၁၉၈၈ မတ်လရဲ့ အပိုင်းအစများ (၂)
နောက်နေ့မနက် မတ်လ ၁၄ ရက်မှာတော့ အနောက်ကြို့ကုန်း တရပ်ကွက်လုံး တိတ်ဆိပ်လို့။ မနက်မိုးလင်းပေမဲ့ အပြင်လည်း မထွက်ရဲသေးလို့ အချိန်စောင့်ရသေးတယ်။ မနက် ဆယ်နာရီလောက်ထိ ဘာမှ မထူးတော့မှ ရီသန့်ကို အဖေါ်စပ်ပြီး လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကို မနက်စာစားဖို့ ချီတက်ခဲ့တယ်။
မီးလောင်ပြင်နဲ့ မလှမ်းမကမ်းမှာ မီးသတ်ကားက တုံးလုံးလဲလို့။ ဒီလောက်ကြီးတဲ့ မီးသတ်ကားကို သယ်လိုများ တုံးလုံးလှည်းလိုက်တယ် မသိ။ အချိန်မှီ မရောက်လာတဲ့ မီးသတ်ကားကို ရပ်ကွက်က ဒေါကန်ပြီး ဖျက်ဆီး လိုက်တာပါပဲ။ မီးသတ်ကားက ကျောင်းရှေ့မှာ ကျောင်းသားတွေကို လူစုခွဲနေရလို့ ရောက်မလာနိုင်ခဲ့တာ။
အင်းစိန်လမ်းထိပ်ထိ လာမိမှ မုန့်ဟင်းခါးဆိုင် တွေ့တယ်။ ကျန်တဲ့ဆိုင်တွေက မထွက်ရဲသေးကြဘူး။ ဘီပီအိုင် မှတ်တိုင်ဘေးက စာအုပ်ဆိုင်ရှေ့မှာ ထွက်တဲ့ မုန့်ဟင်းခါးက ဆာဆာနဲ့မို့ ကောင်းလိုက်တာ။
ညက ရဲက ပစ်ခပ်လို့ ကျောင်းသားသေတယ်။ ကျောင်းသားတွေ ဒေါသထွက်နေတယ်တဲ့။ မှတ်တိုင်ဘေးက လူဝင်ပေါက်လေးမှာ ခုံတွေနဲ့ ပိတ်ကာထားတယ်။ အင်းစိန်လမ်းမကတော့ ညထဲက ပိတ်လိုက်တာမို့ အသွားအလာမရှိတော့။
ရီသန့်ကတော့ အမျိုးတွေရှိတဲ့ဆီ ပြန်မယ်တဲ့။ ကိုယ်ကတော့ အပြင်ဆောင်မှာ မနေရဲတော့လို့ ကျောင်းထဲဝင်နေဖို့ လမ်းဖြတ်ကူးလိုက်တယ်။
ကျောင်းထဲဝင်တဲ့ ဆင်းရဲသားပေါက်ကို ခုံတွေနဲ့ ပိတ်ထားပေမဲ့ ငုံ့ဝင်လို့ရတယ်။ ခုံတွေမှာလည်း ကျောင်းသားများရဲ့ တောင်းဆိုချက်ဆိုပြီး ဆရာဦးသီဟလတ် လက်မှတ်နဲ့ စာကပ်ထားတယ်။ ကျောင်းသားကို ပစိသတ်ခဲ့မှုကို တောင်းပန်ရန်တို့ နိုငိငံကို ကြေညာပေးရန်တို့ စုံစမ်းစစ်ဆေးပေးရန် စသည်ဖြင့် အချက် ခြောက်ခုလောက်ပါတယ်။ အခြေအနေကတော့ အတော် တင်းမာနေပြီ။
ခုံအောက်က ငုံ့ဝင်လိုက်တော့ အနားကို လူတယောက်ကပ်လာတယ်။ သူ့လက်ထဲမှာလည်း ခဲလုံးနဲ့။ မလုပ်နဲ့ မလုပ်နဲ့ ဒီကောင်လည်း ကျောင်းသားပဲလို့ တားလိုက်သံကြားမှ ခဲလုံးနဲ့လူ လှည့်ထွက်သွားတယ်။ကိုယ့်ကို သိတဲ့ ကျောင်းသားက တားတာ မြန်ပေလို့။
အဲဒီအချိန်က ကောလာဟာလတွေ ပျန့်နေချိန်။ ရပ်ကွက်ထဲမှာက ကျောင်းသားတွေ မီးနဲ့ လာရှို့ဦးမယ်လို့ထင်နေ၊ ကျောင်းသားတွေက ရပ်ကွက်ထဲကသူတွေ ကျောင်းထဲဝင်လာပြီ ရန်ရှာမယ် ထင်နေကြတဲ့ အချိန်မို့ ကင်းချထားရတာပါ။
ပင်မဆောင်အောက်မှာတော့ ဖုန်းမော် သေခဲ့ရတဲ့ သွေးကွက်ကို အုတ်ခဲတွေနဲ့ ကြယ်ပုံ ဖေါ်ထားတယ်။ ကျောင်းသားတွေကတော့ ဘာဆက်ဖြစ်မယ်မသိလို့ ထင်ကြေးတွေ အမျိုးမျိုးပေးနေပြရဲ့။ မနေ့ညက အတူရှိခဲ့တဲ့ မောင်မောင်စိုးတို့ ကျော်ကျော်ထွန်းတို့ အခန်းကိုပဲ သွားနေဖြစ်တယ်။ ဝဏ္ဏက ညထဲက ကျောင်းဝန်းထဲမှာ ရှီနေခဲ့တာပါတဲ့။
မျက်ရည်ယိုဗုံးအရှိန်နဲ့ ပြေးလိုက်တာ ဂျီဟောရှေ့ ရောက်သွားတဲ့ အကြောင်းတွေ ပြောပြတယ်။ ကျော်ကျောထွန်းတို့ကလည်း သူတို့နဲ့ပဲ အတူနေဖို့ ခေါ်တယ်။
ညနေပိုင်းကြတော့ ပင်မဆောင်နဲ့ လူနေဆောင်တွေကြားက မြေကွက်လပ်မှာ လူစုကြတယ်။
ဆရာတွေထဲက ဆရာကြီးဦးခင်အောင်ကြည်နဲ့ လမ်းစဉ်လူငယ်က ဆရာဥိးမောင်မောင်သန်း (ချည်မျှင်) တို့ လာကြတယ်။ ကျောင်းသားတွေက ဖုန်းမော်အလောင်း ပြန်ရရေးကိစ္စ၊ စိုးနိုင်နဲ့ မြင့်ဦးတို့ လညိး သေသလား ရှင်သလားမသိရတဲ့ ကိစ္စ၊ သူတို့နောက် လီုက်သွားတဲ့ ကျောင်းသားတွေလည်း ပြန်ရောက်မလာတဲ့ ကိစ္စတွေ မေးကြတယ်။ ဆရာကြီးက အပြင်မထွက်နဲ့ဆိုလို့ အပြင်မထွက်ခဲ့ပေမဲ့ သူတို့က ကျောင်းထဲထိ ဝင်ပစ်သွားတာကို ဘယ်လို ရှင်းပေးမှာလည်း ဆိုတာကို မေးကြတယ်။
ဟိုဆရာတွေလည်း ငုတ်တုပ်မေ့ပြီး ဘာမှ မဖြေနိုင်ကြဘူး။ နောက်ဆုံးတော့ ဆရာကြီးမှာ နှလုံးရောဂါရှိပါတယ်ဆိုပြီး တုန်တုန်ရည်ရည်နဲ့ ကျောင်းအုပ်ကြီး ဦးခင်အောင်ကြည် ရှောင်ပြေးရတော့တယ်။ ဦးမောင်မောင်သန်းတို့လည်း လစ်ရော။
ဦးခင်အောင်ကြည်ဆိုတာ ဦးနေဝင်း ပြည်ပခရီးထွက်ရင်ပါနေကြ ဆရာကြီးပါ။ ဦးမောင်မောင်သန်းတို့ဆိုလည်း ပညာရေးဝန်ကြီး ဗမကကျော်ငြိမ်းက ကျောင်းဝန်းထဲမှာ မဆီမဆိုင် ဂေါက်ရိုက်မယ်ဆိုလို့ ကွင်းတွေ အမြန်ဖေါ်သူကိုယ်တိုင်ဝင်ရိုက်နဲ့ အနားပြာဆရာတွေပါ။ ဒီကိစ္စမှာတော့ သူတို့လည်း ဘာမှ မတတ်နိုင်ကြတော့ မသိပါဘူးနဲ့ ခေါင်းရှောင်ကြရပါတယ်။
ညရှစ်နာရီ တီဗီ သတင်းကြည့်ဖို့ တီဗီခန်းထဲစုကြတယ်။ တောင်းဆိုထားတဲ့အကိုင်း သတင်းမှန်လွှင့်ပေးမလား၊ တောင်းပန်ချက် ထုတ်ပြန်လေမလားနဲ့ မျှော်ကြတယ်။ တီဗီသတင်းမှာတော့ အရေးပေါ်ပါတီညီလာခံ အကြောင်းပဲပါတယ်။ စက်မှုကျောင်းကိစ္စ မပါခဲ့။
ဘီဘီစီ မြန်မာပိုင်း သတင်းမှာတော့ အာအိုင်တီကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူတွေ ရန်ဖြစ်ရာက ကျောင်းသားတဦးသေဆုံးကြောင်း သတင်းမှားကြီး ပါလာတယ်။ သူတို့ ပစ်လို့ သေတာကို ရန်ဖြစ်လို့သေတယ်လို့ ဖြစ်သွားတယ်။ ဘီဘီစီတောင် သတင်းမှားတယ်ဆိုပြီး ပေါက်ကွဲကြတယ်။
တနေကုန် အင်းစိန်လမ်းကို ပိတ်ထားတဲ့အပြင် ညရောက်တော့ လုံထိမ်းတွေက လက်တကမ်းအကွာ တဦးစီနေရာယူပြီး ကျောင်းဝန်းကြီးကို ပတ်ထားလေရဲ့။ ကျောက်ရုပ်တွေလို ရပ်နေတဲ့ လုံထိမ်းတွေဆီသွားပြီး နေဝင်းခွေးတွေလို့ သွားဆဲကြတယ်။
ညနက်လာတော့ အခန်းတွေမှာ ၆ခန်းကို ကြီးကြပ်သူတဦးစီထားပြီး နာမည်ကောက်တယ်။ ကိုယ့်ကျောင်းသားပါသွားရင် သိအောင်လို့ပါ။ သန်းကောင်ယံ မှာ ကင်တင်းအရှေ့ အစည်းအဝေး ခေါ်ပြန်တယ်။ ကင်တင်းအဆင်း ထိပ်က စင်မြင့်ပေါ့။ ဖုန်းမော် သူငယ်ချင်းက ဦးဆောင်တယ်။ အားလုံး စုစည်းကြဖို့ တဦးတည်း ဘယ်မှ မသွားဖို့ ကိုယ့်လူကို မှတ်ကြဖို့ ပြောနေရင် လုံထိမ်းတွေ ကျောင်းထဲဝင်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် လူစူခွဲလိုက်ကြရတယ်။ အဲဒီညမှာတော့ မျက်နှာတွေကို လက်ကိုင်ပုဝါစီးပြီး တက်တဲ့လူများတယ်။ ဘယ်သူက ဒရှိုဆိုတာ မသိကြဘူးလေ။
(မတ်လ ၁၅ ရက် အကြောင်း နောက်မှ ဆက်ရေးပါမယ်။)

No comments:
Post a Comment