ဘဝတကွေ့မှ ဆရာတော်များ
မောင်လူပေက ဘုန်းကြီးအမျိုးပါ။ အမေ့ဖက်က တော်စပ်ရတဲ့ အဖိုးလေးနှစ်ပါးက ရွှေကျင်ဂုဏ်းမှာ ဆရာတော်ကြီးတွေအဆင့် ညီအကိုအရင်းတွေပေါ့။ အကိုကြီးက ဗာရာဏသီဆရာတော်လို့အမည်ထင်ရှားသလို ညီငယ်ဖြစ်သူကလည်းမေမြို့ဆရာတော်လို့ ထင်ရှားပါတယ်။
ဆရာတော်ကြီးတွေရဲ့မြေးမို့ အရေးပေးလည်း ခံခဲ့ရဖူးပါတယ်။ ဗာရာဏသီဆရာတော်ကြီးကို ချစ်ကြသလို သူ့မြေးကိုလည်း ချစ်ကြတယ်။ အမေက ဆရာတော်ကြီးရဲ့တူမတော်စပ်ပါတယ်။ အမေရဲ့အမေ(အမေကြီး)က အမေနဲ့အတူနေတာမို့ ဒီဆရာတော်ကြီးတွေ တောင်ငူကြွလာတိုင်း သူတို့အမတော်ကြီးဆီကို ရောက်အောင်လာလေ့ရှိပါတယ်။
ဆရာတော်ကြီးတွေကြွလာပြီဆိုရင် အမေကြီးက ခရီးဦးကြိုပြီးတာနဲ့ ငိုတာပါပဲ။ သူ့မောင်တွေကို လွမ်းတာရယ်၊ သူ့ရပ်သူ့ရွာကို လွမ်းတာရယ်ကြောင့်ပါ။ ဆရာတော်ကြီးတွေက သူတို့အမတော်ကြီးအငိုရပ်တဲ့အထိစောင့်၊ ပြီးရင် တရားသေချာဟောပြကြတယ်။
အမေတို့ရွာက မကွေးတိုင်း၊သရက်ခရိုင်၊ အောင်လံမြို့၊ ရွှေပန်းတောတိုက်နယ်၊ ဇိန့်ရွာ တဲ့။ ရိုးမတောင်ခြေအနီးက အလွန်ခေါင်လှတဲ့ရွာကလေးပါ။ အနီးမှာ ချင်းရွာကလေးတွေရှိတယ်။ အရင်အခါကဆိုရင် သွားရေးလာရေးအလွန်ခက်ပေါ့။ အနီးဆုံးဖြစ်တဲ့အောင်လံမြို့နဲ့ မိုင်နှစ်ဆယ်ပဲ ဝေးပေမဲ့ လေးငါးနာရီသွားကြရတယ်။ အခုခေတ်မှာတော့ ဆိုင်ကယ်တွေတန်ခိုးနဲ့ သွားလာရေး တိုးတက်လာပြီး အတော်စည်ကားနေပြီလို့သိရတယ်။
ဇိန့်ရွာဆိုတဲ့နာမည်က အဆန်းသား။ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ပြီးတဲ့နောက်မှာ အင်္ဂလိပ်က မြေထဲ(အောင်လံ)အထိ သိမ်းပိုက်ခဲ့တယ်။ မူလမြို့ဝန်ကိုပဲ မြေထဲမြို့ဝန်ခန့်ပါတယ်။ ဒါပေမဲ့ မြန်မာဘုရင်ကိုသာ သစ္စာခံတဲ့မြေထဲမြို့ဝန်က သူ့ကျွန်မခံပြီဆိုတဲ့ စိတ်နဲ့ သူ့ရဲ့ဆွေမျိုးတစ်စုကိုအကုန်ခေါ်ပြီး မြေထဲနဲ့အဝေးဆုံးမှာရှိတဲ့ သူ့ရဲ့သစ္စာခံ ချင်းရွာလေးတွေနားမှာ ရွာတည်ခဲ့ရာက ဖြစ်တည်လာတဲ့ ရွာကလေးပေါ့။ ရွာအမည်ကိုလည်း အောင်မြေဆိုတဲ့နာမည်ဖြစ်အောင် ဇိန့်လို့ပေးခဲ့လေတယ်။ ပါဠိဘာသာနဲ့ ဇိန ဆိုတာ အေင်မြင်ခြင်းလို့ အဓိပ္ပါယ်ရှိပါတယ်။
ဒီလိုရွာကလေးမှာ ဗာရာဏသီနဲ့မေမြို့ဆိုတဲ့ ဆရာတော်နှစ်ပါးကို မွေးဖွားခဲ့တယ်။ ဆရာတော်တွေရဲ့မိဘနှစ်ပါးက ဦးစံတူးနဲ့ ဒေါ်ဆေး တဲ့။ ဗာရာဏသီဆရာတော်က မွေးချင်းဆယ်ယောက်မှာ သုံးယောက်မြောက်ဖြစ်ပြီး မေမြို့ဆရာတော်က အငယ်ဆုံးပါ။
မောင်လူပေရဲ့အမေကြီး(အဖွား) ပြောပြဖူးတာ မှတ်မိသလောက်ကတော့ ဆရာတော်တွေရဲ့မယ်တော်ကြီးဒေါ်ဆေးရဲ့ညီအမတွေက ဒေါ်ကွမ်း၊ ဒေါ်ထုံး လို့ ခေါ်ကြသတဲ့။သူတို့ကြိုက်လို့ စားကြတဲ့ ကွမ်းယာထဲထည့်ရတဲ့ အမည်တွေပေါ့။ ရှေးက မြန်မာ့ဓလေ့။ ဒေါ်ဆေးရဲ့သမီးတွေက မသင့်ယုံ၊ မမွှေးယုံ၊ မတွေးယုံ တဲ့။ အမေကြီးနာမည်က မချစ်ယုံ ပါ။ ညီအမတစ်တွေကို နာမည်တွေမှာ ယုံပါအောင် အမည်ပေးထားကြတယ်။
ဗာရာဏသီဆရာတော်ရဲ့ ငယ်အမည်က မောင်ကျော်ယုံ လို့ခေါ်တယ်။ (ရွှေကျင်သာသနာ နှစ် ၁၅၀ စာအုပ်ထဲမှာ သေးသေးတင်ကျန်ခဲ့လို့ မောင်ကျော်ယု ဖြစ်နေတယ်။ စာရိုက်တဲ့သူအမှား ဖြစ်မှာပါ။) မန္တလေးက မဟာဝိသုဒ္ဓါရုံကျောင်းသစ် စည်ရှင်ဆရာတော်ထံတပည့်ခံရင်း သာသနာတော်ထဲရောက်ခဲ့တယ်။ စံကင်းဆရာတော်ကြီးရဲ့ တပည့်လည်း ဖြစ်ခဲ့တယ်။ ပထမကျော်ဆိုတဲ့ ပထမဆု လေးခါရဖူးသလို သကျသီဟ ဓမ္မာစရိယတန်းမှာလည်း ဒုတိယရခဲ့တဲ့အထိ ပညာထူးချွန်သူမို့ အိန္ဒိယနိုင်ငံရှိ ဗာရာဏသီမြို့ကို ပါဠိ၊ သက္ကတ ဘာသာတွေသင်ကြားဖို့ စေလွှတ်ခဲ့ရာက ဗာရာဏသီဆရာတော်အဖြစ် အမည်တွင်ခဲ့တယ်။ သက္ကတဟိန္ဒီဘာသာ မဟာဝိဇ္ဖာဘွဲ့ကို ရယူလာခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ကြွလာပါသတဲ့။
ဗာရာဏသီကို ကြွတော့ ဆရာတော်ရဲ့ ကျောင်းသားအဖြစ် လိုက်ပါသွားသူက အမေကြီးရဲ့သားကြီးမောင်စံသိမ်းပါ။ မောင်လူပေရဲ့ဦးကြီးပေါ့။ ဦးကြီးက အန္ဒိယမှာ လေးတန်းကနေ ခုနှစ်တန်းအထိ နေခဲ့ပါတယ်။ ဆရာတော်ကြီးက သူ့တူကို သူ့လိုပဲ သာသနာ့အမွေခံ ရဟန်းတစ်ပါးဖြစ်စေချင်ခဲ့တာတဲ့။ အမေကြီးကလည်း ရဟန်းမယ်တော်လုပ်မဟဲ့လို့ စိတ်ကူးခဲ့ဟန်တူပါရဲ့။ မြန်မာပြည်ပြန်ရောက်ပြီးမကြာခင် ဦးကြီးက ဗိုလ်သင်တန်းတက်ဖို့ တပ်ထဲဝင်သွားလို့ အမေကြီးမှာ အတော်စိတ်မကောင်းဖြစ်ရသတဲ့။ "မင်းဦးကြီးက လူသတ်ဖို့ ဝါသနာပါတဲ့အတွက် ရဟန်းတွေနဲ့နေရင်း စစ်ထဲလိုက်သွားတာ"လို့ သူ့မြေးဖြစ်တဲ့ မောင်လူပေကို အမေကြီးက ပြောပြဖူးတယ်။ ဘုန်းကြီးကျောင်းသားဘဝကနေ စစ်ဗိုလ်ဖြစ်ခဲ့တဲ့ ဦးကြီးကလည်း တပ်မတော်မှာ တပ်ရင်းမှူးဖြစ်တဲ့အထိ ပုတီးစိတ်လွန်းလို့ ရသေ့စံသိမ်းလို့ အမည်ပေးခံခဲ့ရသူပါ။
ဗာရာဏသီဆရာတော်ကြီးကို ပြည်မြို့သို့ ပင့်ဆောင်ကိုးကွယ်ခဲ့သူကတော့ ရန်ကုန်ကဒေါ်သိန်းတင်လမ်းအမည်ပိုင်ရှင်ဖြစ်တဲ့ သခင်မကြီးနဝင်းဒေါ်သိန်းတင်ဖြစ်တယ်။ ပြည်မြို့က မဟာဝိသုဒ္ဓါရုံတိုက်သစ်ကျောင်းအမကြီးပေါ့။ ဒီကျောင်းကြီးမှာ မောင်လူပေ ရှင်ပြုခဲ့ရတယ်။ ငါ့မြေးကို ငါ့ကျောင်းမှာရှင်ပြုရမယ်လို့ ဆရာတော်ကြီးက မှာလို့ တောင်ငူကနေ တကူးတက သွားရှင်ပြုရတာလို့ အမေတို့ကပြန်ပြောပြဖူးတယ်။ ရှင်ပြုပွဲကို ကျောင်းအမကြီးဒေါ်သိန်းတင်လည်း တက်ရောက်လာတယ်။ ဆရာတော့မြေးက ခပ်သွက်သွက်မို့ ချစ်သွားပုံလည်းရတယ်။
တောင်ငူမြို့ကြီးရပ်က မဟာဝိသုဒ္ဓါရုံကျောင်းသစ်နဲ့ မြို့ထောင့်ကျောင်းတို့မှာ တလှည့်စီကျင်းပတဲ့ မြို့နယ်လုံးဆိုင်ရာ ရွှေကျင်စာပြန်ပွဲရောက်ရင် ဆရာတော်ကြီးတွေ တောင်ငူကိုကြွလာလေ့ရှိတယ်။ နှစ်စဉ်အမြဲကြွတဲ့ဆရာတော်ကြီးတွေထဲမှာ မန္တလေးကပိုက်ကျုံးဆရာတော်ကြီးလည်း ပါတယ်။ ရွှေကျင်ဂုဏ်းရဲ့ ဒုတိယသာသနာပိုင်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော်ကြီးပါ။ သူကလည်း မောင်လူပေကိုချစ်လို့ ဗာရာဏသီမြေးလို့ ခေါ်လေ့ရှိတယ်။ ဒီဆရာတော်ကြီးတွေဟာ အလွန်ကို ရိုးသားသလို နိုင်ငံရေးနဲ့လည်းကင်းအောင် နေတတ်ကြတဲ့ဆရာတော်ကြီးတွေမို့ အလွန်ကြည်ညိုစရာကောင်းပါတယ်။
တပ်မတော်စစ်ခေါင်းဆောင်ကြီးတွေက သူတို့အာဏာတည်မြဲရေးအတွက် ဘုန်းတော်ကြီးတွေကို ချီးမြှောက်ပေးပြီး ချဉ်းကပ်တဲ့အစဉ်အလာရှိတယ်။ စစ်တပ်အာဏာသိမ်းပြီးမကြာခင် မန္တလေးမဟာမုနိဘုရားကြီးအရေးအခင်းဖြစ်တော့ တိပိဋကဆရာတော်အပါအဝင် ဆရာတော်တွေအတော်များများ အဖမ်းခံရပြီးနောက်မှာ ဆရာတော်ကြီးတွေကို မန်းလေးနန်းတွင်းထဲပင့်ပြီး လစဉ်လိုလို သြဝါဒခံပွဲတွေ ကျင်းပခဲ့တယ်။ ရွှေကျင်ဂုဏ်းရဲ့ အကြီးအမှူး၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော်တစ်ပါးမို့ ပိုက်ကျုံးဆရာတော်ကိုလည်း အမြဲပင့်သတဲ့။ ဆရာတော်က တစ်ခါမှ မကြွဖူးတဲ့။ ဘယ်လိုပင့်ပင့် မကြွတော့မှ နောက်ပိုင်းမှာ မပင့်တော့ဘူးလို့ ဆရာတော်ကြီးကမိန့်ဖူးတယ်။
" ဘုန်းကြီးတွေ သြဝါဒပေးတယ်ဆိုတာ နာခံတဲ့သူမှ ပေးရတာ၊ ဒီကောင်တွေက ဘယ်လိုသြဝါဒပေးပေး နာခံမဲ့သူတွေမဟုတ်ဘူး။ တိပိဋ္ဋကတောင် ထောင်ထဲထည့်ထားတာ။ သူတို့လုပ်ချင်ရာလုပ်ကြမှာပဲ။ တို့ပေးတဲ့သြဝါဒကိုမနာခံရင် ပေးတဲ့ဘုန်းကြီးလည်း မကောင်းဘူး။ သူတို့လည်းငရဲရတယ်။ ဒါကြောင့် မကြွတာ။" လို့ ဆရာတော်ကြီးအမိန့်ရှိတာ မှတ်သားဖူးခဲ့ပါတယ်။ ပြည်သူကို ဘာသာရေးနဲ့စည်းရုံးဖို့ကြိုးစားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့လှည့်ကွက်ကို ကြိုမြင်တဲ့ဆရာတော်ကြီးပါပဲ။
ဗာရာဏသီဆရာတော်ကြီးကလည်း ပိုက်ကျုံးဆရာတော်ကြီးလိုပဲ ရွှေကျင်ဂုဏ်းရဲ့ ဒုတိယသာသနာပိုင်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီးပါ။ ဗာရာဏသီဆရာတော်ကို အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ပေးတဲ့နှစ်မှာ ဆရာတော်ကြီးတစ်ပါးတည်းသာ ဒီဘွဲ့ရသူဖြစ်လို့ ဆုပေးပွဲတက်လာတဲ့ စစ်ခေါင်းဆောင်ကြီးတွေကို သြဝါဒပေးဖို့ ဖြစ်လာတယ်။ အဘိဓဇမဟာ
ဋ္ဌဂုရုဘွဲ့ရတဲ့ဆရာတော်က သြဝါဒပေး
တာ အစဉ်အလာပါ။ ဒီအစဉ်အလာကို ဗာရာဏသီဆရာတော်ကြီးက မလိုက်နာခဲ့ဘူး။ ကမ္ဘာအေးလှိုင်ဂူမှာ ကျင်းပတဲ့ ဆုပေးပွဲမှာ သြဝါဒကထာကို ကိုယ်စားဆိုပြီး အခြားဆရာတော်တစ်ပါးကိုသာ ဖတ်ကြားစေခဲ့တယ်။ ဗာရာဏသီဆရာတော်ကြီးက ထိုင်ရာကမထခဲ့။ ပိုက်ကျုံးဆရာတော်ထုံးနှလုံးမူပြီး 'ဆုံးမလို့မရမဲ့သူတွေမို့ ဘယ်လိုဆုပေးပြီး ချီးမြှောက်သော်လည်း ဆုံးမသြဝါဒမပေးဘူး' လို့ ဆန္ဒထုတ်ဖေါ်ခဲ့တဲ့ သဘောပါပဲ။
ဗာရာဏသီဆရာတော်ကြီးရဲ့ညီတော်ဖြစ်တဲ့ မေမြို့ဆရာတော်ကြီးလည်း ထိုနည်းလည်းကောင်းပါ။ နိုင်ငံတော်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ချီးမြှင့်တဲ့အခမ်းအနားကို မတက်ရောက်ခဲ့ဘူး။ ဒါကြောင့် မန်းလေးတိုင်းမှူးဗိုလ်ချုပ်ထွန်းကြည်က ကျောင်းအထိလာပြီး ဆက်ကပ်ရတယ်။ " ဒီဗိုလ်ချုပ်တွေက ငါတို့ဘုန်းကြီးတွေကို အသုံးချနေတာ။ ကျောင်းလာပြီး တီဗီတွေလှူတယ်။ ဘုန်းကြီးနဲ့ဘီးလိုပဲ တီဗီဆိုတာမအပ်စပ်ဘူး။ ဒါကြောင့် မလိုအပ်ဘူးလို့ပြောလိုက်တယ်။" လို့ မိန့်ဖူးတဲ့ဆရာတော်က ဘွဲ့သွားမယူရခြင်းအကြောင်းကို မောင်လူပေကိုပြောပြတာကတော့ " ဟိုရှေးခေတ်က အဂ္ဂမဟာဏ္ဍိတဘွဲ့ဆိုတာ နှစ်စဉ်တိုင်းမှာ တကယ်တော်တဲ့ဆရာတော်ကြီးတစ်ပါးနှစ်ပါးကိုပဲ ထိုက်တန်လို့ ချီးမြှင့်တာ။ အခုဟာက သူတို့နဲ့ပတ်သက်ရင် အကုန်ရနေတဲ့ခေတ်။ ဒကာတွေက သူတို့ဘုန်းကြီးကို ဘွဲ့ရစေချင်လို့ လာဘ်ပေးပြီးဘွဲ့ ရတာကတမျိုး။ ဒီလို အုတ်ရောရော ကျောက်ရောရော ဘွဲ့တွေပေးနေတဲ့ခေတ်မှာ ငါ့လာပြီးပေးတော့ ဒီလိုပဲလို့ အထင်ခံရလိမ့်မယ်။ ငါကတောင်းတာမဟုတ်ပဲ သူတို့ဟာသူတို့ပေးတာ။ ဒါကြောင့် သူတို့ဆီမှာ ဆုသွားမယူနိုင်ဘူး။ ပေးချင်ရင် ငါ့ကျောင်းလာပြီးပေးလို့ ပြောလိုက်တယ်။" တဲ့။
ဒီလို ပြတ်သားရဲရင့်လှတဲ့ ဆရာတော်ကြီးတွေ မြန်မာပြည်ရဲ့ သာသနာမှာ ရှိခဲ့ပါကြောင်း မှတ်တမ်းတင်ရင်းနဲ့ ဘဝနတ်ထံပျံလွန်ခဲ့ကြပြီဖြစ်တဲ့ဆရာတော်ကြီးများကို လက်ဆယ်ဖျာထိပ်မှာမိုးလို့ ရှိခိုးကန်တော့အပ်ပါတယ်။
သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ရည်စူးလျှက်ပါ။
ချစ်တဲ့
မောင်လူပေ
( ဓါတ်ပုံများက ရွှေကျင်နိကာယ နှစ်(၁၅၀)ပြည့် သာသနာ့မော်ကွန်းစာအုပ်ထဲကပါ။)
Sunday, December 9, 2018
စလုံးနဲ့မလေး
စကာင်္ပူနဲ့မလေးရှားတို့ ရေပိုင်နက်၊ လေပိုင်နက် အငြင်းပွားနေကြတယ်။ အပြန်အလှန် ကန့်ကွက်နေကြတယ်။
အရင်ထဲက ဖြေရှင်းမရတဲ့ ကိစ္စကြီးကို မဟာသီဟာက ပြန်ဖွလိုက်ပုံရတယ်။ မလေးရှားက စကာင်္ပူကို ပေးသုံးထားတဲ့ ဂျိုဟိုးတောင်ဖက်လေပိုင်နက်ကို ပြန်တောင်းတယ်။ မလေးရှားတောင်ဖက်က ဂျိုဟိုးဆိပ်ကမ်းပိုင်နက်ကို တိုးချဲ့တယ်ကြေညာတော့ ရေပိုင်နက်က စကာင်္ပူနိုင်ငံနားထိ ကပ်လာရော။ သူ့ရေပိုင်နက်ထဲကို မလေးရှားပိုင်သဘောင်္တွေ ခဏခဏ ဝင်လာတယ်လို့ ကန့်ကွက်တယ်။ စကာင်္ပူရေတပ်နဲ့ ကမ်းခြေစောင့်တပ်ကို တပ်လှန့်ထားရတယ်။
မလေးရှားနဲ့စကာင်္ပူရဲ့ ကျောင်းတော်ကရန်စက မသေးလှ။ မလေးရှားမှာ တရုတ်လူမျိုးဟာ ဒုတိယတန်းစားသာ ဖြစ်သလို စကာင်္ပူမှာလည်း မလေးလူမျိုးဟာ ဒုတိယတန်းစားပဲ။ စကာင်္ပူမှာ ၁၉၆၄ လောက်က မလေးနဲ့တရုတ် ရိုက်ပွဲဖြစ်ရာက (၂၂)ယောက်ထိ သေခဲ့ကြလို့ နောက်ထပ်သွေးချောင်းစီးမှာကို ကာကွယ်ဖို့ မလေးရှားနိုင်ငံပြည်နယ်စာရင်းကနေ စကာင်္ပူကို ထုတ်လိုက်ရာက လွတ်လပ်ရေးရသွားတဲ့ သမိုင်းကြောင်းကလည်း ကြားသေးတာမဟုတ်။
ဒီပြသနာ ကြာရှည်ရင်တော့ မလေးရှားမှာရှိတဲ့ စကာင်္ပူရင်းနှီးမြှုတ်နှံမှုတွေပြန်ရုတ်လေမလားပဲ။ မြန်မာက ဒီအခွင့်အရေးသုံးနိုင်ရင် အခြေအနေတစ်ခုအထိ အကျိုးများနိုင်တယ်။
စစ်တော့ ဖြစ်စရာမမြင်။ စကာင်္ပူက ဒါတွေကြိုမြင်လို့ အမေရိကန်ရေတပ်ကို သူ့လေတပ်စခန်းတွေ ပေးသုံးထားတာ။ အန်ကယ်ဆန်က မလက္ကာရေလက်ကြားမှာ စောင့်နေတော့ အီးပေါက်တောင်ကြားရတယ်။ မလေးရှားက ဒီလောက်ထိတော့ မိုက်ရဲမယ်မထင်။
ထင်မြင်တာလေး ရေးကြည့်တာပါ။ စကာင်္ပူက သူငယ်ချင်းတွေလည်း အေးချမ်းသာယာကြပါစေ။

ဒီအချိန်ဆို လွမ်းတယ်(၂)
ဒီအချိန်ဆိုလွမ်းတယ်(၂)
ဒီဇင်ဘာသည် လွမ်းတတ်သူတို့အတွက် လွမ်းဖို့အကောင်းဆုံးလဟုခေါ်ပါက မှားအံ့မထင်။ မြူနှင်းတွေဆိုင်းနေတဲ့ နံနက်ခင်းအေးအေးလေးက အလိုလိုလွမ်းစေသည်ထင့်။ ငယ်စဉ်ကတော့ သစ်ရွက်လှုပ်ရင်တောင် လွမ်းတတ်သည်။ လွမ်းစရာ ဒီအချိန်မှာ ပဲခူးဒေသကောလိပ်ကိုခွာ၍ အမိတက္ကသိုလ်ဖြစ်သော စက်မှုကျောင်းမဟာကို ရောက်ခဲ့သည်ပဲ။
မောင်လူပေတို့ စက်မှုကျောင်းတော်ကြီးသည် ထိုအချိန်က တစ်နိုင်ငံလုံးအတွက် တစ်ကျောင်းတည်းသာရှိသော ကျောင်းကြီးဖြစ်ခဲ့သည်။ ရုရှားနိုင်ငံ၏အကူအညီဖြင့်တည်ဆောက်ခဲ့သော သည်ကျောင်းကြီး၏ ခန့်ညားမှုကလည်း သြချစရာ။ ဆင်ဝင်တိုင်လုံးကြီးတွေတွေ့ရသည်နှင့် ရင်ခုန်ချင်မိစေမှာအမှန်။ ဗိသုကာလက်ရာထူးသည့်ကျောင်းတစ်ကျောင်းဖြစ်ပါ၏။
