ရွှေဘိုသားတွေက ပြောကြတယ်။
ကျွန်တော်ကတော့ အချိန်တန်ရင် ရွှေတိဂုံဆီ ပြန်ချင်တယ်။
သူများတွေက ရွှေတိဂုံမှာ အံ့ဘွယ်ကိုးမျိုးရှာကြတယ်။ ဘာထူးမယ် ညာထူးမယ်ပေါ့။ ကျွန်တော်ကတော့ ရွှေတိဂုံရောက်ရင် ဘာမှမရှာဘူး။ နေမပူပဲ အရိပ်ရမဲ့ နေရာကနေ ရွှေတိဂုံကို ကြည့်တယ်။ ဖူးတယ်။ ကြည်နူးတယ်။
ရွှေတိဂုံကို ဘုရားတစ်ဆူလုံးအပြည့် မြင်ရတဲ့ နေရာက အောင်မြေနေရာပဲရှိတယ်။ အဲဒီနေရာကလည်း အမြဲတန်း ပြည့်နေတတ်တယ်။ ဒါကြောင့် အရိပ်ရတဲ့ တန်ဆောင်း တစ်ခုခုမှာ ထိုင်ပြီး ရွှေတိဂုံကို ဖူးလေ့ရှိတယ်။
ရွှေတိဂုံကို ကုန်သည်ညီနောင်က တည်တယ်။ ဘုရားလေးဆူတို့ရဲ့ ဓါတ်တော်တွေ ကိန်းဝတ်တယ် ဘာညာနဲ့ ဖတ်ဖူးပေမဲ့ ကျွန်တော့အတွက်တော့ ဘုရားစေတီမှန်ရင် သက်ရှိထင်ရှားဘုရားကို ရည်မှန်းပူဇော်တာမို့ အတူတူ။ တန်ခိုးကြီးဘုရား နာမည်တတ်ရင်တော့ တခြားစေတီပုထိုးတွေက တန်ခိုးမရှိသလို အဓိပ္ပာယ် ရောက်မယ်။
ဒါဆို ဘာလို့ ရွှေတိဂုံကို လာလဲလို့ မေးရင် ရွှေတိဂုံရဲ့ ခမ်းနားမှုကြောင့် လို့ပဲ ပြောရမယ်။ ရွှေတိဂုံရဲ့ထုထည် ကြီးမားမှု၊ စေတီရဲ့ ပြေပြစ်လှပမှု၊ မြန်မာမှု ဗိသုကာလက်ရာတွေရဲ့ ကောက်ကြောင်းအစုံအလင်ရဲ့ အနုပညာ မြောက်မှု တွေကြောင့် ရွှေတိဂုံကို မကြာခဏ သွားဖြစ်တယ်။
ရွှေတိဂုံရဲ့ အောက်ခြေထုထည်ကြီးမားရုံမကပ
စေတီရံတွေကလည်း မနည်းလှ။ တန်ဆောင်းတွေ ရှိသမျှကလည်း ဘုရားရုပ်ထုတွေ အပြည့်။နေရာမရှိတော့ ရတဲ့နေရာ ကျန်တဲ့ နေရာလေးမှာ ဖြစ်အောင် တည်ထားခဲ့ကြတယ်။ ဘုရားဆင်းတုတွေက အစီအစဉ်တကျ မရှိတော့ပဲ လှည့်ချင်ရာ လှည့်ဖြစ်ကုန်ကြရော။ ဆင်းတုတွေ က အစီအစဉ်တကျ မဟုတ်ပဲ စောင်းတန်းတွေမှာ တည်ရှိနေတာက ရွှေတိဂုံရဲ့ ထူးခြားမှု ဖြစ်ပြန်ပါတယ်။
အဲဒီ ဆင်းတုတော် အဆူဆူရဲ့ အလှုရှင် နာမည်တွေ လိုက်ဖတ်ရင်းနဲ့ ရန်ကုန်သမိုင်းကို တစိတ်တဒေသ ကိုလည်း သိနိုင်သေးတယ်။
ဘုရားရင်ပြင်ပေါ်က လူတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကို တန်ဆောင်းထဲမှာထိုင်ရင်း လေ့လာနိုင်တယ်။ ဝတ်စားဆင်ယင်ပုံတွေ ကွဲကြသလို ပြုမူပြောဆိုပုံတွေလည်း မတူကြ။ တချို့က ဘေးလူတွေကို အားနာလို့ တိုးတိတ်စွာ အာရုံပြုတယ်။ တချို့ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ အော်ကြီးဟစ်ကျယ်။
ရွှေတိဂုံတက်ရင် တောင်ဘက်စောင်းတန်းက တက်ဖြစ်တာ များတယ်။တတ်နိုင်သမျှ ခြေလျှင်ပဲ တက်တယ်။ စောင်းတန်းက ဈေးတန်းမှာ ဖတ်ချင်တဲ့ စာအုပ်လေးတွေလည်း ဝယ်ဖြစ်တယ်။ ပန်းသည်လေးတွေ အပြိုင်အဆိုင် ပန်းရောင်းတာ မိတ်ခေါ်တာကတော့ သူတို့ စီးပွားရေးပဲလေလို့ သဘောထားရတာပဲ။
