နယူပေရဲ့တတိယနိယာမ
ငယ်ငယ်ကကျောင်းမှာသင်ဖူးသည်။ မြေဆွဲအားအကြောင်း။ တွေ့ရှိခဲ့သူကနယူတန်။ ဒါကြောင့် နယူတန်၏တတိယနိယာမ ဟူ၍ ခေါ်ပါသတဲ့။ (ပထမနဲ့ဒုတိယနိယာမတွေလည်း ရှိပါသေး၏။ ဘာနိယာမတွေလည်း မသိတော့ပါ။ သိလိုသူများရှိပါက ရူပဗေဒမောင်မယ်များကို မေးကြပါကုန်။ ဥပမာ ချိုဦးမောင်။ ဤကားစကားချပ်)
နယူတန်ဟူ၍ အမည်ရသော ထိုဉာဏ်ကြီးရှင်က ပန်းသီးပင်အောက်မှာအိပ်နေတုန်း ပန်းသီးကျွေကျရာမှ ဤနိယာမကို တွေ့ရှိခဲ့ပါသတဲ့။ အတော်ဦးနှောက်စားသည့်လူပေါ့။ ပန်းသီးဘာလို့ မြေပေါ်ကျလာတာလည်းလို့ စဉ်းစားသတဲ့။ ပန်းသီးက မိုးပေါ်တက်သွားလျှင်လည်း မိုးပေါ်ထိ လိုက်စဉ်းစားမဲ့လူမျိုး။ အလုပ်မရှိ အလုပ်ရှာသူပေါ့။ ပိုက်ဆံမရပဲ ခေါင်းခြောက်ခံသည်။ မောင်လူပေတို့ဆိုလျှင် ပန်းသီးကျွေကို စားကြည့်မည်။ စားကောင်းလျှင် အပင်ပေါ်မှ စား၍ရန်ုင်မည့်အရွယ်တော်တွေ ခူးသွားမည်။ ပြီးလျှင် ဈေးမှာရောင်းမည်။ ဘိုက်လည်းဝ၊ ငွေလည်းအဆင်ပြေ။ ပန်းသီးပင်အောက်မှာအိပ်သည်ဆိုတော့ သူ့ခြံထဲမှာ ပန်းသီးပင်တွေအများကြီးရှိနိုင်သည်။ အသီးတွေသီးချိန်မို့သာ ကျွေကျတာဖြစ်မည်။ ဘာလို့ကျွေတာလည်း လိုက်မစဉ်းစားပဲ ပန်းသီးတွေကို ကုန်သည်ထံ အပ်လိုက်ပြီး ငွေတွေရေတွက်ရုံသာ။မောင်လူပေနှင့် နေရာခြင်းသာ လဲလိုက်ချင်တော့။
နယူတန်၏ နိယာမတွေမောင်လူပေမသိ။ ပန်းသီးတော့သိသည်။ အတော်စားလို့ကောင်းပဲ။ ပန်းသီးတွေအမျိုးမျိုးရှိသည့်အနက် ဖူဂျီဆိုသည့်အမျိုးကို အကြိုက်ဆုံး။ ကိုက်စားရလျှင်တကြွတ်ကြွတ်နှင့်။ အရည်ရွှမ်းတဲ့အသီး။ ပန်းသီးကြိုက်သော်၍ ပန်းသီးပင်စိုက်ချင်ပါသော်ငြားလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ ခွင့်ပြုမိန့်မရ။ ဆိုင်ကဝယ်စားတဲ့။ ဆိုင်ကပန်းသီးက ပိုချိုသတဲ့။ အဆိပ်အတောက်ပိုကင်းသတဲ့။ ဤသို့နှင့် မောင်လူပေ၏ အိမ်နောက်ကဈေးဆိုင်လေးမှာ ပန်းသီးမသီးနိုင်တော့။
