Saturday, June 20, 2015

ဝါဆို

အချိန်ရထား မောင်းခုတ်သွား
လကားဝါဆို ရောက်ပြန်ကို။

ဝါဆိုတောင် ရောက်ပြန်ပေါ့။ နယုန်က ထွက်သွားခဲ့ပြီ။ ဝါဆိုနဲ့ နေခဲ့ရပြန်တော့ ဝါဆိုအကြောင်း တွေးမိပြန်တယ်။

ရှေးကတော့ ဒီလကို မ္လယ်တာလို့ ခေါ်ပါတယ်။ မြေကို ရှေးက မ္လယ်လို့ ရေးကြတယ်။ တာကတော့ တိုင်းတာတယ်ပေါ့။ မိုးကြပြီဆိုတော့ လယ်ယာဦးကြီးတွေ လယ်ထဲမှာ ကဇင်းတင် တမံတုတ်ဖို့ မြေတိုင်း အကွက်ဖေါ် တဲ့လပါတဲ့။ အဲဒီ မြေကွက်တွေပေါ်မှာ ကောက်စိုက်ကြရတယ်။

ဝါဆိုကတော့ ရဟန်းတွေ ကျောင်းသင်္ခန်းမှာ ဝါဆိုကြတဲ့လမို့ နောက်ပိုင်းမှာ အခေါ်ပြောင်းသွားတာပါ။ ဘုရားရှင်အား လယ်သမားတွေက သူတို့ပျိုးထားတဲ့ ပျိုးပင်လေးတွေကို ရဟန်းတချို့က နမော်နမဲ့နဲ့ နင်းမိတဲ့အကြောင်း လာလျှောက်ကြလို့ ရဟန်းတွေကို ဝါတွင်းသုံးလမှာ အကြောင်းမရှိပဲ ခရီးမထွက်ဖို့ တားမြစ်ခဲ့တယ်လို့ မှတ်သားဖူးတယ်။

ဝါဆိုရောက်ရင် ဝါဆိုသင်္ကန်း ကပ်ကြတယ်။ ဝါဆိုပန်းခူးထွက်ကြတယ်။ ဝါဆိုလမှာ တောပန်းတောင်ပန်းတွေ ဝေနေအောင် ပွင့်ကြပြီလေ။ ဒီတော့ ဘုရားတင်ဖို့ ပန်းခူးထွက်ကြတယ်။

ဝါဆိုမှာ ထူးခြားမှုတွေရှိတယ်။ လေးနှစ်တကြိမ် ဝါထပ်ခြင်းပါပဲ။ မြန်မာလတွေက လကို အခြေခံတာမို့ တနှစ်ကုန်ပြီဆိုရင် နေကိုအခြေခံတဲ့ အင်္ဂလိပ်နှစ်ထက် တပတ်လောက် နည်းပါတယ်။ လေးနှစ်လောက်ဆို လေးပတ်လောက် ကွာသွားတယ်။ ဒါကြောင့် လေးနှစ်တခါ ဝါထပ်ပြီး နှစ်ဝါဆို လုပ်ရတယ်လို့ သိရတယ်။ ဒီနှစ်မှာလည်း ဝါထပ်ပြန်တာမို့ ပထမ ဝါဆိုလပါတဲ့။

နောက်ထူးခြားမှုတခုကတော့ ဝါဝင်ရင် မင်္ဂလာမဆောင်ကောင်းဘူး ဆိုတဲ့ မြန်မာအယူတခု ရယ်ပါ။

ရှေး မြန်မာကြီးတွေက လယ်ယာလုပ်တဲ့သူ များပါတယ်။ လယ်သမားအတွက် မိုးရာသီဟာ အလွန် အလုပ်ရှုပ်တဲ့ ရာသီ။ အိမ်ရှိသမျှလူတွေ မအားရတဲ့လပေါ့။ မိုးတွင်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်သေးတယ်။ ဒါတွေကြောင့် ဝါတွင်းကာလ ( မိုးရာသီ ) မှာ အလှူမင်္ဂလာတွေ လုပ်လေ့မရှိဘူး။ မိုးလေကင်းစင်ပြီး ခြေခင်းလက်ခင်းသာတဲ့ အချိန်၊ သီးနှံပေါ်လို့ ငွေရွှင်တဲ့အချိန် ဝါထွက် ( မိုးကုန် ) မှပဲ အလှူမင်္ဂလာပွဲတွေ လုပ်လေ့ရှိတယ်။

နောက်တချက်ကတော့ ရဟန်းတွေကလည်း ဝါဆိုချိန်မို့ ခရီးမထွက်ကြဘူး။ အလှူမင်္ဂလာအတွက် ရပ်ဝေးက ရဟန်းတွေကို ဖိတ်လို့ မရ။ ဒီလို အကြောင်းတွေကြောင့် ဝါဆိုကနေ ဝါတွင်းသုံးလကို မင်္ဂလာအမှုတွေ ရှောင်ခဲ့ကြတာ။

ဒါကြောင့် အမြန်နီးချင်တဲ့ ချစ်သူတွေက ဝါဆိုကို မုန်းကြပါသတဲ့။ သူ့ကြောင့် တရေးနှောင့်ပြီး သုံးလစောင့်ရမှာမို့ ပါ။ဝါတွင်းကြီး လက်ထပ်ရင် ကွဲတတ်တယ်လို့လည်း ယုံကြသေးတယ်။ အရှေ့အလယ်ပိုင်း ပြသနာတက်ပြီး မရှူနိုင် မကယ်နိုင် ဖြစ်ကြရတဲ့ စုံတွဲတွေအတွက်ကတော့ ဝါတွင်းတွေ ဘာတွေ မတွေးနိုင်ပဲ ဗိုက်ပြသနာကို ရှင်းကြရရှာတယ်။

ဝါဆိုရောက်ရင် အနောက်တောင်ဆီက မုတ်သုန်မိုးက အညိုးနဲ့ ရွာတတ်တာမို့ မိုးရေတွေ ဖွေးနေတဲ့ လယ်ကွင်းကျယ်တွေက ရေပြင်ကြီး ဖြစ်လို့ သိပ်ပြီး ကြည့်ကောင်းတာပဲ။ ရေကန်တွေလည်း ရေပြည့်ပြီ။ ကြာပန်းတွေလည်း ပွင့်ပြီ။

မောင်ကြီးက ရွှေနီရွှေပြာ နွားကြန်စုံတရှင်းနဲ့ ထွန်းရေးနယ်ထားတဲ့ လယ်ကွက်မှာ နှမငယ်က ကောက်စိုက်ပြီ။ ပျို့မောင်ကြီး လူညိုချောကို အိမ်သူသက်ထားက ထမင်းတောင်းခေါင်းရွက်လို့ လိုက်ပို့ပြီ။ တနှစ်စာဝမ်းရေးအတွက် လုံးပမ်းကြပြီ။

ဝါဆိုလရဲ့ ပန်းကတော့ မြတ်လေးပန်းပါတဲ့။ မြတ်လေးပန်းက ရုံကြီးအုံကြီးနဲ့ ရှိတော့ ပန်းတွေပွင့်ရင် အနီရောင်ပန်းတွေက အရမ်းလှတာပါပဲ။ တောင်ခြေမှာ မိုးတွေအုံ့ဆိုင်းနေရင်တော့ လွမ်းဖွယ်ပေါ့လေ။ လွမ်းတတ်သူချင်း ရင်ဘတ်တူကြမယ် ထင်ပါတယ်။

ဝါဆိုလမှာ ချစ်သူခင်သူ မိတ်ဆွေသူငယ်ချင်း ရောင်းရင်းအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်ဝကြပါစေ။

ကျွန်တော် မောင်လူပေ ပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

အဖေနေ့ 

ဒီနေ့ အဖေများနေ့ပါ။ ဗမာပြည်မှာ အဖေများနေ့လို့ မရှိပေမဲ့ အနောက်နိုင်ငံတွေမှာ ရှိတယ်။ အဲဒီနေ့ရောက်ရင် အဖေတွေကို သတိတရ လက်ဆောင်တွေ ပေးကြတယ်။ အဖေ့ကျေးဇူးတွေကို တမ်းတ ဖေါ်ထုတ်ကြတယ်။ ကျေးဇူးရှင် မိဘနှစ်ပါးထဲမှာ အဖေကလည်း အဓိကအခန်းက ပါခဲ့သူမို့ သူ့ကို သတိရပြီး ကျေးဇူးတင်ပေးတာ သဘာဝကြပါတယ်။

အဖေ့ကို ကျွန်တော်တို့ မောင်နှမက ပါပါးလို့ ခေါ်တယ်။ အဖေက တရုတ်သွေးပါသူပေမဲ့ အလွန်ဗမာဆန်သူပါ။ ဒါကြောင့်လည်း ဗမာဖြစ်တဲ့ အမေနဲ့ ဖူးစာဆုံခဲ့ဟန်တူရဲ့။

ရန်ကုန် ၁၈ လမ်းမှာမွေးပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ အဖေက ရန်ကုန်ကို သိပ်မခင်တွယ်ဘူး။ ရာစုနှစ်တဝက်လောက် နေခဲ့တဲ့ တောင်ငူကိုပဲ ခင်တွယ်တယ်။ ဘယ်သူမေးမေး တောင်ငူသားလို့ ပြောတတ်တယ်။

ကျွန်တော်တို့ မောင်နှမတွေ လူလားမြောက်သည်အထိ အထည်ရောင်းပြီး ရိုးသားစွာ အသက်မွေးခဲ့တဲ့အဖေက ကျွန်တော်တို့ကို ရိုးသားစွာ နေထိုင်တတ်ခြင်းဆိုတဲ့ အမွေကို ပေးခဲ့တယ်။

အဖေ အမြဲပြောတတ်တဲ့စကားရှိတယ်။ မိဘကြောင့် သားသမီးတွေ ဂုဏ်မငယ်ပါစေနဲ့တဲ့။ သူ့ကြောင့်လည်း ဘယ်သားသမီးမှ အပြောမခံရအောင် သူနေပြသွားခဲ့တယ်။ ယနေ့တိုင် အဖေ့သား ဖြစ်ရတာ ဂုဏ်မငယ်ခဲ့။ သူ့သားမှန်းသိတာနဲ့ သူ့မိတ်ဆွေတွေက မင်းအဖေက သိပ်ရိုးသားတယ် သိပ်အလုပ်ကြိုးစားတာနဲ့ ပြောတတ်ကြတော့ အဖေ့ကိုယ်စား ဂုဏ်ယူမိပါတယ်။

ကလေးကို မရိုက်ရဘူးဆိုတဲ့ ဆောင်ပုဒ်က သူ့ လက်ကိုင်။ ဘယ်ကလေးကိုမှ သူမရိုက်ခဲ့။ စကားနဲ့ပဲ ဆုံးမတယ်။ သင်ပြတယ်။ ဒါကြောင့် ငယ်ငယ်က မရိုက်တဲ့ အဖေ့ကို သိပ်မကြောက်ပဲ ရိုက်တဲ့ အမေ့ကိုပဲ ကြောက်ခဲ့တယ်။

ကျွန်တော်က အေးအေးလေးနဲ့ဆိုးတဲ့ သား။ လမ်းပေါ်မှာ အနေများတဲ့ကောင်။ ညဆို လက်ဖက်ရည်ဆိုင်မှာ သန်းကောင်ထိ ထိုင်တတ်သူ။ အမေက ဒါတွေကို လုံးဝမကြိုက်။ အမေဆူရင် ဒေါသတွေ ပေါက်ကွဲရင် ကျွန်တော့ဖက်က ရပ်တည်ပေးတာ အဖေပါပဲ။ ငါတို့သားက အမှားအမှန် ခွဲခြားတတ်ပါတယ်။ သားကို သူယုံတယ်တဲ့။

အိမ်နားနီးချင်းတွေနဲ့ကတော့ ပြောင်းပြန်ပေါ့။ သူတို့တွေက သူတို့အဖေတွေကို သိပ်ကြောက်ရတာ။ ရိုက်လို့တဲ့။ တခါတော့ မြတ်ထွန်းဆိုတဲ့ ချာတိတ်ကို သူ့အဖေက စိတ်တိုပြီး ရေတွင်းကုန်းနားမှာ ရိုက်နေတာ ဘယ်သူမှ ဝင်မဆွဲရဲဘူး။ အိမ်ထဲမှာနေနေတဲ့ အဖေက အပြင်ထွက်လာပြီး ကလေးကို အတင်းဝင်ဆွဲတယ်။ ပြီးတော့ အဖေပြောတဲ့စကားက မှတ်သားစရာ။ ခင်ဗျားသားကို ဒီလောက်ရိုက်တော့ အသားမှာ အနာရွတ်တွေထပ်နေတော့မှာပေါ့။ အသားနာအောင်လုပ်ရင်း ကလေးရဲ့ နုနယ်တဲ့ နှလုံးသားလေး နာတတ်တယ်။ တော်တော့ ကိုခင်မောင်။ တဲ့လေ။ အနေမှန်တဲ့ အဖေ့ကို အားလုံးက လေးစားကြတာမို့ သူလည်း အဖေပြောတာကို လက်ခံသွားပါတယ်။

ငယ်စဉ်ထဲက ကိုယ့်ဒူးကိုယ်ချွန် ကျိုးစားရုန်းကန်ခဲ့ရတဲ့အဖေ။ ရိုးဂုဏ်ကို တသက်လုံး ထိန်းသိမ်းသွားတဲ့အဖေက မိသားစုကိုလည်း သိပ်ချစ်ခဲ့တယ်။ သူငယ်ငယ်က မိဘမေတ္တာ မပြည့်မရခဲ့လို့ သူ့သားသမီးတွေကို မိဘမေတ္တာ အပြည့်ပေးမယ်တဲ့။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ လောင်းကစားမလုပ်၊ မိန်းမမလိုက်စားပဲ စံပြဖြစ်အောင် နေပြခဲ့ပါတယ်။

တခါတရံ အမေနဲ့ လင်မယားသဘာဝ ကတောက်ကဆ ဖြစ်ကြရင် အဖေက သားကြီး ကျွန်တော့ကို လက်ဆွဲပြီး အပြင်ထွက် ရုပ်ရှင်သွားကြည့်တတ်တယ်။ စိတ်တို စိတ်ဆိုးရင် အရက်မသောက်နဲ့ စိတ်ပြေအောင် ရုပ်ရှင်ကြည့်ရသတဲ့။ အဲဒါလည်း ထူးလှတဲ့ သူ့ အယူအဆ တခုပါ။

ရန်ကုန်က ဈေးဝယ်ပြီး ပြန်လာတိုင်း မိသားစုအတွက် စားစရာတခုခု အမြဲပါနေကြ။ ဖရဲသီးပေါ်ချိန်ဆို အလုံးကြီးသုံးလေးလုံး။ အထည်ထုပ်တွေအပြင် ဖရဲသီးကြီးတွေပါ အလေးခံ သယ်လာတဲ့ အဖေ။ သားသမီးတွေကို စားစေချင်တဲ့ အဖေ့မေတ္တာကို ကိုယ်တိုင် အဖေဖြစ်တော့ ပိုနားလည်မိပါတယ်။

အဖေက ပညာကိုလည်း သိပ်အားပေးတယ်။ သူငယ်ငယ်က အခြေအနေမပေးလို့ ပညာကောင်းစွာမသင်ခဲ့ရလို့ ဆိုပြီး သူ့သားသမီးတွေကို ပညာတတ်တွေ ဖြစ်လာအောင် ပြုစုပေးခဲ့တယ်။ အင်ဂျင်နီယာ သုံးယောက်နဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲ ပညာရှင်တဦး ( ညီအလတ်ကောင်က သူ့အကို အင်ဂျင်နီယာကြီး ဘွဲ့ရအလုပ်မရှိဖြစ်နေချိန်မှာ ဆယ်တန်းအောင်တော့ RIT မရွေးပဲ ကွန်ပြူတာတက္ကသိုလ် ရွေးသွားလို့၊ နို့မို့ဆို အင်ဂျင်နီယာ လေးယောက်ဖြစ်မှာ။) ဖြစ်အောင် သွန်သင်ဆုံးမခဲ့တဲ့ သူ့ လက်သုံးစကားက ပညာရွှေအိုး လူမခိုးဘူး။ ဘဝကို တက်မှာလား ဆင်းမှာလား။ ကိုယ့်လမ်းကိုယ်ရွေး။ သင်ရမှာက မင်းတို့တာဝန် ထောက်ပံ့ရမှာက ငါ့တာဝန် ပါတဲ့။

မနက်တိုင်း အစောကြီးထ၊ ဈေးထွက်။ ဥပုဒ်နေ့ တိုင်း မြို့ထိပ်က သိမ်ဥူးကျောင်းကို ဥပုဒ်စောင့်သွား။ တရားနာပြီး ညနေမှ ဘုန်းကြီးကျောင်းကပြန်တယ်။ တရားပွဲဆို ရှေ့ဆုံးကသွားပြီး နာရုံမကပဲ ကက်ဆက်နဲ့လည်း အသံဖမ်းတယ်။ ဒါကြောင့် အိမ်မှာ တရားတိပ်ခွေတွေ ရာချီရှိခဲ့တယ်။ သူ့ရဲ့ ဓမ္မမိတ်ဆွေတွေကိုလည်း ငှားတယ်။ ဝေငှတယ်။ ဥပုဒ်နေ့တိုင်း ဘုန်းကြီးကျောင်းတက်တဲ့အဖေဟာ ဆိုင်ကယ်မှောက်ပြီး ကျန်းမာရေးထိခိုက် မသွားနိုင်တော့မှပဲ ရပ်သွားပါတော့တယ်။

သူမဆုံးခင် ဆေးရုံမှာ ဝါဆိုသင်္ကန်းကပ်၊ ပိဋကပ်သုံးပုံ စာအုပ်တွေလှုတယ်။ ငါဝါဆိုသင်္ကန်းကပ်ခဲ့တာ နှစ်ငါးဆယ်ရှိခဲ့ပြီ။ ကောင်းမှုကုသိုလ်တွေလည်း အများကြီး ပြုခဲ့ပြီ။ သားသမီးတွေအပေါ်လည်း တာဝန်မရှိတော့ဘူး။ သူသေလို့ရပြီ။ သူသေရင် ငိုမနေကြနဲ့လို့ ပြောခဲ့သေးတယ်။ ဆေးရုံက ကျွန်တော် ပြန်ခါနီးချိန်မှာ သား သွားတော့ ကားချိန်နီးပြီ။ အဖေ့အတွက်မပူနဲ့တဲ့။ နွေးထွေးလှတဲ့ အဖေ့ရဲ့ လက်ကလေးကို ဆုပ်ကိုင် အားပေးရင်း ခုတခေါက် တွေ့ဆုံခြင်းဟာ နောက်ဆုံးတွေ့ဆုံခြင်းပဲလို့ ရင်ထဲက သိနေတော့ ဖေါ်မပြနိုင်လောက်အောင် ခံစားခဲ့ရပါတယ်။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့အရပ်မှာ အခြေချနေတဲ့ သားနဲ့ နောက်ဆုံးတွေ့ဆုံခြင်းဆိုတာ သူလည်း သိနေမှာပဲ။ ဒါပေမဲ့ မသိချင်ယောင်ဆောင်ပြီး သားအဖ နှစ်ယောက် တဦးနဲ့ တဦး အားပေး လက်ပြနှုတ်ဆက်ခဲ့တော့ အဖေက လက်ပြပြီး ပြန်နှုတ်ဆက်တယ်။ အဲဒါ အဖေ့ကို အသက်ရှင်လျှက် နောက်ဆုံးတွေ့ခဲ့ရခြင်းပါပဲ

ကျွန်တော်ပြန်ပြီး သုံးလလောက်မှာ ဂျပန်က ညီအလတ် ဖုန်းဆက်လာတယ်။ ပါပါး ဆုံးသွားပြီတဲ့။ ဖြေဆည်ရာကို ကြိုတင်တွေးထားတဲ့ ကျွန်တော် မျက်ရည်မကျခဲ့ပါဘူး။ အဖေနဲ့သားကြားက နားလည်မှုတရားကို အဖေ အသိဆုံးနေမှာမို့ မငိုခဲ့တာပါ။

အဖေကတော့ သူ့တာဝန် သူကျေလို့ ခရီးတခု ထွက်သွားခဲ့ပြီ။ ကျန်ခဲ့တဲ့ ကျွန်တော် ကလည်း အဖေ့လိုပဲ အဖေ့တာဝန် ကျေအောင် ထမ်းရွက်ပါ့မယ်လို့ အဖေနေ့မှာ အဖေ့ကို တိုင်တည် ဂတိပေးပါတယ်။

ကမ္ဘာလောက ပေါ်မှာရှိကြသော အဖေပီသတဲ့ အဖေအပေါင်းကိုလည်း ဒီနေရာကနေပြီး ဂါရဝ ပြုလိုက်ပါတယ်။

အဖေအားလုံး ကျန်းမာ ချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Friday, June 12, 2015

အန်တိစုနဲ့  စွယ်တော်ကျောင်း

ဗုဒ္ဓဘာသာကို အလွန်ရိုသေတတ်တဲ့ အန်တီစု တရုတ်ခရီးမှာ စွယ်တော်ကျောင်းသွားပြီး ဆရာတော်တွေကို ကြည်ညိုဖူးမျှော်ခဲ့ပါတယ်။

အွန်လိုင်းမှာ ဘာစုညာစုနဲ့ တိုက်ခိုက်ဆဲ ဆရာများကတော့ ခုထိ ပွဲကြမ်းနေတုန်း။ သူတို့အဘတွေရဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ အန်တီစုရဲ့ တရုတ်ခရီးအကြောင်း ဖေါ်ပြတာ တွေ့မိသေးလား။ ကြေးမုံတို့ မြန်မာ့အလင်းတို့က အမှောင်ထဲမှာ အိပ်ပျော်နေဆဲပဲလား မသိ။ ( အဝေးရောက်နေတာမို့ တကယ်မသိလို့ မေးတာပါ။ ဖွတာမဟုတ်ရပါကြောင်း။)


 

အန်တီစုနဲ့  တရုတ်သမ္မတ

တရုတ်သမ္မတကြီး စီကျင်းပင်နဲ့ အန်တီစုတို့ တွေ့ဆုံပုံတွေကို တရုတ်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖေါ်ပြနေကြတယ်။

ငယ်သူငယ်ချင်း Kyaw Win ကတော့ သူ့ပို့စ်မှာ ဒီပုံလေးကို စကားပြန်မလိုသော တွေ့ဆုံမှုလို့ မှတ်ချက်ပေးထားလေရဲ့။

ပညာတတ် ခေါင်းဆောင်နှစ်ဦးတွေ့ကြတာမို့ စကားပြန် ထားရန်မလို။ အင်္ဂလိပ်ဘာသာနဲ့ ပြောကြလိမ့်မယ်။

နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် ရိုးသားတဲ့ပညာတတ်တွေ ပညာရှင်တွေပဲ ဦးဆောင်မဲ့ ခေါင်းဆောင်နေရာမှာ တွေ့မြင်ချင်ပါတယ်။ စစ်ရေးအမြင်ရှိသူဆိုတဲ့ သူတွေကို ပြည်သူအများစုကြီးကလည်း မမြင်တွေ့ချင်တော့ပါ။

နိုင်ငံတကာက ခေါင်းဆောင်ကြီးတွေက သူတို့နဲ့ တန်းတူထားပြီး လက်ခံတွေ့ဆုံကြရတဲ့ အန်တီစုဟာ သာမန်လွှတ်တော်အမတ်လား၊ ကမ္ဘာက လက်ခံမဲ့ ခေါင်းဆောင်လား ဆိုတာ ဒီပုံလေးက သက်သေတစ်ခုအနေနဲ့ ပြနေတယ်လို့ ခံယူပါကြောင်း။

အသက် ၇၀ ပြည့်တော့မဲ့ အန်တီ ကျန်းမာစွာဖြင့် နိုင်ငံအကျိုးကို ဆက်လက် သယ်ပိုးထမ်းဆောင် နိုင်ပါစေ။


 

Wednesday, June 10, 2015

ရွှေတိဂုံကို မြင်လျှင်

နေညိုရင် ရွှေဘိုကို လွမ်းသတဲ့။
ရွှေဘိုသားတွေက ပြောကြတယ်။
ကျွန်တော်ကတော့ အချိန်တန်ရင် ရွှေတိဂုံဆီ ပြန်ချင်တယ်။

သူများတွေက ရွှေတိဂုံမှာ အံ့ဘွယ်ကိုးမျိုးရှာကြတယ်။ ဘာထူးမယ် ညာထူးမယ်ပေါ့။ ကျွန်တော်ကတော့ ရွှေတိဂုံရောက်ရင် ဘာမှမရှာဘူး။ နေမပူပဲ အရိပ်ရမဲ့ နေရာကနေ ရွှေတိဂုံကို ကြည့်တယ်။ ဖူးတယ်။ ကြည်နူးတယ်။

ရွှေတိဂုံကို ဘုရားတစ်ဆူလုံးအပြည့် မြင်ရတဲ့ နေရာက အောင်မြေနေရာပဲရှိတယ်။ အဲဒီနေရာကလည်း အမြဲတန်း ပြည့်နေတတ်တယ်။ ဒါကြောင့် အရိပ်ရတဲ့ တန်ဆောင်း တစ်ခုခုမှာ ထိုင်ပြီး ရွှေတိဂုံကို ဖူးလေ့ရှိတယ်။

ရွှေတိဂုံကို ကုန်သည်ညီနောင်က တည်တယ်။ ဘုရားလေးဆူတို့ရဲ့ ဓါတ်တော်တွေ ကိန်းဝတ်တယ် ဘာညာနဲ့ ဖတ်ဖူးပေမဲ့ ကျွန်တော့အတွက်တော့ ဘုရားစေတီမှန်ရင် သက်ရှိထင်ရှားဘုရားကို ရည်မှန်းပူဇော်တာမို့ အတူတူ။ တန်ခိုးကြီးဘုရား နာမည်တတ်ရင်တော့ တခြားစေတီပုထိုးတွေက တန်ခိုးမရှိသလို အဓိပ္ပာယ် ရောက်မယ်။

ဒါဆို ဘာလို့ ရွှေတိဂုံကို လာလဲလို့ မေးရင် ရွှေတိဂုံရဲ့ ခမ်းနားမှုကြောင့် လို့ပဲ ပြောရမယ်။ ရွှေတိဂုံရဲ့ထုထည် ကြီးမားမှု၊ စေတီရဲ့ ပြေပြစ်လှပမှု၊ မြန်မာမှု ဗိသုကာလက်ရာတွေရဲ့ ကောက်ကြောင်းအစုံအလင်ရဲ့ အနုပညာ မြောက်မှု တွေကြောင့် ရွှေတိဂုံကို မကြာခဏ သွားဖြစ်တယ်။

ရွှေတိဂုံရဲ့ အောက်ခြေထုထည်ကြီးမားရုံမကပဲ ထောင့်တွေ ဖေါ်ထားတာ အရမ်းလှတာပဲ။ စေတီရံတွေကြောင့် ဘုရားထုကို ကွယ်နေသလိုထင်ရပေမဲ့ အချိန်ပေးကြည့်ရင် မြင်နိုင်ပါတယ်။

စေတီရံတွေကလည်း မနည်းလှ။ တန်ဆောင်းတွေ ရှိသမျှကလည်း ဘုရားရုပ်ထုတွေ အပြည့်။နေရာမရှိတော့ ရတဲ့နေရာ ကျန်တဲ့ နေရာလေးမှာ ဖြစ်အောင် တည်ထားခဲ့ကြတယ်။ ဘုရားဆင်းတုတွေက အစီအစဉ်တကျ မရှိတော့ပဲ လှည့်ချင်ရာ လှည့်ဖြစ်ကုန်ကြရော။ ဆင်းတုတွေ က အစီအစဉ်တကျ မဟုတ်ပဲ စောင်းတန်းတွေမှာ တည်ရှိနေတာက ရွှေတိဂုံရဲ့ ထူးခြားမှု ဖြစ်ပြန်ပါတယ်။

အဲဒီ ဆင်းတုတော် အဆူဆူရဲ့ အလှုရှင် နာမည်တွေ လိုက်ဖတ်ရင်းနဲ့ ရန်ကုန်သမိုင်းကို တစိတ်တဒေသ ကိုလည်း သိနိုင်သေးတယ်။

ဘုရားရင်ပြင်ပေါ်က လူတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကို တန်ဆောင်းထဲမှာထိုင်ရင်း လေ့လာနိုင်တယ်။ ဝတ်စားဆင်ယင်ပုံတွေ ကွဲကြသလို ပြုမူပြောဆိုပုံတွေလည်း မတူကြ။ တချို့က ဘေးလူတွေကို အားနာလို့ တိုးတိတ်စွာ အာရုံပြုတယ်။ တချို့ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ အော်ကြီးဟစ်ကျယ်။

ရွှေတိဂုံတက်ရင် တောင်ဘက်စောင်းတန်းက တက်ဖြစ်တာ များတယ်။တတ်နိုင်သမျှ ခြေလျှင်ပဲ တက်တယ်။ စောင်းတန်းက ဈေးတန်းမှာ ဖတ်ချင်တဲ့ စာအုပ်လေးတွေလည်း ဝယ်ဖြစ်တယ်။ ပန်းသည်လေးတွေ အပြိုင်အဆိုင် ပန်းရောင်းတာ မိတ်ခေါ်တာကတော့ သူတို့ စီးပွားရေးပဲလေလို့ သဘောထားရတာပဲ။

နောက်တစ်ခု ရွှေတိဂုံမှာ ဘဝင်မကြ ဖြစ်ရတာက အိမ်သာကိစ္စ။ ဘုရားရင်ပြင်မှာ ဖိနပ်မစီးရဆိုတာ သဘာဝကြတယ်ထားဦး။ ဝတ္တက္ကမြေဆိုပြီး အိမ်သာထဲလည်းဖိနပ်မစီးရတာ အတော်ဆိုးတယ် ထင်မိတယ်။ အိမ်သာထဲက အညစ်အကြေးတွေက ခြေမှာပေ။ အဲဒီခြေထောက်နဲ့ ဘုရားပြန်တက်တော့ ရင်ပြင်တော် ပိုညစ်ပတ်။ ဘုန်းကြီးကျောင်းလည်း ဒီလိုပဲ။ ဖိနပ်မစီးရတော့ ခြေထောက်တွေပေ။ ကျောင်းပေါ်ကိုတက်တော့ ကျောင်းကြီးညစ်ပတ်။ ဒါကြောင့် ခေတ်မှီတဲ့ တချို့ ဘုန်းကြီးကျောင်းတွေက ဖိနပ်စီးခွင့်ပြုတာ။ ကျောင်းပေါ်တက်မှ ဖိနပ်ချွတ်တော့ ကျောင်းသန့်ရှင်းတာပေါ့။

ဘန်ကောက်က မြဘုရားသွားတော့ ရင်ပြင်မှာ ဖိနပ်စီးခွင့်ရှိတယ်။ မြဘုရားထားရာ ကျောင်းဆောင်ထဲ ဝင်မှ ဖိနပ်ကို စင်မှာ သေသေချာချာထည့်ပြီး ဝင်ဖူးရတာ ကြုံရတော့ စည်းကမ်းရှိမှုနဲ့ သန့်ရှင်းမှုရှိလို့ သဘောကြခဲ့တယ်။ကျွန်တော်တို့ ဆီမှာတော့ ဘယ်တော့များမှ ဖြစ်လာမယ် မသိ။

ရွှေတိဂုံအကြောင်း ပြောရင်း ဘေးရောက်ကုန်ပြီ။ ရွှေတိဂုံ ထာဝရ ဘက်စုံ ပြုပြင်ရေးဆိုပြီး လုပ်နေကြတာ ကြာပြီ။ ဘာတွေဘယ်လောက်ရလို့ ဘာတွေပြင်တယ်။ ဘာညာနဲ့ တိုင်းပြည်သိအောင် သတင်းစာထဲမှာ ကြေညာတာလည်း မရှိလေတော့ ဘာတွေ တိုးတက်တယ်။ ခေတ်မှီအောင် ငလျှင်ဒါဏ် ခံနိုင်အောင် ဘယ်လို နည်းပညာတွေနဲ့ မွန်းမံထိန်းသိမ်းထားတယ်လည်း မသိရ။ ဘုရားက ခေတ်အဆက်ဆက် ရှိပြီးစေတီကို ငုံပြီး တည်ခဲ့တယ်။ နောက်ဆုံးအနေနဲ့ မင်းလက်ဝါးကြီးဦးစီးပြီး အခုမြင်ရတဲ့ပုံကို ပြုပြင်ခဲ့တယ် ဆိုတာလောက်ပဲ သိရတယ်။

ခေတ်မှီ စက်ကရိယာတွေပေါ်နေပါပြီ။ နည်းပညာတွေလည်း ရှိနေပါပြီ။ဘုရားကို သရီးဒီစကန် (3D Scan) ဖတ်လို့ ရတဲ့ စက်တွေနဲ့ ကြည့်လိုက်ရင် အတွင်းမှာ ထုဘယ်လိုရှိတယ်။ ဘယ်နေရာမှာ အားနည်းနေတယ်။ ဘယ်နေရာကို အားဖြည့် (reinforce) ရမယ် သိရတော့ ဘုရားစေတီကြီးရဲ့ ကြံ့ခိုင်မှုကို ပိုပြီး သိနိုင်တာပေါ့။ ကုန်းတော်ရဲ့ ကြံ့ခိုင်မှုကိုလည်း ဘူမိဗေဒ ပညာရှင်တွေရဲ့ အကူအညီနဲ့ ခေတ်မှီ စစ်ဆေးရမယ်။ ပညာရှင်တွေ အများစုရဲ့ အကြံပြုမှုကို လိုက်နာပြီး လိုအပ်တဲ့ အားဖြည့်မှုတွေ ထည့်သွင်းသင့်တယ်။ ရွှေတိဂုံရဲ့ ငါးမိုင်ပတ်လည်ကို လုံခြုံမှုဇုံ (safety zone) သတ်မှတ်ပြီး အဆောက်အဦများကို အမြင့်ဆောက်ခြင်း၊ ပိုင်အနက်ကြီး ရိုက်ခြင်း၊ မြေတူးခြင်း၊မြေအောက်ရေ ထုတ်ယူခြင်း စသည်များကို ကန့်သတ်ရပါမယ်။

ဒါမှ ကျွန်တော်တို့ ချစ်တဲ့ ရွှေတိဂုံဟာ နောင်နှစ်ပေါင်းများစွာ တည်ရှိမှာပါ။ ဒဂုံစီးတီးလို စီမံကိန်းကို ဆန့်ကျင်ကြရင်း ရွှေတိဂုံကို ကယ်တင်ကြရအောင်။

"ရွှေတိဂုံကိုမြင်လျှင် ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်ဌာနည်တွင် ပြန်ရောက်သည်သို့ စိတ်အားရယ် ပျော်ရွှင်။"

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Tuesday, June 9, 2015

ဒေါ်လာဈေး

ဘာပြောရမလဲပေါ့နော်။

သမတကြီးသရက်သီးလည်းသရက်သီး။
အန်တီစု သရက်သီးလည်း သရက်သီး။
တူတော့တူတယ်ပေါ့နော်။

အန်တီစုက ကျောင်းသားတွေကို ပေးတာပေါ့နော်။
သမတကြီးကတော့ အပင်မှာ စက္ကူတွေနဲ့ ထုတ်ထားတာ ပေါ့နော်။


သူက ဘယ်သူ့ကိုမှ မပေးဘူးဆိုတဲ့ သဘောပေါ့နော်။
အဲ့ဒါကြောင့် ဒေါ်လာဈေးက ၁၂၂၀ ဖြစ်သွားတာတို့။
ရွှေဈေးက ခုနှစ်သိန်းလေးသောင်းငါးထောင် ဖြစ်တာတို့ တော့ မဟုတ်ဘူး ပေါ့နော်။
သမတကြီး ဘောပွဲကြည့်ရင်း အင်းလေးမှာ လှေစီးတာလည်း မဟုတ်ဘူးပေါ့နော်။


ဒေါ်လာဈေးတက်တော့ ကုန်ဈေးနှုန်းတော့ တက်တာပေါ့နော်။
အဲဒါ ရွှေရင်ဌေးဌေးနဲ့ မဆိုင်ဘူး ထင်တယ်ပေါ့နော်။


လေယဉ်မှူးမလေး ပီစီကွေးက မိုးပေါ်မှာ ဆယ်ဖီ တက်ရိုက်လို့ ကုန်ဈေးနှုန်း တက်တာလည်း မဟုတ်ဘူးပေါ့နော်။


ရန်ကုန်မှာ ရေကြီးလို့ ဒေါ်လာတက်တာလည်း မဆိုင်ဘူးပေါ့နော်။
အစိုးရ မကောင်းလို့ လို့လည်း မပြောရဲဘူးပေါ့နော်။


နော်.....................။


(ဒေါ်လာဈေးတက်လို့ ဝမ်းမသာနိုင်ပါဘူး ပေါ့နော်။)

ဆယ်တန်းအောင်စာရင်း

ဒီနေ့ ဆယ်တန်းအောင်စာရင်း ထွက်သတဲ့။ သူငယ်ချင်းတွေရဲ့ သားသမီးတွေ ဒီခြောက်လုံးတို့ ဒီငါးလုံးတို့ ရကြသတဲ့။ သူတို့နဲ့ ထပ်တု ဂုဏ်ယူ ဝမ်းသာမိပါတယ်။ ဒီဘယ်နှစ်လုံးပါပါ မပါပါ အောင်တယ်ဆိုရင် ဝမ်းသာမိပါတယ်။

ဆယ်တန်းက ပြောရရင် လူငယ်တွေအတွက် ကျော်ဖြတ်ရခက်တဲ့ တံတိုင်းကြီးနဲ့ တူတယ်။ ကြိုးစားမှုနဲ့ ကံတရား ထပ်တူညီမှ ကျော်နိုင်ကြတယ်။ တချို့တော့လည်း သာသာယာယာကျော်ခဲ့ကြတယ်။ တချို့တော့လည်း ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရတယ်။ တချို့ဆို ဘယ်လိုမှ ကျော်မရလို့ လက်မှိုင်ချ။

မောင်လူပေတို့လည်း ရင်ခုန်ခဲ့ဘူးတာပါပဲ။ ဆယ်တန်းအောင်စာရင်း မထွက်ခင် ကျောင်းတွေပြန်ဖွင့်တော့ မအောင်ခဲ့ရင် စာနောက်မကျအောင် ဆိုပြီး လွယ်အိပ်ပြင်တော့ အဖေက ငါ့သားဘယ်သွားမလို့လဲ တဲ့။ ကျောင်းသွားမလို့ပါ လို့ ပြန်ဖြေတော့ အဖေက ရယ်ပြီး အောင်စာရင်းမှ မထွက်သေးတာပဲ အောင်စာရင်းထွက်ပြီး မအောင်ဘူးဆိုမှ ကျောင်းပြန်သွားရမှာ။ မပူပါနဲ့ အောင်မှာပါ လို့ အားပေးခဲ့တယ်။ ဒါနဲ့ပဲ ကျောင်းပြန်မတက်ဖြစ်တာ။

အောင်စာရင်းမထွက်ခင် ညကတော့ ရင်အခုန်ဆုံး။ အောင်စာရင်းတွေကို တစ်စောင် ငါးကျပ်နဲ့ ဝယ်လို့ရတယ် ပြောလို့ ညရှစ်နာရီလောက်မှာ အောင်စာရင်း သယ်လာမဲ့ကားကို ညနေ ခြောက်နာရီလောက်ထဲက သွားစောင့်နေတာ။ ကားက ညကိုးနာရီကျော်မှ ဝင်လာတယ်။ ပိုက်ဆံငါးကျပ်ပေးတော့ အောင်စာရင်းတစ်စောင် ရတယ်။ မစောင့်နိုင်လို့ လမ်းမီးတိုင် အောက်မှာပဲ အောင်စာရင်းစာရွက်ကို ဖွင့်ဖတ်ပြီး ကိုယ့်နာမည်တွေ့မှ သက်ပြင်းချနိုင်ရဲ့။

