ရန်ကုန်
ပြန်မယ်ဆိုတော့ ပြေးမြင်မိတာက ကားတန်းရှည်ကြီး။ ကားတွေပိတ်ဆို့နေတဲ့
လမ်းမတွေပေါ်မှာ နာရီဝက်ခရီးကို သုံးနာရီလောက် ကြာအောင် သွားရတာ။
ကိုယ်ပိုင်ကားမရှိတော့ တက္ကစီစီး။ ကိုယ့်ဆရာများကလည်း ကားပိတ်တဲ့လမ်းဆို မလိုက်ချင်။ ပိုပေးပါ့မယ်ဆိုတာတောင် နောက်ကားသာ ငှားစီးပါဆိုပြီး ထွက်ပြေးတတ်သေး။ လိုက်ပို့ပေးတဲ့ မောင်မင်းကြီးသားတွေဆို ရှိခိုးဦးတင်ရမတတ် ကျေးဇူးတွေ တင်ခဲ့ရ။
တခါတလေလည်း အတွင်းထဲ ဝင်စရာမလိုပါဘူး၊လမ်းထောင့်မှာ ချပေးရုံပဲ။ ဘာညာနဲ့ ချော့မော့ ငှားမှ ကားဆရာက လိုက်မယ် ဖြစ်တာ။ ကိုယ့်စကားနဲ့ကိုယ် လမ်းထောင့် မီးပွိုင့်မှာဆင်းပြီး အိမ်အထိ မိုးသည်းသည်းမှာ ချီတက်ပေတော့ပဲ။ ထီးဆောင်ထားရမှာ ပျင်းသူမို့ အိမ်ပြန်ရောက်ရင် ကြွက်စုတ် ဖြစ်ရော။
မဟာရန်ကုန်က Traffic Jam ကို အံတုဖို့ ဒီ Taxi လေး ငှားစီးမလား စိတ်ကူးမိတယ်။ မြန်မာဆန်ဆန် လေးလည်း ဖြစ်တယ်။ Made in Myanmar လည်း ဖြစ်တယ်။ ကရိန်းနဲ့ ဆွဲခံရမှာလည်း ပူစရာမလို။
ဘိုးတော်ဘုရား လေးဘက်တွားတဲ့ ခေတ်က ပို့ဆောင်ရေး ယာဉ်က အခု စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်သစ်ကို ဖေါ်ဆောင်နေတဲ့ ဘောင်းဘီချွတ်တွေ ခေတ်အထိ အသုံးဝင်နေဆဲ။ အမ်းတိတ်တွေနဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို ချီတက်နေရဆဲ။
စီးချင်သူများ ကြိုတင် စာရင်းပေးကြပါရန်။
( ငယ်ငယ်ကတော့ နွားလှည်းကို တောဂျစ်လို့ ခေါ်တယ်။ တောက ဂျစ်ကားပေါ့။ တောက အမျိုးတွေဆီ ရောက်ရင် တောဂျစ်ပဲ စီးခဲ့ရတာ။ ခုထိလည်း အသုံးဝင်နေဆဲ။ )

No comments:
Post a Comment