဒုတိယ ကွာတားဖိုင်နယ်ပွဲက တဖက်သတ်ပွဲ။ နယ်သာလန်က ကော့စတာရီကာကို ပွဲအစအဆုံး တောက်လျှောက်ဖိထားတာ။ ကော်စတာရီကာကလည်း တသင်းလုံးဆင်းပြီး ခံစစ်နဲ့ ပိတ်ကစားထားတော့ ဒပ်ခ်ျတွေ ဘယ်လိုသွင်းသွင်း ဂိုးမရဘူး။

အနိုင်မခံ အရှုံးမပေးစိတ် ဆိုတာဒါပါပဲ။ ညီညီညွတ်ညွတ် စုပေါင်းခုခံတော့ ဂိုးသွင်းမခံရ။ ဂိုးသမားကလည်း အရမ်းတော်။ ဒပ်ခ်ျတွေ တဒိုင်းဒိုင်းသွင်းနေတာကို နေရယူမှန်စွာနဲ့ ပြန်ခုခံ။ ဒီလိုနဲ့ မိနစ်ကိုးဆယ်နဲ့ အချိန်ပိုပြီးထိ ဒပ်ခ်ျတွေ တစ်ဂိုးမှ သွင်းမရ။

နောက်ဆုံး ပယ်နယ်တီအဆုံးအဖြတ်နဲ့မှ ကော်စတာရီကာအသင်း ရှုံးသွားတယ်။ ဂရိနဲ့ ကန်တုန်းကလည်း ၁၀ ယောက်ထည်းနဲ့ ဂရိကိုဒီလိုပဲ ခုခံပြီး နောက်ဆုံးမှာ နိုင်ခဲ့ပေမဲ့ ဒီတခါတော့ ကံတရားက သူတို့ဖက်မှာ မရှိတော့။

လူကောင်ချင်းရော အင်အားချင်းပါကွာတဲ့ ဒပ်ခ်ျလို အသင်းကြီးကို နောက်ဆုံးမိနစ်ထိ ရေကုန်ရေခန်း ခုခံကစားသွားခဲ့တဲ့ ကော်စတာရီကာ အသင်းကို လေးစားစွာ ဂုဏ်ပြုပါတယ်။

ဒပ်ခ်ျကတော့ အာဂျင်တီးနားနဲ့ July 9th (Wed) 1:00pm (PT) မှာ ဆီမီးဖိုင်နယ် ကစားရပါတော့မယ်။



ဂျူလိုင် ၈ ရက် ၂၀၁၄
 
 ပထမပိုင်းမှာငါးဂိုး ဂိုးမရှိနဲ့ ဂျာမဏီကဦးဆောင်နေပြီးနောက် ဒုတိယပိုင်းမှာ ဂျာမန်တိုက်စစ်မှူး ရှားလော့က နောက်ထပ်နှစ်ဂိုး ထပ်သွင်းပြန်လို့ ဂျာမန် ၇ ဂိုးရှိပြီ။ ဒီပွဲဟာ ကမ္ဘာ့ဖလားသမိုင်းရဲ့ ဆီမီးဖိုင်နယ်မှာ ဂိုးအများဆုံး အသွင်းခံရတဲ့ပွဲအဖြစ် စံချိန်တင်သွားပြီ။ ဘရာဇီးက ခြေပဂိုး တစ်ဂိုးကို ပွဲပြီးခါနီးမှ ပြန်သွင်းနိုင်ရှာတယ်။

ဘရာဇီးအတွက် မရှုမလှရှူံးရတာက သူ့ကွင်းနဲ့ သူ့ပရိတ်သပ်ရှေ့မှာမို့ ပိုရှက်ရှာကြမယ်။

နေမာအပေါ်အားထားလွန်းတာမီု့ နေမာမပါတော့လို့ တိုက်စစ်အားမရှိတော့ပဲ ဂျာမန်တိုက်စစ်အောက်မှာ မရှုမလှ ကျဆုံးရရှာတယ်။

နိုင်ငံရေးနယ်ပယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားထားကစားနေရတဲ့ ကစားကွက်ကနေ မပြောင်းနိုင်သေးရင် သူသာ မကစားနိုင်တော့ရင် ဘယ်လိုလုပ်ကြမယ်ဆိုတာ ခုထဲက အဖြေရှာသင့်ပြီထင်ပါကြောင်း။



ဂျူလိုင် ၉ ရက် ၂၀၁၄

 ဒီနေ့ ကန်တဲ့ အာဂျင်တီးနားနဲ့  နယ်သာလန်ပွဲကတော့ အချိန်ပိုပြီးတဲ့အထိ တဂိုးမှမသွင်းနိုင်ကြလို့  ပယ်နတီကန်ပြီး အာဂျင်တီးနား ဖိုင်နယ်တက်သွားပြီ။

ကမ္ဘာ့ဖလားက ထူးတာတခုရှိတယ်။ ဘောလုံးအားနည်းတဲ့ အာရှနဲ့  အာဖရိကတိုက်ကလွဲရင် ကန်တဲ့တိုက်က နိုင်ငံတခုခုကပဲ နိုင်လေ့ရှိသတဲ့။ ဥရောပမှာကစားရင် ဥရောပအသင်းပဲနိုင်တယ်။ ဒီတခါက အမေရိကတိုက်တောင်ပိုင်းမှာ ကစားတာမို့  တောင်အမေရိကအသင်း အာဂျင်တီးနားနိုင်မယ်မှန်းကြတယ်။ ဒါပေမဲ့ သူနဲ့ ဖိုင်နယ်မှာတွေ့ မဲ့ ဂျာမဏီက ဘရာဇီးကို အပြတ်အနိုင်ကန်လာတာမို့  မလွယ်ဘူး၊ ဒီတခါ အဲဒီဂွင်ပျက်မယ် ပြောသူလည်းရှိတယ်။

ဒီနေ့ က အာဂျင်တီးတားနိုင်ငံရဲ့  လွတ်လပ်ရေးနေ့ ဆိုပဲ။ သူတို့ ပြည်သူတွေပျော်သလို ဘရာဇီးတွေလည်း ပျော်ကြတယ်။ တကယ်ဆို ဒီနှစ်သင်းက ပြိုင်ဖက်တွေမို့  မတဲ့ကြဘူး။ ဒီတခါမှာတော့ သူတို့ တောင်အမေရိကရဲ့ လက်ထဲမှာ ကမ္ဘာ့ဖလား ကျန်ခဲ့စေရေးအတွက် ဘရာဇီးတွေက ဘရာဇီးအလံထောင်ပြီး အာဂျင်တီးနားကို အားပေးနေကြတယ်။

မက်စီလည်း ၁၉၈၆ခုနှစ်က မာရာဒိုနာ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအတွက် သယ်ပေးနိုင်ခဲ့သလို ဆောင်ရွက်နိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။






No comments:

Post a Comment