ပန်းသီးမရှိသော်လည်း တောကမောင်လူပေ၏ ခြံတွင် စားပင်မျိုးစုံ သီးပွင့်နေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့အပင်တွေကို သားသမီးအလားပြုစုပျိုးထောင်ပေးတော့ ဒင်းတို့ကလည်း သခင့်အကြိုက် သန်မာထွားကြိုင်းကြသည်။ နှစ်စဉ်လိုလို ဤအချိန်ကား စားပင်တွေ အစွန်းကုန်သီးပွင့်ချိန်။ ပန်းကြိုက်တဲ့ပျားတွေကလည်း ဒီအချိန်ရောက်လျှင် ပျားရည်ဘဏ်တိုက်ဆောက်နိုင်ရေးအတွက် ပျားပန်းခပ်ကြပြီ။ အချိန်မှန်ရောက်လာတတ်သူ တစ်ဦးလည်း ရှိသေး၏။ သူကား ပျားတို့နည်းတူ ပန်းချစ်သူတစ်ဦး။ မြန်မာအခေါ် နှံပြည်စုတ် ငှက်ကလေး။ အင်္ဂလိပ်လိုကတော့ Hummingbird ဟုခေါ်ပါ၏။
အသီးအနှံတို့၏ ဝတ်ရည်(ပြည်)ကိုစုတ်ယူသည့်ငှက်ကလေးမို့ နှံပြည်စုတ်ဟု ခေါ်တွင်သည့် ဒီငှက်ကလေးက အလွန်အချိန်မှန်သည်။ မနက်ရှစ်နာရီအတိရောက်သည်။ ပန်းဝတ်ရည်တွေကို ပျားတွေနှင့်အပြိုင်စုတ်ယူသည်။ တစ်နာရီနီးပါးကြာလျှင် သူမရှိတော့ပြီ။
မောင်လူပေကား တောသားပီပီ တောမှာပျော်လေတော့ တောငှက်နှင့်လည်း ပျော်ရသည်ပင်။ တောအရပ် တောဓလေ့ပျော်မွေ့လို့သာ ဒီလိုငှက်တွေနှင့် တွေ့ရခြင်းပင်။ နှံပြည်စုတ်ဆိုသော်လည်း မြန်မာပြည်က နှံပြည်စုတ်ထက် သူက နှုတ်သီးပိုရှည်သည်။ အတောင်ပံခပ်သည့်အသံကတော့ အရွယ်နှင့်မမျှ။ ကြက်ဥခပ်သေးသေးအရွယ်သာရှိသည့် ဒီငှက်လေး၏ တောင်ပံများက တစ်စက္ကန့်ကို အကြိမ်သုံးလေးဆယ်ခန့် ခပ်နိုင်သည့်အတွက် ဟယ်လီကော်ပတာတောင်ပံခပ်သံနှင့်တောင် ဆင်တူသေးတော့။ မြန်ကလည်းမြန်ပါ့။ လှစ်ကနည်းဆို ပျောက်သွားပြီပဲ။
သူ့ကိုဓါတ်ပုံရိုက်ဖို့ ဖုန်းစုတ်ကလေးနှင့်ပြေးလွှာနေရသည်။ သူပျော်သည်က ဂေါ်ရခါးပင်ရုံကြီးထဲ။ သူကလေးက ဂေါ်ရခါးပင်ရုံကြီးထဲဝင်သွားလျှင်ပျောက်ပျောက်သွားတော့ ကိုယ်ပါ ဂေါ်ရခါးပင်ရုံထဲတိုးရသည်။
ဂေါ်ရခါးရုံ၏ ရာဇဝင်ကိုလည်းပြောပြချင်၏။ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ မဒန်ပေ၏ ညွှန်ကြားချက်အရ ဂေါ်ရခါးနွယ်တက်နိုင်စေရေးအတွက် စင်ထိုးရသည်။ ရှိသမျှ သစ်တိုသစ်စများနှင့် စင်လုပ်ရသဖြင့် ခနော်ခနဲ့ပေါ့။ ဂေါ်ရခါးပင်က သန်မာစွာအစွမ်းပြလေတော့ စင်ကျိုးကျလေသည်။ ဆိုင်မှသစ်များမဝယ်ပဲ ရှိသည့်သစ်အိုသစ်ဟောင်းများနှင့် စင်လုပ်ပေးမိသူ မောင်လူပေမှာ မျက်နှာမရ။ ဦးကပ်စီးအဖြစ် စာရင်းဝင်သွားသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် မငြိုငြင်အောင် ပြိုကျသွားသောစင်ကို အမှိုက်ပုံးနှင့်ထောက်၊ ဟိုခုဒီခံနှင့် ဖြစ်သလိုပြန်ပြင်ပေးရသည်။
