Thursday, November 1, 2018

ရ ရထားကြီး ပျော်ပျော်စီး

ရ - ရထားကြီးပျော်ပျော်စီး

သူငယ်တန်းအတွက်သင်ရတဲ့ သင်ပုန်းကြီးဖတ်စာထဲမှာ  'ရ ရထားကြီး ပျော်ပျော်စီး' လို့ ဖတ်ရတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ 'ရ ရထား စီးလို့သွား' လို့ သင်ရတယ် ထင်ပါရဲ့။

ရထားကြီးစီးတာ ပျော်စရာကောင်းပါသလား။ ငယ်ငယ်ကတော့ ပျော်ခဲ့တာပဲ။ ရထားစီးဖို့မပြောနဲ့ဦး၊ ရထားလာတာ မြင်ရင်တောင် ပျော်တဲ့အရွယ်။ ငယ်ကျောင်းဖြစ်တဲ့ တောင်ငူတီတီစီက ရထားလမ်းဘေးမှာ။ နေ့လည်ထမင်းစားချိန်လောက်မှာ လာတတ်တဲ့ အမြန်ရထားတွေ သရီးနပ်တို့ ဖိုးဒေါင်းတို့ ( 3up, 4down ဆိုတဲ့ အမှတ်သုံးအဆန်၊ အမှတ်လေးအစုန် ရန်ကုန်မန်းလေး နေ့အမြန်ရထားတွေကို ရပ်ကွက်ထဲက အဲလိုပဲခေါ်ပါတယ်။ )လာပြီဆိုရင် ချာတိတ်လူပေတို့ သူငယ်ချင်းတသိုက်က မြို့ရိုးကုန်းပေါ်တက်ပြီး လက်ပြတာပဲ။ ရထားစီးရပြီဆိုရင်တော့ ပျော်သလားမေးဖို့မလိုတော့ပြီပေါ့။

အဲဒီခေတ်က ရန်ကုန်တို့မန်းလေးတို့လို ခရီးဝေးဆိုရင် ရထားပဲအားကိုးရတယ်။ အဝေးပြေးကားဆိုလို့ ရိုးမအရှေ့လောက်ပဲရှိတာ။ လူအပြည့်ကုန်အပြည့် ငပိသိပ်တင်ထားတဲ့ အစိုးရတီအီးကားတွေကလည်း အစိုးမရ။ ဒီတော့ ရထားသာလျှင် ကိုးကွယ်ရာ။

ရထားလက်မှတ်ရဖို့ ညသန်းကောင်လောက်ထဲက တန်းစီထားမှ။ ဒါတောင် သိပ်မသေချာဘူး။ လူကြီးတွေအတွက်ဆိုပြီး ဗွီအိုင်ပီတွေများရင် ထိပ်ဆုံးကလူတောင် အောင်ဖျာလိပ်ပဲ။ ပါတီက ဘယ်နှစ်စောင်၊ ကောင်စီက ဘယ်နှစ်စောင်၊ စစ်တိုင်းဌာနချုပ်က ဘယ်နှစ်စောင်၊ အရေးပေါ်ဗွီအိုင်ပီက ဘယ်နှစ်စောင် နဲ့ အလီလီ ဖြတ်ပြီးမှ ပြည်သူအတွက်ရထားလက်မှတ်ဆိုတာ ရောင်းမှာလေ။ ဒီတော့ အိပ်ရေးပျက်မခံနိုင်ရင် မှောင်ခိုမှာသာ မှာပေရော့။ (မှောင်ခိုလက်မှတ်ကတော့ ရထားထွက်ခါနီးမှ ယူရုံပဲ။ နှစ်ဆသုံးဆတော့ ပေးရသပေါ့။)

ရထားလက်မှတ်မရဘူး။ အရေးပေါ်သွားမယ်ဆိုရင် တွဲစောင့်ကို ပိုက်ဆံပေးစီးတဲ့နည်းလည်းရှိတယ်။လက်မှတ်မရှိလို့ ထွက်မရမှာမပူနဲ့။ ဘူတာကြရင် အပြင်အထိတောင် လိုက်ပို့သေး။ ရထားပေါ်မှာ လက်မှတ်စစ်ရင်လည်း တွဲစောင့်ကပြောပြီးသားမို့ လက်မှတ်စစ်က သူတို့ထမင်းရှင်တွေဆိုပြီး ပြုံးတောင်ပြသွားဦးမှာ။

ရန်ကုန်မန်းလေး အမြန်ရထားမစီးရလည်း ပူစရာမရှိ။ စာပို့ရထားတို့ သာစည်အမြန်တို့ ဆိုတာတွေရှိသေးတယ်။ စာတိုက်တွဲကလိုက်ရင် စာအိပ်ကြီးတွေပေါ်မှာ တက်ထိုင်ရတော့ ဆိုဖါကြီးတွေအလား။ လက်ဆော့တတ်ရင် စာတွေတောင် ဖေါက်ဖတ်လို့ရသေး။ စာတိုက်ဗိုလ်ကြီးက ဘူတာစဉ်မှာ စာထုတ်တွေချတဲ့အခါ ကူဆွဲချပေးတဲ့အလုပ်ကအဆစ်။ ပိုက်ဆံကတော့ သူတောင်းသလောက်ပေးလိုက်။လမ်းမှာတက်လာမဲ့ လက်မှတ်စစ်ကို သူကြည့်ရှင်းတယ်။ ပါလာတဲ့အိပ်လည်း စစ်ဆေးရေးတွေ မွှေမှာမကြောက်ရတော့ဘူး။ သူလည်း ဂိတ်အပြင်ထိ လိုက်ပို့မှာပဲ။ နောက်ပိုင်းကြတော့ လိုက်တောင်မပို့တော့ဘူး။ အထွက်ဂိတ်မှာလက်မှတ်တောင်းရင် စာတိုက်တွဲလို့ ပြောလိုက် ရပြီ။ ဂိတ်စောင့်က လူအရေအတွက်မှတ်ပြီး သွားတောင်းမှာပေါ့။

စက်ခေါင်းမောင်းတဲ့ စက်ဗိုလ်ကြီးတွဲမှာ စီးမလား။ နောက်ဆုံးတွဲက ဂတ်ဗိုလ်ကြီးတွဲမှာ စီးမလား။ စီးချင်တဲ့တွဲစီးလို့ရတဲ့ခေတ်။ ရထားကြီးကို ပျော်ပျော်ကြီး စီးလို့ရတဲ့ခေတ်။ လူတွေငပိသိပ်တင်လာတဲ့ မော်လမြိုင်ရထားကို မှောင်ခိုရထားလို့ခေါ်တယ်။ အပေါက်ဝက တက်မရလို့ ပြူတင်းပေါက်က တွန်းတင်ပေးတဲ့ ဖင်တွန်းအလုပ်သမားတောင် တခေတ်ရှိခဲ့သေး။ မိန်းကလေးတွေမှာ ဖင်လည်းအကိုင်ခံရသေး။ ပိုက်ဆံလည်းပေးလိုက်ရသေးပေါ့။

ရထားပေါ်မှာ ထိုင်ခုံက အိမ်သာနဲ့နီးရင်တော့ အော်ဒီကလုံးအနံ့လေးတွေ လေသင့်ရာမွှေးတတ်တယ်။ ထိုင်ခုံမှာ ကြမ်းပိုးထိုးလို့ သတင်းစာစက္ကူတွေတထပ်ကြီး ခင်းထားရင်တောင် ကိုယ်ရွှေကြမ်းပိုးက လာထားဆိုပြီး ရအောင်ထိုးတတ်တယ်။ ဖင်ပူရင် သူ့လက်ချက်။ သူနဲ့အတူသောင်းကြမ်းသူက ခြင်တပ်ဖွဲ့။ နေ့ရောညပါ တပ်နဲ့ချီပြီး လက်တွေ ခြေထောက်တွေကို တရစပ်ထိုးစစ်ဆင်ကြတဲ့ ခြင်တွေကိုတော့ ဘယ်သူမှမနိုင်။

ရထားစီးရင် ပြေးတက်ပြေးဆင်းလုပ်တတ်ဖို့လည်း လိုမယ်။ ရထားမရပ်ခင်ပြေးတက်ပြေးဆင်းလုပ်ရင်း အခန့်မသင့်ရင်တော့ ခြေပြတ်လက်ပြတ်၊ လူပါပြတ်နိုင်သေးရဲ့။ တန်းစီတက် တန်းစီဆင်းဆိုတာ မွေးထဲက မသင်ထားတော့ အတင်းလုတက်၊ လုဆင်း၊ အသက်ကြီးငယ်မဟူ ကျော်ခွ၊ ဘုန်းတွေကံတွေ ရထားမှာမရှိ။ လက်မှတ်ရောင်းက ခွင်ဖန်ပြီး နံပါတ်ထပ်ရောင်းထားရင် အရင်ရောက်သူက ဦးရာလူမို့ သူ့နေရာပဲ။

ဒီလိုခေတ်မှာ ရ ရထားကြီးပျော်ပျော်စီးခဲ့တဲ့ မောင်လူပေလေ အခုလည်း ရထားနဲ့ အကျိုးပေးဆဲ။ အလုပ်သွားအလုပ်ပြန်ရထားစီးနေရဆဲ။ မြို့ပတ်ရထားကြီးပျော်ပျော်စီးပေါ့။

မြို့ပတ်ရထားစီးရင်း ငယ်ဘဝရဲ့ ရထားစီးတာလေးတွေကို ရေးလိုက်တာပါ။ ဒီဘဝတွေမမှီလိုက်ကြရင်တော့ ပုံပြင်လို့သာ မှတ်လိုက်ပါတော့။

သူငယ်ချင်းမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့

မောင်လူပေ

No comments:

Post a Comment