Thursday, June 5, 2014

လက်ရည်တပြင်တည်း

"လက်ရည်တပြင်တည်း... နှီးဒေါင်းလန်းကြီးတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်ပင်။ မြဝဒီရင် ခပ်ငယ်ငယ်။ တေးဆိုကြ မြူးပျော်ကြ ဟေ့.. သူငယ်ချင်းရေ။ တို့ နယ်ပယ်တခွင် မိုးသက်ကယ်ဆင်။ ရှစ်ခွင်ကမှိုင်း။ အို့ အို ရွာမလိုနဲ့ ပင်။ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။"

ဒီသီချင်းလေးက လေပါတီ မမြရင်ရဲ့ လက်ရည်တပြင်တည်း သီချင်းလေး။ နန်းတော်ရှေ့ဆရာတင်လက်ရာ။သိပ်နားထောင်လို့ကောင်းတယ်။ ရှေးကလူတွေ နှီးနဲ့ယက်တဲ့ ယွန်းဒေါင်းလန်းပုဂံပြားကြီးထဲ ဟင်းထမင်းတွေပုံပြီး အတူတူ လက်ရေတပြင်တည်း စားသောက်ကြပါသတဲ့။ သိပ်လည်း ညီညွတ်ချစ်ခင်ကြပါသတဲ့။

မောင်လူပေတို့ငယ်ငယ်ကလည်း ဒီလိုပါပဲ။ တပင်ရွှေထီး ထန်းတောမှာ ပင်ကျရေ မြူအိုးထဲကို အိုးမှုတ်ခွက်လေးထည့်ပြီး သူငယ်ချင်းတွေ ခွက်လှည့်ကြတယ်။ ပဲသုပ်လေးကို ပူစီနံလေးအုပ်ထားတဲ့ အမြည်းလေးနဲ့ သူတလုပ်ငါတလုပ် အားပေးကြတာ။ ဆီးရွှင် ဝမ်းမှန်တဲ့ သဘာဝ အော်ဂဲနစ်စစ်စစ်။
ကျန်းမာရေးအတွက် တပတ်တခါ မှီဝဲရင်း ရီဝေဝေနဲ့ ရီစရာ ပေါက်ကရ အကုန်ပြောကြတာပဲ။ သူငယ်ချင်းတွေက ဘာသာလည်းစုံတယ်။ ဗုဒ္ဓ၊ ခရစ်ယန်၊ မွတ်စလင် အစုံပဲ။ အချင်းချင်း စကြ နောက်ကြ ဘယ်သူမှ စိတ်မဆိုးကြဘူး။

တခါက ဘာသာတွေအကြောင်း ငြင်းခုန်ကြပြီး ထရေဝိုင်းက အပြန် ခရစ်ယန်သူငယ်ချင်းစီးလာတဲ့ စက်ဘီးက မြောင်းထဲပြုတ်ကြတယ်။ မြောင်းက နက်တော့ပြန်မတက်နိုင်ဘူး။ အဲတော့သူက " ဗုဒ္ဓ ငါ့ကိုဆွဲတင်ဦး " လို့ မြောင်းဘေးက သူငယ်ချင်းကို အကူအညီတောင်းတယ်။ အဲဒီသူငယ်ချင်းကလည်း " မင်းခရစ်တော်ဆီမှာ ကယ်တင်ခြင်းတွေ သွားတောင်း ငါ့လာ မကယ်ခိုင်းနဲ့" လို့ ပြန်စပြီးမှ ဆွဲတင်ပေးတယ်။
သူငယ်ချင်းတွေ ချစ်ကြပုံက အဲလို။ ဘယ်လောက်စစ မနာကြဘူး။

တခုသော သင်္ကြန်ကလည်း ရေပက်ခံပြီး အပြန် ထတောဝင်တော့ ပဲသုပ်ကုန်ပြီ။ ဝက်သားလုံးကျော်ပဲရှိတယ်။ ရှိတာချဆိုပြီး အားပေးခါနီးမှ မွတ် သူငယ်ချင်းကရောက်လာပြီး သူ့အတွက်မကျန်မှာစိုးလို့ အသားလုံးကျော်တခုကောက်ပြီး စားလိုက်တာ တားချိန်တောင်မရဘူး။ နောက်မှ အဲဒါ ဝက်သားလုံးကျော်တွေလို့ ရှင်းပြတော့ ခပ်အေးအေးပဲ။ "ရပါတယ်။ မိုးကာထားလို့ အလာ မမြင်ဘူး" လို့ ရီရီမောမောနဲ့ ပြောတယ်။ မသိလို့စားမိတာ ပဲ ဆိုပြီး ဘာမှမဖြစ်ဘူး။ တရုတ်ကုလား ဗမာ ကရင် ဘယ်သူမှ မခွဲ။ ဘာသာကွဲတယ်လို့လည်း အစွဲမရှိ ချစ်ကြတာပါပဲ။

အဲဒါ ချစ်စရာ ဗမာဓလေ့ပါ။ ဗမာပြည်မှာပေါက်ကြတဲ့ သူငယ်ချင်းတွေလေ။ မိဘဆိုတာ ကိုယ်ကရွေးချယ်ခွင့် ရှိခဲ့တာမဟုတ်လေတော့ သူတို့လူမျိုး သူတို့ဘာသာကို ဆက်ခံရတာပေါ့။ ဘာဖြစ်ဖြစ် အစွန်းမရောက်ပဲ နေတတ်တဲ့ ဗမာပြည်ပေါက်တွေ အစွန်းရောက်တွေ ဖြစ်လာအောင် လှုံ့ ဆော်နေကြတဲ့ ပို့စ်တွေကို မရှယ်ကြပါနဲ့လို့ သူငယ်ချင်းတချို့ကို မေတ္တာရပ်ပါတယ်။

လက်ရည်တပြင်တည်း ရှေးကထက်ပိုချစ်ကြတဲ့ လူမျိုးဘာသာစုံနိုင်ငံလေး အေးချမ်းသာယာတဲ့နိုင်ငံလေး ဖြစ်အောင် တည်ဆောက်ကြရအောင်လားဗျာ။

No comments:

Post a Comment