Thursday, March 19, 2015

ဆောင်ကြမလား အခွန်များ

ဆောင်ကြမလား အခွန်များ

သဘောင်္ အင်ဂျင်နီယာချုပ် သူငယ်ချင်းနဲ့ မနက်က ဖွဘုတ်မှာ စကားပြောဖြစ်တယ်။ သူက အခွန်စည်းမျဉ်းသစ်အကြောင်း ပြောတယ်။ သိန်းသုံးရာနဲ့ အထက်ကို သုံးဆယ်ရာနှုန်းကောက်မယ်ဆိုရင် သဘောင်္အင်ဂျင်နီယာချုပ် တဦးရဲ့ ဝင်ငွေဟာ သိန်းခြောက်ရာလောက်ရှိတာမို့ အခွန် သိန်းနှစ်ရာလောက် ပေးရတော့မယ်။ အဲဒီအခွန်ငွေတွေနဲ့ ဘာတွေပြန်လုပ်ပေးမှာလဲတဲ့။

ဟုတ်တယ်။ သူမေးရင်လည်း မေးချင်စရာပါပဲ။ တနှစ်ကို သိန်းပေါင်းများစွာ အခွန်ဆောင်ရသူ ပြည်သူတဦးအနေနဲ့လည်း သိကိုသိသင့်ပါတယ်။

မောင်လူပေကလည်း နိုင်ငံခြား ရောက်နေတာ နှစ်နှစ်ဆယ်လောက်ရှိပြီ။ သူ့ဆန်စားရင်ရဲမှ ဆိုသလို သူ့တိုင်းပြည် သူ့ဥပဒေအရ ကောက်ခံတဲ့ အခွန်ငွေကို ပေးရတာပါပဲ။ ဒီမှာကတော့ ဘာပဲလုပ်လုပ် အခွန်ထမ်း ပြည်သူတွေကို တင်ပြပြီးမှ လုပ်လို့ဖြစ်တာမို့ အခွန်ငွေတွေ ဘာလုပ်တယ်လို့ သိခွင့်ရှိတယ်။ အသိလည်း ပေးတယ်။ မြန်မာပြည်မှာလည်း ပြည်သူတွေက ဒီလို သေသေချာချာ သိမှပဲ ကိုယ်ဆောင်ရမဲ့အခွန်ငွေကို ကြည်ဖြူစွာ ဆောင်ကြမှာပေါ့။ နို့မို့ဆို ဒီအခွန်တွေနဲ့ လက်နက်တွေ ဝယ်လိုက်သလိုလို၊ အကြွေးတွေ ဆပ်လိုက်သလိုလိုနဲ့ သို့လောသို့လော ဖြစ်ပြီး အခွန်အမှန်မဆောင်ပဲ ရှောင်လို့ရတဲ့ နည်းပေါင်းစုံနဲ့ ရှောင်နေကြမှာပါ။

ရောင်းခွန် တံဆိပ်ခေါင်းကို အပြည့်မကပ်တာ၊ တချို့ဆိုင်တွေဆို တံဆိပ်ခေါင်း လုံးလုံးမကပ်ပဲ ငါးရာခိုင်နှုန်းကို အိပ်ထဲထည့်နေတာတွေလည်း ကြားနေရတယ်။ သက်ဆိုင်ရာကလည်း ကွင်းဆင်းမစစ်ဆေးနိုင်သေး။ စစ်လို့မိရင်လည်း ညှိလိုက်ရင်ပြီးတာမို့ ဒီလိုအဖြစ်အပျက်တွေက လုံးခြာလည်နေမှာပါပဲ။ ရောင်းခွန် တံဆိပ်ခေါင်းကို အပြည့်ကပ်ပြီး ပြေစာပြန်ပေးတဲ့ ဆိုင်တွေလည်း ရှိပါတယ်။

အခွန်နဲ့ပတ်သက်ပြီး အတွေ့အကြုံလေးတွေ ဝေမျှချင်တယ်။ မောင်လူပေတို့နေတဲ့ဆီမှာ အစိုးရ သုံးရပ်ရှိတယ်။ ဗဟိုအစိုးရနဲ့ ပြည်နည်အစိုးရတွေက အခွန်ကို ကြိုကောက်ပါတယ်။ ဝင်ငွေထဲကနေ ရာခိုင်နှုန်းနဲ့ ကြိုကောက်ထားတာမို့ အတိအကျတော့မဟုတ်ဘူးပေါ့။ ဒါကြောင့် နှစ်ကုန်ရင် နောက်နှစ် အေပရယ် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဝင်ငွေခွန်ကို သတ်မှတ်ထားတဲ့အတိုင်း ပြန်တွက်ရပါတယ်။ လိုရင် ထပ်ပေး ပိုရင် ပြန်ရမယ်ပေါ့။

အစိုးရ သတ်မှတ်ထားတဲ့ ဝင်ငွေထက် နည်းပြီး ဝင်ငွေရှိသူတွေဆို တပြားမှ မဆောင်ရတဲ့အပြင် ပြန်တောင် ပေးတယ်။ မဒန်ပေရဲ့ သူငယ်ချင်းတယောက်ဆို ကလေး လေးယောက်နဲ့ သူ့ဝင်ငွေကလည်း နည်းလို့ နှစ်တိုင်း ဒေါ်လာ လေးထောင်ကျော်လောက် အလကား ရတယ်။ တပြားမှလည်း ဝင်ငွေခွန် ဆောင်စရာမလို။တကယ်ဆို ဒီမိသားစုက သူဌေးတွေ။ သူတို့ရဲ့ အိမ်ကို ငွေအပြည့်ပေးဝယ်ထားတာ။ သူ့အမျိုးသားက မြန်မာပြည်မှာ ကိုယ်ပိုင်ဆိုင်ရှိလို့ ဒီမှာမနေ။ဒီမှာ တရားဝင် အလုပ်ဝင်ငွေမရှိ။ သူ့မိန်းမက အလုပ်ကလည်း အနိမ့်ဆုံးဝင်ငွေပဲရတဲ့ အလုပ်မို့ ဝင်ငွေကနည်း။ ဒီတော့ ဝင်ငွေနည်းသူတွေ အခွင့်အရေးခံစားခွင့် အပြည့်ရတယ်။ ကလေးတွေကျောင်းမှာ နေ့လည်စာအလကား။ ကောလိပ်ကသားလည်း တပြားမှ မကုန်။ အခမဲ့ ဆေးအာမခံလည်းရသေး။ ဒါ ဥပဒေအရ အကြုံးဝင်လို့ ခံစားရတာပဲ။

သူတို့လို လူတွေအတွက် သုံးရတဲ့ အခွန်ငွေတွေကို မောင်လူပေတို့လို လူလတ်တန်းစားတွေနဲ့ လူချမ်းသာတွေက ပေးရတာပေါ့။ သတ်မှတ်နှုန်းတွေ အမျိုးမျိုးပါပဲ။ ကျောင်းတွေ လမ်းတံတားတွေ အထွေထွေ ကျန်းမာရေးတွေ အတွက် ပေးဆောင်ရတာမို့ ကျေနပ်စွာ ပေးဆောင်ပါတယ်။ ( မကြေနပ်လို့ မဆောင်ရင် အခွန်ဥပဒေအရ အရေးယူခံရမှာ ကြောက်တာလည်း ပါတာပေါ့။)

ဌာနေ အစိုးရလို့ခေါ်တဲ့ မြို့ရွာ အစိုးရ အုပ်ချုပ်သူတွေကတော့ ရောင်းခွန်တို့ အိမ်ခြံမြေအခွန်တို့ အပေါ်မှာ မှီခိုကြရတယ်။ တနှစ် ဘယ်လောက်ရတယ် ဘယ်နေရာမှာ ဘယ်လောက် ပြန်သုံးတယ်ဆိုတာ ရေးဆွဲတင်ပြ အတည်ပြုကြရတယ်။ မောင်လူပေလည်း မြို့က ခန့်ထားတဲ့ အင်ဂျင်နီယာမို့ လခက အဲဒီ မြို့နေ ပြည်သူအများရဲ့ အခွန်ငွေတွေက လာတာပါပဲ။

အစိုးရတရပ် လည်ပတ်ဖို့ အခွန်ငွေဆိုတာ လိုပါတယ်။ ဒီအတွက် ပြည်သူတွေက အခွန်ထမ်းကြရပါတယ်။ ပြည်သူတွေကိုယ်တိုင် ရွေးကောက်တင်မြောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက အစိုးရတရပ်အနေနဲ့ ဒီအခွန်ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးတယ်ဆိုတာကိုလည်း အချိန်နဲ့ တပြေးညီ ပြန်တင်ပြဖို့ လိုပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ ပြည်သူက မကြည်ဖြူတဲ့ အစိုးရတရပ်အတွက် ဘယ်ပြည်သူကမှ အခွန်ငွေကို မှန်ကန်စွာ ပေးဆောင်မှာမဟုတ်ပဲ နည်းအမျိုးစုံနဲ့ အခွန်ရှောင်ပွဲကြီး ကျင်းပရင်း မုန့်လုံးစက္ကူကပ် သံသရာမှာ လည်နေဦးမှာ အသေအခြာပါပဲဗျာ။
 

No comments:

Post a Comment