နယုန်မိုးပြေး မြက်သားမွေး တဲ့။ ငယ်ငယ်က ကြားခဲ့။
န ဆိုတာ အချိန်ကာလကို ရည်ညွှန်းတယ်၊ ယုံ ဆိုတာ အရည်ယိုစီးတယ်လို့ အဓိပ္ပာယ် ရတယ်။ ဒီတော့ မိုးကောင်းကင်က မိုးရေတွေ ယိုကျတဲ့လ မိုးဦးကျတဲ့လ လို့ ခေါ်ပါသတဲ့။
မိုးဦးလေဦးမှာ မိုးသက်လေပြင်းတွေ ကျတတ်တယ်။ အပင်ကြီးကြီးအောက်မှာ မနေရဘူးလို့ လူကြီးတွေက မှာတယ်။ လူငယ်တွေကတော့ လေတိုက်ရင် မိုးရွာရင် ပျော်ကြတယ်။ ကဆုန်ရဲ့ စွေ့စွေ့ခုန်တဲ့အပူကို ငြိမ်းအောင် ညှိမ်းပေးမဲ့ မုတ်သုန်သခင် ဝင်လာခဲ့ပြီ။
မုတ်သုန်ရာသီက နယုန်လလယ်လောက်က စတတ်ပေမဲ့ မိုးဦးစောတာ နောက်ကြတာ ရှိတတ်တာကြောင့် တခါတရံ မိုးခေါင်နေရင် ငရံ့မင်း ပရိတ်ရွတ်ရ၊ လွန်ဆွဲရ နဲ့လည်း ဖြစ်တတ်တယ်။ အညာဖက်က မိုးနည်းပေတယ် မဟုတ်လား။ ( ပြောမဲ့သာ ပြောရတယ်။ အခုတလော လုပ်မဲ့ အစိုးရရဲ့ ယတြာချေ ရှင်ငါးထောင်ပွဲကတော့ အညာမိုးဖျက်လို့ ပွဲကို ပျက်ကရော။ မိုးသခင်က မထင်ပဲနှောက်လို့ အရှက်တကွဲ။ )
ဒီရာသီမှာ လယ်သမားတွေ အလုပ်စပြီ။ ပျိုးခင်းအတွက် နွားနဲ့အတူ ထယ်ထိုးရပြီ။ စပါးပျိးပင်လေးတွေ ရှည်ထွက်လာရင် ဝမ်းစာအတွက် ကောက်စိုက်ရမယ်။ မိုးမဖျက်ဖို့ လယ်ပိုင် ကွင်းပိုင် နယ်ပိုင် သက်ဆိုင်ရာ နတ်တွေကိုလည်း ပသကြရတယ်။
ဒီရာသီမှာ အပေါဆုံးက လေတိုက်လို့ ကြွေတဲ့ သရက်ကင်းတွေ မရမ်းသီးကင်းလေးတွေပေါ့။ ဈေးထဲမှာ ပုံပြီးရောင်းကြတယ်။ ငါးပိရည်လေးနဲ့တွဲစားရင် ထမင်း တစ်ဇလုံများ ခဏလေးနဲ့ ကုန်တာပေါ့။
မိုးပြေးလေးတွေ ရွာရင် မြေသင်းရနံ့လေး ရှုပေးရသတဲ့။ ကျန်းမာအောင် မြေဓာတ် လိုသတဲ့လေ။ ဗမာတွေက လေ၊မြေ၊ရေ၊မီး ဓာတ်ကြီးလေးပါးဆိုတဲ့ ဓာတ်သဘောတွေလည်း ဂရုစိုက်ကြတယ်။ ဓာတ်ရယ် နတ်ရယ် ရောထွေးနေတဲ့ လူမျိုးလို့ ပြောရင် ရနိုင်ရဲ့။
ဒီလရဲ့ ရာသီပန်းကတော့ မိန်းကလေးတွေ ကြိုက်ကြတဲ့ ပန်းစပယ်ပါ။ စပယ်ကို စံပါယ်၊ စမ္ပာယ် စသည်ဖြင့်လည်း ရေးကြတယ်။
စပယ်ကတော့ မောင်လူပေရဲ့ အချစ်ဆုံး။ ဖွေးလွ နူးညံ့ ဖြူစင်နေတဲ့ စပယ်တွေ စပယ်ရုံမှာ ဖူးနေပြီ။ ပွင့်လာမဲ့ စပယ်လေးတွေ ဘုရားတင်မယ်။ ပိုတဲ့ စပယ်ကိုတော့ နှစ်ခြိုက်စွာ နမ်းရင်း ကြည်နူးမယ်။
သူတို့လေးတွေက ပြောနေကြတယ်။
"ကျွန်မက စပယ်ပါ မောင် " တဲ့။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment