Friday, March 27, 2015

သမ္မတကြီးကို ချစ်ပါတယ် (၂)

သမ္မတကြီးကို ချစ်ပါတယ် (၂)

ခုတလော သမ္မတကြီး မကောင်းဘူးလို့ ရေးနေကြတာတွေ ပိုတွေ့မိလာတယ်။

ကိုယ့် သမ္မတကြီးကို အဲဒီလောက်တော့ မဝုန်းသင့်ဘူးလေ။ သမ္မတကြီးကို များတို့ကတော့ ဘာပဲဖြစ်ဖြစ် ချော်တကစ်မှာပဲ။

တကယ်ဆို သူက တက်လာထဲက မကောင်းတာလေ။ အဲဒီတုန်းကတော့ မြစ်ဆုံတုံးကြီးရောင်းစားတဲ့ကိစ္စ ဟုတ်ပေါင်ယောင်လို့ မြစ်ဆုံစီမံကိန်း ရပ်စေတဲ့ ကိစ္စနဲ့ ကျေးဇူးတွေ အိုဗာတင်းခဲ့ကြပြီး ခုကြမှ မကောင်းဘူး ပြောတာတော့ မကြိုက်ပေါင်။ များတို့ကတော့ ရှင်းတယ်။ သမ္မတကြီး တက်လာထဲက မကောင်းမှန်းသိတယ်။ ( ဘာ ပါရမီရှင်တွေကို လိုက်ဆွဲနေတယ် ဟုတ်လား။ များပြောတာ ဘာမှားလဲ။ သမ္မတကြီးက ကောင်းမှ မကောင်းတာ။ ကျန်းမာရေးလေ။ ကျန်းမာရေး မကောင်းရှာလို့ နှလုံးမှာ စက်တတ်ရတယ်ဆိုပဲ။ ကဲကြည့် မကောင်းပေမဲ့ ကောင်းသယောင် ဟန်ဆောင်ပြီး အလုပ်တွေ လုပ်နေရရှာတာ။ သနားပါတယ်။)

သူ့ဘုန်း သူ့ကံကြောင့် သမ္မတကြီးထိ ဖြစ်တာမို့ များတို့တော့ မဝေဖန်ရဲပေါင်။ ( ဘာ မယ်တော်ကြီးကို နောက်ပေါက်က ဝင်တတ်တဲ့ သူ့မဒန် အန်တီဝင်းကြောင့် ဟုတ်လား။ သူငယ်တော်လေးတွေ ဘာမှလည်း သေချာ မသိပဲနဲ့ လျှောက်ပြောမနေနဲ့ စာဖတ်နေသူကြီးနဲ့ သမ္မတကြီးက စစ်ရုံးမှာ အတူ လုပ်ခဲ့တာဟဲ့။ စာဖတ်နေသူကြီး ကြိုက်လို့ သူ့ကို သမ္မတ ခန့်တာပေါ့။ )

သမ္မတရာထူး ယူတဲ့ အချိန်ထဲက လခတောင် ပုံးငါးဆယ် များတယ်ဆိုပြီး မထုတ်ဘူးတဲ့။ ကြည့် ဘယ်လောက် ချော်တကစ်ဖို့ ကောင်းလဲ။ သူ့လယ်တောခြံမှာလည်း နွားတွေ မွေးထားသတဲ့။ ဒါကြောင့် နွားနို့သောက်ဆိုပြီး ပရိုမိုးရှင်း လုပ်ရရှာတာ။ သူ့မဒန် အန်တီဝင်းကလည်း မုန့်ဟင်းခါးဆိုင်ဖွင့်မယ် ပြောထားတာ။ မြောင်းမြဒေါ်ချိုတို့ တင်တင်အေးတို့တောင် မျက်ခုံးလှုပ်နေပြီ။
(ဘာ နောက်ဖေးပေါက်က ဂါတွေရတာတွေ မတွေ့လို့ ဟုတ်လား။ အဲဒါတွေ နင်တို့ရော တွေ့လို့လား။ နောက်ကို တွေ့ရင် ဓါတ်ပုံရိုက်ခဲ့။
)
သမ္မတကြီးက ဝံသာနုစိတ် အပြည့်ရှိတဲ့သူ။ ကြည့်ပါလား အမြဲ ခေါင်းပေါင်းစ တလူလူနဲ့ သိပ် မဟာဆန်တာပဲ။ ချီတ်ထမီ ဟုတ်ပေါင်ယောင်လို့ ချိတ်လုံချည်တောင် သိပ်မဝတ်တော့ဘူး။ ယောပုဆိုးနဲ့ ခန့်ခန့်ကြီးရယ်။ ( ဘာ ထောင်ပြိတ်လို့ ခေါင်းပေါင်းရတာ ဟုတ်လား။ ခေတ်ကာလ သူငယ်တော်လေးတွေ ပိန်းတယ်ဆိုတာ ဒါပဲ။ ခေါင်းဆောင်ဆိုတာ ခေါင်းပေါင်းရတယ်ဟဲ့။ မသိရင် လေ့လာဦး။)

ဖြစ်သမျှ သမ္မတခေါင်း ဖြစ်နေတာလည်း လက်မခံနိုင်ပေါင်။ အခု လက်ပံတန်းရိုက်ပွဲကိစ္စဆိုလည်း သူနဲ့ ဘာဆိုင်လဲ။ သူက ပြည်ပမှာ ပိုက်ဆံသွားတောင်း ဟုတ်ပေါင်ယောင်လို့ ( အသက်ရလာတော့ မှားပြောမိတာ။) နိုင်ငံတော် ချစ်ကြည်ရေး ခရီးဆိုလား ထွက်နေတာ။ ပြီးတော့ အဲဒီ ရဲကိုကို တွေကို ကိုင်တဲ့ ပြည်ထဲရေးဝန်ကြီး ကလည်း သူခန့်တာမဟုတ်။ တပ်ချုပ်က တိုက်ရိုက်ခန့်တဲ့သူလေ။ သူပြောတာ နာခံမယ်တဲ့လား။ စဉ်းစားကြပါဦး မထော်မနမ်းလေးတွေရဲ့။ (ဘာ သမ္မတလုပ်ပြီး ဝန်ကြီးကို ခန့် လို့ မရဘူးဆိုတာ မယုံဖူး ဟုတ်စ။ ၂၀၀၈ ခြေဥကို ဖတ်ကြပေတော့။ သမ္မတမှာ အာဏာရှိလား တပ်ချုပ်မှာ အာဏာရှိလား အဲဒီကြရင် သိလိမ့်မယ်။)

နိုင်ငံခြားသတင်းထောက်ဆိုတဲ့ အဝှာလေးကလည်း သူမရှိလို့သူမသိတာကို အတင်းမေးတယ်။ သူ့ခမျာလည်း အောက်ကတင်ပြတဲ့ စာရွက်တွေ ဖတ်ပြီး ဥပဒေနဲ့ ညီပါတယ် ဘာညာနဲ့ အတင်းကာပေးနေရရှာတာ။ ( ဘာ ရဲတွေရဲ့ အွန်လိုင်းပေါ်က တုတ်သိုင်း ဗီဒီယိုဖိုင် ဟုတ်လား။ သမ္မတကြီးက နင်တို့လို အားအားယားယား ဖေ့ဘွတ်မှာ အချိန်ဖြုန်းနေတဲ့သူ မဟုတ်ဘူးဟဲ့။ သူဘယ်သိမှာလဲ။)

ခြေဥထဲက ၅၉(စ)ဟာ မစုအဖေ ရေးခဲ့တဲ့ ၄၇ ခြေဥထဲက ယူထားတာလို့ မှားပြောမိတာကိုလည်း ဝေဖန်လိုက်ကြတာ ပက်ပက်စက်စက်။ သူမှ ၄၇ ခြေဥကို မဖတ်ဖူးတာ ဘယ်သိမလဲ။ အကြံပေးတွေက အတူတူပဲလို့ ပြောတော့ သူလည်း တကယ်ထင်ရှာမှာပေါ့။ တကယ်ကအကြံပေးတွေကို ဆဲသင့်တယ်။ သမ္မတကြီးကို အကျန်တွေပဲ ပေးနေတာလေ။ ကောင်းတာတွေက ဒင်းတို့ မြိုဆို့လိုက်ပြီ။( ဘာ အကြံနဲ့ အကျန်မတူဘူး ဟုတ်လား။ အသံထွက်တူတယ်။ဒါပဲ။)

ကိုယ့်လူရင်းတွေကိုလည်း တကယ်ကာကွယ်ပေးတဲ့ သမ္မတကြီးပါ။ ဒါကြောင့် သူ့လူတွေ ဘာဖြစ်ဖြစ် ခွင့်လွှတ်ပေးတာ။ ဦးဆန်းဆင့်တို့ ဦးလွန်းမောင်တို့ကိစ္စကတော့ မလွှဲမရှောင်သာလို့ လုပ်ရတာတဲ့။ ( ဘာ သူ့ကို ပြန်ထိမှာ စိုးလို့ ဟုတ်လား။ အင်းပေါ့ ကိုယ့်ပြန်ထိမဲ့အရာကို ဘယ်သူ လက်ခံမှာလဲ။)

သမ္မတကြီးရဲ့ "သုံးပုံးဂါပါ၊ ဘေးကင်းကွာ" ဆိုတဲ့ ဆောင်ပုဒ်ကို အကြိုက်ဆုံး။ အဲဒီ ဆောင်ပုဒ်ကို ငါးလီလီပြီး ရေလောင်းလိုက်လို့ ဆေးမှုနဲ့ အထဲရောက်နေတဲ့ ကိုယ့်ရဲ့ သူငယ်တော်လေး ပြန်ထွက်လာနိုင်တာ။

အဲဒါကြောင့် သမ္မတကြီးကို ချစ်ပါတယ်လို့ ပြောတာပေါ့.,,,။အဲဒါလေး လက်တို့ ပြီးတော့ လာပြောတာ။ ဒါပဲ။

 

Thursday, March 26, 2015

လစာတွေ တိုးမယ်ဆိုလို့ 

အစိုးရ ဝန်ထမ်းတွေရဲ့ လစာတွေ တိုးပေးတာ ကောင်းပါတယ်။

၂၀၁၅မှာ ဝန်ထမ်းတွေ လစာတိုးပေးမယ် ဆိုတာလည်း ကြိုတွက်ထားပြီးသားပါ။

တိုးပေးတဲ့ ငွေက ဘယ်ကရတဲ့ ငွေလည်းဆိုတာတော့ ကြေညာပေးဖို့ လိုလိမ့်မယ်။

ဒီနှစ်အတွက် လိုငွေ ဒေါ်လာ နှစ်ဘီလီယံကျော်ရှိတယ်လို့ လွှတ်တော်မှာ တင်ပြထားတာရှိတယ်

လိုငွေကိစ္စ မရှင်းနိုင်သေးပဲ လစာတိုးတာဆိုရင်တော့ ငွေဖောင်းပွမှုပိုလာပြီး ကုန်ဈေးနှုန်းတွေ ထိုးတက်လာမှာ အသေအချာ။

တိုင်းပြည်ရဲ့ စီးပွားရေး မခိုင်မာသေးခင် အသုံးငွေ တိုးလာတာဟာ ငွေဖောင်းပွမှုကို ဖိတိခေါ်တာမျိုးမို့ လစာတိုးလိုက် ကုန်ဈေးနှုန်းတက်လိုက်နဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေတတ်တယ်။

စီးပွားရေး ပညာရှင်တွေကတော့ ငွေဖောင်းပွမှုကို အရင် ထိမ်းချုပ်ရမယ်လို့ အကြံပေးထားတယ်။

ငွေဖောင်းပွမှုနှုန်းဟာ တနှစ်ကို သုံးရာနှုန်းထက် မကျော်စေရဘူးတဲ့။ မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းက ခြောက်ကနေ ကိုးရာခိုင်နှုန်းကြားမှာ အမြဲပတ်လည်ရိုက်နေတာ။

ဒီပုံအတိုင်း ဆက်သွားရင် ပိုဆိုးလိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထားတယ်။

တကယ်လုပ်သင့်တာက မြန်မာငွေရဲ့ တန်ဖိုးကို မြင့်လာအောင် လုပ်ရမှာ။ အနှစ်နှစ်ဆယ်မှာ ဆယ်ဆ ( တထောင် ရာခိုင်နှုန်း ) တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ မြန်မာငွေရဲ့ အခြေအနေကို ထင်ဟတ်စေပါတယ်။
၁၉၉၃ မှာ ပြည်ပကိုရောက်တော့ အမေရိကန်တဒေါ်လာနဲ့ လဲမယ်ဆိုရင် စကာင်္ပူဒေါ်လာက တကျပ်ခွဲ၊ ယိုးဒယားဘတ်က နှစ်ဆယ့်ငါး၊ မလေးရှာ ရင်းဂစ်က သုံးကျပ်နီးပါး၊ တိုင်ဝမ် ဒေါ်လာက နှစ်ဆယ့်ရှစ်၊ တောင်ကိုးရီးယား ဝမ်က ထောင်ကျော်၊ တရုတ်ယွမ်က ခြောက်ကျပ်ခွဲသာသာ ရှိခဲ့တယ်။

ခုလို နှစ်ပေါင်းနှစ်ဆယ် အကြာမှာလည်း ဒီနိုင်ငံတွေရဲ့ ငွေလဲနှုန်းက အရင်နဲ့ မတိမ်းမယိမ်း။
အမေရိကန်ရဲ့ ငွေဖောင်းပွမှုနဲ့ သိပ်မကွာခဲ့ကြ။

ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဖြစ်ချင်သလို ဖြစ်ခဲ့လို့ မြန်မာငွေဈေး ကမောက်ကမဖြစ်ခဲ့တာ အားလုံးအသိ။

လစာတိုးလိုက် ကုန်ဈေးနှုန်းတက်လိုက် ဖြစ်နေရင်တော့ ဝန်ထမ်းတွေမှာ အရင်အတိုင်း ဆင်းရဲကျပ်တည်းနေမှာ ပဲမို့ ..,,,။

Wednesday, March 25, 2015

သူ့ ကြွေးတွေ များလွန်းလို့ 

ကုန်းဘောင်ခေတ်ရဲ့ နာမည်ကျော် မိဘုရားကြီး မယ်နုကို ရေနှစ်သတ်ဖို့ ခေါ်အသွား လမ်းမှာ ဆရာတော်ဦးဗုဓ်ဆီ ဝင်ဖူးတော့ "မယ်နု၊ သူ့ကြွေးရှိက ဆပ်ရပေလိမ့်မယ်။ " လို့ ငိုနေတဲ့ နန်းကျမိဘုရားကို စာဖတ်နေရင်းက ဆရာတော်ကြီးမှ လှမ်းပြောခဲ့တယ်လို့ ကြားဖူးတယ်။

ကျောင်းသားသပိတ်က ကျောင်းသားလေးတွေကို ရုံးထုတ်တော့ ငိုကြွေးနေတဲ့ မိဘတွေရဲ့ မျက်ရည်တွေ မြင်ရတာ စိတ်မကောင်းလိုက်တာလေ။ မြေသိမ်းခံ တောင်သူတွေ ကျတဲ့ မျက်ရည်တွေ၊ သပိတ်မှောက် အလုပ်သမားလေးတွေကို ရိုက်နှက် ဖမ်းဆီးသွားလို့ ကျတဲ့ မျက်ရည်တွေ မနည်းခဲ့တော့။

တို့ပြည်သူတွေမှာလည်း သူ့ကြွေးတွေ ဆပ်မကုန်ပါလားနော်။

Tuesday, March 24, 2015

လီကွမ်ယူကတော့ သွားရှာလေပြီ

စကာင်္ပူရဲ့  ဖခင်ကြီး လီကွမ်ယူ သေဆုံးသွားခဲ့ပြီ။

ဘာမှမရှိတဲ့ ကျွန်းနိုင်ငံလေးကို ကမ္ဘာ့ ပထမတန်းနိုင်ငံဖြစ်အောင် သူ တည်ဆောက်ပြနိုင်ခဲ့တယ်။
အဲဒီနိုင်ငံလေးမှာ ရွှေမြန်မာတွေလည်း အများကြီး ခိုလှုံနေကြလေရဲ့ ။

သူ့ ကျေးဇူးတွေက ရွှေမြန်မာတွေ အပေါ်မှာပါ တင်ရှိခဲ့တယ်။

တကယ်တော့ သူဟာ အာဏာရှင် တယောက်ပါ။ အာဏာရှင်ထဲက ထူးခြားစွာ လူသားဆန်ခဲ့တဲ့ သူပါ။
သူကို ဆန့် ကျင်သူ မှန်သမျှကို ထောင်ထဲပို့ တယ်။ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့်ဆိုတာ သူ နဲ့ သူ့ ရဲ့  ပီအေပီပါတီကို မဆန့် ကျင်ရင်မှ ရတယ်။ ဒါပေမဲ့ စလုံးပြည်သူ အများစုက သူ့ ကို အဖေကြီး တဦးလို ချစ်ကြတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူ့ ရဲ့  လုပ်ရပ်တွေကြောင့်ပါ။

သူဟာ နာမည်ကျော် ကင်းဘရစ် တက္ကသိုလ်က ဥပဒေဘွဲ့ ရ ပညာတတ်။ စစ်ရေးအမြင် မရှိဘူး။ စစ်ဗိုလ်ချုပ်ကြီးလည်း မလုပ်ခဲ့ဘူး။

အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရဖို့  မလေးရှားနဲ့ ပေါင်းခဲ့တယ်။ လွတ်လပ်ရေးယူပြီး နစ်နှစ်အကြာမှာ လူမျိုးရေး မုန်းတည်းမှုတွေကြောင့် မလေးရှားက ခွဲထွက်ခဲ့တယ်။ သူတည်ထောင်ခဲ့တဲ့ ပါတီနဲ့  နိုင်ငံကို တည်ထောင်တယ်။

ပထမဆုံးလုပ်ခဲ့တာက အကျင့်ပျက် ချစားမှုနှိမ်နှင်းရေးအဖွဲ့  ဖွဲ့ ပြီး အကျင့်ပျက် လာဒ်စားသူမှန်သမျှကို အရေးယူခဲ့တာပါ။ တကယ်ကို အရေးယူပြတော့ လာဒ်စားမှုတွေ အရမ်းကို နည်းပါးသွားတယ်။

နိုင်ငံကို တည်ဆောက်ဖို့ အတွက် ပညာတတ်တွေ လူတော်တွေ လိုတယ်။ ဒီလူတွေကို ရဖို့  လစာကောင်းကောင်းပေးရမယ် ဆိုတာ သူသိတယ်။ ဒါကြောင့် ထိုက်တန်တဲ့ လစာ၊အခွင့်အရေးတွေ ပေးပြီး ရအောင် ရှာတယ်။ နိုင်ငံတကာက ပညာရှင်တွေ ကျွမ်းကျင်သူတွေ သူ့ ဆီ ရောက်လာတော့ အဲဒီ ပညာရှင်တွေ ပေးတဲ့ အကြံဥာဏ်တွေယူပြီး နိုင်ငံကို တည်ဆောက်ခဲ့တယ်။ ပညာရှင်တွေကို ဆရာမလုပ်ခဲ့။ ဝင်ပြီး မစွက်ဖက်ခဲ့။ အခွင့်အရေးတွေလည်း မယူခဲ့။

သူ့ နိုင်ငံမှာ တရုတ်က ခုနှစ်ဆယ်ရာနှုန်း ကျော်ရှိတယ်။ မလေးနဲ့  အိန္ဒိယ နွယ်ဝင်တွေက နှစ်ဆယ်ရာနှုန်းကျော်တယ်။ ကျန်တာက နိုင်ငံခြားသားတွေ။ ဒါကြောင့် ကျောင်းမှာ အင်္ဂလိပ်စာ၊ တရုတ်စာ၊ မလေးစာတို့ ကို သုံးမျိုးလုံး မသင်မနေရ သင်စေတယ်။ အဲဒီ လူမျိုးတွေရဲ့  ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု တွေလည်း သင်ရတယ်။ ဒီတော့ မယုံသကာင်္ဖြစ်မှုတွေ လျှော့ကြလာတယ်။
 တယောက်အကြောင်း တယောက် ပိုသိလာကြတော့ အမုန်းတရားတွေ လျှော့ကြလာပါတယ်။

တရုတ် ဟာ့ကာလူမျိုး မို့  တရုတ် ရိုးရာ အစဉ်အလာတွေနဲ့  ရှေးရိုးဆန်တာတွေ ရှိပေမဲ့ ဒီနိုင်ငံ တိုးတက်ရေးအတွက် သူ တကယ် အလုပ်လုပ်ခဲ့တယ်။ လိုအပ်ရင် လိုအပ်သလို ဥပဒေတွေပြောင်းတယ်။ လူတွေများမှာ စိုးလို့  ၁၉၆၀ နှစ်တွေမှာ ကလေးနှစ်ယောက်ထက်ပို မယူဖို့  သူလုပ်ခဲ့တယ်။ ၁၉၉၀ နောက်ပိုင်းကြတော့ လူဦးရေ ကျဆင်းလာလို့  ကလေးတွေ ယူကြဖို့  တိုက်တွန်း လုပ်ဆောင်ပြန်တယ်။ ဒီကြားထဲမှာလည်း ပညာတတ် အပျိုကြီးတွေ များလာလို့  လူပျိုတွေကို ပညာတတ် အပျိုတွေကို ယူဖို့  တိုက်တွန်းလုပ်ဆောင်ခဲ့တာတွေ ရှိခဲ့သေးတယ်။

သူလုပ်ခဲ့တာတွေမှာ လူ့ အခွင့်အရေး စံချိန်စံညွှန်းနဲ့  မညီတာတွေအများကြီးရှိခဲ့တယ်။ လိင်တူဆက်ဆံသူတွေကို လက်မခံတာ၊ ကြိမ်ဒါဏ် ပေးတာ၊မူးယစ်ကုန်သွယ်မှုတွေကို သေဒါဏ် ပေးတာ၊ သူနဲ့  သူ့ ပါတီကို ဆန့် ကျင် သူ မှန်သမျှကို ထောင်ထဲထည့်တာ၊ လျှို့ ဝှက် ရဲတွေက နေရာတိုင်းမှာ စောင့်ကြည့်နေတာ၊ သူ့ သားကို ဝန်ကြီးချုပ် ခန့်ဖို့  သူ့ တပည့်ကို ခဏ ဝန်ကြီးချုပ်ခန့်  သူက စီနီယာ ဝန်ကြီးပြန်လုပ်၊ သူ့ သားကို ဝန်ကြီးချုပ်ပြန်ခန့်  သူက ဝန်ကြီး အကြံပေး ပြန်လုပ်နဲ့  တသက်တာ ဝန်ကြီး လုပ်သွားခဲ့တာ စတဲ့ ဟာတွေပေါ့။

ဒါပေမဲ့ သူ စေတနာမှန်စွာနဲ့ သူ့ နိုင်ငံအတွက် သူလုပ်ခဲ့တယ်။ ပညာတတ်တွေကို လူမှန်နေရာမှန် သုံးခဲ့တယ်။ထိုက်တန်တဲ့ လစာတွေ ပေးခဲ့တယ်။ ပညာရေးကို ရှေ့ တန်းတင်တဲ့ ပညာတတ်ဦးစီးတဲ့ နိုင်ငံ ဖြစ်အောင် တည်ထောင်နိုင်ခဲ့တယ်။ လာဒ်ပေးလာဒ်ယူမှုကို တိုက်ဖျက်နိုင်ခဲ့တယ်။ သူကိုယ်တိုင်လည်း လာဒ်ပေးလာဒ်ယူ ကင်းအောင် နေပြခဲ့တယ်။ တကယ်ကို တဲပေါ်က လူတွေ တိုက်ပေါ်ရောက်အောင် တင်ပေးနိုင်ခဲ့တယ်။ ဆင်းရဲတဲ့ ပြည်သူ အများစုကို ဆင်းရဲတွင်းက လွတ်အောင် သူလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအာဏာရှင်ကြီးကို သူ့ ပြည်သူတွေ ချစ်ခဲ့ကြတာပေါ့။ အခု သူသေတော့ ဝမ်းနည်းငိုကြွေးနေကြတာပေါ့။

ကျွန်တော်တို့ ဆီက ခေါင်းဆောင်ဆိုသူကြီးတွေ သေတဲ့ အခါ ပြည်သူတွေ ဒီလို ဝမ်းနည်း
ကြေကွဲ ဖြစ်ကြမလားဆိုတာကတော့ မေးခွန်းထုတ်စရာတောင်လိုမယ် မထင်ပါကြောင်း။
 

Saturday, March 21, 2015

တန်ခူး အလွမ်းပြေ

ပိတောက်တွေ ရွှေရည်လူးတဲ့ တန်ခူးလတောင် ရောက်ခဲ့ ပြန်ပြီ။

ထန်းခူးတဲ့လမို့ တန်ခူးလို့ ခေါ်ပါသတဲ့။

အတာကူးလို့ တာကူးကနေ တန်ခူးဖြစ်လာတယ်လို့ ယူဆသူလည်းရှိတယ်။

အတာသင်္ကြန်မှာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းတာမို့ နှောင်းတန်ခူးနဲ့ ကူးတန်ခူးဆိုပြီး တန်ခူးကို နှစ်ပိုင်းခွဲကြတယ်။

သင်္ကြန် အစဉ်အလာက ရှေးဟောင်းဟိန္နူအယူအဆကနေ မွေးစားရင်း မြန်မာ့ရိုးရာ ဖြစ်လာခဲ့တယ်။
ဟိန္နူအယူအဆ အားကောင်းခဲ့တဲ့ ထိုင်း၊ လော နဲ့ ကမ္ဘောဒီးယားတို့မှာလည်း မြန်မာတွေလိုပဲ သင်္ကြန်ပွဲမှာ ရေပက်ရင်း နှစ်သစ်ကူးကြတယ်။

မြန်မာပြည်ရဲ့ သင်္ကြန်ပွဲကတော့ အားလုံးထဲမှာ အကြီးကျယ်ဆုံးနဲ့ ပျော်စရာ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။

အတာကို ကြိုတဲ့ အနေနဲ့ အတာအိုးထိုးဖို့ တန်ခူးရောက်ရင် ပြင်ကြပြီ။ သကြားမင်းကြီးကို အတာအိုးနဲ့မကြိုရင် စိတ်ဆိုးတတ်တယ်ဆိုလား ကြားဖူးတယ်။ သင်္ကြန်မှာ သကြားမင်းကြီးက ဘာကြီးစီးဆင်းမယ်၊ ညာလက်မှာ ဘာကိုင်မယ် ဘယ်လက်မှာ ဘာကိုင်မယ်၊ ဘာတွေဖြစ်မယ်၊ ဘယ်နေ့သားသမီးက တာစားမယ် ကံကောင်းမယ်ဆိုတဲ့ သင်္ကြန်စာတွေလည်း ထွက်လာပြီ။ သင်္ကြန်စာ ဖတ်ရတာလည်း ပျော်စရာ တမျိုးပါ။

စက္ကူထီးလေးတွေ တန်ခွန် ကုက္ကား မြေအိုးစတဲ့ ရိုးရာ လက်မှုပညာသည်လေးတွေရဲ့ ဝင်ငွေ အကောင်းဆုံးလကို ပြပါဆိုလည်း တန်ခူးပါပဲ။
တရုတ်ကလာတဲ့ ပလတ်စတစ်အိုးတွေ ပလတ်စတစ် ပစ္စည်းတွေနဲ့ အတာ မကြိုသေးတာကို ကျေးဇူးတင်ရပါတယ်။

သီတင်းကျွတ်ကတော့ တရုတ်မီးပုံးတွေ အာဏာသိမ်းသွားခဲ့ပြီ။ ရိုးရာမီးပုံးသည်လေးတွေရဲ့ ဈေးကွက် မရှိသလောက် ဖြစ်သွားပြီ။

တန်ခူးရဲ့ မိတ်ဆွေ ချစ်စရာ သင်္ကြန်ကတော့ မြန်မာတိုင်းရဲ့ ရင်ထဲက မမေ့နိုင်စရာပွဲတော်မဟာပေါ့။ တူးပို့သံ တညံညံနဲ့ ကကြ ခုန်ကြ ပိုးကြ ပန်းကြ နောက်ကြ ပြောင်ကြ ပျော်ကြ ရွှင်ကြ။ ခုနောက်ပိုင်းတော့ သင်္ကြန်ဟာ အရက်နဲ့ မူးယစ်ဆေးဝါးတွေကြောင့် အတော် သရုပ်ပျက်စ ပြုလာပြီ။

တန်ခူးရဲ့ နောက်ထပ်ချစ်စရာ တခုကတော့ ဖက်ဆွပ်ရေတိုး သင်္ကြန်မိုးရွာရင် ပိတောက်တွေ လှိုင်နေအောင် ပွင့်တာပါပဲ။

သင်္ကြန်နဲ့ပိတောက်ကို ကျောခိုင်းခဲ့တာ ကြာခဲ့ပြီ။ လတန်ခူးရဲ့ ပျော်မြူးဖွယ်တွေက အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။ တန်ခူးလေရဲ့ ပူနွေးမှုနဲ့လည်း ဝေးခဲ့ပြီ။

ပျော်ရာမှာ မနေရပဲ တော်ရာမှာ နေရပေမဲ့ မြန်မာပီပီ တန်ခူးကိုလွမ်းတယ်။ သင်္ကြန်ကို လွမ်းတယ်။ ပိတောက်ကို လွမ်းတယ်။ ဒီလိုလွမ်းရင်းနဲ့ပဲ ဒီတန်ခူးရဲ့ အတာ သင်္ကြန်မှာ ငါးထိပ်စီးကို ပြောင်းရတော့မယ်။
ဒီနှစ်တန်ခူးကတော့ ရွှေရတု တန်ခူးပါပဲလေ။

Thursday, March 19, 2015

တကယ်ကြီးလား

တရုတ်ကို ဝါးရင်းတုတ်နဲ့ တက်သိမ်းဖို့ အွန်လိုင်းမှာ အာကျယ်စွာကျယ်နဲ့ အမျိုးချစ်ပြနေတဲ့ ကြက်ဥကြော်ပရိုဖိုင်းနဲ့ မျိုးချစ်တွေကို ကိုးကန့်မှာ တကယ်တိုက်နေရတဲ့ တပ်မှူး တပ်သားတွေကတော့ အတော် ကျိန်ဆဲနေမှာပဲ။

သူပုန်ထောင်ကျော်ကို အင်အားအဆမတန်သုံးပြီး လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်နေတာ ခုထိ အပြတ်မရှင်းနိုင် သေးလို့ စိတ်ညစ်နေရတဲ့အထဲ ကိုယ့်ထက် အင်အား အဆမတန်ကြီးတဲ့ တရုတ်ကို တိုက်ခိုင်းနေတယ်။

အဲဒီ ကြက်ဥကြော်တွေ ပရိုဖိုင်းအမှန်နဲ့ ဘယ်သူတွေဆိုတာ သိရင် ကိုးကန့်က တကယ်တိုက်နေရတဲ့ တပ်မှူးတွေ အဲဒီကြက်ဥကြော်တွေကို အိမ်လာရိုက်မလားပဲ။

ဆောင်ကြမလား အခွန်များ

ဆောင်ကြမလား အခွန်များ

သဘောင်္ အင်ဂျင်နီယာချုပ် သူငယ်ချင်းနဲ့ မနက်က ဖွဘုတ်မှာ စကားပြောဖြစ်တယ်။ သူက အခွန်စည်းမျဉ်းသစ်အကြောင်း ပြောတယ်။ သိန်းသုံးရာနဲ့ အထက်ကို သုံးဆယ်ရာနှုန်းကောက်မယ်ဆိုရင် သဘောင်္အင်ဂျင်နီယာချုပ် တဦးရဲ့ ဝင်ငွေဟာ သိန်းခြောက်ရာလောက်ရှိတာမို့ အခွန် သိန်းနှစ်ရာလောက် ပေးရတော့မယ်။ အဲဒီအခွန်ငွေတွေနဲ့ ဘာတွေပြန်လုပ်ပေးမှာလဲတဲ့။

ဟုတ်တယ်။ သူမေးရင်လည်း မေးချင်စရာပါပဲ။ တနှစ်ကို သိန်းပေါင်းများစွာ အခွန်ဆောင်ရသူ ပြည်သူတဦးအနေနဲ့လည်း သိကိုသိသင့်ပါတယ်။

မောင်လူပေကလည်း နိုင်ငံခြား ရောက်နေတာ နှစ်နှစ်ဆယ်လောက်ရှိပြီ။ သူ့ဆန်စားရင်ရဲမှ ဆိုသလို သူ့တိုင်းပြည် သူ့ဥပဒေအရ ကောက်ခံတဲ့ အခွန်ငွေကို ပေးရတာပါပဲ။ ဒီမှာကတော့ ဘာပဲလုပ်လုပ် အခွန်ထမ်း ပြည်သူတွေကို တင်ပြပြီးမှ လုပ်လို့ဖြစ်တာမို့ အခွန်ငွေတွေ ဘာလုပ်တယ်လို့ သိခွင့်ရှိတယ်။ အသိလည်း ပေးတယ်။ မြန်မာပြည်မှာလည်း ပြည်သူတွေက ဒီလို သေသေချာချာ သိမှပဲ ကိုယ်ဆောင်ရမဲ့အခွန်ငွေကို ကြည်ဖြူစွာ ဆောင်ကြမှာပေါ့။ နို့မို့ဆို ဒီအခွန်တွေနဲ့ လက်နက်တွေ ဝယ်လိုက်သလိုလို၊ အကြွေးတွေ ဆပ်လိုက်သလိုလိုနဲ့ သို့လောသို့လော ဖြစ်ပြီး အခွန်အမှန်မဆောင်ပဲ ရှောင်လို့ရတဲ့ နည်းပေါင်းစုံနဲ့ ရှောင်နေကြမှာပါ။

ရောင်းခွန် တံဆိပ်ခေါင်းကို အပြည့်မကပ်တာ၊ တချို့ဆိုင်တွေဆို တံဆိပ်ခေါင်း လုံးလုံးမကပ်ပဲ ငါးရာခိုင်နှုန်းကို အိပ်ထဲထည့်နေတာတွေလည်း ကြားနေရတယ်။ သက်ဆိုင်ရာကလည်း ကွင်းဆင်းမစစ်ဆေးနိုင်သေး။ စစ်လို့မိရင်လည်း ညှိလိုက်ရင်ပြီးတာမို့ ဒီလိုအဖြစ်အပျက်တွေက လုံးခြာလည်နေမှာပါပဲ။ ရောင်းခွန် တံဆိပ်ခေါင်းကို အပြည့်ကပ်ပြီး ပြေစာပြန်ပေးတဲ့ ဆိုင်တွေလည်း ရှိပါတယ်။

အခွန်နဲ့ပတ်သက်ပြီး အတွေ့အကြုံလေးတွေ ဝေမျှချင်တယ်။ မောင်လူပေတို့နေတဲ့ဆီမှာ အစိုးရ သုံးရပ်ရှိတယ်။ ဗဟိုအစိုးရနဲ့ ပြည်နည်အစိုးရတွေက အခွန်ကို ကြိုကောက်ပါတယ်။ ဝင်ငွေထဲကနေ ရာခိုင်နှုန်းနဲ့ ကြိုကောက်ထားတာမို့ အတိအကျတော့မဟုတ်ဘူးပေါ့။ ဒါကြောင့် နှစ်ကုန်ရင် နောက်နှစ် အေပရယ် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဝင်ငွေခွန်ကို သတ်မှတ်ထားတဲ့အတိုင်း ပြန်တွက်ရပါတယ်။ လိုရင် ထပ်ပေး ပိုရင် ပြန်ရမယ်ပေါ့။

အစိုးရ သတ်မှတ်ထားတဲ့ ဝင်ငွေထက် နည်းပြီး ဝင်ငွေရှိသူတွေဆို တပြားမှ မဆောင်ရတဲ့အပြင် ပြန်တောင် ပေးတယ်။ မဒန်ပေရဲ့ သူငယ်ချင်းတယောက်ဆို ကလေး လေးယောက်နဲ့ သူ့ဝင်ငွေကလည်း နည်းလို့ နှစ်တိုင်း ဒေါ်လာ လေးထောင်ကျော်လောက် အလကား ရတယ်။ တပြားမှလည်း ဝင်ငွေခွန် ဆောင်စရာမလို။တကယ်ဆို ဒီမိသားစုက သူဌေးတွေ။ သူတို့ရဲ့ အိမ်ကို ငွေအပြည့်ပေးဝယ်ထားတာ။ သူ့အမျိုးသားက မြန်မာပြည်မှာ ကိုယ်ပိုင်ဆိုင်ရှိလို့ ဒီမှာမနေ။ဒီမှာ တရားဝင် အလုပ်ဝင်ငွေမရှိ။ သူ့မိန်းမက အလုပ်ကလည်း အနိမ့်ဆုံးဝင်ငွေပဲရတဲ့ အလုပ်မို့ ဝင်ငွေကနည်း။ ဒီတော့ ဝင်ငွေနည်းသူတွေ အခွင့်အရေးခံစားခွင့် အပြည့်ရတယ်။ ကလေးတွေကျောင်းမှာ နေ့လည်စာအလကား။ ကောလိပ်ကသားလည်း တပြားမှ မကုန်။ အခမဲ့ ဆေးအာမခံလည်းရသေး။ ဒါ ဥပဒေအရ အကြုံးဝင်လို့ ခံစားရတာပဲ။

သူတို့လို လူတွေအတွက် သုံးရတဲ့ အခွန်ငွေတွေကို မောင်လူပေတို့လို လူလတ်တန်းစားတွေနဲ့ လူချမ်းသာတွေက ပေးရတာပေါ့။ သတ်မှတ်နှုန်းတွေ အမျိုးမျိုးပါပဲ။ ကျောင်းတွေ လမ်းတံတားတွေ အထွေထွေ ကျန်းမာရေးတွေ အတွက် ပေးဆောင်ရတာမို့ ကျေနပ်စွာ ပေးဆောင်ပါတယ်။ ( မကြေနပ်လို့ မဆောင်ရင် အခွန်ဥပဒေအရ အရေးယူခံရမှာ ကြောက်တာလည်း ပါတာပေါ့။)

ဌာနေ အစိုးရလို့ခေါ်တဲ့ မြို့ရွာ အစိုးရ အုပ်ချုပ်သူတွေကတော့ ရောင်းခွန်တို့ အိမ်ခြံမြေအခွန်တို့ အပေါ်မှာ မှီခိုကြရတယ်။ တနှစ် ဘယ်လောက်ရတယ် ဘယ်နေရာမှာ ဘယ်လောက် ပြန်သုံးတယ်ဆိုတာ ရေးဆွဲတင်ပြ အတည်ပြုကြရတယ်။ မောင်လူပေလည်း မြို့က ခန့်ထားတဲ့ အင်ဂျင်နီယာမို့ လခက အဲဒီ မြို့နေ ပြည်သူအများရဲ့ အခွန်ငွေတွေက လာတာပါပဲ။

အစိုးရတရပ် လည်ပတ်ဖို့ အခွန်ငွေဆိုတာ လိုပါတယ်။ ဒီအတွက် ပြည်သူတွေက အခွန်ထမ်းကြရပါတယ်။ ပြည်သူတွေကိုယ်တိုင် ရွေးကောက်တင်မြောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက အစိုးရတရပ်အနေနဲ့ ဒီအခွန်ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးတယ်ဆိုတာကိုလည်း အချိန်နဲ့ တပြေးညီ ပြန်တင်ပြဖို့ လိုပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ ပြည်သူက မကြည်ဖြူတဲ့ အစိုးရတရပ်အတွက် ဘယ်ပြည်သူကမှ အခွန်ငွေကို မှန်ကန်စွာ ပေးဆောင်မှာမဟုတ်ပဲ နည်းအမျိုးစုံနဲ့ အခွန်ရှောင်ပွဲကြီး ကျင်းပရင်း မုန့်လုံးစက္ကူကပ် သံသရာမှာ လည်နေဦးမှာ အသေအခြာပါပဲဗျာ။
 

Tuesday, March 17, 2015

သာဂိတို့ ရပ်ကွက်ထဲမှာ.. ဗျာ။ (၅)

သာဂိတို့ ရပ်ကွက်ထဲမှာ...ဗျာ။ (၅)

သာဂိ ခုတလော ကံနိမ့်နေတယ်။ ဘေးနားက ရပ်ကွက်ထဲမှာ ဂွေလှိမ့်နေတုန်း သူ့ရပ်ကွက်ထဲက ဆန္ဒပြတန်းကစားနေတဲ့ မူလတန်းကလေးတွေကို ဂွကိုင်မျက်မှေးရဲ့ လက်ထောက် ရဲကိုကို လုပ်တန်းကစားနေတဲ့ ကလေးအုပ်က တုတ်နဲ့ရိုက်တယ်။

ဖြစ်တာက လက်ပံပင်အောက်မှာ။ သာဂိလည်း အဲဒီအချိန်ကမရှိ။ ဒါပေမဲ့ ကလေးခေါင်းဆောင်မို့ သာဂိကိုပဲ ဝိုင်းဆဲကြတယ်။ သာဂိရဲ့ ဗီဒီယိုခွေတို့ ကာတွန်းတို့ ကို ပြန်/ဆက်တာဝန်ယူ ငှားပေးရတဲ့ ရဲတွတ်လေးက ခေါင်းခံပြီး ငြင်းပေမဲ့ ဘယ်လိုမှ မရ။

ဒီကြားထဲမှာ ဘေးရပ်ကွက်က သာဂိရဲ့ ကျေးဇူးရှင် ကိုတရုတ်ကြီးကပါ သူ့ကို ခေါ်ဆူပြန်တယ်။ မျက်မှေးတို့နဲ့ ကိုတရုတ်ရဲ့ ညီဝမ်းကွဲတွေ ရန်ဖြစ်ကြတာမို့ ဂွကိုင် မျက်မှေးတို့က လောက်လေးဂွနဲ့ ပစ်တာ ကိုတရုတ်တို့ ရပ်ကွက်ထဲ ရောက်ကုန်ပြီး အိမ်ပြူတင်းမှန်တွေကွဲ၊ လူတချို့လည်း ဖူးယောင်ကုန်ကြလို့တဲ့။
ကျေးဇူးရှင် ကိုတရုတ်က ခေါ်ဆူတော့ သာဂိလည်း နောက်ကွယ်က စာဖတ်နေတဲ့ သူ့ရဲ့ ဖခမည်းတော်ကြီး ကိုရွှေသန်းကို သံတော်ဦး သွားတင်ရတော့တယ်။

ဒီကိစ္စတွေ ရှုပ်ထွေးအောင် လုပ်ခဲ့တာလည်း ကိုရွှေသန်းပါပဲ။ သာဂိကို ကလေးခေါင်းဆောင် ခန့်တဲ့အချိန်မှာ ဂွကိုင် မျက်မှေးကို လောက်လေးဂွကိုင်ချုပ် ခန့်ခဲ့တာလည်း သူပဲ။ ဒီတော့ မျက်မှေးက သာဂိကို မကြောက်။ သာဂိအမိန့်ကို မနာခံ။ သာဂိက မပစ်နဲ့ပြောလည်း သူပစ်ချင်ရင် ပစ်တာပဲ။ မျက်မှေးက စာဖတ်နေသူကြီးအမိန့်ပဲ နာခံတာ။

ခုလည်း မျက်မှေးရဲ့ လောက်စာလုံးတွေ ကိုတရုတ်ကြီး ရပ်ကွက်ဖက်ရောက်ကုန်တာ သာဂိမသိ။ ဘာမှလည်း မတတ်နိုင်။ သူ့မှာ ဂွကိုင်မျက်မှေးရဲ့ ဂွကိုင်အဖွဲ့ကို အမိန့်ပေးနိုင်တဲ့ အာဏာလည်းမရှိ။ ဒါကြောင့် နောက်ကွယ်က စာဖတ်ရင်း ဂွကိုင်မျက်မှေးကို အမိန့်ပေးနိုင်တဲ့ သူ့အဖေဆီ ပြေးခဲ့ရတာ။

သူ့အဖေ ဦးရွှေသန်းက စာဖတ်နေရာကနေ ပြုံးပြီး သာဂိကို ကြိုတယ်။ သူ့လို စာများများဖတ်ဖို့လည်း တိုက်တွန်းတယ်။သူဖတ်နေတဲ့စာအုပ်တွေလည်း ပေးလိုက်တယ်။ စာဖတ်နေသူကြီး ဖတ်နေတာက အောင်သူငြိမ်းရဲ့ နာမည်ကြီး ရိုမန်းတစ် စာအုပ်ရယ်၊ မြန်မာ့ ပွင့်လင်း လူ့အဖွဲ့အစည်း ပုံရိပ်များဆိုတဲ့ အွန်လိုင်းက ဇွန်သဉ္စာရဲ့ ပွင့်လင်းပုံရိပ်များစုစည်းမှု စာအုပ်တွေ။

စာအုပ်အကြောင်းတွေ ဆွေးနွေးပြီးမှ လာရင်းကိစ္စမေးတယ်။ သာဂိကလည်း အကြောင်းစုံ ပြောပြတယ်။ ကိုရွှေသန်းက စိတ်မပူဖို့ မှာလိုက်တယ်။ ဂွချုပ် မျက်မှေးကို သူပြောလိုက်မယ်တဲ့။ ကိုတရုတ်တို့ကို အကြွေးတောင် ပြန်မပေးနိုင်ခင် မျက်နှာပျက်အောင် မလုပ်ပါဘူးတဲ့။ ဆွေမျိုးတောင့်တဲ့အပြင် ငွေပါ ချမ်းသာတဲ့ ကိုတရုတ်တို့ရဲ့ ကျေးဇူးက ကိုရွှေသန်းပေါ်မှာပါ အပုံကြီး ရှိခဲ့တာပဲ။

နောက်နေ့မှာတော့ မျက်မှေးရဲ့ ဂွတပ်ဖွဲ့က မျက်မှေးရဲ့ လက်ထောက် ဂွမှုး သုံးယောက်ဆီက ဂွတွေ ပြန်သိမ်းပြီး ကိုတရုတ်တို့ စိတ်ကြေနပ်တဲ့ထိ အရေးယူပြလိုက်တယ်။

ပျက်စီးခဲ့သမျှလည်း ရော်ပါ့မယ်လို့ အာမခံခဲ့တယ်။ ရော်စရာ ပိုက်ဆံမရှိပေမဲ့ သာဂိတို့ ရပ်ကွက်က ထွက်တဲ့ သီးနှံစုံ အစားပေးပါမယ်တို့ ဘာတို့ပေါ့။

ကိုရွေသန်းရဲ့ စီမံမှုအောက်မှာ သာဂိနဲ့ ဂွတပ်ဖွဲ့ချုပ် မျက်မှေး တို့က အရင်လို စည်းလုံးဆဲ။ ကိုရွှေသန်းကလည်း စာတွေဖတ်နေဆဲ။ အများထောက်ခံတဲ့ စာဥကလည်း ၂၀၁၅ မှာ ကလေးခေါင်းဆောင် ရွေးပေးမယ်ဆိုတဲ့ မျှော်လင့်ချက်လေး ရင်မှာပိုက်ပြီး မျက်စိမှိတ် ပါးစပ်ပိတ် နေနေဆဲ။ ကလေးအုပ်ကလည်း အရင်အတိုင်း ပေတေစုတ်ပြတ်နေဆဲ။ သာဂိရဲ့ အပေါင်းအသင်းတွေကလည်း ချမ်းသာမြဲ။

အားလုံး နေမြဲ နေမြဲ နေမြဲ။

Sunday, March 15, 2015

တရားဥပဒေနှင့် အညီ တဲ့လား

မောင်လူပေတို့ နေတဲ့ဆီမှာ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ရင်.,,
(၁) ရဲတွေကို ခဲတွေ ပုလင်းခွံတွေနဲ့ ပစ်ကြတယ်။
(၂) ရဲတွေက ဒိုင်းတွေနဲ့ကာပြီး ရပ်ဖို့ အော်တယ်။
(၃) မရပ်ပဲ ဆက်လုပ်နေရင် တစ်က တစ်ဆယ်ထိ ရေတွက်စောင့်တယ်။
(၄) ပြီးမှ နံပါတ်တုတ်တွေနဲ့ လိုက်ရိုက်တယ်။
(၅) လဲနေသူ ပြန်မခုခံသူကို မရိုက်။

ထွက်ပြေးသွားတဲ့ သွေးဆူနေသူတချို့က လမ်းဘေးမှာ ရပ်ထားတဲ့ ကားးမှန်တွေကို ရိုက်ခွဲတတ်တယ်။
ရဲက မဆီမဆိုင် ကားမှန်ခွဲပြီး ကားကို ဖျက်ဆီးတာတော့ မတွေ့ဖူးခဲ့။
လက်ပံတန်းမှာတော့ ရဲတွေက ကားတွေကိုပါ ဖျက်ဆီးခဲ့တယ်။
ဘယ်သူက အကြမ်းဖက်လိုက်တာလဲ။ ဥပဒေနဲ့အညီ ဖြေရှင်းခဲ့တယ်လို့ ဖာထေးနေတဲ့သူတွေကို မေးချင်ပါတယ်။
ခင်ဗျားတို့ရဲ့ သားသမီးလေးတွေကို ဒီလို ရိုက်ဖမ်းပြီး ကားပါ အဖျက်ခံရရင်ရော ဥပဒေနဲ့အညီပါလို့ ပြောဦးမှာတဲ့လား။
တကယ်က ကျား ဥပုဒ်စောင့်တယ် ဆိုတာကို ဘယ်တုန်းကမှ မယုံခဲ့ပါဘူးဗျာ။
(ဓါတ်ပုံပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ်။)


 

၁၉၈၈ မတ်လရဲ့  အပိုင်းအစများ (၃)

၁၉၈၈ မတ်လရဲ့ အပိုင်းအစများ (၃)

လက်ပံတန်းမှာ ကျောင်းသားလေးတွေကို ထောင်သားတွေ ပုံစံထိုင်သလို ထိုင်ခိုင်းထားတာ မြင်ရတော့ လွန်ခဲ့တဲ့ ၁၉၈၈ မတ်လ (၁၅) ရက်ကို ပြန်သတိရမိတယ်။
အဲဒီနေ့ မနက်ခင်းက သာယာနေတာ။ တရက်ကျော် ပိတ်ထားတဲ့ အင်းစိန်လမ်းကြီးကို ပြန်ဖွင့်လိုက်တယ်။ လိုင်းကားတွေ ရောက်လာပြီး အင်းစိန်ကို လှည်းတန်းကိုနဲ့ အော်နေကြတော့ စိတ်ထဲမှာ နည်းနည်းတောင် ကြောင်သွားတယ်။ လုံထိမ်းတွေလည်း ပျောက်သွားတာမို့ပါ။ သူတို့က လမ်းပေါ်မှာ တညလုံး စောင့်နေခဲ့တာလေ။

ကျောင်းသားတွေကတော့ နေ့လည်ပိုင်းမှာ ဖုန်းမော်ကျဆုံးခဲ့တဲ့ ကြယ်အမှတ်အသားမှာ ပန်းခွေချတယ်။ အလေးပြုတယ်။
အဝတ်အစားလဲချင်တာနဲ့ ကျောင်းအုတ်တံတိုင်းကို ကျော်ပြီး ထွက်လာခဲ့တယ်။ အင်းစိန်လမ်းကိုဖြတ် ဘီပီအိုင်လမ်းအတိုင်း အနောက်ကြို့ကုန်းထဲ ပြန်လာတယ်။ အဆောင်မှာ ဘယ်သူမှ မရှိကြဘူး။ ရေမိုးချိုး အဝတ်လဲပြီး ကျောင်းဝန်းထဲ ပြန်လာခဲ့တယ်။
အင်းစိန်လမ်းက အသွားအလာမရှိတော့ဘူး။ ပြန်ပိတ်လိုက်ပြီ။ မုန်တိုင်းမကြမှီ ငြိမ်သက်နေသလိုပဲ။ မကြာခင် လုံထိန်းကားတွေ ပြန်ရောက်လာတယ်။ ကျောင်းကို ဝိုင်းတယ်။ နောက်တော့ စစ်ကားတွေ ထပ်ရောက်လာပြီး စစ်သားတွေက ထပ်ဝိုင်းပါတော့တယ်။

အခြေအနေ မကောင်းတာ သေချာပြီ။ အညာက သူငယ်ချင်းက လက်တို့လာတယ်။ လစ်ကြစို့တဲ့။ တယောက်က သတင်းပေးတယ်။ ယောဂီကျောင်းလမ်းဖက်ကို မဝိုင်းသေးဘူး။ ဖေါက်ထွက်မယ်တဲ့။ အဲဒီ ဖက်ကို ပြေးကြတော့ လုံထိမ်းတွေ လမ်းထဲ ပြေးဝင်လာတာ တွေ့ရတယ်။ ဒါနဲ့ပဲ ဂျီဟောဆောင်နောက်ဖက်ကို ပတ်ပြေးရ ပြန်တယ်။
ဂျီဟောနောက်က အုတ်ရိုးကြီးမှာ ကျော်တက်လို့ရတဲ့ နေရာရှိတယ်။ အရှေ့ကြို့ကုန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင် အဲဒီက ထွက်နေကြလမ်း။ အဲဒီ အုတ်ရိုးကို ကျော်ခွပြီး အရှေ့ ကြို့ကုန်းထဲ ဝင်ပြေးရတယ်။ လုံထိမ်းတွေ မရောက်လာသေးဘူး။ သူတို့က ကျမ်းစာကျောင်းကြီးပတ်လာနေရလို့ မရောက်နိုင်သေးတာ။ ကိုယ်တွေက နယ်ခံဆိုတော့ ဖြတ်လမ်းက ပြေးလာခဲ့တာကိုး။

ကိုယ့်လို အပြေးမြန်တဲ့ လူနည်းနည်းက ဖေါက်ထွက်နိုင်ခဲ့ကြပေမဲ့ အများစုက အဆောင်မှာ ပိတ်မိပြီး ကျန်ခဲ့တာပါ။ အပြင်ကနေ ကျောင်းသားတွေ အေးအေးဆေးဆေး အဖမ်းခံဖို့ လော်နဲ့ အော်တယ်။ လက်နက်မရှိတဲ့ ကျောင်းသားတွေရဲ့ အဆောင်တွေနားကို သူပုန်စခန်းကြီး သိမ်းသလို တတန်းစီ တက်ပြီး အဆင့်ဆင့် ဝိုင်းပတ်ကာလိုက်တယ်။ လုံထိန်းတထပ် စစ်သားတွေက တထပ်။
ကျောင်းသားတွေကို လက်တွေ ခေါင်းပေါ်မှာ ယှက်ထားပြီး ထွက်လာခိုင်းတယ်။

 ပင်မဆောင်အောက်မှာ ထောင်သားတွေ ပုံစံထိုင်သလို (လက်ပံတန်းက ကျောင်းသားတွေကို ထိုင်ခိုင်းထားသလို) ထိုင်ခိုင်းတယ်။ အေ ဘီ စီ ဒီ အီးဆောင် နဲ့ အပြင်ဆောင် ဆိုပြီး ခွဲ ထားတယ်။ ပြီးမှ မင်းထ မင်းထ နဲ့ သူတို့မသင်္ကာတဲ့သူတွေကိုရွေးထုတ်ပြီး ဖမ်းလိုက်တာ ခြောက်ဆယ်ကျော်လောက် ပါသွားတယ်။ ကျန်သူတွေကို နှစ်ယောက်စီ စီခိုင်းတယ်။ ဓါတ်ပုံရိုက်တယ်။ ဗီဒီယို ရိုက်တယ်။ ပြီးမှ တီအီးကားကြီးတွေပေါ်တင်ခေါ်သွားပြီး အင်းစိန် စခန်းမှာ အချက်အလက်တွေတောင်း။ ညတွင်းချင်း ရထားပေါ် ကားပေါ်တင်ပြီး နေရပ်ကို ပြန်ပို့လိုက်ပါတော့တယ်။

အဲဒါကတော့ ၁၉၈၈ မတ်လ ၁၅ ရက် အာအိုင်တီကျောင်းသားတွေကို ဝင်ဖမ်းတဲ့ ဖြစ်စဉ် အမှန်တရားတွေပါပဲ။

 

၁၉၈၈ မတ်လရဲ့  အပိုင်းအစများ (၂)

၁၉၈၈ မတ်လရဲ့ အပိုင်းအစများ (၂)

နောက်နေ့မနက် မတ်လ ၁၄ ရက်မှာတော့ အနောက်ကြို့ကုန်း တရပ်ကွက်လုံး တိတ်ဆိပ်လို့။ မနက်မိုးလင်းပေမဲ့ အပြင်လည်း မထွက်ရဲသေးလို့ အချိန်စောင့်ရသေးတယ်။ မနက် ဆယ်နာရီလောက်ထိ ဘာမှ မထူးတော့မှ ရီသန့်ကို အဖေါ်စပ်ပြီး လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကို မနက်စာစားဖို့ ချီတက်ခဲ့တယ်။

မီးလောင်ပြင်နဲ့ မလှမ်းမကမ်းမှာ မီးသတ်ကားက တုံးလုံးလဲလို့။ ဒီလောက်ကြီးတဲ့ မီးသတ်ကားကို သယ်လိုများ တုံးလုံးလှည်းလိုက်တယ် မသိ။ အချိန်မှီ မရောက်လာတဲ့ မီးသတ်ကားကို ရပ်ကွက်က ဒေါကန်ပြီး ဖျက်ဆီး လိုက်တာပါပဲ။ မီးသတ်ကားက ကျောင်းရှေ့မှာ ကျောင်းသားတွေကို လူစုခွဲနေရလို့ ရောက်မလာနိုင်ခဲ့တာ။

အင်းစိန်လမ်းထိပ်ထိ လာမိမှ မုန့်ဟင်းခါးဆိုင် တွေ့တယ်။ ကျန်တဲ့ဆိုင်တွေက မထွက်ရဲသေးကြဘူး။ ဘီပီအိုင် မှတ်တိုင်ဘေးက စာအုပ်ဆိုင်ရှေ့မှာ ထွက်တဲ့ မုန့်ဟင်းခါးက ဆာဆာနဲ့မို့ ကောင်းလိုက်တာ။
ညက ရဲက ပစ်ခပ်လို့ ကျောင်းသားသေတယ်။ ကျောင်းသားတွေ ဒေါသထွက်နေတယ်တဲ့။ မှတ်တိုင်ဘေးက လူဝင်ပေါက်လေးမှာ ခုံတွေနဲ့ ပိတ်ကာထားတယ်။ အင်းစိန်လမ်းမကတော့ ညထဲက ပိတ်လိုက်တာမို့ အသွားအလာမရှိတော့။

ရီသန့်ကတော့ အမျိုးတွေရှိတဲ့ဆီ ပြန်မယ်တဲ့။ ကိုယ်ကတော့ အပြင်ဆောင်မှာ မနေရဲတော့လို့ ကျောင်းထဲဝင်နေဖို့ လမ်းဖြတ်ကူးလိုက်တယ်။
ကျောင်းထဲဝင်တဲ့ ဆင်းရဲသားပေါက်ကို ခုံတွေနဲ့ ပိတ်ထားပေမဲ့ ငုံ့ဝင်လို့ရတယ်။ ခုံတွေမှာလည်း ကျောင်းသားများရဲ့ တောင်းဆိုချက်ဆိုပြီး ဆရာဦးသီဟလတ် လက်မှတ်နဲ့ စာကပ်ထားတယ်။ ကျောင်းသားကို ပစိသတ်ခဲ့မှုကို တောင်းပန်ရန်တို့ နိုငိငံကို ကြေညာပေးရန်တို့ စုံစမ်းစစ်ဆေးပေးရန် စသည်ဖြင့် အချက် ခြောက်ခုလောက်ပါတယ်။ အခြေအနေကတော့ အတော် တင်းမာနေပြီ။

ခုံအောက်က ငုံ့ဝင်လိုက်တော့ အနားကို လူတယောက်ကပ်လာတယ်။ သူ့လက်ထဲမှာလည်း ခဲလုံးနဲ့။ မလုပ်နဲ့ မလုပ်နဲ့ ဒီကောင်လည်း ကျောင်းသားပဲလို့ တားလိုက်သံကြားမှ ခဲလုံးနဲ့လူ လှည့်ထွက်သွားတယ်။ကိုယ့်ကို သိတဲ့ ကျောင်းသားက တားတာ မြန်ပေလို့။

အဲဒီအချိန်က ကောလာဟာလတွေ ပျန့်နေချိန်။ ရပ်ကွက်ထဲမှာက ကျောင်းသားတွေ မီးနဲ့ လာရှို့ဦးမယ်လို့ထင်နေ၊ ကျောင်းသားတွေက ရပ်ကွက်ထဲကသူတွေ ကျောင်းထဲဝင်လာပြီ ရန်ရှာမယ် ထင်နေကြတဲ့ အချိန်မို့ ကင်းချထားရတာပါ။

ပင်မဆောင်အောက်မှာတော့ ဖုန်းမော် သေခဲ့ရတဲ့ သွေးကွက်ကို အုတ်ခဲတွေနဲ့ ကြယ်ပုံ ဖေါ်ထားတယ်။ ကျောင်းသားတွေကတော့ ဘာဆက်ဖြစ်မယ်မသိလို့ ထင်ကြေးတွေ အမျိုးမျိုးပေးနေပြရဲ့။ မနေ့ညက အတူရှိခဲ့တဲ့ မောင်မောင်စိုးတို့ ကျော်ကျော်ထွန်းတို့ အခန်းကိုပဲ သွားနေဖြစ်တယ်။ ဝဏ္ဏက ညထဲက ကျောင်းဝန်းထဲမှာ ရှီနေခဲ့တာပါတဲ့။

 မျက်ရည်ယိုဗုံးအရှိန်နဲ့ ပြေးလိုက်တာ ဂျီဟောရှေ့ ရောက်သွားတဲ့ အကြောင်းတွေ ပြောပြတယ်။ ကျော်ကျောထွန်းတို့ကလည်း သူတို့နဲ့ပဲ အတူနေဖို့ ခေါ်တယ်။
ညနေပိုင်းကြတော့ ပင်မဆောင်နဲ့ လူနေဆောင်တွေကြားက မြေကွက်လပ်မှာ လူစုကြတယ်။

 ဆရာတွေထဲက ဆရာကြီးဦးခင်အောင်ကြည်နဲ့ လမ်းစဉ်လူငယ်က ဆရာဥိးမောင်မောင်သန်း (ချည်မျှင်) တို့ လာကြတယ်။ ကျောင်းသားတွေက ဖုန်းမော်အလောင်း ပြန်ရရေးကိစ္စ၊ စိုးနိုင်နဲ့ မြင့်ဦးတို့ လညိး သေသလား ရှင်သလားမသိရတဲ့ ကိစ္စ၊ သူတို့နောက် လီုက်သွားတဲ့ ကျောင်းသားတွေလည်း ပြန်ရောက်မလာတဲ့ ကိစ္စတွေ မေးကြတယ်။ ဆရာကြီးက အပြင်မထွက်နဲ့ဆိုလို့ အပြင်မထွက်ခဲ့ပေမဲ့ သူတို့က ကျောင်းထဲထိ ဝင်ပစ်သွားတာကို ဘယ်လို ရှင်းပေးမှာလည်း ဆိုတာကို မေးကြတယ်။

ဟိုဆရာတွေလည်း ငုတ်တုပ်မေ့ပြီး ဘာမှ မဖြေနိုင်ကြဘူး။ နောက်ဆုံးတော့ ဆရာကြီးမှာ နှလုံးရောဂါရှိပါတယ်ဆိုပြီး တုန်တုန်ရည်ရည်နဲ့ ကျောင်းအုပ်ကြီး ဦးခင်အောင်ကြည် ရှောင်ပြေးရတော့တယ်။ ဦးမောင်မောင်သန်းတို့လည်း လစ်ရော။
ဦးခင်အောင်ကြည်ဆိုတာ ဦးနေဝင်း ပြည်ပခရီးထွက်ရင်ပါနေကြ ဆရာကြီးပါ။ ဦးမောင်မောင်သန်းတို့ဆိုလည်း ပညာရေးဝန်ကြီး ဗမကကျော်ငြိမ်းက ကျောင်းဝန်းထဲမှာ မဆီမဆိုင် ဂေါက်ရိုက်မယ်ဆိုလို့ ကွင်းတွေ အမြန်ဖေါ်သူကိုယ်တိုင်ဝင်ရိုက်နဲ့ အနားပြာဆရာတွေပါ။ ဒီကိစ္စမှာတော့ သူတို့လည်း ဘာမှ မတတ်နိုင်ကြတော့ မသိပါဘူးနဲ့ ခေါင်းရှောင်ကြရပါတယ်။

ညရှစ်နာရီ တီဗီ သတင်းကြည့်ဖို့ တီဗီခန်းထဲစုကြတယ်။ တောင်းဆိုထားတဲ့အကိုင်း သတင်းမှန်လွှင့်ပေးမလား၊ တောင်းပန်ချက် ထုတ်ပြန်လေမလားနဲ့ မျှော်ကြတယ်။ တီဗီသတင်းမှာတော့ အရေးပေါ်ပါတီညီလာခံ အကြောင်းပဲပါတယ်။ စက်မှုကျောင်းကိစ္စ မပါခဲ့။

ဘီဘီစီ မြန်မာပိုင်း သတင်းမှာတော့ အာအိုင်တီကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူတွေ ရန်ဖြစ်ရာက ကျောင်းသားတဦးသေဆုံးကြောင်း သတင်းမှားကြီး ပါလာတယ်။ သူတို့ ပစ်လို့ သေတာကို ရန်ဖြစ်လို့သေတယ်လို့ ဖြစ်သွားတယ်။ ဘီဘီစီတောင် သတင်းမှားတယ်ဆိုပြီး ပေါက်ကွဲကြတယ်။
တနေကုန် အင်းစိန်လမ်းကို ပိတ်ထားတဲ့အပြင် ညရောက်တော့ လုံထိမ်းတွေက လက်တကမ်းအကွာ တဦးစီနေရာယူပြီး ကျောင်းဝန်းကြီးကို ပတ်ထားလေရဲ့။ ကျောက်ရုပ်တွေလို ရပ်နေတဲ့ လုံထိမ်းတွေဆီသွားပြီး နေဝင်းခွေးတွေလို့ သွားဆဲကြတယ်။

ညနက်လာတော့ အခန်းတွေမှာ ၆ခန်းကို ကြီးကြပ်သူတဦးစီထားပြီး နာမည်ကောက်တယ်။ ကိုယ့်ကျောင်းသားပါသွားရင် သိအောင်လို့ပါ။ သန်းကောင်ယံ မှာ ကင်တင်းအရှေ့ အစည်းအဝေး ခေါ်ပြန်တယ်။ ကင်တင်းအဆင်း ထိပ်က စင်မြင့်ပေါ့။ ဖုန်းမော် သူငယ်ချင်းက ဦးဆောင်တယ်။ အားလုံး စုစည်းကြဖို့ တဦးတည်း ဘယ်မှ မသွားဖို့ ကိုယ့်လူကို မှတ်ကြဖို့ ပြောနေရင် လုံထိမ်းတွေ ကျောင်းထဲဝင်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် လူစူခွဲလိုက်ကြရတယ်။ အဲဒီညမှာတော့ မျက်နှာတွေကို လက်ကိုင်ပုဝါစီးပြီး တက်တဲ့လူများတယ်။ ဘယ်သူက ဒရှိုဆိုတာ မသိကြဘူးလေ။

(မတ်လ ၁၅ ရက် အကြောင်း နောက်မှ ဆက်ရေးပါမယ်။)

၁၉၈၈ မတ်လရဲ့  အပိုင်းအစများ (၁)

၁၉၈၈ မတ်လရဲ့ အပိုင်းအစများ (၁)

တကယ်ဆို ကိုယ်က ပွဲကြည့်ပရိတ်သပ်ပါ။ အဲဒီပွဲကို စင်ပေါ်တက်ပြီး ကြည့်ခွင့်ရခဲ့တာ။
အပိုင်းအစတွေကို တစစီဆွဲထုတ်ပြီး ပြန်စီရသလိုပေါ့။ စင်ပေါ်မှာ မြင်ခဲ့တွေ့ခဲ့တာလေးတွေက စိတ်အစဉ်မှာ မှတ်မိတာလည်းရှိ၊ မေ့ကုန်ခဲ့တာလည်းရှိ။ နှစ်တွေကလည်း ကြာခဲ့ပြီကိုး။ ၂၇ နှစ်တောင် ရှိခဲ့ပြီပဲ။

အဲဒီအချိန်က ကျောင်းပြီးသွားပြီ။ ကျောင်းပြီးခါစ ကျောင်းသားစိတ်မကုန်သေးတော့ အလုပ်ရှာမယ် အကြောင်းပြပြီး အနောက်ကြို့ကုန်းထဲက မမော်ကြီးအဆောင်မှာ ငှားနေဖြစ်တယ်။

 သီဟဆောင် ရှေ့ကအဆောင်ပေါ့။ အဆောင်မှာ ခင်မောင်သန်း (E/P ၈၇)နဲ့ ဝဏ္ဏ ( Mech ၉၁) တို့လည်း နေတယ်။ ကျန်တဲ့သူတွေတော့ မမှတ်မိတော့ဘူး။
အပြင်ဆောင်မှာ ညအိပ်ရုံပါပဲ။ အချိန်ပြည့် ကျောင်းထဲပဲ ရောက်နေတာ။ ကင်တင်းမှာစားတယ်။ ကျောင်းမပြီးသေးတဲ့ သူငယ်ချင်းတွေအခန်း လျှောက်လည်တယ်။

၁၉၈၈ မတ်လ ၁၂ ရက်ညက အနောက်ကြို့ကုန်းထဲက စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ မြင့်ဦးတို့ ကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူငယ်တွေ ကက်ဆက်ခွေ ဖွင့်ခိုင်းရင်း ရန်ဖြစ်ကြတယ်။ ရပ်ကွက်ထဲက လူငယ်တွေ ရိုက်လိုက်လို့ မြင့်ဦးတို့ ခေါင်းကွဲခဲ့တယ်။ ရဲသွားတိုင်တော့ ခဏ ဖမ်းပြတယ်။ နောက်နေ့ကြတော့ ပြန်လွှတ်လိုက်တယ်။

ကျောင်းသားတွေကို ရိုက်လိုက်တဲ့ ကောင်လေးရဲ့ အဖေက ကောင်စီလူကြီးတဲ့။ သူ့သားကို စခန်းက ပြန်ထုတ်သွားတော့ မောင်မင်းကြီးသားက လက်ဖက်ရည်ဆိုင် ပြန်ရောက်နေတယ်။
အဲဒါကို မကြေနပ်ကြတဲ့ ကျောင်းသားအချို့က မတ်လ ၁၃ ရက် ညဦးပိုင်းမှာ ကြို့ကုန်းအနောက်ရပ်ကွက် ကောင်စီရုံးကိုသွားဝိုင်းကြတယ်။ ကောင်စီရုံးက တခါးပိတ်လိုက်တယ်။ ရပ်ကွက်ထဲက လူမိုက်အချို့က ဓါးတွေနဲ့ ထွက်ခုတ်ကြတယ်။
 ခဲတွေနဲ့ ပေါက်ကြတယ်။ ကျောင်းသားတွေထဲက နှစ်ယောက် လက်မှာ ဓါးထိတယ်။ ခဲတွေလည်းမှန်တော့ ခေါင်းတွေပေါက်ကြတယ်။ အဲဒီခဲတွေ ပြန်ကောက်ပြီး ကျောင်းသားတွေက ပြန်ပေါက်ကြတယ်။
အဲဒီ ရန်ပွဲကို မထင်မှတ်ပဲ ကြုံခဲ့ရတာ။

သူတို့တွေ မနေ့က ရန်ဖြစ်တာလည်းမသိ။ ဒီနေ့ ရန်ဖြစ်ကြတာလည်း မသိ။ ကျောင်းဆောင်ထဲမှာနေတဲ့ သူငယိချင်း ကျော်ကျော်ဝင်း ( Mining ၉၂) က သူ့အခန်းဖေါ် မောင်မောင်စိုး( Mech ၉၂) ရှမ်းပြည်ကအပြန် ပါလာတဲ့ ရွှေလိမ္မော်တွေ ဖွင့်ပွဲ ကျင်းပမယ်ဆိုတာနဲ့ သူတို့ အခန်းမှာ သုံးယောက်သား ပလောင်ထင်းနေကြတာရယ်ပါ။

ညနေစောင်းထဲက သောက်လိုက် ပေါက်လိုက်နဲ့ ဇိမ်ကြနေတာပေါ့။ ည ရှစ်နာရီလောက်ကြတော့ ကျောင်းသားတွေ ရန်ဖြစ်နေကြတယ်။ အဆောင်က လူတွေ ထွက်ကြဘာညာနဲ့ လာခေါ်သံတော့ ကြားမိသား။ ကိုယ်နဲ့မဆိုင်တော့ သတိမထားမိ။ လူကလည်း ရီဝေဝေမို့ သွားပါမိရင် အရင်ကွဲမှာလည်းသေချာတယ်လေ။

ည ၉နာရီလောက်မှာမှ နေတဲ့အဆောင် ပြန်မယ်ဆိုပြီး ဘီပီအိုင် လမ်းလေးအတိုင်း လျှောက်လာတော့မှ အဝိုင်းနားမရောက်ခင် ခုနပြောခဲ့တဲ့ ရန်ပွဲကို တွေ့တော့တာ။

ကျောင်းသား သုံးလေးဆယ်လောက်ပဲရှိမယ်။ သူတို့ကို နောက်ကနေ ဝါးလုံးနဲ့တားပေးထားတဲ့ သူလည်းရှိသေး။ မဆုတ်အောင်လို့တဲ့။ အဝိုင်း ဟိုဘက်ထိပ်မှာတော့ လူအုပ်က မဲနေတာပဲ။ ဓါးတွေလည်းပါတယ်။ ကျောင်းသားတွေကတော့ကိုယ့်ကို လာမှန်တဲ့ခဲလုံးကို ပြန်ကောက်ပစ်နေရတဲ့ အနေအထားပါ။ လူနှစ်ယောက်ကလည်း လက်မောင်းမှာ သွေးတွေရွှဲလို့ ။

ခဏနေတော့ ရပ်ကွက်ဖက်က နည်းနည်းရှဲသွားတယ်။ အဲတော့မှ ဓါးခုပ်ခံထားရတဲ့ လူနှစ်ယောက်ကို လမ်းထဲဝင်လာတဲ့ ဖယ်မလီယာကားလေး တစီး အကူအညီနဲ့ဆေးရုံပို့ကြတယ်။ ဆရာတယောက်တွေ့မိတယ်။ ဘယ်မေဂျာကလည်းတော့ မမှတ်မိတော့။
ကျွန်တော်တို့ကို ဓါးနဲ့ခုပ်တယ်မကြေဘူး။ ရပ်ကွက်ရုံးကို သွားဖျက်မယ်နဲ့ သွေးတွေဆူကြရော။ ဆရာဝင်ထိမ်းနေတဲ့ကြားမှာပဲ ဆူညံပူညံတွေ ပြန်ဖြစ်ကြပြန်တယ်။
ဒီလိုဖြစ်ကြတော့ ရပ်ကွက်ထဲက အုပ်စုတွေ ပြန်ထွက်လာပြီး ခဲမိုးရွာပြန်လေတယ်။

ဘယ်သူမှန်းမသိတဲ့ လူတယောက်က ခါးကြားထဲမှာ အသင့်ပါလာတဲ့ မီးတုတ်ကို ထုတ်ပြီး တယာက်ကို ပေးလိုက်တယ်။ မီးနဲ့ရှို့ကွာတဲ့။ အဲဒီလူက မီးခြစ်နဲ့ မီးတုတ်ကို ရှို့ ပြီးတော့ အနီးဆုံး ရပ်ကွက် သမဆိုင်ရဲ့ မှန်ပြတင်းကို ရိုက်ခွဲလိုက်ပြီး မီးတုတ်ကို ဆိုင်ထဲ ပစ်သွင်းလိုက်တော့တယ်။
အဲဒီ အချိန်မှာကိုယ့်ဖက်က ကူညီသူဟာ ကိုယ့်လူပဲမို့ ဘယ်သူလည်း စဉ်းစားချိန်တောင် မရလိုက်ဘူး။
အဲဒီမြင်ကွင်းတွေကို ဘီပီအိုင် အဝိုင်းရဲ့ တဖက်ခြမ်းက ဆေးခန်းလေးနားမှာ ရပ်ကြည့်နေမိတာ မီးလောင်မှပဲ သတိပြန်ဝင်လာတော့တယ်။

မီးလောင်တော့ ရပ်ကွက်ထဲက လူတွေ ပြန်ပြေးကုန်ကြပြီ။ ကျောင်းသားအုပ်စုလည်း ကျောင်းဝန်းဆီ ပြန်ဆုတ်သွားပြီ။ ရပ်ကွက်သမ ကုန်စုံဆိုင် မီးကလည်း ခဏအတွင်း အရှိန်ပြင်းစွာ တောက်လောင်ခဲ့ပြီ။
ကိုယ်နေတဲ့ အပြင်ဆောင်က မီးလောင်နေတဲ့ နေရာနဲ့ နီးနီးလေးမို့ ရရာဆွဲဖို့ ပြန်ခဲ့တယ်။ အဆောင်ပိုင်ရှင် မမော်ကြီးကတော့ မောင်လေးတို့ပဲ အဆောင်ကို ကြည့်ထားပေးပါဆိုပြီး သူ့ကလေးတွေ လက်ဆွဲပြီး ပြေးလေပြီ။ မီးပွားတွေ လွင့်လာလို့ ရေကန်ထဲက ရေတွေခပ်ပြီး ပက်နေရတယ်။
အဆောင်မှာ ဝဏ္ဏကို မတွေ့။ ခင်မောင်သန်းအခန်းမှာတော့ သူ့ သူငယ်ချင်း ရီသန့်ရှိတယ်။ အပြင်မှာတော့ ကမ္ဘာပျက်လို့ပါပဲ။ မီးကလည်း လောင်ကောင်းဆဲ။ လျှပ်စစ်မီးလည်း မလာတော့။

ရပ်ကွက်ကို ကျောင်းသားတွေ မီးနဲ့ရှို့တယ်ဆိုပြီး ရပ်ကွက်သားတွေ လမ်းပေါ်မှာ ဓါးကြိမ်းကြိမ်း နေကြလေရဲ့။ ကျောင်းသားတွေ့ရင် ခုတ်မယ်ဆိုပဲ။
ဘေးအိမ်က ဦးလေးကြီးက အားပေးရှာတယ်။ အပြင်မထွက်နဲ့ အဆောင်ထဲမှာပဲနေ သူတို့ အထဲဝင်ပြီး ရန်မလုပ်ပါဘူးတဲ့။ ရီသန့်ကလည်း အားပေးတယ်။ မင်းမှာ ရေပုလင်းရှိတယ်မဟုတ်လား၊ အထဲဝင်လာရင် ရေပုလင်းခွဲပြီး ပြန်ခုခံပေါ့တဲ့။ ခုခေတ်လို ပလပ်စတစ်ရေဘူးတွေနဲ့ဆို အခက်။

မီးလောင်နေတာ အတော်ကြာတယ်။ မီးသတ်ကားလည်းမလာ။ မီးက သမဆိုင်နားက အိမ်လေးငါးလုံးကို ပတ်လောင်ပြီး ငြိမ်းသွားတယ်။ ရပ်ကွက်ထဲကလူတွေ ဝိုင်းညှိမ်းလိုက်တာပါ။ မီးသတ်ဥသြော အသံတော့ကြားတယ်။ မီးသတ်ကားမလာလို့ မီးသတ်ကိုလည်း မေတ္တာတွေပို့ကြပေါ့။
ညသန်းကောင် ကျော်လောက်မှာ ကျောင်းဝန်းဆီက ဆူညံသံတွေ စကြားရပြီ။ မှောင်နဲ့မည်းမည်းမို့ ဘာတွေ ဖြစ်နေတယ်မသိ။ အပြင်လည်း မထွက်ရဲ။ အတော်ကြာ ဆူညံနေပြီး သေနပ်ပစ်သံတွေ ကြားရပါလေရော။

မီးသတ်ကားက ရေနဲ့ပက်တာမို့ ပျော်လို့ အော်ကြပါတယ်တဲ့။ ဒါကြောင့် ဆူညံနေတာကိုး။ ရေလည်းကုန်ရော မျက်ရည်ယိုဗုံးနဲ့ထုပြီး သေနပ်နဲ့ ပစ်တော့တာပေါ့။ အကုန်လုံး ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြရတယ်တဲ့။ ဖုန်းမော်က ထိပြီး သိပ်မကြာဘူး ဆုံးသွားတယ်။ စိုးနိုင်နဲ့ မြင့်ဦးတို့ကို ထီသွားလို့ ဆေးရုံပို့ လိုက်ရတယ်။ ဒါတွေက နောက်နေ့မှ သိရတာ။ အဲဒီညမှာတော့ ဘာမှမသိ။

သေနပ်သံတွေ ကြားပြီး ငြိမ်သွားတာမို့ အားလုံး အေးချမ်းသွားပြီပဲ ထင်ခဲ့တာ။ ညကတော့ အတော်နက်နေပြီ။ မနက်နှစ်နာရီလောက်တောင် ရှိပြီ။ ရေပုလင်းလည်း ခွဲပြီး ခုခံစရာမလိုတော့။ ဘေးအိမ်က ပေးထားတဲ့ ဖရောင်းတိုင်လေး မီးမှုတ်ပြီး အိပ်လိုက်ရတယ်။

(၁၉၈၈ မတ်လ ၁၃ရက်နေ့ညက အဖြစ်အပျက်တချို့ကို မှတ်မိသမျှ ရေးကြည့်တာပါ။ သာမန် ရန်ပွဲကနေ မဆလ ပြုတ်သွားတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီ နေ့ရဲ့ နှစ်ပတ်လည် အတွက်ပါ။ နောက်နေ့တွေမှာ ကျောင်းဝန်းထဲ ရောက်သွားပြီး ဖြစ်ပျက်ခဲ့တာတွေ ဆက်ရေးပါဦးမယ်။)

Monday, March 2, 2015

ဆင်ဖြူတော် တွေ့  ပြန်ပြီ ဆိုလို့  ရေးတဲ့စာ

ဆင်ဖြူတော်ပေါ်ပြန်ုတယ်တဲ့။ အုန်းခွံရောင် ညိုညစ်ညစ်နဲ့ အရေပြားရောဂါသည် ဆင်မလေးလည်း နေပူတော်မှာ ထူးခပ်ခံပြီး ဒုက္ခတွေ့ရတော့မယ်။

အရင်ပေါ်တော်မူ ဆင်ဖြူတော်တွေထဲမှာတော့ တကောင်က မုန်ယိုပြီး ဆင်ဦးစီးကို သတ်ခဲ့ပြီ။ ဆင်တွေကို ရန်ကုန်သယ်လာတဲ့ ထောက်ချုပ်ကြီးလည်း ပြုတ်တလုံးတိုးဘဝ ရောက်ခဲ့ပြီ။

တီဗီထဲမှာ တောရိုင်းကောင်တွေ အကြောင်းပြတဲ့အခါ အာဖရိကဆင်အုပ်တွေထဲမှာ အုန်းခွံရောင် ဆင်တွေ တွေ့ရတတ်တယ်။ သူတို့တွေ အာဖရိကမှာ ဆင်ဖြစ်ရလို့ ဆင်ဖြူတော်ဘဝ မရောက်ရရှာကြ။
ကျားဖြူ၊ ခြင်္သေ့ဖြူ၊ သမင်ဖြူ၊ ဒရယ်ဖြူ၊ လူဖြူ၊ ဆင်ဖြူ အပြင် အမဲဖြူတောင် ရှိသေး။

ဆင်ဖြူတော်အကြောင်းရေးရင်း အမှတ်ရတာလေးရှိတယ်။

ငယ်ငယ်က မြတ်စောညီနောင် ရန်ကုန်ဆရာတော်ဆီ အသွား ဓါတ်လုံးလေးတွေ ဝေနေချိန်။ မောင်စပ်စုက ဆရာတော်ကြီးကို ဒီဓါတ်လုံးက ဘာစွမ်းပါလဲလို့ မေးမိတယ်။

ဆရာတော်ကြီးက ဒါ ပိုက်သေလုံးပါကွာတဲ့။ ဒီဟာကြီး ပိုက်ထားရင်း သေကြရမှာပဲတဲ့။
ဆရာတော်က ပြောသေးတယ်။ ငါက ဒါတွေမလုပ်ချင်ပေမဲ့ ဒကာတွေက ဒါတွေလုပ်မှ ကျောင်းလာကြ လှူကြတယ်။ ဘုရားပြင်ဖို့ သာသနာပြုဖို့အတွက် မလုပ်ချင်ပေမဲ့ လုပ်နေရတယ်။ ဒါကြောင့် ဝဋ်ထွက်ပွဲဆိုပြီး သာသနာနဲ့မအပ်တာတွေ လုပ်ရတဲ့အတွက် ဝဋ်ရှိရင် ပြေစေကြောင်း ပြန်လုပ်ရတယ်တဲ့။
ဆရာတော်ကြီးက သူ့ဒကာရင်းတွေကို ဒီလိုပဲ ရှင်းပြခဲ့ပါတယ်။

ခုလည်း ဆင်ဖြူတော်ကြောင့် ဘာတွေထူးမလဲ မေးလာရင် ဆင်ချေးကျူံးရတာ ပိုလာမှာပေါ့လို့ ဖြေရုံမှတပါး။