ကိုရင်ကတော့ ရှေးကုသိုလ်ကောင်းလို့ မြို့ရောက်ပြီး ချမ်းသာဇိမ်ကြနေလို့ ကျုပ်တို့ကို မေ့ရောပေါ့။ ကျုပ်တို့ကတော့ တော့အကြောင်းပြောရင်း သတိရနေကြသာ။ အရီးလေးမိအေးကတောင် မေးနေသေးသာ။ ဟိုအကောင် ငချက်ဆီက ဘာသတင်းကြားတုန်းတဲ့။ ကျုပ်ကလည်း အရီးလေးရယ် အရီလေးတူတော်မောင်အကြောင်းသိရက်
ကျုပ်တို့ကတော့ အရင်လိုပါပဲ။ မနက်ကြီးထဲက လယ်ဆင်းပြီး လယ်ထဲပဲ နေကုန်တာပေါ့။ ဒီနှစ်ကမိုးဖေါက်တော့ ကိုင်းသမားတွေ
ဒုက္ခပိုရောက်တာပေါ့။ ကျုပ်တို့ကိုင်းလေးလည်း တပ်ကတစ်ချမ်းသိမ်းသွားလို့ တစ်ချမ်းကျန်တော့တာရယ်။ အကုန်မသိမ်းသွားတာပဲ မောင်မင်းကြီးသားများကို ကျေးဇူးတင်နေရသာ။
သိမ်းသွားတဲ့မြေအတွက်ကတော့ တစ်ဧကကို နှစ်သိန်းနဲ့ အရော်ရပါရဲ့။ နို့ပေသိ မြေဈေးက အပြင်မှာ ဆယ့်ငါးသိန်းလောက်ပေါက်တာလေ။ ပြန်ပြောဖို့ကလည်း တောသူတောင်သားမို့ မပြောရဲ။ ဆရာလေးကိုတင်ပြောနည်းမျိုးနဲ့ မနိုင်တော့သည်းခံ လိုက်ရသပေါ့။
တပ်မြေထဲပါသွားတဲ့ ထန်းကိုးပင်ကတော့ တစ်ပင် နှစ်သောင်းပေးသာမို့ သိန်းရှစ်သောင်းရတယ်။ ဒါပေသိ ဒီထန်းလေး လုပ်မှ ထမင်းစားရတဲ့ ကဖိုးထောင်တို့တော့ လက်မဲ့ဖြစ်သပေါ့။ သူလည်း မုံရွာတက်ပြီး ပွဲရုံမှာ ကုန်ထမ်းနေလေရဲ့။
မန်းလေးက ဆူညံညံလည်း ကျုပ်တို့ဆီကူးဖို့ လုပ်နေသယ်။ ရွာမယ် မြို့က အမျိုးဘာသာသမားတွေ လိုက်စည်းရုံးနေသယ်။ ရွာဦးဆရာတော်ကတော့ နင်တို့တွေ သူများဆွယ်တိုင်းမယုံနဲ့။ ကံကုန်းက ဆိတ်သည်မကို နမူနာယူလို့ သင်တယ်။
ကံကုန်းရွာက ဆိတ်သည်မကြီးကို မှတ်မိရဲ့ မှုတ်လား။ ဆိတ်ခေါင်းကြီး တောင်းပေါ်တင်ပြီး ဆိတ်သားလယ်ရောင်းသာလေ။ သူတို့ရွာသားတွေက သနဲ့ တ လည်း မပီကြဘူးရယ်။
တခါတော့ ရွာလာပြီး ဆိတ်သားရောင်းတော့ ဆိတ်ခေါင်းကြီး တောင်းပေါ်တင်ပြီး ဒီလိုအော်တာရယ်။
" ဆိတ်တားမှ ဆိတ်တား အစစ်ပါတော်။ ကိုတာမောင် တိုး တိုးချင်းခွေ့လို့ သေတာယူရောင်းတာပါ။ ဆိတားမှဆိတ်တားတွေ လတ်လတ်ဆပ်ဆပ်တွေပါ" လို့။
တကယ်က ဦးသာမောင်ကြီးမွေးထားတဲ့ သိုးတွေ အချင်းချင်းခွေ့လို့ သေတာ သူကယူရောင်းတာရယ်။ အဲသာကို ဆိတ်ခေါင်းပြ ဆိတ်သားလိမ်ရောင်းသာ။ နို့ပေသိ စိတ်လွတ်ပြီး အမှန်တွေ အော်မိနေသာကိုး။
ခုလည်း မန်းလေးနဲ့ တခြားမှာ ဖြစ်တာတွေက ဘာသာရေးဗမ်းပြပြီး ဆူခိုင်းတာမို့လား။ ကျုပ်တို့က တောသားပေမဲ့ ဒီလောက်တော့ မအဘူးရယ်။
စာလည်းရှည်ပြီ။ ကျုပ်လည်း မနက်ကြီးထဖို့ အိပ်ချေဦးမယ်။ ခုတောင် ကိုယ်ထူကိုယ်ထနဲ့ ရွာမှာ မီးလေးသွယ်လို့ တညလေးနာရီမီးလေးပေးတုန်း ကြိုးစားရေးလိုက်တာ။ တော်သေးပီ။
တော်လည်း နေကောင်းအောင်နေ။
မပုမ
ဘိန်းနွယ်ချောင်ရွာ
ယင်းမာပင်မြို့နယ်
စစ်ကိုင်းတိုင်း
( အချက်အလက်ပေးသော မိတ်ဆွေကြီး ကိုနိုင်ဝင်းအား ကျေးဇူးတင်လျှက်)
No comments:
Post a Comment