အိမ်ကို အပြေးပြန်ပြီး အောင်တယ်ဗျ။ ဝမ်းဒီ လို့ ပြောလိုက်တော့ ပျော်သွားတဲ့ အဖေနဲ့ အမေရဲ့ မျက်နှာကို ခုထိ မြင်ယောင်ဆဲ။ ဆယ်တန်းအောင်ဖို့ အရမ်းခက်တဲ့ အချိန်မို့ ကျောင်းနဲ့ကျူရှင် နပမ်းလုံးခဲ့ရကျိုး နပ်ပြီပေါ့။ တစ်ပြည်လုံးအောင်ချက် လေးရာနှုန်းပဲရှိခဲ့တယ်။ တောင်ငူ အထက(၁) အနေနဲ့ ဆယ်ရာနှုန်းနီးပါးပဲအောင်ခဲ့တယ်။ ဆယ်ယောက်မှာ ကိုးယောက်ကျတဲ့ စာမေးပွဲ။ ဝမ်းဒီကတော့ ကျောင်းသားအများစု ထွက်ခဲ့တယ်။ သချာင်္လွယ်တဲ့နှစ်။ လွန်ခဲ့တဲ့ သုံးဆယ့်လေးနှစ်က ပေါ့။ အတိအကျဆိုရင် ၁၉၈၁။

အဲဒီခေတ်က ငွေငါးကျပ်က မနည်းလှ။ ဈေးတစ်ခါ သွားလို့ရတယ်။ အဲဒီငွေကို သူ့သားတော်မောင် အောင်စာရင်းစောသိချင်လို့ ဝယ်မယ်ပြောတဲ့အခါ မနက်ဖြန်မှ သွားကြည့်ပါလားသားရယ်။ ငွေငါးကျပ်ဆိုတာ နည်းတာမဟုတ်ဘူး လို့ မပြောပဲ ငွေထုတ်ပေးခဲ့တဲ့ အမေ့စေတနာကို ကိုယ်တိုင် မိဘဖြစ်မှ ပိုပြီး နားလည်မိတယ်။ သားနဲ့ထပ်တူ အောင်စာရင်းကို ကြိုသိချင်နေတဲ့ အမေနဲ့ အဖေရဲ့ မေတ္တာတွေပေါ့။ အောင်စာရင်းကို ကြိုသိခဲ့တာ မတရားဘူး တရားတယ်ဆိုတာ အဲဒီအချိန်က မစဉ်းစားမိခဲ့။

အခုလည်း သူငယ်ချင်းတွေက အဖေအမေနေရာရောက်ပြီမို့ မနက်မိုးမလင်းခင်ထဲက အောင်စာရင်းကြည့်ဖို့ ကျောင်းရှေ့ရောက်နေတဲ့ပုံတွေ တွေ့ရတော့ မိဘမေတ္တာကို ပိုပြီးနားလည် ခံစားမိတယ်။

ကံမကောင်းလို့ မအောင်တဲ့ ကလေးတွေလည်း နောက်နှစ်မှာ အောင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်နှစ်ဆိုရင်တော့ ဆယ်တန်းအမှတ်နဲ့ လိုင်းမခွဲတော့ဘူးလို့ကြားတယ်။ ဟုတ်မဟုတ်ကတော့ စောင့်ကြည့်ပေတော့။

ဆယ်တန်းစာမေးပွဲမှာ ဒီတွေ ခြောက်လုံးတို့ ငါးလုံးတို့ ရတယ်လို့ ပြောတော့ ဒီက ကလေးတွေက ရယ်ကြတယ်။ ဒီမှာက ဒီခြောက်လုံးဆိုတာ ခြောက်ဘာသာ ကျတာပဲ။ အနည်းဆုံး စီ ရမှ အောင်တယ်။ အေဘီစီဒီနဲ့ ဂရိတ်ပေးတဲ့စနစ်နဲ့ အသားကြနေတဲ့ ကလေးတွေက ဗမာပြည်က ဒီကို နားမလည်ကြ။ ဒီမှာတော့ All A. GPA 4.0 လောက်ရမှ တော်တယ် ထင်ကြလေရဲ့။ ဗမာပြည်မှာလည်း ၁၂ တန်းအထိ တိုးပြီးရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် Grade system သုံးမယ်လို့ သိရတယ်။ ခဏခဏ ပြောင်းတဲ့ ပညာရေးမူဘောင်တွေရဲ့ အလယ်မှာ ကလေးတွေ ကြားမညှပ်ပါစေနဲ့လို့ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်းမိတ်ဆွေများရဲ့ သားသမီးငယ်တွေ နိုင်ငံအတွက် အဖိုးတန်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေ ဖြစ်နိုင်ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Wednesday, June 3, 2015

တက္ကသိုလ် ကျောင်းသား

ရှင်လူထွက်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့တွေကို မေ့ရခက်သတဲ့။

ရှင်လူထွက်တဲ့နေ့ကို မမှတ်မိတော့။ အိမ်ဆိုတဲ့ ထောင်ကျတဲ့ နေ့ကိုတော့ မှတ်မိသည်။ အပြေးကောင်းသူမို့ တကယ့်နရသိန်မရောက်ခဲ့လို့ ထောင်ကထွက်တဲ့နေ့တော့ မရှိခဲ့။ ထပ်တိုးလို့ ရလျှင်ဖြင့် တက္ကသိုလ်တက်သည့်နေ့ ကိုပါ မေ့မရနေ့များထဲမှာ နောက်တိုးအဖြစ် ထည့်လိုက်ချင်သည်။

မောင်လူပေတို့ ဆယ်တန်းအောင်တော့ ဆယ့်ခြောက်နှစ်။ ချာတိတ်သာသာ အထကကျောင်းသား ဘဝကနေ တက္ကသိုလ် တက်ရမည် ဆိုတော့ လန့်တော့ အလန့်သား။ ရွေးစရာ မေဂျာကလည်း သိပ်မရှိ။ ဘိုင်အိုကို ထိုင်ငိုလောက်အောင် ကြောက်သူမို့ အားသန်ရာ သိပ္ပံသချာင်္ ဘာသာတွဲကိုသာ ရွေးခဲ့သည်။ ကျောင်းကတော့ ရွေးရန်မလို။ တောင်ငူက ဆယ်တန်းအောင်သူတိုင်း သွားရမည်က ပဲခူးဒေသကောလိပ်။ ပိုက်ဆံတတ်နိုင်သူတို့က ပုံစံ ၁၀ ပြောင်းကာ ရန်ကုန် အာစီတူးတို့ အာစီသရီးတို့ သွားတက်ကြ၏။ မောင်လူပေအတွက်ကတော့ ပဲခူးကောလိပ်မှတစ်ပါး အခြားမရှိပါ။

ရထား ကားတို့ဖြင့် ပဲခူးကို မကြာခဏ ဖြတ်သွားဖူးသော်လည်း တစ်ခါမျှ ဝင်မလည်ဖူးသော တိုင်းမြို့တော်ရှိ ကျောင်းတော်မဟာဆိုတော့ ရင်တော့ ခုန်မိသည်။ ဖတ်ဖူးတဲ့ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသား ဝတ္တုထဲကလို ဆေးလိပ်ခဲပြီး စာအုပ်တွေကိုင်ထားတဲ့ ကျောင်းသားအိုကြီးတွေက အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေကို ချောက်တွန်းလေမလား။ ကျေပါနော် ကိုသိန်းဖေ။ ကျေပါတယ် မအေးစိန် တို့လို ဇာတ်လမ်းလေးတွေ ဖြစ်လာမလား ဘာညာနဲ့လည်း ရင်ခုန်ရတာ အမောသား။

