Thursday, May 28, 2015

သူခိုး


သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်တွင် ထိုင်နေသည် ... တဲ့။

ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ ကဗျာတပုဒ်။

ခုခေတ်မှာလည်း ဒီကဗျာက မှန်နေဆဲပါပဲ ကွယ်။

(ပဲခူးတိုင်းဒေသကြီး အုပ်မှူးကို စစ်ဆေးတော့ ဘဏ်အကောင့်ထဲမှာ သိန်းရှစ်သောင်း၊ မြေကွက်တွေ အိမ်တွေက မိန်းမနာမည်နဲ့ မနည်းမနော ဆိုတဲ့ သတင်းတွေ ဖတ်ရင်း ဒီကဗျာ ခေါင်းထဲ ရောက်လာလို့ပါ။ )
 
 

Wednesday, May 27, 2015

အခွင့်အရေး


သင့်ဘဝ တင်မောင်သန်း ရေးတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးတယ်။

အမေရိကန် မြို့တစ်မြို့က ကလေးငယ်လေးရဲ့အကြောင်း။

အဲဒီကလေးက သူ့အိမ်ကနေ သူ့အဖွားအိမ်ကို စက်ဘီးလေးနဲ့ သွားလေ့ရှိတယ်။ အဲဒီလမ်းလေးက ကားသိပ်မသွားလို့ သူ့အတွက်လည်း လုံခြုံမှုရှိတယ်။ တစ်နေ့တော့ လမ်းပြင်ရန်ဆိုပြီး အဲဒီလမ်းလေးကို ပိတ်လိုက်တယ်။ ပိတ်ထားတာ လေးပတ်လောက်တောင်ကြာသွားပေမဲ့ ပြန်မဖွင့်နိုင်သေး။

လမ်းပိတ်ထားလို့ ကားရှုပ်တဲ့လမ်းက ကွေ့ဝိုက်ပြီး အဖွားအိမ် သွားနေရတဲ့ အဲဒီကလေးက မြို့တော်ဝန်ဆီ စာရေးပါသတဲ့။

သူဟာ ကလေးတစ်ယောက် ဖြစ်တဲ့အတွက် အဖွားအိမ်ကို သွားနေကြလမ်းလေးကပဲ သွားချင်ကြောင်း၊ လမ်းပိတ်ထားတာ ဘာလို့ လေးပတ်ထိ ကြာနေတယ်ဆိုတာလည်း သိချင်ကြောင်း၊ သူ့အဖွားအိမ်ကို သွားချင်ပေမဲ့ အခြားလမ်းက ကားရှုပ်တာကြောင့် မသွားရဲကြောင်း၊ လမ်းကို အမြန် ပြန်ဖွင့်ပေးစေလိုကြောင်း ရေးထားသတဲ့။

စာဖတ်ရတဲ့ မြို့တော်ဝန်က ကလေးကို သူ့ရုံးခန်းထိ တလေးတစား ဖိတ်ပြီး လမ်းပြင်တာ ဘာလို့ ကြာနေရတယ်ဆိုတဲ့အကြောင်း ရှင်းပြတယ်။ အမြန်ဆုံး ပြန်ဖွင့်ပေးမဲ့ အကြောင်း ဂတိပေးတယ်။ ကလေးငယ်ကို ကျေနပ်တဲ့အထိ တောင်းပန်လိုက်ပါသတဲ့။

အဲဒီစာ ဖတ်ပြီး တွေးကြည့်မိတယ်။ အဲဒီကလေးက သူ့အခွင့်အရေးကို သူသိလို့ တောင်းဆိုတတ်တာ။ ကျွန်တော်တို့ကတော့ ကိုယ့်မှာ ဘာ အခွင့်အရေး ရှိတယ်ဆိုတာတောင် မသိခဲ့ရပဲ ကြီးပြင်းလာတဲ့ သူတွေ။

သူတို့ဆီက ကလေးက မြို့တော်ဝန်ဆီ စာရေးပြီး မေးရဲတယ်။ မြို့တော်ဝန်ကလည်း ကလေးကို တလေးတစား ဆက်ဆံတယ်။ သူ့ဌာနရဲ့ အားနည်းချက်အတွက် တာဝန်ယူရဲတဲ့ စိတ်လည်းရှိတယ်။ ဒါကြောင့် ကလေးငယ်ကို တောင်းပန်ခဲ့တာပဲ။

နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုရင် ပြည်သူပြည်သားတွေကိုယ်တိုင်လည်း ကိုယ့်အခွင့်အရေးတွေကို သိဖို့လိုမယ်။ တာဝန်ရှိသူတွေကလည်း မလုပ်ပေးနိုင်ရင် တောင်းပန်ရဲတဲ့ သတ္တိ ရှိဖို့လိုမယ်။

အညာမြေက သူငယ်ချင်း ကျူရှင်ဆရာရဲ့ ရွာကြီး မီးလင်းပွဲ ဖွင့်ပွဲ လုပ်ကြတယ်။အိုးစည်ဗုံမောင်းတွေ ပန်းစည်းတွေနဲ့ တာဝန်ရှိသူတွေကို ကြိုဆိုကြ။ ကျေးဇူးတွေတင်ကြနဲ့ ပုံတွေ တွေ့တယ်။

အညာကျေးက ရွာကြီးက ၂၀၁၅ နှစ်လည်မှ လျှပ်စစ်မီးရရှာတယ်။ ဒါတောင် ကိုယ်ထူကိုယ်ထ ဆိုပဲ။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကျွေးကျော်နေပေမဲ့ လက်တွေ့ဘဝက ခုမှ မီးလင်းရတဲ့ဘဝ။

နိုင်ငံရဲ့ သုံးဆယ်ရာနှုန်းပဲ မီးလင်းအောင် လုပ်ပေးနိုင်သော ထို တာဝန်ရှိသူတွေက အခုမှ ဒီရွာကြီးကို မီးပေးနိုင်တဲ့အတွက် တောင်းပန်ပါကြောင်း ကိုတော့ ပြောခဲ့မယ်မထင်။

ရေမီးလျှပ်စစ် လမ်းတံတား စတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ပေးဖို့က သူတို့တာဝန်။ မရသေးရင် တောင်းဆိုရမှာက ပြည်သူတွေရဲ့ တာဝန်။

ဒီလိုတွေးရင်း ဆရာဒဂုန်တာရာရဲ့ စာလေးလို တွေးမိတယ်။

အကောင်းကို တွေးလိုပါ၏။ အကောင်းကားမရှိတော့။
 
 

Sunday, May 24, 2015

အမှတ်တရနေ့ 

မနက်ဖြန်က အမှတ်တရနေ့  ရုံးပိတ်တယ်။

ဘာကိုအမှတ်ရတာလဲဆိုတော့ အမေရိကန်စစ်ပွဲအသီးသီးမှာ ပါဝင်ခဲ့ကြတဲ့ စစ်သည်အပေါင်းကို သတိတရ ရှိတာ။ သူတို့ တွေကို မမေ့ဘူးဆိုတာပြတာ။ သူတို့ တတွေရဲ့  စွန့် လွှတ်ခဲ့ မှုတွေကို ဂုဏ်ပြုတာ။

တိုင်းပြည်တစ်ခု တည်တန့် ခိုင်မြဲရေးအတွက် စစ်ပွဲတွေနွှဲကြရရင်း ကျဆုံးကြတယ်။ ကိုယ်လက်အဂါင်္တွေ ပေးကြရတယ်။ အရာရှိ၊ အရာခံ အကြပ် တတ်သားအားလုံးရဲ့  စွန့် စားမှုတွေ ဘဝတွေ ပေးဆပ်ခဲ့ကြတယ်။ ဒီအတွက် နိုင်ငံသားတွေက ကျေးဇူးတင်ကြောင်း ပြသတဲ့ နေ့ ။

ဗမာပြည်က အာဇာနည်နေ့ နဲ့  ခပ်ဆင်ဆင် တူမယ်။ ဒါပေမဲ့ ဒီမှာက တပ်သားအားလုံးကို ဂုဏ်ပြုတာ။

တပ်ထဲမှာ တာဝန်ယူဖူးသူတွေ သူတို့ ရဲ့  မိသားစုတွေကိုတွေ့ ရင် Thank you for your service. လို့  ပြောကြရတာ ဒီကထုံးစံ။ ပြည်သူတွေရဲ့  ရင်ထဲက တကယ့် Thank you ပါ။

အမေရိကန် သမ္မတကြီးကတော့ စစ်ရေးအမြင် မရှိရှာဘူး။ စစ်ထဲတောင် မဝင်ဖူးခဲ့ဘူး။ ဒါပေမဲ့ ဖွဲ့ စည်းပုံအရ သူက ကြည်းရေလေ တပ်ပေါင်းစုရဲ့  ကာကွယ်ရေးဦးစီးချုပ်၊ တပ်ချုပ်ကြီးပါ။ အမှတ်တရနေ့  မိန့် ခွန်းပြောမှာလဲ သူပဲ။

စစ်ရေးအမြင် မရှိတဲ့ အမေရိကန် သမ္မတတွေက တပ်ချုပ်လုပ်။ သူတို့  ပေးတဲ့ အမိန့် တွေကို ဗိုယ်ချုပ်ကြီးတွေက နာခံကြနဲ့  ဒီနိုင်ငံ ထူထောင်စဉ်ထဲက သွားနေတာ ခုချိန်ထိ။ ဘာပြသနာမှ မရှိ။ တပ်တွေရဲ့  အရည်အသွေးလည်း ကျဆင်းမသွား။ ဘယ်ဗိုလ်ချုပ်မှလည်း အခွင့်အရေးမယူ။ အသံကောင်းမဟစ်။ ပါဝါမသုံး။ စီးပွားမရှာ။ အာဏာမပြ။ အာဏာလည်း မသိမ်း။

မောင်လူပေတို့ နိုင်ငံက တပ်မတော်ကြီးလည်း ဒီလို ဖြစ်ရင် သိပ်ကောင်းမှာပဲလို့  ဆုတောင်းနေမိကြောင်းပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Thursday, May 21, 2015

နယုန်လနဲ့  မိုးပြေး

အလုပ်တွေ များနေတာနဲ့ နယုန်လထဲ ရောက်သွားတာတောင် သတိမထားမိ။

နယုန်မိုးပြေး မြက်သားမွေး တဲ့။ ငယ်ငယ်က ကြားခဲ့။

န ဆိုတာ အချိန်ကာလကို ရည်ညွှန်းတယ်၊ ယုံ ဆိုတာ အရည်ယိုစီးတယ်လို့ အဓိပ္ပာယ် ရတယ်။ ဒီတော့ မိုးကောင်းကင်က မိုးရေတွေ ယိုကျတဲ့လ မိုးဦးကျတဲ့လ လို့ ခေါ်ပါသတဲ့။

မိုးဦးလေဦးမှာ မိုးသက်လေပြင်းတွေ ကျတတ်တယ်။ အပင်ကြီးကြီးအောက်မှာ မနေရဘူးလို့ လူကြီးတွေက မှာတယ်။ လူငယ်တွေကတော့ လေတိုက်ရင် မိုးရွာရင် ပျော်ကြတယ်။ ကဆုန်ရဲ့ စွေ့စွေ့ခုန်တဲ့အပူကို ငြိမ်းအောင် ညှိမ်းပေးမဲ့ မုတ်သုန်သခင် ဝင်လာခဲ့ပြီ။

မုတ်သုန်ရာသီက နယုန်လလယ်လောက်က စတတ်ပေမဲ့ မိုးဦးစောတာ နောက်ကြတာ ရှိတတ်တာကြောင့် တခါတရံ မိုးခေါင်နေရင် ငရံ့မင်း ပရိတ်ရွတ်ရ၊ လွန်ဆွဲရ နဲ့လည်း ဖြစ်တတ်တယ်။ အညာဖက်က မိုးနည်းပေတယ် မဟုတ်လား။ ( ပြောမဲ့သာ ပြောရတယ်။ အခုတလော လုပ်မဲ့ အစိုးရရဲ့ ယတြာချေ ရှင်ငါးထောင်ပွဲကတော့ အညာမိုးဖျက်လို့ ပွဲကို ပျက်ကရော။ မိုးသခင်က မထင်ပဲနှောက်လို့ အရှက်တကွဲ။ )

ဒီရာသီမှာ လယ်သမားတွေ အလုပ်စပြီ။ ပျိုးခင်းအတွက် နွားနဲ့အတူ ထယ်ထိုးရပြီ။ စပါးပျိးပင်လေးတွေ ရှည်ထွက်လာရင် ဝမ်းစာအတွက် ကောက်စိုက်ရမယ်။ မိုးမဖျက်ဖို့ လယ်ပိုင် ကွင်းပိုင် နယ်ပိုင် သက်ဆိုင်ရာ နတ်တွေကိုလည်း ပသကြရတယ်။

ဒီရာသီမှာ အပေါဆုံးက လေတိုက်လို့ ကြွေတဲ့ သရက်ကင်းတွေ မရမ်းသီးကင်းလေးတွေပေါ့။ ဈေးထဲမှာ ပုံပြီးရောင်းကြတယ်။ ငါးပိရည်လေးနဲ့တွဲစားရင် ထမင်း တစ်ဇလုံများ ခဏလေးနဲ့ ကုန်တာပေါ့။

မိုးပြေးလေးတွေ ရွာရင် မြေသင်းရနံ့လေး ရှုပေးရသတဲ့။ ကျန်းမာအောင် မြေဓာတ် လိုသတဲ့လေ။ ဗမာတွေက လေ၊မြေ၊ရေ၊မီး ဓာတ်ကြီးလေးပါးဆိုတဲ့ ဓာတ်သဘောတွေလည်း ဂရုစိုက်ကြတယ်။ ဓာတ်ရယ် နတ်ရယ် ရောထွေးနေတဲ့ လူမျိုးလို့ ပြောရင် ရနိုင်ရဲ့။

ဒီလရဲ့ ရာသီပန်းကတော့ မိန်းကလေးတွေ ကြိုက်ကြတဲ့ ပန်းစပယ်ပါ။ စပယ်ကို စံပါယ်၊ စမ္ပာယ် စသည်ဖြင့်လည်း ရေးကြတယ်။

စပယ်ကတော့ မောင်လူပေရဲ့ အချစ်ဆုံး။ ဖွေးလွ နူးညံ့ ဖြူစင်နေတဲ့ စပယ်တွေ စပယ်ရုံမှာ ဖူးနေပြီ။ ပွင့်လာမဲ့ စပယ်လေးတွေ ဘုရားတင်မယ်။ ပိုတဲ့ စပယ်ကိုတော့ နှစ်ခြိုက်စွာ နမ်းရင်း ကြည်နူးမယ်။

သူတို့လေးတွေက ပြောနေကြတယ်။

"ကျွန်မက စပယ်ပါ မောင် " တဲ့။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Tuesday, May 19, 2015

မောင်


ခုတလော ဖေ့ဘွတ်မှာ မောင်သံတွေ ခေတ်ထနေတယ်။

ကျမက...... ဟိုဒင်းပါ မောင်တို့ ဘာတို့။

အရင်ကတော့ မဆွေရဲ့ မနဲ့မောင်တို့ လမင်းမိုမိုရဲ့ မောင်တို့ ခေတ်။

မောင် ဆိုတာ မောင်း က လာတယ်တဲ့။

ရှေးက မောင်းဆိုတာ ခန့်ညား ထယ်ဝါတဲ့ သဘော၊ အားကောင်း မောင်းသန်တဲ့ သဘော ရှိတယ်လို့ ယူဆကြတယ်။

သူဌေးတွေက အစေခံကို မောင်းတီးခေါ်တယ်။ သူကြီးက ရွာသားကို မောင်းတီးခေါ်တယ်။ ဘုရင်က အမိန့်တော်ကို မောင်းခတ် ကြေညာစေတယ်။ မောင်းသံကြားရင် ကြောက်ရွံ့ကြရတယ်။ ရိုသေကြရတယ်။

မောင်ရှိတာဟာ မောင်းရှိတာပဲလို့ အားနွဲ့သူ မိန်းကလေးတွေက ယူဆကြတယ်ပေါ့။

မောင်နဲ့ နှမ လို့ သုံးကြရာက မောင်နဲ့မ ဖြစ်သွားပုံ ရပါတယ်။

နှမကဆိုတာ နှံမ က လာပါသတဲ့။ သီးနှံဆိုတဲ့သဘော။ စပါးနှံလေးမှာ စပါးတွေ သီနေသလို မိသားစုက သူ့ကိုမှီပြီး သီရလို့ နှံမ ကနေ နှမလို့ ပြောင်း နောက်တော့ မ ပဲ ကျန်ခဲ့တယ်ပေါ့။ ခုခေတ်မှာ ညီမလို့ သုံးကြတာ မှားသတဲ့။ မှားပေမဲ့ အသုံးများတော့လည်း တွင်သွားတာပါပဲ။

မြန်မာ့ဓလေ့လေးတွေ ကြားဖူးတာလေးဝေမျှတာပါ။ အင်ဂျင်အနီဘေးမှာ ကွမ်းယာရောင်းတဲ့ သူက မဆိုင်တာတွေ ပြောတယ် ထင်မှာစိုးလို့။

ကြုံတုန်းလေး ကြွားလိုက်ဦးမယ်။

များက.... အင်ဂျင်နီယာပါ.. မောင်။
 
 

Wednesday, May 13, 2015

ရွှေတိဂုံကို ကယ်တင်ပါ။


ဗမာပြည်မှာ မွေးသောကြောင့် ဗမာပြည်ကို ချစ်သည်။ လွမ်းသည်။ နေ့တိုင်း ဗမာစာဖတ်သည်။ သတင်းနားထောင်သည်။ ကြားရသမျှ နားဝမသက်သာသည်ကသာ များလေသည်။

ခုလည်း ဖေ့ဘွတ်မိတ်ဆွေကြီး WHO က ရေးထားပြန်သည်။ RIT က ဝန်ထမ်းအိမ်ရာတွေ အမိုးမိုးရန်အတွက်တဲ့။ သူကတော့ ကျောင်းတော်ကြီးကို အတော် သံယောဇဉ် ကြီးသူပင်။ ဆရာအိမ်ရာတွေ အမိုးပြင်ပေးနေတာလည်း သူပဲ။ အလှူခံလိုက် ပြင်လိုက်။ ကျောင်းကြီး ပြန်ဖွင့်တာလည်း အလှူခံရ၊ သင်ထောက် ပစ္စည်းတွေအတွက်လည်း အလှူခံရ၊ ဝန်ထမ်း အိမ်ရာ အမိုးကိစ္စအထိ အလှူခံရလေတော့ နိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာနပိုင်ကျောင်း ဆိုသော ဆိုင်းပုဒ်ကို ဖြုတ်၍ အလှူခံပြီး ပြန်ဖွင့်သည် ဟုသာ စာကပ်ရတော့မည်။

မောင်လူပေတို့ နိုင်ငံခြားမှာ နေသူများလည်း မသက်သာ။ တော်ကြာ လေဘေး၊ တော်ကြာ ရေဘေး၊ တော်ကြာ စစ်ဘေး ကူညီရေး ဈေးရောင်းပွဲတွေ လုပ်ကြ။ ဘုန်းကြီးကျောင်း ရံပုံငွေ ပွဲတွေ လုပ်ကြနှင့် အတော် လှူကြရသည်။ နိုင်ငံရေးပွဲတွေနှင့် ပေါင်းပါက တနှစ်စာ ပွဲတွေက မနည်းလှ။ လူမှုရေး ဆရာတွေလည်း အိမ်ကပ်ရသည်မရှိ။ ပွဲလုပ်ဖို့ အစည်းအဝေးချည်း တက်နေရရှာသည်။

မောင်လူပေ့ သူငယ်ချင်းတွေက လူမှုရေးတွေ တတ်နိုင်သမျှ လုပ်နေကြသူတွေ အများသား။ အစိုးရကြီးက ခေတ်မှီ ဖွံ့ဖြိုးနေသော်လည်း နိုင်ငံကြီးက လိုအပ်ချက်တွေများလှတော့ လိုတဲ့နေရာ ဝင်ဖါနေရတဲ့ လူမှုရေးဖါသည်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြလေသည်။

ဧရာဝတီကို ကယ်တင်ပါ။ပုပ္ပါးကို ကယ်တင်ပါ။ မန်းလေးကို ကယ်တင်ပါ။ ရန်ကုန်ကို ကယ်တင်ပါ။ နှင့် ကယ်တင်စရာတွေ ပေါလှသော နိုင်ငံဖြစ်သောကြောင့် ကယ်ပါနိုင်ငံဟု ခေါ်ပါကလည်း လွန်အံ့မထင်။

နောက်ဆုံးပေါ် ကယ်ပါကိစ္စကတော့ ရွှေတိဂုံကို ကယ်တင်ပါဟူ၏။ ဒဂုံစီးတီးမည်သော ဇိမ်ခံမြို့တော်ကြီးကို ဘုရားနှင့်ကပ်လျှက် ကုန်းတွင်ရှိ တပ်မြေမှာ တည်ဆောက်မည်ကို ဝိုင်း၍ ကန့်ကွက်နေကြခြင်းပင်။ ရန်ကုန်မြို့ကြီးထဲက ဝန်ကြီးဌာနပိုင်မြေတွေ တပ်ပိုင်မြေတွေလည်း ဂွင်ထုကြလို့ ကုန်သလောက်ရှိပြီ။ ဂါတွေဘယ်လောက်ရပြီး ဘယ်သူတွေပွသွားသည်ကတော့ ကာယကံရှင်တွေ အသိဆုံး။ ခုတော့ ဘုရားကပ်ရက်က ကုန်းမြေကိုပါ အလွတ်မပေးတော့ပဲ ဝင်သိမ်းပိုက်လေပြီ။ ထို့ကြောင့်လည်း ရွှေတိဂုံကို ကယ်တင်ပါ ဖြစ်လာတော့သည်။

လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံက လာရောက်ဖူးမျှော် ကြည်ညိုသူအပေါင်းအား ဒုက္ခအပေါင်းမှ ကယ်တင်ခဲ့သည်မှာ နှစ် ၂၆၀၀ တိုင်ခဲ့လေပြီ။ ခုခေတ်ရောက်မှ အတုမရှိ ရွှေတိဂုံဘုရားကို ကြည်ညိုသူတွေက ပြန်ကယ်တင်ရသည့် ကိန်းဆိုက်တော့သည်။

မကယ်လို့ကလည်း မဖြစ်။ အထပ်မြင့်တွေဆောက်ဖို့ ပိုင်ရိုက်လျှင်ပင် ဘုရားကို အနည်းနှင့်အများ ထိခိုက်နေပြီ။ ထိုဘုရားက ခေတ်မှီပိုင်ရိုက် တိုက်စိုက် သံကူကွန်ကရစ် မဟုတ်။ မြေကြီးပေါ်မှာ အုပ်စီထားတဲ့ ရှေးဘုရား။ ရွှေတိဂုံ ထာဝရဘက်စုံ ဘာညာနှင့် လုပ်နေသော်လည်း တကယ်ခိုင်အောင် ခေတ်မှီ ဗိသုကာနည်းပညာတွေနှင့် လုပ်ဖို့မဆိုထားနှင့် ဘုရား ကိုယ်ထည်ကို ခေတ်မှီ စက်များငှားကာ သရီးဒီ စကင်ဖတ်သည်ဟုပင် မကြားမိ။ အပြင်က ရွှေတွေ ကပ်နေသည်သာ တွေ့နေရသည်။ သည်တော့ အနီးမှာ ဒီလိုလာလုပ်လျှင် စေတီထိခိုက်မှာ အသေအချာ။ မြေအောက်ရေတွေပါ စုတ်ယူမယ်ဆိုလျှင် ပြောဖွယ်မရှိတော့။

ရွှေတိဂုံဘုရားကို ကယ်တင်ကြဖို့ တိုက်တွန်းအပ်ပါသည်။

(ရွှေတိဂုံက လူတိုင်းအသိမို့ ပုံကို တခြားပုံ တင်ပါသည်။)
 
 

တက္ကစီ

ရန်ကုန် ပြန်မယ်ဆိုတော့ ပြေးမြင်မိတာက ကားတန်းရှည်ကြီး။ ကားတွေပိတ်ဆို့နေတဲ့ လမ်းမတွေပေါ်မှာ နာရီဝက်ခရီးကို သုံးနာရီလောက် ကြာအောင် သွားရတာ။

ကိုယ်ပိုင်ကားမရှိတော့ တက္ကစီစီး။ ကိုယ့်ဆရာများကလည်း ကားပိတ်တဲ့လမ်းဆို မလိုက်ချင်။ ပိုပေးပါ့မယ်ဆိုတာတောင် နောက်ကားသာ ငှားစီးပါဆိုပြီး ထွက်ပြေးတတ်သေး။ လိုက်ပို့ပေးတဲ့ မောင်မင်းကြီးသားတွေဆို ရှိခိုးဦးတင်ရမတတ် ကျေးဇူးတွေ တင်ခဲ့ရ။

တခါတလေလည်း အတွင်းထဲ ဝင်စရာမလိုပါဘူး၊လမ်းထောင့်မှာ ချပေးရုံပဲ။ ဘာညာနဲ့ ချော့မော့ ငှားမှ ကားဆရာက လိုက်မယ် ဖြစ်တာ။ ကိုယ့်စကားနဲ့ကိုယ် လမ်းထောင့် မီးပွိုင့်မှာဆင်းပြီး အိမ်အထိ မိုးသည်းသည်းမှာ ချီတက်ပေတော့ပဲ။ ထီးဆောင်ထားရမှာ ပျင်းသူမို့ အိမ်ပြန်ရောက်ရင် ကြွက်စုတ် ဖြစ်ရော။

မဟာရန်ကုန်က Traffic Jam ကို အံတုဖို့ ဒီ Taxi လေး ငှားစီးမလား စိတ်ကူးမိတယ်။ မြန်မာဆန်ဆန် လေးလည်း ဖြစ်တယ်။ Made in Myanmar လည်း ဖြစ်တယ်။ ကရိန်းနဲ့ ဆွဲခံရမှာလည်း ပူစရာမလို။

