ဒီနေ့
အွန်လိုင်းတက်တော့ မောင်လူပေရဲ့ သူငယ်ချင်း တက္ကသိုလ်ကျောင်းဆရာက
သူ့သားတော်မောင်ရဲ့ မူလတန်းဆရာမက ကျူရှင်လိပ်စာရေးပေးရင်း Marketing
လုပ်တဲ့အကြောင်း ရေးတာဖတ်မိပါတယ်။
ဆရာဝန်ဆေးခန်းထိုင်တာ၊
ဆရာမကျူရှင်ပြတာ မောင်လူပေတို့အတွက် မဆန်းပါဘူး။ နိုင်ငံတော်လခလေးနဲ့
ပျော်နေရင် လယ်/ဆယ်ဝန်ကြီးပြောသလို ထမင်းတနပ်လျှော့စားရမဲ့ အနေအထားမို့
သူတို့တွေလည်း နားရမဲ့ အချိန်မှာ မနားနိုင်ပဲ အိုဗာတိုင်ဆင်းရင်း
ဖြေရှင်းကြရတာကို နားလည်ပေးနိုင်ပါတယ်။
မောင်လူပေကတော့ ကလေးတွေကိုပဲ သနားမိတာပါ။ သူတို့လေးတွေမှာ
ကစားဆော့ကစားရမဲ့အချိန်မှာ ကျူရှင်ပြေးကြရတယ်။ ဒီအရွယ်ဆိုတာ ကစားမက်
အဆော့မက်တဲ့ အရွယ်မဟုတ်လား။
မောင်လူပေငယ်တုန်းကလည်း
အဆော့အလွန်မက်တာ။ ဒုတိယညီလေးနဲ့ ကိုးနှစ်ကွာတာမို့ ကစားဖေါ်ပဲရှာနေတာ။
ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိပ်ပြစ်ချပြီး အိမ်ဘေးက ကစားဖေါ်တွေဆီ
ပြေးတာပဲ။ မိန်းကလေးတွေနဲ့ ဈေးရောင်းတန်း ကစားတယ်။ ပိုက်ဆံက
ကြွေပုဂံကွဲတွေပေါ့။ နဲနဲကြီးရင် ငါးကျပ်တန် ငယ်ရင် တစ်ကျပ်တန် သတ်မှတ်ပြီး
အရွက်ပေါင်းစုံခူးပြီး ရောင်းတာပဲ။ ကြွေပုဂံကွဲကလည်း အရမ်းရှာရခက်တာ။
တခါတလေ အိမ်ကပုဂံကို မတော်တဆ ကျကွဲသလိုလုပ်ပြီးတောင် ကြွေပုဂံကွဲ စုရတယ်။
အမေသိတော့ ဆူတာပေါ့။
နဲနဲပိုကြီးလာတော့ မိန်းကလေးတွေနဲ့
မဆော့ဖြစ်တော့ဘူး။ ရွယ်တူကောင်လေးတွေနဲ့ သားရေကွင်းပစ်တယ်။
ဂိုင်ကွင်းကောင်းကောင်းတွေ့ရင် ရွှေတွေ့သလို ဝမ်းသာတာ။ ခြံစည်းရိုးမှာ
သံရိုက် သားရေကွင်းတွေချိတ်ပြီး ပစ်ကြတာပဲ။ ရတဲ့မုန့်ဖိုးလည်း
သားရေကွင်းဝယ်တာနဲ့ကုန်တာပဲ။ နိုင်တဲ့နေ့ဆို သားရေကွင်းတွေ
ပန်းကုံးလိုသီပြီး ကိုယ်မှာလွယ်ကြွားတာ။
နောက်တော့ ဂေါ်လီရိုက်တယ်။
ထုံးဂေါ်လီက အရိုက်မခံနိုင်ဘူး။ ခဏနဲ့ မကွဲတဲ့ ကျောက်ဂေါ်လီတွေစုရပြန်တယ်။
ဂေါ်လီရိုက်ရင်း ဂေါ်လီတွေက ပေါက်ပြဲ ပိန်ချိုင့်ပေါ့။ ဒီဂေါ်လီပိန်လေးတွေကို
ရွှေတုံးလေးတွေလို တရိုတသေ သိမ်းထားတာ။
နောက်တော့ဂျင်ပေါက်တတ်ရော။
ဂျင်ခြင်းပေါက်ရင် သူများဂျင်ကွဲအောင် သံကိုသွေးရတာလည်း အလုပ်တခု။ ဂျင်ကို
နည်းမျိုးစုံ ပေါက်တတ် မွှေ့တတ်အောင်လည်း လေ့ကျင့်ရတာ မောနေတာပဲ။
နောက်တော့စွန်လွှတ်ချင်ရော။ အတော် ပိုက်ဆံကုန်တဲ့ ကစားနည်းပါ။ ရစ်လုံးဖိုး၊
အပ်ချည်ဖိုး၊ မှန်စာဖိုး၊ စွန်ဖိုး ကုန်လိုက်တဲ့ပိုက်ဆံ မနည်းဘူး။
နောက်ဆုံးတော့ ဘိုင်ပြတ်ပြီး စွန်ဝါသနာ စွန့်ရတာပါပဲ။ စွန်တော့
မလိုက်ရဲဘူး။ စွန်လိုက်ရင်း မသာပေါ်တာ ကိုယ်တွေ့မို့ ကြောက်လို့။
ရွှေစွန်ညို၊ ထုတ်စီးတိုး၊ ကြီးသားရိုက်၊ ကြက်ဖခွတ်၊ ဇယ်ခုတ် အစုံ
ကစားတာပါပဲ။ ရသမျှမုန့်ဖိုးလဲ တပြားမကျန် သုံးပစ်တာ။ အိမ်နားက
ဦးစူပင့်ကုန်စုံဆိုင်ရဲ့ ပင်တိုင်ဖေါက်သည်ကြီး မောင်လူပေပါ။
အခုများတော့ ကလေးတွေခမျာ မူကြိုထဲက ကျူရှင်တက်ကြရပြီး
ကလေးနဲ့တောင်မတူကြရှာဘူး။ မျက်မှန်တတ်ရတဲ့ ကလေးကလည်း အများစု။
ကလေးအခွင့်အရေး အပြည့်အဝ မရကြရှာတဲ့ ကလေးငယ်တွေကြည့်ပြီး စဉ်းစားမိတာကတော့
သူတို့လေးတွေ ကလေးအခွင့်အရေးအတွက် ဘယ်သူကများ တိုက်ပွဲဝင်ပေးမလဲ လို့ပါ။
No comments:
Post a Comment