Wednesday, June 3, 2015

တက္ကသိုလ် ကျောင်းသား

ရှင်လူထွက်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့တွေကို မေ့ရခက်သတဲ့။

ရှင်လူထွက်တဲ့နေ့ကို မမှတ်မိတော့။ အိမ်ဆိုတဲ့ ထောင်ကျတဲ့ နေ့ကိုတော့ မှတ်မိသည်။ အပြေးကောင်းသူမို့ တကယ့်နရသိန်မရောက်ခဲ့လို့ ထောင်ကထွက်တဲ့နေ့တော့ မရှိခဲ့။ ထပ်တိုးလို့ ရလျှင်ဖြင့် တက္ကသိုလ်တက်သည့်နေ့ ကိုပါ မေ့မရနေ့များထဲမှာ နောက်တိုးအဖြစ် ထည့်လိုက်ချင်သည်။

မောင်လူပေတို့ ဆယ်တန်းအောင်တော့ ဆယ့်ခြောက်နှစ်။ ချာတိတ်သာသာ အထကကျောင်းသား ဘဝကနေ တက္ကသိုလ် တက်ရမည် ဆိုတော့ လန့်တော့ အလန့်သား။ ရွေးစရာ မေဂျာကလည်း သိပ်မရှိ။ ဘိုင်အိုကို ထိုင်ငိုလောက်အောင် ကြောက်သူမို့ အားသန်ရာ သိပ္ပံသချာင်္ ဘာသာတွဲကိုသာ ရွေးခဲ့သည်။ ကျောင်းကတော့ ရွေးရန်မလို။ တောင်ငူက ဆယ်တန်းအောင်သူတိုင်း သွားရမည်က ပဲခူးဒေသကောလိပ်။ ပိုက်ဆံတတ်နိုင်သူတို့က ပုံစံ ၁၀ ပြောင်းကာ ရန်ကုန် အာစီတူးတို့ အာစီသရီးတို့ သွားတက်ကြ၏။ မောင်လူပေအတွက်ကတော့ ပဲခူးကောလိပ်မှတစ်ပါး အခြားမရှိပါ။

ရထား ကားတို့ဖြင့် ပဲခူးကို မကြာခဏ ဖြတ်သွားဖူးသော်လည်း တစ်ခါမျှ ဝင်မလည်ဖူးသော တိုင်းမြို့တော်ရှိ ကျောင်းတော်မဟာဆိုတော့ ရင်တော့ ခုန်မိသည်။ ဖတ်ဖူးတဲ့ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသား ဝတ္တုထဲကလို ဆေးလိပ်ခဲပြီး စာအုပ်တွေကိုင်ထားတဲ့ ကျောင်းသားအိုကြီးတွေက အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေကို ချောက်တွန်းလေမလား။ ကျေပါနော် ကိုသိန်းဖေ။ ကျေပါတယ် မအေးစိန် တို့လို ဇာတ်လမ်းလေးတွေ ဖြစ်လာမလား ဘာညာနဲ့လည်း ရင်ခုန်ရတာ အမောသား။

အိမ်ကနေ ထွက်တော်မူနန်းကခွာတော့ အငှား ဟိုင်းလတ်ကားနှင့် ဖြစ်သည်။ တောင်ငူသား သူငယ်ချင်းတစ်စု တစ်ဆောင်ထည်းငှားကာ တချိန်ထဲထွက်ခဲ့ကြသည်။ လေးလွင်၊ စံအောင်၊ မင်းဦး၊ မျိုးကြည်၊ လှဌေး၊ ရဲအောင်၊ ကျော်သူမြတ် နှင့် မောင်လူပေတို့ စီးလာတဲ့ အငှားကားလေး ပဲခူးဝင်တော့ နေတောင်စောင်းနေပြီ။ ၁၉၈၁ ရဲ့ ဒီဇင်ဘာလပေမဲ့ ပဲခူးဆောင်းက မအေး လှ။

ပါလာတဲ့အထုတ်က အများကြီးမဟုတ်။ ဦးလေးတွေ ကောလိပ်တက်တုန်းက သုံးခဲ့တဲ့ သံသေတ္တာဟောင်းကို ဆေးသုတ်ပြီးပေးလိုက်တဲ့ သေတ္တာတစ်လုံး၊ သားရေအိပ်ရာလိပ်ဟောင်းတစ်ခု၊ စားစရာအနည်းငယ်နဲ့ တိုလီမိုလီထည့်ထားတဲ့ ကြိမ်ခြင်းတောင်းတစ်ခု၊ သင်ဖျူးဖျာဟောင်းတစ်ချပ် ဒါပဲပါသည်။

နေရမဲ့အဆောင်က ရွှေမောဓောဘုရားလမ်းနှင့် ၃၂လမ်းထောင့်ရှိ စိုးမိုးဦးဓါတ်ပုံတိုက်၏အနောက်ရှိ ၃၂လမ်းကို မျက်နှာမူထားသော သစ်သားဆောင်လေး။ နေရမဲ့နေရာရွေး။ ဖုန်ခါပြီး နေရုံပင်။ ကုတင်တစ်လုံး၊ စားပွဲကုလားထိုင် ခပ်သေးသေးတစ်စုံပါသည်။

ရောက်ရောက်ခြင်းပဲ တက်ရမည့် ကျောင်းသို့ သွားကြည့်ကြသည်။ ကောလိပ်ကျောင်းက ထင်ထားသလို မသားနားလှ။ ပဲခူးအထက ကျောင်းကို ဒေသကောလိပ်ဖွင့်ထားခြင်းဖြစ်သည်။

ထိုအထက တဖြစ်လည်း ဒေသကောလိပ်အမည်ရသော တက္ကသိုလ်ကျောင်းတော် မဟာတွင် နှစ်နှစ် တက်ရောက် သင်ကြားခဲ့ရသည်။ ရောက်စက ငယ်သူမို့ အိမ်ကို သတိရသေးသော်လည်း သူငယ်ချင်းသစ်များတိုးလာတော့ ကြာကြာ သတိမရတော့ပြီ။

ထင်ထားသလို ကျောင်းသားအိုကြီးတွေလည်းမရှိ။ နောက်ပြောင်သူလည်းမတွေ့။ စာကြိုးစားနေကြသည့် လူတွေနှင့်သာ ခင်ခဲ့သည်။ ဆေးတို့ စက်မှုတို့က ထိပ်ဆုံးမျှော်မှန်းချက်။ ဒါတွေမှ မဝင်လျှင် သွား၊ ဗက်တ်၊ သစ်တော၊ ဘူမိ၊ အီကို စသည်ဖြင့် မျှော်မှန်းချက် ကိုယ်စီဖြင့် စာတွေကျက်ခဲ့ရတဲ့ ကောလိပ်ကျောင်းသားဘဝမို့ စာအုပ်ထဲက ကောလိပ်ကျောင်းသားတော့ မဟုတ်ခဲ့။
ဆယ်ကျော်သက်အရွယ် အပျော်ဆုံးအချိန်မို့ စာတွေနဲ့ နဘမ်းလုံးရင်း ပျော်ခဲ့တာတွေရှိခဲ့ပါသည်။ မိဘပေးသမျှနှင့် လောက်အောင် သုံးတတ်လာသည်။ အနယ်နယ်က သူငယ်ချင်းများကလည်း ကိုယ်တွေနှင့်မခြားလှ။

ဖြူးသူ၊ ကညွတ်ကွင်းသူလေးတွေက ကျောင်းမှာ ချောသည်ဟု နာမည်ရသည်။ တောင်ငူတို့ ပဲခူးတို့က အလှပဂေးစာရင်း မဝင်ကြ။ ထိုမြို့များမှ ရှိသမျှ လှတပတ လေးတွေ ပုံစံ ၁၀ နဲ့ ရန်ကုန်ပြောင်းကြလို့လည်း ဖြစ်နိုင်သည်။ ( ဤစာဖတ်ပြီး ထိုအချိန်က ပဲခူးဒေသကောလိပ်တွင် တက်ခဲ့ကြသည့် တောင်ငူနှင့် ပဲခူးဇာတိ ပျိုမဒီဟောင်းများ ဒေါသထွက်နေလျှင် ခွင့်လွှတ်ကြပါရန်။ )

ကျေပါတယ် မအေးစိန် လို့ ပြောချင်ပေမဲ့ ဘယ် မအေးစိန်နဲ့မှ မတွေ့ခဲ့။ သူတို့တွေလည်း ကျောင်းကောင်းဝင်ရေးအတွက် အသည်းအသန် ကြိုးစားနေရသည်မို့ ကိုသိန်းဖေကို သတိပြုမိဟန်မရှိရှာကြ။ ကျောင်းပြီးလျှင် ကျူရှင်လည်း ပြေးရသေးသည်ပဲ။ ဘာဘာညာညာ စဉ်းစားချိန် ရှိပုံမရ။ ခင်စရာကောင်းသော မိန်းကလေး သူငယ်ချင်းများနှင့်တော့ သိကြွမ်းခဲ့ရသည်။ သဘောကောင်း မနောဖြူသော သူငယ်ချင်းများ ဖြစ်ကြ၏။ ဖေ့ဘုတ်ကြီး ကျေးဇူးတော်ကြောင့် ပြန်လည်အဆက်အသွယ် ရကြတော့လည်း အရင်ကအတိုင်း ခင်ဆဲပင်။

ကောလိပ်ကျောင်းမှာ ထိုင်စရာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပဲရှိသည်။ ထိုအချိန်က ဖိုးချိုခေတ်။ တချိန်လုံး ဖိုးချိုပဲဖွင့်တတ်သည်။ နောက်တော့
စိုးလွင်လွင် သီချင်းတွေ ခေတ်ထလာသည်။

ယောက်ျားလေး အပေါင်းအဖေါ်များနှင့် မကြာမကြာ ထိုင်တတ်သော်လည်း ဘိုင်ပြတ်တာ များသူဖြစ်၏။
ကျောင်းမှာ တွဲဖြစ်တဲ့ တခြားနယ်မှ သူငယ်ချင်းတွေက ညောင်လေးပင်သား သန်းအောင်၊ ဝေါသား ကြည်ဝင်း၊ ပဲခူးသား ကျော်မင်း၊ စိုးနိုင် အောင်မြင့်သန်း၊ တင်ဦး၊ ကမာစဲသား တင်မောင်နိုင်၊ သက္ကလသား စိုးဦး စသည်ဖြင့် အတော်များသား။ ကြာခဲ့ပြီမို့ နာမည်တွေတောင် မေ့နေပြီ။ အဲဒီနှစ်က ပဲခူးဒေသ တက်ခဲ့သူတွေ ဆေးတို့ စက်မှုတို့ အများကြီး ဝင်ခဲ့ကြလေသည်။

ပဲခူးက မိုးတွင်းဆိုလျှင် ရေကြီးပြီ။ ကျောင်းလည်း ပိတ်ရသည်။ ဇိုင်းဂနိုင်းဖက်ကို ရေကြီးတာ သွားကြည့်ကြသည်။ လိပ်ပြာကန်ဇာတ်လမ်းတွေ ဖတ်ဖူးသော်လည်း တကယ်ကြတော့ ကန်က တောင်ငူ ကျုံး သာသာ ပင် ရှိ၏။ တောင်ငူ ကန်တော်ကြီးကို ခြေဖျားပင် မှီသည်မထင်။ ဟင်္သာကုန်းက ဖိုပေါ်မတက်တဲ့ ပုံတော်အရလည်း ပဲခူးသူက လင်ကိုနိုင်သတဲ့။ ဟုတ်မဟုတ်ကတော့ ပဲခူးသားတွေသာ သိပေမည်။ အပေးအယူ မျှလျှင်တော့ ဘယ်သူမျှ မနိုင်လောက်။ ရေကြီးချိန် ခြေချစရာ တစ်ကိုယ်စာပေမို့ ချစ်တဲ့ ဟင်္သာမကို ကျောပေါ်တင်ထားတဲ့ ပဲခူးသားတို့ရဲ့ အချစ်ကြီးပုံကြတော့ မြင်ပုံမရကြ။

ကောလိပ်ကျောငးသစ်ကြီးက စာကလေးကွင်းမှာ ဆောက်လက်စ။ အပြီးမသတ်သေးတော့ လုပ်အားပေး သွားကြရသည်။ စာကလေးကွင်း ကောလိပ်သစ်ကြီးမှာ မျှော့တွယ်ခံ ရွှံ့ပေခံရင်း သစ်ပင်တွေလည်း စိုက်ခဲ့ကြသည်။ ခုလောက်ဆိုလျှင်ဖြင့် ထိုအပင်ငယ်များ လူလားမြောက်ကာ ကျောင်းတော်မဟာကို အရိပ်ကောင်းတွေ ပေးနေရောပေါ့။ အတွဲတွေလည်း ထိုင်ချင်လျှင် ထိုင်နေကြလိမ့်မည်။ စိုက်ပျိုးခဲ့ကြတဲ့ သူတွေကတော့ တစ်နေရာစီမှာ ကံစီမံရာ ရောက်နေကြသည်။ တချို့လည်း မရှိကြတော့ပြီ။

ကျောင်းက ထုတ်တဲ့ ရိုးမစာစောင်တို့ နှစ်လည် မဂ္ဂဇင်းတို့တွင်လည်း လက်သွေးခဲ့သေး၏။ စာမူရှင်များ ဂုဏ်ပြုပွဲတို့ သချာင်္ဂုဏ်ထူးရသူများ ဂုဏ်ပြုပွဲတို့ လွမ်းစရာတွေက တွေးလေ အမှတ်ရလာလေပင်။

အသေအခြာ ပြန်တွက်ကြည့်တော့ သုံးဆယ့်လေးနှစ်တောင် ရှိခဲ့လေပြီ။ ဘဝရဲ့ အတောက်ပဆုံးအရွယ်ရဲ့ နှစ်နှစ်တာကို ပဲခူးမှာ ကုန်ဆုံးခဲ့သည်။ ပဲခူးသားတစ်ပိုင်း ဖြစ်ခဲ့သည်ပဲ။ ရွှေသာလျှောင်းနဲ့ မဟာစေတီ အနောက်တော ဘုရားဖူး။ အကျွတ်အလွတ် ဘုရားထိ သွားခဲ့ရတာ ပျော်စရာ။ အနောက်တောသွားရင်း ရန်ကုန်က ဘုရားဖူးကားတွေ တွေ့ရင် ကိုယ်သိတဲ့သူပါလေမလားနဲ့ ရှာခဲ့ရတာလည်း မမေ့နိုင်။ အော် ငယ်ဘဝရဲ့ ကောလိပ်ကျောင်းသားဘဝကိုတော့ နောက်ဆုံးထွက်သက်တိုင် အမှတ်ရနေတော့မည် ထင်ပါတော့သည်။

(ကောလိပ်ကျောင်းသား အူတူတူ ဘဝလေးကို သူငယ်ချင်းတွေအား အမှတ်ရတဲ့ အနေနဲ့ ရေးလိုက်ပါတယ်။ ပုံဟောင်းလေးတွေ အသိမ်းကောင်းပြီး ပြန်တင်တတ်တဲ့ ပဲခူးဒေသကောလိပ်က ငယ်သူငယ်ချင်း ချင်းချင်းပုံ လေးတွေကြည့်ရင်း အမှတ်ရလို့ ရေးပါတယ်။ သူငယ်ချင်းမိတ်ဆွေအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။ )

ချစ်ခြင်းအားဖြင့်

မောင်လူပေ

 

No comments:

Post a Comment