နှစ်ကျိပ်ရှစ်ဆူ၊ တောင်ငူ
မြန်မာပြည်မှာ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲတွေကျင်းပတဲ့မြို့ရွာတွေအများအပြားရှိတယ်။ အဲဒီထဲမှာ တောင်ငူ နှစ်ကျိပ်ရှစ်ဆူဟာလည်း ထင်ရှားပါတယ်။
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဆိုတာ ဂေါတမဘုရားလောင်းဟာ သုမေဓါရှင်ရသေ့ဘဝမှာ ဘုရားဆုပန်ခဲ့တဲ့အတွက် ဒီပင်္ကရာဘုရားကစပြီး ဂေါတမဘုရားထိ (၂၈)ဆူသောဘုရားတွေကို ရည်စူးတဲ့ပွဲတဲ့။ ဒီပင်္ကရာဘုရားရှေ့ကပွင့်ခဲ့တဲ့ တဏှင်္ကရာဘုရားတို့ မေဓင်္ကရာဘုရားတို့၊ သရဏင်္ကရာ ဘုရားတို့ပါ ကမ္ဘာတစ်ခုထဲမှာပွင့်ခဲ့လို့ဆိုပြီး ထည့်ရေတွက်တဲ့အတွက် ဒီပင်္ကရာဘုရားက နံပါတ်(၁)မဟုတ်ပဲ နံပါတ်(၄)ဘုရားဖြစ်သွားရတယ်လို့ ရှေ့မီနောက်မှီ လူကြီးတွေဆီက ကြားဖူးခဲ့တယ်။ " သုမေဓါရှင်ရသေ့က ဒီပင်္ကရာဘုရားဆီမှာ ဘုရားဆုပန်တာဆိုရင် ဒီပင်္ကရာဘုရားက ဘုရားနံပါတ်(၁)ဖြစ်ရမှာ၊ ဘာလို့ နံပါတ်(၄)ဖြစ်နေတာလဲ" လို့ လူကြီးတွေကိုပေါက်ပေါက်ရှာရှာ မေးတတ်ခဲ့တာလည်း အမှတ်ရတယ်။
ဘုရားဘွဲ့တော်တွေက မှတ်ရခက်တော့ ဘုရားနံပါတ်တွေပဲ မှတ်ထားကြပါတယ်။ ဘယ်ရပ်ကွက်က ဘယ်ဘုရားနံပါတ်မဲပေါက်တယ်ဆိုမှ တောင်ငူမြို့ ကေလဇာတီဘုရားဝန်းထဲက နှစိကျိပ်ရှစ်ဆူဘုရားသမိုင်းသွားဖတ်ကြရတာပါ။ နှစ်ကျိပ်ရှစ်ဆူဘုရားတွေက ထိုင်တော်မူပုံစံတူတွေ။ အချို့ဒေသတွေမှာတော့ ဒေသစာရီကြွတာ ထိုင်တော်မူနဲ့ မလိုက်ဖက်လို့ဆိုပြီး ရပ်တော်မူကိုယ်တော်တွေနဲ့ နှစ်ကျိပ်ရှစ်ဆူလှည့်ကြပါတယ်။
နှစိကျိပ်ရှစ်ဆူလှည့်တဲ့ အလေ့အထဟာ မြန်မာပြည်ကိုဘယ်အချိန်ကရောက်နှင့်တယ်ဆိုတာ သေချာမသိပါဘူး။ နှစ်တစ်ရာပတ်ဝန်းကျင်လောက်ပဲ ရှိမယ်လို့ မှန်းကြပါတယ်။ တောင်ငူနှစိကျိပ်ရှစ်ဆူပွဲကတော့ လွတ်လပ်ရေးရပြီးမကြာခင်က စခဲ့ကြတာမို့ နှစ်ပေါင်းခြောက်ဆယ်ကျော် ခုနှစ်ဆယ်နည်းပါးရှိနေပါပြီ။ တောင်ငူနှစ်ကျိပ်ရှစ်ဆူလို နာမည်ကြီးတဲ့ နှစိကျိပ်ရှစ်ဆူပွဲကတော့ ပျဉ်းမနားနှစိကျိပ်ရှစ်ဆူပွဲပေါ့။ သူု့မြို့ကိုယ်သွား၊ ကိုယ့်မြို့သူလာတွေပေါ့။ လူငယ်တွေပီပီ ရန်ဖြစ်ကြတာအနည်းငယ်ရှိတတ်ပေမဲ့ များသောအားဖြင့် နှစ်မြို့လုံးမှာ အေးချမ်းစွာရှိကြပါတယ်။
တောင်ငူနဲ့ပျဉ်းမနားနှစိကျိပ်ရှစ်ဆူပွဲတွေ နာမည်ကြီးတဲ့အကြောင်းကတော့ ရန်ကုန်က နာမည်ကျော်အဆိုတော်တွေ တီးဝိုင်းတွေကို အခမဲ့ကြည့်ကြရလို့ပါပဲ။ မောင်လူပေတို့ ခပ်ငယ်ငယ်မှာ အီးမရှင်းတို့ ပလေးဘွိုင်တို့ ပေါ်စခေတ်။ သန်းနိုင်၊ သိန်းတန်၊ ပုလဲ၊ စိန်လွင်၊ မင်းမင်းလတ်၊ စိန်ဝင်းထွန်း၊ မဂျစ်တို့ ခေတ်။ ဒရမ်တွေအရမ်းခေါက်ပြီး ဂစ်တာတွေအပီတီးတာအားကြ။ အိမ်ပြန်ရောက်တော့ အမေဟင်းချက်တဲ့ ဒန်အိုးကြီးငယ်တွေ တန်းစီပြီး သစ်ကိုင်းချောက်ခပ်ငယ်ငယ်နဲ့ အပီခေါက်တာ ဂလုံဂလွမ်သံတွေဆူတော့ အမေရောက်လာ။ သူ့ဒန်အိုးတွေကွဲကုန်ပါပြီဆိုပြီး သားတော်မောင်ကို လိုက်သမလို့ အိမ်ပတ်ပြေးရတာလည်းအမှတ်ရ။
အဲဒီခေတ်မတိုင်မီကတော့ အဆိုတော်ရင်ဂိုတို့အဖေ(နာမည်မမှတ်မိ)တို့ ပါဝင်တဲ့ ကေတုထံတျာဆိုတဲ့ မြန်မာသံစုံတီးဝိုင်းကြီးနဲ့ မြန်မာ့အသံအဆိုရှင်တွေဆိုခဲ့ကြတယ်။ ကေတုဝင်းထွတ်အပါအဝင် အဆိုကောင်းတဲ့မြန်မာသံအဆိုတော်တွေ ထွက်ပေါ်ခဲ့တယ်။ မြန်မာသံစဉ်ဖြစ်တဲ့ ကေတုထံတျာခေတ်ကို စတီရီယိုခေတ်ကလွှမ်းသွားခဲ့တာ။
ငါ ဘိုဘိုဟန်၊ နင်ဘယ်သူလဲတို့ တတိယမြောက်ရီးစားစကားနိဒါန်းတို့ဆိုရင် ဘိုဘိုဟန် မဆိုမဖြစ်တဲ့ နှစ်ကျိပ်ရှစ်ဆူသီချင်းတွေ။ ကံ့ကော်တောမျိုးအောင်ရဲ့ အေးမိစံကပထမ၊ ကျွန်တော်ကဒုတိယတို့ ရင်မှာအေးမြရစေသားတို့လည်း တောင်ငူနှစ်ကျိပ်ရှစ်ဆူမှာပေါက်ခဲ့တဲ့ သီချင်းတွေ။ ဇော်မင်းလေး၊ လေးလေးနွယ်၊ အောင်ကိုလတ်၊ ခိုင်ထူးတို့ကစပြီး ကော်နီ၊ ဟေမာခေတ်အထိ မှီခဲ့တယ်။ ရပ်ကွက်တွေထဲမှာ လူချမ်းသာများတဲ့ရပ်ကွက်တွေဖြစ်တဲ့ (၁၅,၁၆,၁၇) ရပ်ကွက်တွေက ရန်ကုန်အဆိုကျော်တွေငှားကြတယ်။ စီးပွားရေးကျပ်တည်းလာတဲ့နောက်ပိုင်းမှာတော့ ရွှေနှင်းဆီ၊ အုပ်တွင်းကြယ်နီစတဲ့ ဆေးလိပ်ကြော်ငြာနှစ်ကျိပ်ရှစ်ဆူပွဲဘဝ ရောက်မှန်းမသိရောက်ခဲ့ရတယ်။ ဒီဆေးလိပ်ခုံကြီးတွေက ငွေကုန်ခံပြီး ရန်ကုန်တီးဝိုင်း၊ အဆိုတော်တွေငှားပေးတဲ့ စပွန်ဆာခေတ်အထိ မှီခဲ့တယ်။