ဒီငှက်ကလေးရဲ့ဓါတ်ပုံရဖို့ ဂေါ်ရခါးစင်ထဲတိုးရသော်လည်း ပျားအပေါင်းတို့ ငြိုငြင်မှာလည်းစိုးရသေး။ စိတ်မထင်လို့ တုတ်လွတ်လိုက်လျှင် သက်သာမည်မဟုတ်။ ဂေါ်ရခါးရုံဘေးမှာကပ်လျှက်က ခရမ်းကဆော့သီးပင်ကြီးကဟီးထလို့။ ဒီအပင်ကြီးကလည်း အသီးတွေပြည့်နေသလို ဆူးတွေအပြည့်နှင့်။ တဖက်မှာက ခရမ်းချဉ်သီးရုံရှိ၏။ သုံးကြိမ်ခန့် ခူးပြီးဖြစ်သော်လည်း ခရမ်းချဉ်သီးတွေက ခူးလို့မကုန်သေး။ (ရေခဲသေတ္တာထဲမှာ ခရမ်းချဉ်သီးငါးပိချက်တွေ ပြည့်လျှံနေလေပြီ။)
ငှက်ကိုဓါတ်ပုံရိုက်ရင်း ဂေါ်ရခါးသီးအနုအကင်းလေးတွေကျွေကျ၊ မြေခ၊ ခရမ်းကဆော့သီးအနုလေးတွေ ပြုတ်ကျ၊ ခရမ်းချဉ်သီးပင်က ပန်းပွင့်တွေကျွေကုန်။ ကိုယ်တွေ့ကြုံမှပဲ နယူပေက ယုံမိတော့၏။ မြေခတာ ပန်းသီးတော့မဟုတ်၊ ဂေါ်ရခါးသီးအကင်းလေးတွေ၊ ခရမ်းကဆော့သီးအကင်းလေးတွေ၊ ခရမ်းချဉ်သီးပင်က ပန်းပွင့်လေးတွေ။ နယူပေကြောင့် ပြုတ်ကျတော့ မြေဆွဲအားကြောင့် မြေခသည်။ မြေကြီးကားဆွဲအားရှိပါတကား။ နယူတန်၏ နိယာမ မှန်ပါတကား။ နယူပေက ခုမှသိသော်လည်း နယူတန်က သိနှင့်တာနှစ်ထောင်ချီနေခဲ့ပြီ။ နယူပေက အမြဲနောက်ကျသူလေ။
ဒါပေသိ ပြုတ်ကျနေတဲ့ သက်သေခံတွေအမြန်ရှင်းဖို့တော့ နောက်မကျ။ အကုန်ကောက်ယူပြီး အမှိုက်ပုံးအစိမ်းရောင်ထဲ ထည့်ခဲ့သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့လျှင် အဆူခံရမည့်ဘေးရန်ကလည်း ရှိသေးသည်မဟုတ်လား။
ဒီကနေ့ နယူပေတွေ့ရှိခဲ့သော နိယာမကား အခြားမဟုတ်။ သင့်အိမ်ရှိ စိုက်ပျိုးထားသည့်သီးနှံများ သင့်လက်ချက်ကြောင့် ပျက်စီးပါက အိမ်ရှင်မ မမြင်ခင် ပြန်ကောက်၍ ရှင်းလင်းထားရမည့် နိယာမပေတည်း။ တိန်။
("ကလူပေ။ အမှိုက်ပုံး အစိမ်းရောင်ထဲမှာ အသီးကျွေတွေတွေ့တယ်။ ရှင့်လက်ချက်မဟုတ်လား။ ဂရုစိုက်ဖို့ ကျုပ်သေချာမှာထားရက်နဲ့။ နမော်နမဲ့နိုင်ပါ့။...." ဘာညာနဲ့ လေမုန်တိုင်းတွေ တိုက်နေပြီဗျို့။ ဒီနေ့နယူပေ ကံမကောင်း။ ပြေးပြီ။ ဝှစ်။)
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment