Wednesday, May 27, 2015

အခွင့်အရေး


သင့်ဘဝ တင်မောင်သန်း ရေးတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးတယ်။

အမေရိကန် မြို့တစ်မြို့က ကလေးငယ်လေးရဲ့အကြောင်း။

အဲဒီကလေးက သူ့အိမ်ကနေ သူ့အဖွားအိမ်ကို စက်ဘီးလေးနဲ့ သွားလေ့ရှိတယ်။ အဲဒီလမ်းလေးက ကားသိပ်မသွားလို့ သူ့အတွက်လည်း လုံခြုံမှုရှိတယ်။ တစ်နေ့တော့ လမ်းပြင်ရန်ဆိုပြီး အဲဒီလမ်းလေးကို ပိတ်လိုက်တယ်။ ပိတ်ထားတာ လေးပတ်လောက်တောင်ကြာသွားပေမဲ့ ပြန်မဖွင့်နိုင်သေး။

လမ်းပိတ်ထားလို့ ကားရှုပ်တဲ့လမ်းက ကွေ့ဝိုက်ပြီး အဖွားအိမ် သွားနေရတဲ့ အဲဒီကလေးက မြို့တော်ဝန်ဆီ စာရေးပါသတဲ့။

သူဟာ ကလေးတစ်ယောက် ဖြစ်တဲ့အတွက် အဖွားအိမ်ကို သွားနေကြလမ်းလေးကပဲ သွားချင်ကြောင်း၊ လမ်းပိတ်ထားတာ ဘာလို့ လေးပတ်ထိ ကြာနေတယ်ဆိုတာလည်း သိချင်ကြောင်း၊ သူ့အဖွားအိမ်ကို သွားချင်ပေမဲ့ အခြားလမ်းက ကားရှုပ်တာကြောင့် မသွားရဲကြောင်း၊ လမ်းကို အမြန် ပြန်ဖွင့်ပေးစေလိုကြောင်း ရေးထားသတဲ့။

စာဖတ်ရတဲ့ မြို့တော်ဝန်က ကလေးကို သူ့ရုံးခန်းထိ တလေးတစား ဖိတ်ပြီး လမ်းပြင်တာ ဘာလို့ ကြာနေရတယ်ဆိုတဲ့အကြောင်း ရှင်းပြတယ်။ အမြန်ဆုံး ပြန်ဖွင့်ပေးမဲ့ အကြောင်း ဂတိပေးတယ်။ ကလေးငယ်ကို ကျေနပ်တဲ့အထိ တောင်းပန်လိုက်ပါသတဲ့။

အဲဒီစာ ဖတ်ပြီး တွေးကြည့်မိတယ်။ အဲဒီကလေးက သူ့အခွင့်အရေးကို သူသိလို့ တောင်းဆိုတတ်တာ။ ကျွန်တော်တို့ကတော့ ကိုယ့်မှာ ဘာ အခွင့်အရေး ရှိတယ်ဆိုတာတောင် မသိခဲ့ရပဲ ကြီးပြင်းလာတဲ့ သူတွေ။

သူတို့ဆီက ကလေးက မြို့တော်ဝန်ဆီ စာရေးပြီး မေးရဲတယ်။ မြို့တော်ဝန်ကလည်း ကလေးကို တလေးတစား ဆက်ဆံတယ်။ သူ့ဌာနရဲ့ အားနည်းချက်အတွက် တာဝန်ယူရဲတဲ့ စိတ်လည်းရှိတယ်။ ဒါကြောင့် ကလေးငယ်ကို တောင်းပန်ခဲ့တာပဲ။

နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုရင် ပြည်သူပြည်သားတွေကိုယ်တိုင်လည်း ကိုယ့်အခွင့်အရေးတွေကို သိဖို့လိုမယ်။ တာဝန်ရှိသူတွေကလည်း မလုပ်ပေးနိုင်ရင် တောင်းပန်ရဲတဲ့ သတ္တိ ရှိဖို့လိုမယ်။

အညာမြေက သူငယ်ချင်း ကျူရှင်ဆရာရဲ့ ရွာကြီး မီးလင်းပွဲ ဖွင့်ပွဲ လုပ်ကြတယ်။အိုးစည်ဗုံမောင်းတွေ ပန်းစည်းတွေနဲ့ တာဝန်ရှိသူတွေကို ကြိုဆိုကြ။ ကျေးဇူးတွေတင်ကြနဲ့ ပုံတွေ တွေ့တယ်။

အညာကျေးက ရွာကြီးက ၂၀၁၅ နှစ်လည်မှ လျှပ်စစ်မီးရရှာတယ်။ ဒါတောင် ကိုယ်ထူကိုယ်ထ ဆိုပဲ။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကျွေးကျော်နေပေမဲ့ လက်တွေ့ဘဝက ခုမှ မီးလင်းရတဲ့ဘဝ။

နိုင်ငံရဲ့ သုံးဆယ်ရာနှုန်းပဲ မီးလင်းအောင် လုပ်ပေးနိုင်သော ထို တာဝန်ရှိသူတွေက အခုမှ ဒီရွာကြီးကို မီးပေးနိုင်တဲ့အတွက် တောင်းပန်ပါကြောင်း ကိုတော့ ပြောခဲ့မယ်မထင်။

ရေမီးလျှပ်စစ် လမ်းတံတား စတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ပေးဖို့က သူတို့တာဝန်။ မရသေးရင် တောင်းဆိုရမှာက ပြည်သူတွေရဲ့ တာဝန်။

ဒီလိုတွေးရင်း ဆရာဒဂုန်တာရာရဲ့ စာလေးလို တွေးမိတယ်။

အကောင်းကို တွေးလိုပါ၏။ အကောင်းကားမရှိတော့။
 
 

No comments:

Post a Comment