သာဂိ ခုတလော ကံနိမ့်နေတယ်။ ဘေးနားက ရပ်ကွက်ထဲမှာ ဂွေလှိမ့်နေတုန်း သူ့ရပ်ကွက်ထဲက ဆန္ဒပြတန်းကစားနေတဲ့ မူလတန်းကလေးတွေကို ဂွကိုင်မျက်မှေးရဲ့ လက်ထောက် ရဲကိုကို လုပ်တန်းကစားနေတဲ့ ကလေးအုပ်က တုတ်နဲ့ရိုက်တယ်။
ဖြစ်တာက လက်ပံပင်အောက်မှာ။ သာဂိလည်း အဲဒီအချိန်ကမရှိ။ ဒါပေမဲ့ ကလေးခေါင်းဆောင်မို့ သာဂိကိုပဲ ဝိုင်းဆဲကြတယ်။ သာဂိရဲ့ ဗီဒီယိုခွေတို့ ကာတွန်းတို့ ကို ပြန်/ဆက်တာဝန်ယူ ငှားပေးရတဲ့ ရဲတွတ်လေးက ခေါင်းခံပြီး ငြင်းပေမဲ့ ဘယ်လိုမှ မရ။
ဒီကြားထဲမှာ ဘေးရပ်ကွက်က သာဂိရဲ့ ကျေးဇူးရှင် ကိုတရုတ်ကြီးကပါ သူ့ကို
ခေါ်ဆူပြန်တယ်။ မျက်မှေးတို့နဲ့ ကိုတရုတ်ရဲ့ ညီဝမ်းကွဲတွေ ရန်ဖြစ်ကြတာမို့
ဂွကိုင် မျက်မှေးတို့က လောက်လေးဂွနဲ့ ပစ်တာ ကိုတရုတ်တို့ ရပ်ကွက်ထဲ
ရောက်ကုန်ပြီး အိမ်ပြူတင်းမှန်တွေကွဲ၊ လူတချို့လည်း ဖူးယောင်ကုန်ကြလို့တဲ့။
ကျေးဇူးရှင် ကိုတရုတ်က ခေါ်ဆူတော့ သာဂိလည်း နောက်ကွယ်က စာဖတ်နေတဲ့ သူ့ရဲ့ ဖခမည်းတော်ကြီး ကိုရွှေသန်းကို သံတော်ဦး သွားတင်ရတော့တယ်။
ဒီကိစ္စတွေ ရှုပ်ထွေးအောင် လုပ်ခဲ့တာလည်း ကိုရွှေသန်းပါပဲ။ သာဂိကို ကလေးခေါင်းဆောင် ခန့်တဲ့အချိန်မှာ ဂွကိုင် မျက်မှေးကို လောက်လေးဂွကိုင်ချုပ် ခန့်ခဲ့တာလည်း သူပဲ။ ဒီတော့ မျက်မှေးက သာဂိကို မကြောက်။ သာဂိအမိန့်ကို မနာခံ။ သာဂိက မပစ်နဲ့ပြောလည်း သူပစ်ချင်ရင် ပစ်တာပဲ။ မျက်မှေးက စာဖတ်နေသူကြီးအမိန့်ပဲ နာခံတာ။
ခုလည်း မျက်မှေးရဲ့ လောက်စာလုံးတွေ ကိုတရုတ်ကြီး ရပ်ကွက်ဖက်ရောက်ကုန်တာ သာဂိမသိ။ ဘာမှလည်း မတတ်နိုင်။ သူ့မှာ ဂွကိုင်မျက်မှေးရဲ့ ဂွကိုင်အဖွဲ့ကို အမိန့်ပေးနိုင်တဲ့ အာဏာလည်းမရှိ။ ဒါကြောင့် နောက်ကွယ်က စာဖတ်ရင်း ဂွကိုင်မျက်မှေးကို အမိန့်ပေးနိုင်တဲ့ သူ့အဖေဆီ ပြေးခဲ့ရတာ။
သူ့အဖေ ဦးရွှေသန်းက စာဖတ်နေရာကနေ ပြုံးပြီး သာဂိကို ကြိုတယ်။ သူ့လို စာများများဖတ်ဖို့လည်း တိုက်တွန်းတယ်။သူဖတ်နေတဲ့စာအုပ်တွေလည်း ပေးလိုက်တယ်။ စာဖတ်နေသူကြီး ဖတ်နေတာက အောင်သူငြိမ်းရဲ့ နာမည်ကြီး ရိုမန်းတစ် စာအုပ်ရယ်၊ မြန်မာ့ ပွင့်လင်း လူ့အဖွဲ့အစည်း ပုံရိပ်များဆိုတဲ့ အွန်လိုင်းက ဇွန်သဉ္စာရဲ့ ပွင့်လင်းပုံရိပ်များစုစည်းမှု စာအုပ်တွေ။
စာအုပ်အကြောင်းတွေ ဆွေးနွေးပြီးမှ လာရင်းကိစ္စမေးတယ်။ သာဂိကလည်း အကြောင်းစုံ ပြောပြတယ်။ ကိုရွှေသန်းက စိတ်မပူဖို့ မှာလိုက်တယ်။ ဂွချုပ် မျက်မှေးကို သူပြောလိုက်မယ်တဲ့။ ကိုတရုတ်တို့ကို အကြွေးတောင် ပြန်မပေးနိုင်ခင် မျက်နှာပျက်အောင် မလုပ်ပါဘူးတဲ့။ ဆွေမျိုးတောင့်တဲ့အပြင် ငွေပါ ချမ်းသာတဲ့ ကိုတရုတ်တို့ရဲ့ ကျေးဇူးက ကိုရွှေသန်းပေါ်မှာပါ အပုံကြီး ရှိခဲ့တာပဲ။
နောက်နေ့မှာတော့ မျက်မှေးရဲ့ ဂွတပ်ဖွဲ့က မျက်မှေးရဲ့ လက်ထောက် ဂွမှုး သုံးယောက်ဆီက ဂွတွေ ပြန်သိမ်းပြီး ကိုတရုတ်တို့ စိတ်ကြေနပ်တဲ့ထိ အရေးယူပြလိုက်တယ်။
ပျက်စီးခဲ့သမျှလည်း ရော်ပါ့မယ်လို့ အာမခံခဲ့တယ်။ ရော်စရာ ပိုက်ဆံမရှိပေမဲ့ သာဂိတို့ ရပ်ကွက်က ထွက်တဲ့ သီးနှံစုံ အစားပေးပါမယ်တို့ ဘာတို့ပေါ့။
ကိုရွေသန်းရဲ့ စီမံမှုအောက်မှာ သာဂိနဲ့ ဂွတပ်ဖွဲ့ချုပ် မျက်မှေး တို့က အရင်လို စည်းလုံးဆဲ။ ကိုရွှေသန်းကလည်း စာတွေဖတ်နေဆဲ။ အများထောက်ခံတဲ့ စာဥကလည်း ၂၀၁၅ မှာ ကလေးခေါင်းဆောင် ရွေးပေးမယ်ဆိုတဲ့ မျှော်လင့်ချက်လေး ရင်မှာပိုက်ပြီး မျက်စိမှိတ် ပါးစပ်ပိတ် နေနေဆဲ။ ကလေးအုပ်ကလည်း အရင်အတိုင်း ပေတေစုတ်ပြတ်နေဆဲ။ သာဂိရဲ့ အပေါင်းအသင်းတွေကလည်း ချမ်းသာမြဲ။
အားလုံး နေမြဲ နေမြဲ နေမြဲ။

No comments:
Post a Comment