ဘိုးတော်ဘုရား လေးဘက်တွားတဲ့ ခေတ်က ပို့ဆောင်ရေး ယာဉ်က အခု စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်သစ်ကို ဖေါ်ဆောင်နေတဲ့ ဘောင်းဘီချွတ်တွေ ခေတ်အထိ အသုံးဝင်နေဆဲ။ အမ်းတိတ်တွေနဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို ချီတက်နေရဆဲ။

စီးချင်သူများ ကြိုတင် စာရင်းပေးကြပါရန်။

( ငယ်ငယ်ကတော့ နွားလှည်းကို တောဂျစ်လို့ ခေါ်တယ်။ တောက ဂျစ်ကားပေါ့။ တောက အမျိုးတွေဆီ ရောက်ရင် တောဂျစ်ပဲ စီးခဲ့ရတာ။ ခုထိလည်း အသုံးဝင်နေဆဲ။ )
 
 

Tuesday, May 12, 2015

နှင်းဆီတပွင့်

အိမ်မှာပွင့်တဲ့ နှင်းဆီလေးတွေထဲက အလှဆုံးတစ်ပွင့်ကို ခူးပြီး စားပွဲပေါ်တင်လိုက်တယ်။

သူ့ရနံ့နဲ့ သူ့အဆင်းက စာရေးစားပွဲကို ပိုလှ သွားစေသလို ခံစားရတယ်။ အရောင်အဆင်း သိပ်မရှိလှတဲ့ ပန်းတစ်ပွင့် ဆိုရင်တော့ စာရေးစားပွဲပေါ်မှာ အမှိုက်ရှုပ်တယ်လို့ ခံစားရမိမှာ အမှန်ပဲ။

သက်မဲ့ နှင်းဆီ အလှပန်းလေးကတောင် ဒီလို စွမ်းဆောင် နိုင်တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်ဆောင် သက်ရှိ နိုဗယ်လ်ဆုရှင်ကို အိမ်ဧည့်ခန်းမှာ တရိုတသေ နေရာပေးလိုက်ရင်ဖြင့် မြန်မာ့ဧည့်ခန်းဆောင်မှာ ကြက်သရေရှိလိုက်မဲ့ ဖြစ်ခြင်း။

ဧည့်ခန်းဆိုတာ လှပ တင့်တယ်တဲ့ ပန်းနဲ့သာ ထိုက်တန်တယ် မဟုတ်လား။ တန်ဖိုးမရှိလှတဲ့ ပန်းနဲ့သာ အလှချယ်မယ်ဆိုရင်တော့ ဧည့်ခန်းသာ အလှပျက်လို့ အမှိုက်ရှုပ်တာပဲ အဖတ်တင်မယ်။

ဧည့်ခန်းသာအတွက် အဖိုးတန်ပန်းတပွင့်ကို ကျွန်တော်တို့ တတွေ ရွေးချယ်နိုင်ကြပါစေ။

( နှင်းဆီ တပွင့်ကို ကြည့်ရင်း ဖြစ်တည်လာတဲ့ အတွေးရောင်စုံကို မျှဝေပါတယ်။ )


 

Thursday, May 7, 2015

အရေးယူမယ်

ဒေသဆိုင်ရာ ထိပ်တန်းအာဏာပိုင်တွေရဲ့ ဇနီး ခင်ပွန်းတွေ သားသမီးတွေ ပိုင်ဆိုင်တဲ့ စီးပွားရေး ကုမ္ပဏီတွေ တည်ထောင်ခွင့် မပြုတော့ပါတဲ့။ ဖွင့်ထားတာ ရှိရင်လည်း ပိတ်သိမ်းစေရမည်တဲ့။

ဒီနေ့ ဖတ်လိုက်ရတဲ့ နောက်ဆုံး သတင်း။

သိပ်ကြောက်သွားကြလား။ တရုတ်ပြည် ရှန်ဟိုင်းမှာပါ။

တရုတ်ကတော့ ခြစားမှုတွေကို အပြတ် နှိမ်နှင်းနေပြီ။ ပြုတ်သွားတဲ့ စစ်အရာရှိတွေ ထောင်ချီပဲ။ စစ်ကော်မရှင်ထဲက ထိပ်တန်း ဗိုလ်ချုပ်တွေလည်း ပါတယ်။

တရုတ်လုပ်သမျှ လိုက်လုပ်တတ်တဲ့ ကျွန်တော်တို့ အစိုးရကြီး ဒီတခါတော့ လိုက်မလုပ်ယုံ မက သတင်းပါ မှောင်ချထားတာတော့ ဆိုးလှပါလား။

စိုင်းစိုင်းတို့ လာမယ်ဆိုလို့ 

လာမဲ့စနေမှာ စိုင်းစိုင်းတို့နဲ့မြူးမယ်။ ထူးတယ်။
ဘကြီးဖြိုးနဲ့ ဦးနေဝင်းက ရူးတယ်။

သီရိဆွေနဲ့ မိစန္ဒီက မိုက်တယ်။ ကြိုက်မယ်။

ဘန်နီဖြိုးနဲ့ နန္ဒစိုင်းက ဟဲမယ်။ ကဲမယ်။ ရက်ပ် သီချင်းတွေကို ချစ်တယ်။ ဟစ်မယ်။ ကမ်းမွန်... ဒီဂျေ။

ရက်ပ် သီချင်း ရေးကြည့်တာပါ။ တေးဂီတ မျိုးစုံထဲမှာ ရက်ပ်လည်း ကြိုက်တယ်။ ခံစားချက်ကို ဒဲ့ပဲ ဖွင့်ပြလို့ရတယ်။

အက်ဆစ်တို့ ဗမာရက်ပ်ပါတွေ ဖြစ်လာထဲက အားပေးတယ်။ ခုတော့ ဟိန်းဇော်က တမလွန်မှာ၊ ဇေယာသော်က လွှတ်တော်မှာ၊ အနဂ္ဂနဲ့ ရန်ရန်ချမ်းက အိမ်ထောင်ကြ နဲ့ သူတို့တောင် အန်းတိတ် ဖြစ်သွားပြီ။

သူတို့နောက်မှ ပေါ်လာတဲ့ ဘာဘူတို့ သားစိုးတို့ရဲ့ သီအိုရီလည်း အဖွဲ့ပျက်တဲ့ထိ အားပေးခဲ့တာပဲ။ သားစိုးက ဗမာ့ဆိုင်းကို ရောသမမွှေတာ မကြိုက်ပေမဲ့ ဖန်တည်းမှု တခု အနေနဲ့တော့ အသိအမှတ်ပြုပါတယ်။

သူတို့နဲ့ ခေတ်ပြိုင် စိုင်းစိုင်းကတော့ စင်ပေါ်မှာ ပန်းပန်နေဆဲ။ သူငယ်ချင်းများစွာနဲ့ နှုတ်ခမ်းနီမ လေးတွေရဲ့ အသည်းကို ဖမ်းစားခဲ့။ ပြီးတော့ ဝတ်မှုန်ရွှေရည်ကို ရင်ခွင်ထဲထည့်။ ခုထိလည်း သူ့ရဲ့ ပိတ်သတ်က အပြည့်။

သူ့ သယ်ရင်းတွေထဲက ကောင်းမြတ်လေးတောင် ဘယ်ရောက်သွားတယ်မသိ။ နန္ဒစိုင်းကတော့ နောက်ဆုံး ဒိတ်ဒိတ်ကြဲအထိ တွဲနေဆဲ။ MTV ရိုက်ချက်တွေမိုက်တဲ့ အဲဒီ အခွေလည်း ကြိုက်တယ်။ နားနားနား ဆရာမကြီး ။ တကိုယ်တော် ချာတိတ်အတွက် ဒီလိုဆို လူရှိန်ပြီ။

ဒီဇင်ဘာမှတ်တမ်းမှာ တောင်ငူသူ လေးကြောင့် တိမ်တွေတောင် ငိုချလိုက်တယ် မိုးကိုသည်းရော ဆိုပဲ။ မိုးမိုးနဲ့ တွဲရေးတဲ့ ဖုတ်လှိုက်ဖုတ်လှိုက်မှာကြတော့ သူ့ရဲ့ ရေဒါထဲက
ရုန်းထွက်ဖို့ ခက်ပြန်သတဲ့။

သီရိဆွေကလည်း ဆိုလာ ကိုစတာ မှာ ငါ့လိုချစ်မဲ့သူနဲ့ မယုံနိုင်အောင် မုန်းတဲ့အကြောင်း ဝေးဖို့အကြောင်း တွေမဖြစ်ဖို့ မင်းစချော့ပါ ဆိုပဲ။

မိစန္ဒီတို့ SNARE က ဘကြီးဖြိုးနဲ့ ဦးနေဝင်းတို့ ဘန်နီဖြိုးတို့ ကိုတော့ ချာတိတ်တွေ အားပေးကြလိမ့်မယ်။

သူ့ခေတ်နဲ့ သူပေါ့လေ။ မောင်လူပေငယ်ငယ်က ရော့ကာကြီး ဇော်ဝင်းထွဋ်ရဲ့ မာကျုရီည နဲ့ ညိမ့်ကောင်းနေတော့ အမေက ကက်ဆက်ကို ချက်ခြင်းပိတ်။ လည်ချောင်းကွဲသံနဲ့ စွတ်အော်နေတာတွေ နားမခံနိုင်လို့ ဆိုပြီး သြဘာပေးတာ ခံရဘူးတယ်။ လူကြီးနဲ့ လူငယ်ကြားက အကြိုက်မတူတဲ့ ပြသနာပေါ့။

ဒါကြောင့် ကိုယ် လူကြီးဖြစ်လာတော့ ပေသမီးတို့ အကြိုက် သီချင်းတွေ လိုက်နားထောင် ဖြစ်တာပါ။ တလွဲမထင်ကြပါနဲ့။ သူငယ်ပြန်တယ် ထင်နေမှာ စိုးလို့။

( ပြီးခဲ့တဲ့ နှစ်ကူးကတောင် ဘော်ဒါတွေ ကာရာအိုကေဟဲကြတဲ့ ပွဲမှာ တွံတေးတို့ ကိုထီးတို့ လာရှိုးတို့ အန်းတိတ်တွေနဲ့ ငြိမ့်နေတုန်း ဗြုန်းဆို မောင်လူပေက စိုင်းစိုင်းရဲ့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အလန့်ထညက် ထပြီးဟဲလိုက်လို့ ဘော်ဒါတွေက ကောင်းချီးပေးတာ ခံလိုက်ရသေးတယ်။ သီရိဆွေနေရာမှာ ဝင်ဆိုပေးတာက ပေသမီး။ )


 

Tuesday, May 5, 2015

မလေးလက်ခတ်သံ


မလေးလက်ခတ်သံ

( ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင် ဝတ်ကြပါစို့  မောင်ကြီးရယ်တော့။
အောက်ပြည်ဆို လှေတော်ထိုး ပိုးမှာလိုက်တယ် လေ.. လေ့။ ) ၂

အနားတဖက်တချက်ရယ်က စိမ်းနုခြယ်.. စိမ်းနုခြယ်။
အလယ်မှာ သံရောင်ကွက်တယ်.. ချစ်တဲ့သူ ယက်ခဲ့တယ်။

လက်ခတ်သံ လက်ခတ်သံ မလေး လက်ခတ်သံ၊
လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ၊
( လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်က ကြားသလေ လေ့။ ) ၂
လက်ခတ်သံ ကျွန်းဖိုသား ( သောင်းတိုင်က ) ၃ ကြားသလေ လေ့။

( ရွှေချည် ငွေချည် တန်းပါလို့  ယက္ကန်းရွှေစင် တန်းရွှေစင် ) ၎

( ဘယ်သူ ဘယ်သူ ဝင်ကာမှ ချည်ငင်ထွေး ) ၂
( ရှင်းနိုင်ပါ့ မရှင် ) ၂

( ယက္ကန်းစင် အကွက်ဆန်းထွင် ပျို့ မောင်ကြီး ကိုယ်ရောင်ပွားနဲ့ တော်လိုက်မဲ့ အဆင် ယဉ်သလေ့ ) ၂

ပျော်လိုက်မဲ့ အကြင် ခင်ရေ့ 
အတော်လိုက်မယ့် အဆင် ယဉ်သလေ့။

( လက်ခတ်သံ လက်ခတ်သံ .......( သောင်းတိုင်က ) ၃ ကြားသလေ လေ့။ )

မလေးလက်ခတ်သံ သီချင်း နားထောင်ရင်း တွေးမိတာ ရှိတယ်။ ဗမာပြည်ရဲ့  ရှုပ်ထွေးလှတဲ့ ချည်ငင်ထွေးကို ရှင်းနိုင်မဲ့ သူကတော့ ဒေါ်အောင်ဆန်းစုကြည် ပါပဲ။
 
 
 

အာလူးစားသူများ အကြောင်း

ကျွန်တော် ငယ်ငယ်က ပန်းချီကိုလည်း ရူးသွတ်ခဲ့ဖူးတယ်။

ဝလုံးတောင် ဝိုင်းအောင်မရေးတတ်ပေမဲ့ ပန်းချီကားတွေကို ချစ်တယ်။ ပန်းချီပြပွဲဆို ရှေ့ဆုံးက ရောက်တယ်။ ပန်းချီဆရာတွေ အကြောင်း လေ့လာတယ်။

စိတ်ဝင်စားမိတဲ့ ပန်းချီဆရာတွေထဲမှာ ဗင်းဆင့် ဗန်းဂိုး ( Vincent Van Gogh ) က ရှေ့ဆုံးကပဲ။ သနားစရာ သူ့ဘဝ အကြောင်းတွေက အများသား။ ဆင်းရဲစွာနဲ့ သေဆုံးခဲ့ပြီးမှ သူ့ ပန်းချီကားတွေကို လူတွေက နားလည်လာလို့ တန်ဖိုးကြီးစွာ ပေးပြီး ဝယ်ခဲ့ကြ။

သူ့အကြောင်းကို သွားလေသူ ကိုငှက်ကြီးကလည်း ဗင်းဆင့် ဗန်ဂိုးတန်းချင်း ဆိုပြီး သီချင်းတပုဒ် ဆိုခဲ့လေရဲ့။

သူ့ကားများစွာထဲမှာ ကြည့်မိတိုင်း စိတ်ထိခိုက်ရတဲ့ ပန်းချီကားက အာလူးစားသူများ ( Potato eaters ) ပါပဲ။

ဆောင်းအေးအေးမှာ စားစရာမရှိကြပဲ ငတ်မွတ်နေကြတဲ့ လူတစု အာလူးတွေကို အငန်းမရ စားနေကြတဲ့ပုံ။

အာလူးစားနေတဲ့ သူတွေရဲ့ မျှော်လင့်ချက်မဲ့ မျက်နှာတွေ၊ ငတ်မွတ်ဆာလောင် နေတဲ့ ရုပ်သွင်တွေ၊ စိတ်ပျက် လက်ပျက် အမူအရာတွေကို ဗန်ဂိုးက အပီအပြင် သရုပ်ဖေါ်ခဲ့လေတော့ ကြည့်မိတိုင်း စိတ်ထဲ မကောင်း ဖြစ်ရတယ်။

ခုတလော တက်လာတဲ့ ရွှေပြည်ကြီးက အခြေခံ လူတန်းစားတွေရဲ့ အကြောင်းတွေ ဓါတ်ပုံတွေ တွေ့မိရင် အဲဒီ အာလူးစားသူများ ရဲ့ ပန်းချီကားကြီးက ခေါင်းထဲ ရောက်ရောက်လာ တတ်တယ်။

ဗန်ဂိုးများ မသေသေးရင် တို့ ဗမာပြည်က ဆန်ကြမ်းစားသူများကို ဘယ်လို သရုပ်ဖေါ်မယ် ဆိုတာလည်း သိချင် စမ်းပါဘိဗျာ...။