ရန်ကုန်ဝိုင်းတွေနဲ့အဆိုတော်တွေ သုံးဝိုင်းလေးဝိုင်းအပြိုင်ငှားနိုင်တဲ့ခေတ်တွေရှိခဲ့သလို တစ်ဝိုင်းမှမငှားနိုင်လို့ မြို့ခံတီးဝိုင်းနဲ့ရန်ကုန်အဆိုတော်သုံးလေးယောက်ပဲပါတဲ့ နှစ်တွေလည်းမနည်း။ တစ်ဝိုင်းမှမငှားနိုင်လည်း ကိစ္စမရှိ။ တောင်ငူမြို့ခံဝိုင်းတွေကလည်းမခေ။ ရင်ဂိုတို့ဝိုင်း၊ ကိုခိုင်ဘွားတို့ဝိုင်းနဲ့ ကိုယ့်ဝိုင်းနဲ့ကိုယ်မြိုင်ဆိုင်ပါတယ်။ တောင်ငူသား တရုတ်အမျိုးသားများအသင်းရဲ့ တရုတ်တီးဝိုင်းကလည်း နှစ်ကျိပ်ရှစ်ဆူပွဲမှာ နှစ်တိုင်းမပါမဖြစ်။ ချစ်တီးယားအဖွဲ့ကလည်းတီးဝိုင်းမပါပေမဲ့ ချစ်တီးကုလားအကနဲ့ ဘုရားပင့်တာ နှစ်စဉ်ပါပဲ။
တောင်ငူနှစ်ကျိပ်ရှစ်ဆူလှည့်ပွဲက တန်ဆောင်မုန်းလဆန်း(၁၃)ရက်ညမှာကျင်းပပါတယ်။ ဗဟိုမဏ္ဍပ်နဲ့အကျအန။ လမ်းထောင့်တွေမှာ ဆိုကတီးဆိုပြီး ဆိုင်းပုဒ်တွေကပ်ထားတယ်။ မင်္ဂလာစည်တော်နဲ့အကနဲ့ထွက်လာကြတယ်။ ဘုရားနံပါတ်(၁)ကနေ အစဉ်အတိုင်းကြွချီရတယ်။ ဆင်းရဲတဲ့ရပ်ကွက်တွေက ဓမ္မစကြာင်္အဖွဲ့လောက်ပဲပါလို့ ရှေ့ဆုံးဘုရားတွေယူရပြီး အက၊တီးဝိုင်း၊ အဆိုပါတဲ့ရပ်ကွက်တွေ နောက်ကလိုက်ကြရတယ်။ ဘုရားတွေကို အလှဆင်ထားနဲ့ကားတွေနဲ့ပင့်ကြတယ်။ ဘုရားကားတွေပြိုင်ကြသလို တီးဝိုင်းတင်မဲ့ကားတွေလည်းပြိုင်ကြတယ်။ သစ်ကားကြီးကို ပတ်ပြီးခိုင်ခိုင်ခန့်ခန့် စင်ဆောက်တာမို့ သစ်တွေတန်နဲ့ချီကုန်တဲ့အပြင် ပန်းချီရေးခ၊ ဆေးချယ်ခလည်းမနည်း။ စုပေါင်းအားနဲ့ ဖြေရှင်းကြတာပါပဲ။ ပန်းချီစိုးမြင့်စိန်ရဲ့ လက်ရာတွေ အများကြီးပါခဲ့တာ မှတိမိပါသေးရဲ့။
အခုလည်း တောင်ငူနှစ်ကျိပ်ရှစ်ဆူတဲ့ဟေ့လို့ အသံကြားတာနဲ့ အိမ်ပြန်ချင်စိတ်က တားမရ။ တကယ်ပြန်မရတော့ အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်။ နှစ်ကျိပ်ရှစ်ဆူပွဲကို လွမ်းလို့ရေးတဲ့စာ။
အိမ်လွမ်းသူတိုင်း အိမ်ပြန်နိုင်ကြတဲ့ဘဝတွေ ဖြစ်ကြပါစေ။ မိတ်ဆွေသူငယ်ချင်းတွေကိုအမှတ်ရလျှက်ပါ။
ချစ်တဲ့
မောင်လူပေ
(ဓါတ်ပုံ ခရက်ဒစ် မူရင်းပိုင်ရှင်)
No comments:
Post a Comment