အိမ်ကနေ ထွက်တော်မူနန်းကခွာတော့ အငှား ဟိုင်းလတ်ကားနှင့် ဖြစ်သည်။ တောင်ငူသား သူငယ်ချင်းတစ်စု တစ်ဆောင်ထည်းငှားကာ တချိန်ထဲထွက်ခဲ့ကြသည်။ လေးလွင်၊ စံအောင်၊ မင်းဦး၊ မျိုးကြည်၊ လှဌေး၊ ရဲအောင်၊ ကျော်သူမြတ် နှင့် မောင်လူပေတို့ စီးလာတဲ့ အငှားကားလေး ပဲခူးဝင်တော့ နေတောင်စောင်းနေပြီ။ ၁၉၈၁ ရဲ့ ဒီဇင်ဘာလပေမဲ့ ပဲခူးဆောင်းက မအေး လှ။

ပါလာတဲ့အထုတ်က အများကြီးမဟုတ်။ ဦးလေးတွေ ကောလိပ်တက်တုန်းက သုံးခဲ့တဲ့ သံသေတ္တာဟောင်းကို ဆေးသုတ်ပြီးပေးလိုက်တဲ့ သေတ္တာတစ်လုံး၊ သားရေအိပ်ရာလိပ်ဟောင်းတစ်ခု၊ စားစရာအနည်းငယ်နဲ့ တိုလီမိုလီထည့်ထားတဲ့ ကြိမ်ခြင်းတောင်းတစ်ခု၊ သင်ဖျူးဖျာဟောင်းတစ်ချပ် ဒါပဲပါသည်။

နေရမဲ့အဆောင်က ရွှေမောဓောဘုရားလမ်းနှင့် ၃၂လမ်းထောင့်ရှိ စိုးမိုးဦးဓါတ်ပုံတိုက်၏အနောက်ရှိ ၃၂လမ်းကို မျက်နှာမူထားသော သစ်သားဆောင်လေး။ နေရမဲ့နေရာရွေး။ ဖုန်ခါပြီး နေရုံပင်။ ကုတင်တစ်လုံး၊ စားပွဲကုလားထိုင် ခပ်သေးသေးတစ်စုံပါသည်။

ရောက်ရောက်ခြင်းပဲ တက်ရမည့် ကျောင်းသို့ သွားကြည့်ကြသည်။ ကောလိပ်ကျောင်းက ထင်ထားသလို မသားနားလှ။ ပဲခူးအထက ကျောင်းကို ဒေသကောလိပ်ဖွင့်ထားခြင်းဖြစ်သည်။

ထိုအထက တဖြစ်လည်း ဒေသကောလိပ်အမည်ရသော တက္ကသိုလ်ကျောင်းတော် မဟာတွင် နှစ်နှစ် တက်ရောက် သင်ကြားခဲ့ရသည်။ ရောက်စက ငယ်သူမို့ အိမ်ကို သတိရသေးသော်လည်း သူငယ်ချင်းသစ်များတိုးလာတော့ ကြာကြာ သတိမရတော့ပြီ။

ထင်ထားသလို ကျောင်းသားအိုကြီးတွေလည်းမရှိ။ နောက်ပြောင်သူလည်းမတွေ့။ စာကြိုးစားနေကြသည့် လူတွေနှင့်သာ ခင်ခဲ့သည်။ ဆေးတို့ စက်မှုတို့က ထိပ်ဆုံးမျှော်မှန်းချက်။ ဒါတွေမှ မဝင်လျှင် သွား၊ ဗက်တ်၊ သစ်တော၊ ဘူမိ၊ အီကို စသည်ဖြင့် မျှော်မှန်းချက် ကိုယ်စီဖြင့် စာတွေကျက်ခဲ့ရတဲ့ ကောလိပ်ကျောင်းသားဘဝမို့ စာအုပ်ထဲက ကောလိပ်ကျောင်းသားတော့ မဟုတ်ခဲ့။
ဆယ်ကျော်သက်အရွယ် အပျော်ဆုံးအချိန်မို့ စာတွေနဲ့ နဘမ်းလုံးရင်း ပျော်ခဲ့တာတွေရှိခဲ့ပါသည်။ မိဘပေးသမျှနှင့် လောက်အောင် သုံးတတ်လာသည်။ အနယ်နယ်က သူငယ်ချင်းများကလည်း ကိုယ်တွေနှင့်မခြားလှ။

ဖြူးသူ၊ ကညွတ်ကွင်းသူလေးတွေက ကျောင်းမှာ ချောသည်ဟု နာမည်ရသည်။ တောင်ငူတို့ ပဲခူးတို့က အလှပဂေးစာရင်း မဝင်ကြ။ ထိုမြို့များမှ ရှိသမျှ လှတပတ လေးတွေ ပုံစံ ၁၀ နဲ့ ရန်ကုန်ပြောင်းကြလို့လည်း ဖြစ်နိုင်သည်။ ( ဤစာဖတ်ပြီး ထိုအချိန်က ပဲခူးဒေသကောလိပ်တွင် တက်ခဲ့ကြသည့် တောင်ငူနှင့် ပဲခူးဇာတိ ပျိုမဒီဟောင်းများ ဒေါသထွက်နေလျှင် ခွင့်လွှတ်ကြပါရန်။ )

ကျေပါတယ် မအေးစိန် လို့ ပြောချင်ပေမဲ့ ဘယ် မအေးစိန်နဲ့မှ မတွေ့ခဲ့။ သူတို့တွေလည်း ကျောင်းကောင်းဝင်ရေးအတွက် အသည်းအသန် ကြိုးစားနေရသည်မို့ ကိုသိန်းဖေကို သတိပြုမိဟန်မရှိရှာကြ။ ကျောင်းပြီးလျှင် ကျူရှင်လည်း ပြေးရသေးသည်ပဲ။ ဘာဘာညာညာ စဉ်းစားချိန် ရှိပုံမရ။ ခင်စရာကောင်းသော မိန်းကလေး သူငယ်ချင်းများနှင့်တော့ သိကြွမ်းခဲ့ရသည်။ သဘောကောင်း မနောဖြူသော သူငယ်ချင်းများ ဖြစ်ကြ၏။ ဖေ့ဘုတ်ကြီး ကျေးဇူးတော်ကြောင့် ပြန်လည်အဆက်အသွယ် ရကြတော့လည်း အရင်ကအတိုင်း ခင်ဆဲပင်။

ကောလိပ်ကျောင်းမှာ ထိုင်စရာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပဲရှိသည်။ ထိုအချိန်က ဖိုးချိုခေတ်။ တချိန်လုံး ဖိုးချိုပဲဖွင့်တတ်သည်။ နောက်တော့
စိုးလွင်လွင် သီချင်းတွေ ခေတ်ထလာသည်။

ယောက်ျားလေး အပေါင်းအဖေါ်များနှင့် မကြာမကြာ ထိုင်တတ်သော်လည်း ဘိုင်ပြတ်တာ များသူဖြစ်၏။
ကျောင်းမှာ တွဲဖြစ်တဲ့ တခြားနယ်မှ သူငယ်ချင်းတွေက ညောင်လေးပင်သား သန်းအောင်၊ ဝေါသား ကြည်ဝင်း၊ ပဲခူးသား ကျော်မင်း၊ စိုးနိုင် အောင်မြင့်သန်း၊ တင်ဦး၊ ကမာစဲသား တင်မောင်နိုင်၊ သက္ကလသား စိုးဦး စသည်ဖြင့် အတော်များသား။ ကြာခဲ့ပြီမို့ နာမည်တွေတောင် မေ့နေပြီ။ အဲဒီနှစ်က ပဲခူးဒေသ တက်ခဲ့သူတွေ ဆေးတို့ စက်မှုတို့ အများကြီး ဝင်ခဲ့ကြလေသည်။

ပဲခူးက မိုးတွင်းဆိုလျှင် ရေကြီးပြီ။ ကျောင်းလည်း ပိတ်ရသည်။ ဇိုင်းဂနိုင်းဖက်ကို ရေကြီးတာ သွားကြည့်ကြသည်။ လိပ်ပြာကန်ဇာတ်လမ်းတွေ ဖတ်ဖူးသော်လည်း တကယ်ကြတော့ ကန်က တောင်ငူ ကျုံး သာသာ ပင် ရှိ၏။ တောင်ငူ ကန်တော်ကြီးကို ခြေဖျားပင် မှီသည်မထင်။ ဟင်္သာကုန်းက ဖိုပေါ်မတက်တဲ့ ပုံတော်အရလည်း ပဲခူးသူက လင်ကိုနိုင်သတဲ့။ ဟုတ်မဟုတ်ကတော့ ပဲခူးသားတွေသာ သိပေမည်။ အပေးအယူ မျှလျှင်တော့ ဘယ်သူမျှ မနိုင်လောက်။ ရေကြီးချိန် ခြေချစရာ တစ်ကိုယ်စာပေမို့ ချစ်တဲ့ ဟင်္သာမကို ကျောပေါ်တင်ထားတဲ့ ပဲခူးသားတို့ရဲ့ အချစ်ကြီးပုံကြတော့ မြင်ပုံမရကြ။

ကောလိပ်ကျောငးသစ်ကြီးက စာကလေးကွင်းမှာ ဆောက်လက်စ။ အပြီးမသတ်သေးတော့ လုပ်အားပေး သွားကြရသည်။ စာကလေးကွင်း ကောလိပ်သစ်ကြီးမှာ မျှော့တွယ်ခံ ရွှံ့ပေခံရင်း သစ်ပင်တွေလည်း စိုက်ခဲ့ကြသည်။ ခုလောက်ဆိုလျှင်ဖြင့် ထိုအပင်ငယ်များ လူလားမြောက်ကာ ကျောင်းတော်မဟာကို အရိပ်ကောင်းတွေ ပေးနေရောပေါ့။ အတွဲတွေလည်း ထိုင်ချင်လျှင် ထိုင်နေကြလိမ့်မည်။ စိုက်ပျိုးခဲ့ကြတဲ့ သူတွေကတော့ တစ်နေရာစီမှာ ကံစီမံရာ ရောက်နေကြသည်။ တချို့လည်း မရှိကြတော့ပြီ။

ကျောင်းက ထုတ်တဲ့ ရိုးမစာစောင်တို့ နှစ်လည် မဂ္ဂဇင်းတို့တွင်လည်း လက်သွေးခဲ့သေး၏။ စာမူရှင်များ ဂုဏ်ပြုပွဲတို့ သချာင်္ဂုဏ်ထူးရသူများ ဂုဏ်ပြုပွဲတို့ လွမ်းစရာတွေက တွေးလေ အမှတ်ရလာလေပင်။

အသေအခြာ ပြန်တွက်ကြည့်တော့ သုံးဆယ့်လေးနှစ်တောင် ရှိခဲ့လေပြီ။ ဘဝရဲ့ အတောက်ပဆုံးအရွယ်ရဲ့ နှစ်နှစ်တာကို ပဲခူးမှာ ကုန်ဆုံးခဲ့သည်။ ပဲခူးသားတစ်ပိုင်း ဖြစ်ခဲ့သည်ပဲ။ ရွှေသာလျှောင်းနဲ့ မဟာစေတီ အနောက်တော ဘုရားဖူး။ အကျွတ်အလွတ် ဘုရားထိ သွားခဲ့ရတာ ပျော်စရာ။ အနောက်တောသွားရင်း ရန်ကုန်က ဘုရားဖူးကားတွေ တွေ့ရင် ကိုယ်သိတဲ့သူပါလေမလားနဲ့ ရှာခဲ့ရတာလည်း မမေ့နိုင်။ အော် ငယ်ဘဝရဲ့ ကောလိပ်ကျောင်းသားဘဝကိုတော့ နောက်ဆုံးထွက်သက်တိုင် အမှတ်ရနေတော့မည် ထင်ပါတော့သည်။

(ကောလိပ်ကျောင်းသား အူတူတူ ဘဝလေးကို သူငယ်ချင်းတွေအား အမှတ်ရတဲ့ အနေနဲ့ ရေးလိုက်ပါတယ်။ ပုံဟောင်းလေးတွေ အသိမ်းကောင်းပြီး ပြန်တင်တတ်တဲ့ ပဲခူးဒေသကောလိပ်က ငယ်သူငယ်ချင်း ချင်းချင်းပုံ လေးတွေကြည့်ရင်း အမှတ်ရလို့ ရေးပါတယ်။ သူငယ်ချင်းမိတ်ဆွေအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။ )

ချစ်ခြင်းအားဖြင့်

မောင်လူပေ

 

အင်ဂျင်နီယာဆိုတာ

မန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရဲ့ PE တွေရဲ့ နာမည်ရှေ့မှာ Engr တပ်ခွင့်ပြုသည် ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် အင်ဂျင်နီယာလောကမှာ ပွက်လောရိုက်နေတယ်။
ဆေးကောင်စီလိုပဲ ဆ/မ ထုတ်ပေးတယ်။ ဆ/မ ရမှ ဆရာဝန်ဖြစ်မယ်။ ဘွဲ့ရရုံနဲ့ Dr မတတ်ရ ဆိုတဲ့ သဘော။
အင်ဂျင်နီယာ ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် PE လက်မှတ် မရှိသူ Engr လို့ မတတ်ရ ဆိုတဲ့ သဘော သက်ရောက်တယ်။
ဒီနိုင်ငံက PE တွေကတော့ PE မောင်ဖြူ PE မောင်နီ နဲ့ ရေးကြတာ တွေ့ဖူးတယ်။ ဒီမှာ အရင်က EIT (Engineer in Training) စာမေးပွဲလို့ ခေါ်တယ်။ ခုတော့ PE/ FE ( Practical Engineer/ Fundamental Engineer) စာမေးပွဲလို့ ပြောင်းထားတယ်။
နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် PE တွေ မွေးပေးနေတယ်ဆိုတဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီကို လေးစားပါတယ်။ PE လက်မှတ် ရသူမှ Engr တပ်လို့ရမယ် ဆိုတဲ့ ထုတ်ပြန်ချက် ကြီးကတော့ တမျိုးကြီးပဲ။
နိုင်ငံတကာမှာ PE မရှိပဲ လုပ်နေကြတဲ့ Engr တွေ အများကြီးပါ။
PE မရှိပဲ Engr တပ်ရင် ဘယ်လို အရေးယူမယ်၊ ပြစ်ဒဏ်က ဘယ်လို ဆိုတာ သိရင် ပြောပြကြပါဦး သူငယ်ချင်း အင်ဂျင်နီယာများ ခင်ဗျား။

 

အစိမ်းကပ်တဲ့။

ဝှိုက်ကပ်ကိုင်ထားတဲ့ ဘင်ဝါလီတွေကို ဝှိုက်ကပ်တွေ ပြန်အပ်ခိုင်းတော့ ဘာမှမသိတဲ့ လူတွေက ဝမ်းသာကြတယ်။ အစိုးရကို ကျေးဇူးတွေတင်ကြတယ်။ ခိုးဝင် ဘင်ဂါလီတွေတရားမဝင် ပြန်ဖြစ်သွားပြီ ထင်ကြတယ်။
ခုတော့ လဝက က တရားဝင် ထုတ်ပြောလိုက်ပါပြီ။ ဘင်ဂါလီတွေကို အစိမ်းကပ်လို့ ခေါ်တဲ့ ဧည့်နိုင်ငံသားကပ် ထုတ်ပေးမလို့  ပြန်သိမ်းတာပါတဲ့။သူတို့ ကို ယာယီ နိုင်ငံသားကနေ ဧည့်နိုင်ငံသားအဆင့်ကို တိုးပေးလိုက်တော့မယ်တဲ့။ လေးသိန်းခွဲလောက် ပြန်အပ်တာမို့  လေးသိန်းခွဲသော ဘင်ဂါလီများကို အစိမ်းကပ် ထုတ်ပေးမှာပါတဲ့။
ဘာမှန်းမသိခင်က ကျေးဇူးတွေ တင်ခဲ့ကြတဲ့ ရခိုင်ပြည်သူတွေတော့ အတော် ဒေါသ ထွက်နေလောက်ပြီ။ အွန်လိုင်းပေါ်က မျိုးချစ်ဆိုတဲ့ ဆရာတွေ ဆီကလည်း ဘာသံမှ မကြားရသေး။