နောက်တစ်ခု ရွှေတိဂုံမှာ ဘဝင်မကြ ဖြစ်ရတာက အိမ်သာကိစ္စ။ ဘုရားရင်ပြင်မှာ ဖိနပ်မစီးရဆိုတာ သဘာဝကြတယ်ထားဦး။ ဝတ္တက္ကမြေဆိုပြီး အိမ်သာထဲလည်းဖိနပ်မစီးရတာ အတော်ဆိုးတယ် ထင်မိတယ်။ အိမ်သာထဲက အညစ်အကြေးတွေက ခြေမှာပေ။ အဲဒီခြေထောက်နဲ့ ဘုရားပြန်တက်တော့ ရင်ပြင်တော် ပိုညစ်ပတ်။ ဘုန်းကြီးကျောင်းလည်း ဒီလိုပဲ။ ဖိနပ်မစီးရတော့ ခြေထောက်တွေပေ။ ကျောင်းပေါ်ကိုတက်တော့ ကျောင်းကြီးညစ်ပတ်။ ဒါကြောင့် ခေတ်မှီတဲ့ တချို့ ဘုန်းကြီးကျောင်းတွေက ဖိနပ်စီးခွင့်ပြုတာ။ ကျောင်းပေါ်တက်မှ ဖိနပ်ချွတ်တော့ ကျောင်းသန့်ရှင်းတာပေါ့။
ဘန်ကောက်က မြဘုရားသွားတော့ ရင်ပြင်မှာ ဖိနပ်စီးခွင့်ရှိတယ်။ မြဘုရားထားရာ ကျောင်းဆောင်ထဲ ဝင်မှ ဖိနပ်ကို စင်မှာ သေသေချာချာထည့်ပြီး ဝင်ဖူးရတာ ကြုံရတော့ စည်းကမ်းရှိမှုနဲ့ သန့်ရှင်းမှုရှိလို့ သဘောကြခဲ့တယ်။ကျွန်တော်တို့
ရွှေတိဂုံအကြောင်း ပြောရင်း ဘေးရောက်ကုန်ပြီ။ ရွှေတိဂုံ ထာဝရ ဘက်စုံ ပြုပြင်ရေးဆိုပြီး လုပ်နေကြတာ ကြာပြီ။ ဘာတွေဘယ်လောက်ရလို့ ဘာတွေပြင်တယ်။ ဘာညာနဲ့ တိုင်းပြည်သိအောင် သတင်းစာထဲမှာ ကြေညာတာလည်း မရှိလေတော့ ဘာတွေ တိုးတက်တယ်။ ခေတ်မှီအောင် ငလျှင်ဒါဏ် ခံနိုင်အောင် ဘယ်လို နည်းပညာတွေနဲ့ မွန်းမံထိန်းသိမ်းထားတယ်လည်
ခေတ်မှီ စက်ကရိယာတွေပေါ်နေပါပြီ။ နည်းပညာတွေလည်း ရှိနေပါပြီ။ဘုရားကို သရီးဒီစကန် (3D Scan) ဖတ်လို့ ရတဲ့ စက်တွေနဲ့ ကြည့်လိုက်ရင် အတွင်းမှာ ထုဘယ်လိုရှိတယ်။ ဘယ်နေရာမှာ အားနည်းနေတယ်။ ဘယ်နေရာကို အားဖြည့် (reinforce) ရမယ် သိရတော့ ဘုရားစေတီကြီးရဲ့ ကြံ့ခိုင်မှုကို ပိုပြီး သိနိုင်တာပေါ့။ ကုန်းတော်ရဲ့ ကြံ့ခိုင်မှုကိုလည်း ဘူမိဗေဒ ပညာရှင်တွေရဲ့ အကူအညီနဲ့ ခေတ်မှီ စစ်ဆေးရမယ်။ ပညာရှင်တွေ အများစုရဲ့ အကြံပြုမှုကို လိုက်နာပြီး လိုအပ်တဲ့ အားဖြည့်မှုတွေ ထည့်သွင်းသင့်တယ်။ ရွှေတိဂုံရဲ့ ငါးမိုင်ပတ်လည်ကို လုံခြုံမှုဇုံ (safety zone) သတ်မှတ်ပြီး အဆောက်အဦများကို အမြင့်ဆောက်ခြင်း၊ ပိုင်အနက်ကြီး ရိုက်ခြင်း၊ မြေတူးခြင်း၊မြေအောက်ရေ ထုတ်ယူခြင်း စသည်များကို ကန့်သတ်ရပါမယ်။
ဒါမှ ကျွန်တော်တို့ ချစ်တဲ့ ရွှေတိဂုံဟာ နောင်နှစ်ပေါင်းများစွာ တည်ရှိမှာပါ။ ဒဂုံစီးတီးလို စီမံကိန်းကို ဆန့်ကျင်ကြရင်း ရွှေတိဂုံကို ကယ်တင်ကြရအောင်။
"ရွှေတိဂုံကိုမြင်လျှင် ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်ဌာနည်တွင် ပြန်ရောက်သည်သို့ စိတ်အားရယ် ပျော်ရွှင်။"
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment