ဆေးပေါင်းခတဲ့ည
တန်ဆောင်မုန်းလပြည့်ညမှာ ဆေးပေါင်းခတယ်ဆိုပြီး ရွှေမြန်မာတွေ မယ်ဇလီဖူးသုတ်စားကြတယ်။ မယ်ဇလီပင်စောင့်နတ်ဆီကို အခြားအပင်စောင့်တဲ့ရုက္ခစိုးတွေက ဒီညရောက်ရင် ခစားကြရသတဲ့။ အတော်ရှေးကြတဲ့ အယူအဆတစ်ခု။
ညသန်းကောင် မယ်ဇလီဖူးခူးဖို့ဆိုတာ ကြောက်ကြောက်ကြောက် စရာ။ နယ်ဖက်မှာဆို နေ့ဖက်မှာ အဖူးတွေတက်ခူးထားပြီး ညကြမှ သုတ်စားကြတာပဲ။ မြို့ပေါ်မှာတော့ မယ်ဇလီပင်ဆိုတာ ရွှေထက်ရှားပါတယ်။ ရွှေဆိုင်တွေသာ လက်ညှိုးထိုးမလွဲ။ မယ်ဇလီပင်ကတော့ နတ္ထိ။ ဒီတော့ တောသည်လေးတွေလာရောင်းတဲ့ မယ်ဇလီဖူးတွေဝယ်ထား၊ ညရောက်တော့ သုတ်စားကြလေသတည်းပေါ့။
အဲဒီရွှေမြန်မာတွေ တိုင်းပြည်ကိုအုပ်စိုးခဲ့သူအပေါင်းရဲ့ ကျေးဇူးတော်အဖုံဖုံကြောင့် ရေခြားမြေခြားရောက်လာကြတဲ့အခါ ဒီအစဉ်အလာ ပါလာကြတယ်။ ရောက်ရာအရပ်မှာ ဒီညရောက်ရင် မယ်ဇလီဖူးသုတ်က မပါမဖြစ်။ သို့ပါသော်လည်းပေါ့လေ။ မောင်လူပေရောက်ရာအရပ်က အနောက်နိုင်ငံ။ ဘယ်ဆီမှာ မယ်ဇလီဖူးရနိုင်ပါအံ့ဟု ထင်စရာ။ အထင်မစမောကြပါနဲ့။ အာရှသားတွေများများရှိရာအရပ်ဆိုရင် ဒါတွေရှိပါ့။
ထိုင်းလူမျိုးတွေ စီးပွားရှာတတ်ပုံများ အတုယူစရာ။ မယ်ဇလီဖူးတွေ၊ အရွက်တွေကို ပုလင်းသွတ်ပြီး ဒီနိုင်ငံအရောက်တင်ပို့ကြတယ်။ မန်ကြီးရွက်နုနုတွေလည်း ပုလင်းသွတ်ပြီးပို့တယ်။ အာရှသားတွေပိုင်တဲ့ ဆူပါမတ်ကက်တွေမှာ ရနိုင်တယ်။ ဒီတော့ မယ်ဇလီဖူးသုတ်တို့ မန်ကြီးရွက်နုသုတ်တို့ကို ခံတွင်းချဉ်ကြတဲ့ ရွှေမြန်မာများအကြိုက်ပါပဲ။
ဆေးပေါင်းခတဲ့ မယ်ဇလီဖူးပုလင်းသွတ်ကလည်း ရာသီချိန်မှာတွေ့တုန်း ဝယ်စုထားရပါတယ်။ ဒီလိုမစုနိုင်ရင်တော့ မယ်ဇလီရွက်ပုလင်းသွတ်ပဲရမယ်။ မနှစ်ကဝယ်ထားတဲ့ မယ်ဇလီပုလင်းသွတ်ကို ဒီနှစ်ဖေါက်ပြီး ဆေးပေါင်းခကြတဲ့ အနောက်နိုင်ငံရောက်ရွှေမြန်မာတို့ရဲ့ဘဝ တစ်စိတ်တစ်ဒေသ ပေါ့ဗျာ။
မြန်မာတွေဆေးပေါင်းခ မခတော့ မသိဘူး။ ထိုင်းတွေကတော့ ဒေါ်လာတွေ ပွသွားမှာ အသေအချာ။ မယ်ဇလီရွက်ပုလင်းသွတ်တစ်ပုလင်းခပ်သေးသေးကို ဒေါ်လာနှစ်ကျပ်ခွဲနဲ့ ဝယ်ခဲ့ရပါကြောင်း။ သွတ်သွတ်သွတ်။
ဓါတ်ပုံခရက်ဒစ်--- မူရင်းပိုင်ရှင်
No comments:
Post a Comment