ဝလုံးတောင် ဝိုင်းအောင်မရေးတတ်ပေမဲ့ ပန်းချီကားတွေကို ချစ်တယ်။ ပန်းချီပြပွဲဆို ရှေ့ဆုံးက ရောက်တယ်။ ပန်းချီဆရာတွေ အကြောင်း လေ့လာတယ်။
စိတ်ဝင်စားမိတဲ့ ပန်းချီဆရာတွေထဲမှာ ဗင်းဆင့် ဗန်းဂိုး ( Vincent Van Gogh ) က ရှေ့ဆုံးကပဲ။ သနားစရာ သူ့ဘဝ အကြောင်းတွေက အများသား။ ဆင်းရဲစွာနဲ့ သေဆုံးခဲ့ပြီးမှ သူ့ ပန်းချီကားတွေကို လူတွေက နားလည်လာလို့ တန်ဖိုးကြီးစွာ ပေးပြီး ဝယ်ခဲ့ကြ။
သူ့အကြောင်းကို သွားလေသူ ကိုငှက်ကြီးကလည်း ဗင်းဆင့် ဗန်ဂိုးတန်းချင်း ဆိုပြီး သီချင်းတပုဒ် ဆိုခဲ့လေရဲ့။
သူ့ကားများစွာထဲမှာ ကြည့်မိတိုင်း စိတ်ထိခိုက်ရတဲ့ ပန်းချီကားက အာလူးစားသူများ ( Potato eaters ) ပါပဲ။
ဆောင်းအေးအေးမှာ စားစရာမရှိကြပဲ ငတ်မွတ်နေကြတဲ့ လူတစု အာလူးတွေကို အငန်းမရ စားနေကြတဲ့ပုံ။
အာလူးစားနေတဲ့ သူတွေရဲ့ မျှော်လင့်ချက်မဲ့ မျက်နှာတွေ၊ ငတ်မွတ်ဆာလောင် နေတဲ့ ရုပ်သွင်တွေ၊ စိတ်ပျက် လက်ပျက် အမူအရာတွေကို ဗန်ဂိုးက အပီအပြင် သရုပ်ဖေါ်ခဲ့လေတော့ ကြည့်မိတိုင်း စိတ်ထဲ မကောင်း ဖြစ်ရတယ်။
ခုတလော တက်လာတဲ့ ရွှေပြည်ကြီးက အခြေခံ လူတန်းစားတွေရဲ့ အကြောင်းတွေ ဓါတ်ပုံတွေ တွေ့မိရင် အဲဒီ အာလူးစားသူများ ရဲ့ ပန်းချီကားကြီးက ခေါင်းထဲ ရောက်ရောက်လာ တတ်တယ်။
ဗန်ဂိုးများ မသေသေးရင် တို့ ဗမာပြည်က ဆန်ကြမ်းစားသူများကို ဘယ်လို သရုပ်ဖေါ်မယ် ဆိုတာလည်း သိချင် စမ်းပါဘိဗျာ...။

No comments:
Post a Comment