ထိုစဉ်က ဒေသကောလိပ်မှ ကောလိပ်ကျောင်းသားတို့အတွက် ဆေးနှင့်စက်မှုသည် အိပ်မက်ဖြစ်၏။ ဒေသကောလိပ်တွင် သိပ္ပံသချာင်္ဘာသာတွဲယူခဲ့သူတိုင်း၏ စိတ်ကူးသည် စက်မှုကျောင်းဝင်ရေးဖြစ်၏။ စိတ်ကူးတွေ အကောင်အထည်ပေါ်တော့မည်မို့ ပျော်စရာ။ ဝင်သည့်မေဂျာကလည်း စက်မှုမေဂျာမို့ လူကြိုက်အများဆုံးဖြစ်သော မေဂျာသို့ ဝင်ခွင့်ရခဲ့ပြီ။ သို့သော်လည်း မောင်လူပေက စက်အကြောင်းကို နကန်းတစ်လုံးမျှသိသူမဟုတ်။ စက်ဆိုလျှင် ခဲတန်ချွန်စက်ပင် မပြင်တတ်။ ဒီလိုတော်သူမို့ ကိုယ့်ဟာကိုယ် စိတ်တော့ အပူသား။
မဟာရန်ကုန်ရွှေမြို့တော်ကြီးက ထုံးစံအတိုင်းပင် ဆူညံပူညံရှိလှ၏။ ကားတွေက တဝီဝီ၊ လူတွေက သုတ်သုတ်ပြာပြာ၊ ဘတ်စကားတွေက ငါးပိသိပ် ငါးချဉ်သိပ်၊ ဒီမြို့တော်ကြီးဆိုတာ တစ်နှစ်တစ်ကြိမ်မျှသာ အဖွားအုပ်ဂူကန်တော့ဖို့ ရောက်ဖူးသည့်မြို့တော်။ အခုတော့ လေးနှစ်တာ ကွန်းခိုရပေတော့မည်။
ရန်ကုန်ကျောင်းသားဘဝစတင်ဖို့ ရန်ကုန်သားဖခင်ကိုယ်တိုင် လိုက်ပို့ခဲ့သည်။တောင်ငူမှ စီးလာတဲ့ ရိုးမအရှေ့ခေါ် ဟီးနိုးလူစီးကားက ပြည်လမ်းရှိ အင်းလျှားကန်ဘေးမှာ ချပေးခဲ့တော့ သားအဖနှစ်ဦးက အငှားယာဉ်ဖြစ်သည့် ဘီသုံးရာ့ခြောက်ဆယ် (B 360)မာဇတာ(Mazda )ကားငယ် ဖွတ်ချက်ဖွတ်ချက်နှင့် ခရီးဆက်ကြရ၏။စက်မှုကျောင်းမဟာသို့ မဟုတ်သေး။ တတိယနှစ်ကျောင်းသားများနေထိုင်ရမည့် အဆောင်သို့သာ။ သမိုင်းဝင်းဟုခေါ်တွင်သော အာစီတူး(RC 2) နှင့် မနီးမဝေးရှိ အဆောင်ဝင်းကြီးကား ကြီးမားစွ။
ဒီအဆောင်များကလည်း သမိုင်းဝင်သည်။ ကျွန်းဆွယ်ပွဲဟု ခေါ်သည့် အရှေ့တောင်အာရှအားကစားပွဲအတွက် တည်းခိုဆောင်အဖြစ် တည်ဆောက်ခဲ့သည်ဆို၏။ နောက်မှ ကျောင်းသားများအတွက် အဆောင်တွေဖြစ်လာသည်။ အမည်တွေကလည်း စီးကရက်နာမည်တွေ ခပ်များများ။စက်မှုကျောင်းသား ယောက်ျားဆောင်များက ဒူးယား၊ ပုပ္ပါး၊ စဥ့်ကူ ဟူ၏။ မိန်းကလေးများအတွက်အဆောင်က သဇင်ဆောင်။ သဇင်၏ဘေးမှာ သရဖီ၊ ခတ္တာ၊ အင်ကြင်းစသော စီးပွားရေးတက္ကသိုလ်မှ မိန်းကလေးဆောင်များလည်းရှိသည်။ ခပေါင်း၊အုန်းတောဟူသည့် စီးပွားရေးတက္ကသိုလ်မှ ယောက်ျားဆောင်လည်း ရှိသည်။
မောင်လူပေရောက်လာသည်က ဒူးယားဆောင်။ ဒူးယားကြိုက်သူမို့ ဒီအဆောင်ကိုကြိုက်သည်။ ဒူးယားက ဈေးကြီးသလို အဆီခံပါတော့ သောက်လို့ပိုကောင်းသည်။ခပေါင်းက အဆီခံမပါသောကြောင့် ဈေးပေါသည်လေ။ စီးကရက်နှင့်ယှဉ်ကာ ဒီလိုတွေးခဲ့သေး၏။ ဘာမှတော့မဆိုင်။ ဒူးယားဆောင်က ခပေါင်းနှင့်ပုပ္ပါးအကြားမှာရှိသည်။
နောက်တစ်နေ့မှာ ဘတ်စကားစီး၍ စက်မှုကျောင်းသို့ချီတက်ကြသည်။ အဆောင်မှ ကျောင်းသို့ ဘတ်စကားခ ပြားသုံးဆယ်ပေးရသည်ထင့်။(ကားခက မေ့တေ့တေ့တောင် ဖြစ်နေပြီ။ ) ကျောင်းကြီးသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။ ဓါတ်ပုံထဲမှာသာ တွေ့ဖူးခဲ့သည်။ တစ်ခါမျှ မရောက်ဖူးခဲ့။ ရောက်မဲ့ရောက်တော့ လေးနှစ်တာ တက်ရမည်တဲ့။
ကျောင်းသားသစ်မို့ အူကြောင်ကြောင်။ ဘယ်နားမှာ ဘာရှိသည်လည်းမသိ။ ကျောင်းသားရေးရာဘယ်နားမှာရှိလဲမေးတာကို မိန်းကလေးနားနေခန်းသို့ ညွှန်သူလည်းရှိသည်။ မိန်းကလေးတွေဝိုင်းဟားမခံရတာကံကောင်း။ သြဘာလမ်းမှ ဖြတ်လျှောက်မိသဖြင့် လက်ခုတ်လက်ဝါးတီးကာ အားပေးခံရသူလည်းရှိ၏။ အိမ်သာမေးသူကျောင်းသားကို ကျောင်းသူအိမ်သာသို့ ညွှန်ပြသူလည်းမရှား။ မောင်လူပေကတော့ ဘေလ်ဒင်ဝမ်း( Building one) တစ်ခုနှင့်ပင် မျက်စိလည်လှပြီ။ ဘေလ်ဒင်တူး သရီး(Building two, three) စသည်ဖြင့် အများကြီးရှိသေး၏။ အချိန်ဇယားရတော့လည်း မျက်စိလည်စရာ။ အချိန်တစ်ခုစီက တစ်နေရာစီ။ ဒေသကောလိပ်မှာကတော့ အတန်းထဲထိုင်နေရုံပဲ။ ဆရာတွေလာသင်ကြသည်။ အချိန်ဇယားကလည်း ငါးရက်မှာ အားချိန်မရှိ။ သင်ကြားရမည်က ဆယ်ဘာသာတဲ့။ ထိုင်တောင်ငိုချင်လောက်ပါ၏။
အင်ဂျင်နီယာကျောင်းသားများအတွက် မရှိမဖြစ်ပစ္စည်းများ ဝယ်ရသေးသည်။ တီစကွဲ( T Square) ခေါ်သစ်သားချောင်းတစ်ချောင်း၊ ဆလိုက်ရူး( Slide Rule) ခေါ် ထိုးလိုက်ဆွဲလိုက်လုပ်ရသည့် ဂဏန်းစုံရေးထိုးထားသော ကော်ချောင်းတစ်ချောင်း၊ ပုံဆွဲကရိယာ တန်ဆာပလာမျိုးစုံ၊ ပုံဆွဲစက္ကူ စသည်ဖြင့် အမျိုးပေါင်းစုံကို ဘွတ်စတိုး(Books Store) ခေါ် စာအုပ်ဆိုင်တွင် သွားဝယ်ကြရသည်။
ဝယ်လာသည့်ပစ္စည်းတွေကို တစ်ယောက်နှင့်တစ်ယောက်ပြကြတော့ ဘယ်သူကစ, လိုက်သည်မသိ။ "ဘွတ်စတိုးမှာ ကလစ်ဓါးလည်းရောင်းနေတယ်၊ ပုံဆွဲခဲတံချွန်လို့ အရမ်းကောင်းတယ်" ဟု ကြားသိရ၏။ ကိုယ်တွေဝယ်လာတဲ့အထဲမှာ ကလစ်ဓါးမပါခဲ့။ သည်တော့ ဘွတ်စတိုးထံ ချီတက်ကြရပြန်သည်။ ဘွတ်စတိုး၏ အရောင်းစာရေးတာဝန်ခံက ကုလားကြီးဖြစ်သည်။ ကုလားကြီးကို 'ကလစ်ဒါး' ရှိလားဟု မေးရပြန်၏။ ကိုယ်တွေသာမကပဲ မိန်းကလေးအုပ်စုတွေလည်း လာမေးကြသည်။ ကုလားကြီးကို ကလစ်ဒါး ရှိလား လာမေးကြသူ အတော်များပါ၏။ ကုလားကြီးကတော့ ကလစ်ဒါး မရှိပါဟုသာ ဖြေဆိုပါ၏။ ( 'ကလစ်ဒါး'ကို ပြောင်းပြန်ဖတ်ကြည့်ပါ။ 'ကလား-စ်' ဖြစ်ပါသည်။ ) ဒီလိုအနောက်သန်လှသော စက်မှုကျောင်းမဟာဖြစ်ပါ၏။ မိန်းကလေးတွေတော့မသိ။ ကလစ်ဒါးရှိလားဟု မေးမိသူ မောင်လူပေမှာတော့ မျက်နှာပူလှသဖြင့် ဘွတ်စတိုးသို့ အတန်ကြာအောင် မရောက်ဖြစ်တော့။
သမိုင်းဝင်းကျောင်းဆောင်ထဲမှ တီစကွဲကြီး တကားကားဖြင့် စက်မှုကျောင်းရောက်သည်ထိ ဘတ်စကားတိုးစီးကြရသည်မှာ မောင်လူပေတို့ကျောင်းသားတွေသာမက ကျောင်းသူတွေလည်းပါသည်။ လူတွေပြည့်နေသောကားတွင်းရောက်အောင် သစ်သားချောင်းကြီးနှင့်တိုးရသည်မှာ အလေ့အကျင့်လိုသည်။ ယောက်ျားလေးတွေဆိုလျှင် ၄၅ဟိုင်းလက်ကားလေးတွေကို သစ်သားချောင်းကြီးကိုင်ကာ တွယ်စီးတတ်ရသေးသည်။ သဇင်သူလေးတွေကား စာတွေများလှသဖြင့် အလှပြင်ချိန်မရရှာကြ။ သနပ်ခါးဘဲကြားဖြင့်သာ ကားတိုးစီးရသူများပါသည်။ ကျောင်းသားများကလည်း ကျောင်းသူကလေးများကို နာမည်ပေးတတ်ကြ၏။ ဆံပင်ထူထူ၊ရှည်ရှည်လေးကို အမူထွေးတဲ့။ အမွေးထူလေးပေါ့။ နှုတ်ခမ်းမွှေးရေးရေးနှင့် ကျောင်းသူလေးက ဝင်းဦးဟူ၏။ ကံ့ကော်တောမျိုးအောင် ဆံပင်လေးနှင့်ဆိုလျှင် မျိုးအောင်ဖြစ်ရ၏။ ချစ်စရာပြည့်ပြည့်လေးတွေဆိုလျှင် ရွှေလုံး၊ ဘုတ်ဘုတ်။ အိန္ဒိယသွေးပါသူလေးကတော့ လက်ချမီးဖြစ်ရရှာသည်။
စက်မှုကျောင်းသားတိုင်းမသင်မနေရဘာသာများတွင် ပန်းပဲ( Blacksmith) က နာမည်ကျော်။ သံတုံးကိုမီးဖုတ်ပြီး နပ်(Nut)ပုံ ခြောက်ထောင့်ထုကြရ၏။ မိန်းကလေးတွေမှာ သနားစရာ။ မောင်လူပေပင်လျှင် ဆယ်ပေါင်တူကို မနိုင်။ သံတုံးကိုမီးဖုတ်လိုက်၊ ထုလိုက်ပျက်လိုက်။ သည်တော့ ပန်းပဲဆရာဦးချစ်(ကွယ်လွန်)က ဘယ်လိုပြပြ နပ်ပုံဆိုးပန်းဆိုးနပ်သာ ထွက်လာရသည်။ ပန်းပဲဌာနမှ အကူလုပ်သားလေးကို ဗလတောင့်တောင့်မို့ မောင်တင့်တယ်ဟု နာမည်လေးပေးထားကြသည်။ မောင်တင့်တယ်ကို တစ်ကျပ်ပေးပြီး ထုခိုင်းမှပဲ နပ်လှလှတစ်ခု ရကြလေသည်။ ပန်းပဲမောင်တင့်တယ်ကား တကောင်းမှသည် ပုဂံ၊ ပုဂံမှသည် အိမ်ဦးခန်း၊ အိမ်ဦးခန်းမှသည် စက်မှုကျောင်းထိ ရောက်ခဲ့လေ၏။ နာမည်ပေးတော်လှသော စက်မှုကျောင်းသားများကို ဂုဏ်ပြုပါသည်။
ပန်းပဲဘာသာကို မောင်တင့်တယ်ကယ်၍ အဆင်ပြေခဲ့သော်လည်း ကျန်သောဘာသာများက မလွယ်လှ။ ဝပ်ရှော့(Workshop) ဘာသာဆိုလျှင် အတော်မလွယ်။ သင်ကြားပေးသည့်ဆရာဦးတင်မောင်ဦး(ကွယ်လွန်)က သဘောကောင်းသော်လည်း စိတ်တိုတတ်၏။ သူ့ကို စာမမေးရဲလေတော့ သမိုင်းလမ်းဆုံရှိ ကျူရှင်သို့သာ ပြေးရလေသည်။ သချာင်္ကလည်း တစ်နှင့်နှစ်ဟူ၍ နှစ်ဘာသာပါ၏။ အင်ဂျင်နီယာသချာင်္က ခက်လှသည်။ သချာင်္ဂုဏ်ထူးရဖူးသူပင် ချွေးပြန်ရ၏။
စက်မှုပုံဆွဲဘာသာကိုလည်း တတိယနှစ်မှာ အပြတ်သင်ရသည်။ ပထမနှစ်မှ ဝင်လာခဲ့သူများကတော့ သင်ပြီးခဲ့ကြပြီ။ ကိုယ်တွေက တတိယနှစ်မှ ဖြတ်ဝင်လာသည်မို့ ယခုမှသင်ကြရခြင်းဖြစ်၏။ အိမ်စာဆွဲရန် ပုံများကလည်း မနည်းလှ။ စက်တွေကို ဒေါင်လိုက်ဖြတ်သည်။ အလျှားလိုက်ဖြတ်သည်။ အပေါ်မှ ကြည့်သည်။ ဘေးမှကြည့်သည်။ အောက်မှကြည့်သည်။ တကယ်မြင်ရသော စက်တွေတော့မဟုတ်။ စာအုပ်ထဲမှပုံတွေကို စိတ်ကူးဖြင့်သာ မြင်ကြည့်ရခြင်းဖြစ်၏။ ဖြတ်ကြည့်ရခြင်းဖြစ်၏။
သည်လိုစာတွေကိုနပန်းလုံးရင်း ကျူတိုရီရယ်ပြေးတက်ရင်း မရောက်မဖြစ်ရောက်ရသည်က အာစီတူး။ အဆောင်နှင့်ကပ်နေတော့ သွားဖို့လွယ်သလို အပျိုချောတွေပေါလေတော့ ခဏခဏရောက်ဖြစ်သည်။ အဆောင်ရှေ့ရှိသမိုင်းဝင်းကန်တင်းကလည်း အမြဲရောက်ရသည့်နေရာ။ အဆောင်မှာ ထမင်းစားမကောင်းသောကြောင့် ပုပ္ပါးအဆောင်မှူး ဦးစိုးလွင်ပိုင်သည့် ကန်သာယာဆိုင်သို့ ပိုက်ဆံရွှင်သည့်အခါ ရောက်သည်။ ဘိုင်ပြတ်ခါနီးလျှင်တော့ မေဆွိတို့ဆိုင်မှ ပဲထမင်းနှင့် ပြီးရသည်။ မေဆွိဆိုသည်မှာကား အဆိုတော်မင်းသမီးမဟုတ်ပါ။ ရှေ့သွားလေးမဆိုစလောက် မောက်ရရှာသူ ဆယ်တန်းကျောင်းသူလေးကို ကျောင်းသားများက ချစ်စနိုးခေါ်သည့်အမည်ဖြစ်၏။ ဆိုင်ရှင်၏ သမီးအကြီးဆုံးမို့ သူ့ခမျာ မနားရရှာ။ဆိုင်မှာကူနေရသည်။ မေဆွိသုတ်သော ပဲထမင်းကို ကြက်သွန်ဖြူဝါးရင်း နတ်သုဒ္ဒါလို စားရတာလည်း မြိန်လှ၏။ ပိုက်ဆံမပါလျှင် အကြွေးစားလို့လည်းရသေးသည်။ ရသာစုံဖျော်ပေးတတ်သော လက်ဖက်ရည်ဆိုင်လေးက မေဆွိတို့ဘေးမှာမို့ လက်ဖက်ရည်ချိုဆိမ့်တစ်ခွက်မှာပြီး ဒူးယားခဲလို့လည်း ရပါသေး၏။
သည်လိုနှင့်ပင် တတိယနှစ်ကို အသဲအသန်ကြိုးစားဖြေဆိုရင်း အောင်မြင်ခဲ့ရသော မောင်လူပေဖြစ်ပါ၏။ သူများတွေလို ဆူပါဘရိမ်းလည်းမဟုတ်၊ စာတော်သူလည်းမဟုတ်၊ ခပ်ညံ့ညံ့ သာမန်မောင်လူပေ၏ စက်မှုကျောင်း၏ အမှတ်တရများကား ရေးလို့ကုန်ဖွယ်မရှိ။ သူငယ်ချင်းများကိုအမှတ်ရလို့ ရေးလိုက်တဲ့ စက်မှုကျောင်းသို့ စရောက်ခြင်းအမှတ်တရ အလွမ်းစာကို ဒီမျှဖြင့်သာ ရပ်ခွင့်ပြုပါဟု မိတ်ဆွေသူငယ်ချင်းများအား တောင်းပန်ပါသည်။

ဒီအချိန်ဆို လွမ်းတယ်။
ဒီအချိန်ဆိုလွမ်းတယ်။
ရှင်လူထွက်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့တွေကို မေ့ရခက်သည်ဟုဆို၏။
ရှင်လူထွက်တဲ့နေ့ကို မမှတ်မိတော့။ အိမ်ဆိုတဲ့ ထောင်ကျတဲ့ နေ့ကိုတော့ မှတ်မိသည်။ အပြေးကောင်းသူမို့ နရသိမ်ထောင်အထိ မရောက်ခဲ့လို့ ထောင်ကထွက်တဲ့နေ့တော့ မရှိခဲ့။ ထပ်တိုးလို့ ရလျှင်ဖြင့် ကောလိပ်တက်သည့်နေ့ ကိုပါ မေ့ရခက်သည့်နေ့များထဲမှာ နောက်တိုးအဖြစ် ထည့်လိုက်ချင်သည်။ အဲဒီအချိန်ရောက်တိုင်း လွမ်းသည်။
မောင်လူပေတို့ ဆယ်တန်းအောင်တော့ ဆယ့်ခြောက်နှစ်သာသာ။ ချာတိတ်အရွယ် အထကကျောင်းသား ဘဝကနေ ကောလိပ် တက်ရမည် ဆိုတော့ လန့်တော့ အလန့်သား။ ထိုစဉ်က ဒေသကောလိပ်ခေတ်မို့ ရွေးစရာ မေဂျာကလည်း သိပ်မရှိ။ ဘိုင်အိုကို ထိုင်ငိုလောက်အောင် ကြောက်သူမို့ ကိုယ်အားသန်ရာ သိပ္ပံသချာင်္ ဘာသာတွဲကိုသာ ရွေးခဲ့သည်။ ကျောင်းကတော့ ရွေးရန်မလို။ တောင်ငူက ဆယ်တန်းအောင်သူတိုင်း သွားရမည်မှာ ပဲခူးဒေသကောလိပ်။ ပိုက်ဆံတတ်နိုင်သူတို့ကတော့ ပုံစံ (၁၀)ပြောင်းကာ ရန်ကုန်ရွှေမြို့တော်ရှိ အာစီ ဝမ်း တူး သရီး (RC 1,2,3)တွေသွားတက်ကြ၏။ မောင်လူပေအတွက်ကတော့ ပဲခူးကောလိပ်မှတစ်ပါး အခြားမရှိပြီ။
ရထား ကားတို့ဖြင့် ပဲခူးကို မကြာခဏ ဖြတ်သွားဖူးသော်လည်း တစ်ခါမျှ ဝင်မလည်ဖူးသော တိုင်းမြို့တော်ရှိ ကောလိပ်ကျောင်းတော်မဟာဆိုတော့ ရင်တော့ ခုန်မိသည်။ ငယ်ငယ်က ဖတ်ဖူးတဲ့ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသား ဝတ္တုထဲကလို ဆေးလိပ်ခဲပြီး စာအုပ်တွေကိုင်ထားတဲ့ ကျောင်းသားအိုကြီးတွေက အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေကို ချောက်တွန်းလေမလား။ "ကြေပါနော် ကိုသိန်းဖေ။ ကြေပါတယ် မအေးစိန်" တို့လို ဇာတ်လမ်းလေးတွေ ဖြစ်လာမလား ဘာညာနဲ့လည်း ရင်ခုန်ရတာ အမောသား။
တောင်ငူအိမ်မှ ထွက်တော်မူနန်းကခွာတော့ အငှား ဟိုင်းလတ်ကားနှင့် ဖြစ်သည်။ တောင်ငူသား သူငယ်ချင်းတစ်စုသည် တစ်ဆောင်တည်းငှားထားသဖြင့် တစ်ချိန်တည်းထွက်ခဲ့ကြသည်။ လေးလွင်၊ စံအောင်၊ မင်းဦး၊ မျိုးကြည်၊ လှဌေး၊ ရဲအောင်၊ ကျော်သူမြတ် နှင့် မောင်လူပေတို့ စီးလာတဲ့ အငှားကားလေး ပဲခူးဝင်တော့ နေတောင်စောင်းနေပြီ။ ၁၉၈၁ ရဲ့ ဒီဇင်ဘာလဆန်းဖြစ်၏။ ပဲခူးရဲ့  ဆောင်းက မအေး လှ။
ပါလာသည့်အထုတ်တွေက အများကြီးမဟုတ်။ ဦးလေးတွေ ကောလိပ်တက်တုန်းက သုံးခဲ့တဲ့ သံသေတ္တာဟောင်းကို ဆေးပြန်သုတ်ပြီးပေးလိုက်တဲ့ သေတ္တာတစ်လုံး၊ သားရေအိပ်ရာလိပ်ဟောင်းတစ်ခု၊ စားစရာအနည်းငယ်နဲ့ တိုလီမိုလီထည့်ထားတဲ့ ကြိမ်ခြင်းတောင်းတစ်ခု၊ သင်ဖျူးဖျာဟောင်းတစ်ချပ်၊ ဒါပဲပါသည်။
နေရမည့်အဆောင်က ရွှေမောဓောဘုရားလမ်းနှင့် ၃၂လမ်းထောင့်ရှိ စိုးမိုးဦးဓါတ်ပုံတိုက်၏အနောက်ရှိ ၃၂လမ်းကို မျက်နှာမူထားသော သစ်သားဆောင်ဟောင်းလေး။ ဟောပုံစံမို့ အခန်းမရှိ။ ကြိုက်တဲ့နေရာလေး ရွေး၊ ဖုန်ခါပြီး နေရုံပင်။ ကုတင်တစ်လုံး၊ စားပွဲကုလားထိုင် ခပ်သေးသေးတစ်စုံပါသည်။ တောင်ငူသားတွေနေသောအဆောင်မို့ တောင်ငူဆောင်ဟု အလွယ်ပင် နာမည်ပေးလိုက်သည်။
ပဲခူးမြေသို့
ရောက်ရောက်ခြင်းပင် တက်ရမည့် ကောလိပ်ကျောင်းသို့ သွားကြည့်ကြသည်။ ကောလိပ်ကျောင်းက ထင်ထားသလို မသားနားလှ။ ပဲခူးအ.ထ.က(၁)ကျောင်းကို ဒေသကောလိပ်ဖွင့်ထားခြင်းဖြစ်သည်။ အထက်တန်းကျောင်းဟောင်းကြီးမို့ အထက်တန်းကျောင်းပုံစံပင်။ ခုံတွေမှာလည်း အ.ထ.က(၁)ဟု ရေးထိုးထားသည်။ အ.ထ.က မှာ ပြန်တက်ရမည့် အနေအထား။
ထိုအ.ထ.က တဖြစ်လည်း ဒေသကောလိပ်အမည်ရသော ကောလိပ်ကျောင်းတော် မဟာတွင် နှစ်နှစ်တာ တက်ရောက် သင်ကြားခဲ့ရသည်။ ရောက်စက ငယ်သူမို့ အိမ်ကို သတိရသေးသော်လည်း သူငယ်ချင်းသစ်များတိုးလာတော့ ကြာကြာ သတိမရတော့ပြီ။ စိတ်ကူးထဲမှာ ထင်ထားသလို ကျောင်းသားအိုကြီးတွေလည်းမရှိ။ နောက်ပြောင်သူလည်းမတွေ့။ ရှေ့ပြောင်သူလည်းမရှိ။ စာကြိုးစားနေကြသည့် လူတွေနှင့်သာ ခပ်များများ။ ထိုအချိန်က အဓိကမေဂျာမခွဲသေးသဖြင့် ကျောင်းသားတို့အတွက် ဆေးတို့ စက်မှုတို့က ထိပ်ဆုံးမျှော်မှန်းချက်။ ဒါတွေမှ မဝင်လျှင် သွား(ဆေး)၊ တိရိစ္ဆာန်(ဆေး)၊ သစ်တော၊ ဘူမိ၊ အီကို၊ အိုင်စီ၊ စသည်ဖြင့် မျှော်မှန်းချက် ကိုယ်စီဖြင့် စာတွေကျက်ခဲ့ရတဲ့ ကောလိပ်ကျောင်းသားဘဝမို့ စာအုပ်ထဲက ကောလိပ်ကျောင်းသားတော့ မဟုတ်ခဲ့။ ခပ်ပေပေကျောင်းသားလည်း မရှိသလောက်။
ဆယ်ကျော်သက်အရွယ် အပျော်ဆုံးအချိန်မို့ စာတွေနှင့် နဘမ်းလုံးရင်း ပျော်ခဲ့တဲ့အချိန်တွေရှိခဲ့ပါသည်။ ငယ်သူမို့ အရာရာက ပျော်စရာ။ တွေ့သမျှကျောင်းသူတွေ အကုန်လှကြသည်။ မဂျာစုံသွားသည်။ ငမ်းသည်။ ပျော်သည်။ သူငယ်ချင်းအသစ်တွေက နယ်စုံ၊ မေဂျာစုံ။ မိဘပေးသမျှနှင့် လောက်အောင် သုံးရင်း အကြွေးတွေ ပတ်လည်ရိုက်သည့်အခါလည်းရှိသည်။ အနယ်နယ်က သူငယ်ချင်းများကလည်း ကိုယ်တွေနှင့်မခြားလှ။
ထိုစဉ်အခါက ကင်းတွေ၊ ကွင်းတွေမရွေးကြ။ ခွင့်မပြုတာလည်း ဖြစ်နိုင်သည်။ သချာင်္ကွင်း၊ ဘိုင်အိုကွင်းစသည်ဖြင့် တရားဝင်မရှိ။
ဖြူးသူ၊ ကညွတ်ကွင်းသူလေးတွေ ချောသည်ဟု နာမည်ရသည်။ တောင်ငူတို့ ပဲခူးတို့က မြို့ကြီး၍ ကျောင်းသူများသော်လည်း အလှပဂေးစာရင်း မဝင်ကြ။ တောင်ငူ၊ ပဲခူးမှ ရှိသမျှ လှတပတ လေးတွေ ပုံစံ (၁၀) နှင့် ရန်ကုန်ပြောင်းကြလို့လည်း ဖြစ်နိုင်သည်။ ( ဤစာဖတ်ပြီး ထိုအချိန်က ပဲခူးဒေသကောလိပ်တွင် တက်ခဲ့ကြသည့် တောင်ငူနှင့် ပဲခူးဇာတိ ပျိုမဒီဟောင်းများ ဒေါသထွက်ပါက ခွင့်လွှတ်ကြပါကုန်။) အပျိုချောများ၏ အဆောင်ဟုနာမည်ရသော သနပ်ပင်လမ်းပေါ်မှ အပြင်အဆောင်တစ်ခုကိုတော့ ကျောင်းသားတွေ အသွားများသည်။ သချာင်္ကျူရှင်သွားတိုင်း ထိုအဆောင်ရှေ့မှ ဖြတ်ရသဖြင့် သိရခြင်းဖြစ်၏။ မောင်လူပေက ခပ်ညံ့ညံ့မို့ မိန်းကလေးဆောင်ကို သွားလည်ရကောင်းမှန်းပင် မသိခဲ့။
သတ္တိကမကောင်း၊ လူညံ့မို့ ပဲခူးမြေမှာ နှစ်နှစ်တာ နေခဲ့ရသော်လည်း ကြေပါတယ်၊မအေးစိန် လို့ ပြောချင်ပါသောလည်း မည်သည့်မအေးစိန်နဲ့မှ မတွေ့။ မအေးစိန်တို့တွေလည်း တက္ကသိုလ်ကောင်းကောင်းဝင်ရေးအတွက် အသည်းအသန် ကြိုးစားနေရသည်မို့ ကိုသိန်းဖေ အညံ့စားလေးကို သတိပြုမိဟန်မရှိရှာကြ။ ကျောင်းပြီးလျှင် ကျူရှင်လည်း ပြေး၊အိမ်စာလုပ်၊ စာကျက်ကြနှင့် ဘာဘာညာညာ စဉ်းစားချိန် ရှိကြပုံမရ။ ခင်စရာကောင်းသော မိန်းကလေး သူငယ်ချင်းများ တချို့နှင့်တော့ သိကြွမ်းခဲ့ရသည်။ သဘောကောင်း မနောဖြူသော သူငယ်ချင်းများ ဖြစ်ကြ၏။ ဖေ့ဘုတ်ကြီး ကျေးဇူးတော်ကြောင့် ပြန်လည်အဆက်အသွယ် ရကြတော့လည်း အရင်ကအတိုင်း ခင်ဆဲပင်။ သဘောဖြူတဲ့ကျောင်းသူလေးတွေဘဝမှ အန်တီလေးတွေဘဝသို့ ရောက်ခဲ့ကြပြီဖြစ်သော ငယ်သူငယ်ချင်း ပဲခူးကောလိပ်ကျောင်းသူဟောင်းများကို အမှတ်တရရှိပါကြောင်း ဒီနေရာမှ မှတ်တမ်းတင်အပ်ပါသည်။
ကောလိပ်ကျောင်းမှာ ထိုင်စရာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပဲရှိသည်။ ကန်တင်းတိတိကျကျမရှိ၊ လက်ဖက်ရည်ဆိုင်သာ ကန်တင်းပင်။ အဆိုတော် ကိုင်ဇာက "ဒီအချိန်မှာကန်တင်းသွားထိုင်လည်း တစ်ယောက်ထည်းမို့ ရင်မှာသိပ်လွမ်းတယ်၊ ရာဇူးကမမရေ၊ ရာဇူးကမမ" ဟု သီချင်းဆိုတော့ ကန်တင်းဆိုတာ ဘာလဲလို့ သူငယ်ချင်းတွေကို မေးရသည်အထိ တုံးခဲ့ဖူးတာလည်း အမှတ်တရ။ ထိုအချိန်က ကိုင်ဇာ၊ဖိုးချိုခေတ်။ လက်ဖက်ရည်ဆိုင်မှာတချိန်လုံး ဖိုးချိုသီချင်းသာဖွင့်တတ်သည်။ နောက်တော့
စိုးလွင်လွင် သီချင်းတွေ ခေတ်စားလာသည်။
ဒေသကောလိပ်များကို ရီဂျင်နယ်ဟုခေါ်ကြသဖြင့်ကောလိပ်ကျောင်းသားသည် ရီဂျင်နယ်ကျောင်းသားဖြစ်၏။ အာစီတက်သည်ဟုလည်း ပြောကြသည်။ ဦးသန့်အရေးအခင်းကြောင့် တက္ကသိုလ်တန်းမတက်ရသည့် ဒေသကောလိပ်အစီအစဉ်ကို ဖေါ်ဆောင်ခဲ့သည်မှာ မောင်လူပေတို့နှစ်အထိပါ။ နောက်နှစ်ဖြစ်သော ၁၉၈၂မှာတော့ ဒေသကောလိပ်စနစ်ကိုဖျက်သိမ်းလိုက်ကြပါ၏။
ပဲခူးက မိုးတွင်းဆိုလျှင် ရေကြီးတတ်သည်။ ကျောင်းလည်း ပိတ်ရသည်။ သည်လိုဆိုလျှင် ဇိုင်းဂနိုင်းဖက်မှာ ရေကြီးနေတာကို သွားကြည့်ကြသည်။ ပဲခူးမြစ်ကိုကျော်သည်နှင့် ရေပင်လယ်။ ခေါင်းဆေးကျွန်းလောက်အထိ ရေမြုတ်ကြ၏။ ခုခေတ်တိုင်လည်း ရေကြီးနေဆဲနေရာများဖြစ်သည်။
ပဲခူးက လိပ်ပြာကန်ဇာတ်လမ်းတွေ ဝတ္ထုထဲမှာ ဖတ်ဖူးတော့ ရေကန်အကြီးကြီးဟု ထင်မိသော်လည်း ခပ်သေးသေးမျှသာ။ တောင်ငူ ကန်တော်ကြီးလို ရေကန်ကြီးမဟုတ်။ ဟင်္သာကုန်းက ဟသာင်္မှောင်နှံထပ်နေသောပုံအရလည်း ပဲခူးသူက လင်ကိုနိုင်သည်ဟု ဆိုတတ်ကြ၏။ အမှန်ဟုတ်မဟုတ်ကတော့ ပဲခူးသူနှင့် အကြောင်းပါသူတွေသာ သိပေမည်။ အပေးအယူ မျှလျှင်တော့ ဘယ်သူမျှ မနိုင်လောက်။ ရေကြီးချိန် ခြေချစရာ တစ်ကိုယ်စာပေမို့ ချစ်တဲ့ ဟင်္သာမကို ကျောပေါ်တင်ထားတဲ့ ပဲခူးသားတို့ရဲ့ အချစ်ကြီးပုံကြတော့ မြင်ပုံမရကြ။ မောင်လူပေကတော့ ချစ်တတ်သော ပဲခူးသားတို့ကို လေးစားပါသည်။
ထိုအချိန်က
ကောလိပ်ကျောင်းသစ်ကြီးမှာ စာကလေးကွင်းနေရာသစ်တွင် ဆောက်လက်စမို့ အပြီးမသတ်သေးတော့ လုပ်အားပေး သွားကြရသည်။ စာကလေးကွင်း ကောလိပ်သစ်ကြီးမှာ မျှော့တွယ်ခံ ရွှံ့ပေခံရင်း သစ်ပင်တွေလည်း စိုက်ခဲ့ကြသည်။ ခုလောက်ဆိုလျှင်ဖြင့် ထိုအပင်ငယ်များ လူလားမြောက်ကာ ကျောင်းတော်မဟာကို အရိပ်ကောင်းတွေ ပေးနေရောပေါ့။ အတွဲတွေလည်း ထိုင်ချင်လျှင် ထိုင်နေကြလိမ့်မည်။ စိုက်ပျိုးခဲ့ကြတဲ့ သူတွေကတော့ တစ်နေရာစီမှာ ကံစီမံရာ ရောက်နေကြသည်။ တချို့လည်း မရှိကြတော့ပြီ။
ကျောင်းက ထုတ်တဲ့ ရိုးမစာစောင်တို့ နှစ်လည် မဂ္ဂဇင်းတို့တွင်လည်း လက်သွေးခဲ့သေး၏။ ရိုးမစာစောင်တွင်ကဗျာလေးတွေ ရေးခဲ့ဖူးသလို နှစ်လည်စာစောင်တွင်လည်း ဝတ္ထုစာမူတစ်ခု အရွေးခံရဖူးသည်။ စာမူရှင်များ ဂုဏ်ပြုပွဲတို့ သချာင်္ဂုဏ်ထူးရသူများ ဂုဏ်ပြုပွဲတို့ လွမ်းစရာတွေက တွေးလေ အမှတ်ရလာလေပင်။
အသေအခြာ ပြန်တွက်ကြည့်တော့ (၃၆)နှစ်တောင် ရှိခဲ့လေပြီ။ ဘဝရဲ့ အတောက်ပဆုံးအရွယ်ရဲ့ နှစ်နှစ်တာကို ပဲခူးမှာ ကုန်ဆုံးခဲ့သည်ပဲ။ ပဲခူးသားတစ်ပိုင်း ဖြစ်ခဲ့လေတော့ ရွှေသာလျှောင်းနဲ့ မဟာစေတီ သွားရင်း အနောက်တောရှိ အကျွတ်အလွတ် ဘုရားထိ သွားခဲ့ရတာ ပျော်စရာ။ အနောက်တောသွားရင်း ရန်ကုန်က ဘုရားဖူးကားတွေ တွေ့ရင် ကိုယ်သိတဲ့သူပါလေမလားနဲ့ ရှာခဲ့ရတာလည်း မမေ့နိုင်။ အော်... ငယ်ဘဝရဲ့ ကောလိပ်ကျောင်းသားဘဝကို ဒီအချိန်ရောက်ရင် လွမ်းမိပါ၏။
(ကောလိပ်ကျောင်းသား အူတူတူ ဘဝလေးကို သူငယ်ချင်းတွေအား အမှတ်ရတဲ့ အနေနဲ့ ရေးလိုက်ပါတယ်။ အရင်က ရေးဖူးတဲ့အက်ဆေးလေးတစ်ပုဒ်နဲ့ ဆင်တူနေပါလိမ့်မယ်။)
ချစ်ခြင်းအားဖြင့်

Saturday, December 1, 2018
အမျိုးသားနေ့ အမျိုးသားရေး
အမျိုးသားနေ့ အမျိုးသားရေး
အမျိုးသားအောင်ပွဲနေ့သို့ရောက်ပြန်ပြီ။ ဒီနှစ်က၂၀၁၈မို့ (၉၈)နှစ်ရှိပေါ့။ မြန်မာအွန်လိုင်းဖြစ်သော ဖေ့ဘုတ်တခွင်မှာတော့ အမျိုးသားနေ့အကြောင်းသိပ်မဖတ်ရ။ မြန်မာ့အမျိုးသားနေ့သည် သာမန်ရုံးပိတ်ရက်တစ်ခုအဖြစ် ရောက်ရှိပြီး အမေ့ခံနေရပုံပါရှိ၏။
အမျိုးသားနေ့ဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲ၊ ဘယ်သူတွေဦးဆောင်ခဲ့လဲဆိုတာ ကြာလျှင်မေ့သွားမှာစိုးမိပါ၏။
မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ပြီး အင်္ဂလိပ်လက်အောက်ရောက်ခဲ့သည်မှစခဲ့သော ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးယန္တယားလည်ပတ်ဖို့ အတွက် ရန်ကုန်ကောလိပ်နှင့်ဂျပ်ဆင်ကောလိပ်တို့ ဖွင့်ကာ မြန်မာတို့ကို အဆင့်မြင့်ပညာသင်ပေးသည်။ ၁၉၂၀ ကာလအထိ အိန္ဒိယနိုင်ငံရှိ ကလကတ္တားတက္ကသိုလ်လက်အောက်ခံကျောင်းများ အဆင့်သာ ဖြစ်၏။ မြန်မာပြည်တွင် တက္ကသိုလ်မရှိ။
ဝိုင်အမ်ဘီအေအသင်းကြီးက မြန်မာပြည်အတွက် သီးခြားတက္ကသိုလ်ရရေး လှုံ့ဆော်ရာမှ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေ(Rangoon University Act) ကိုရေးဆွဲပြီး ၁၉၂၀ မတ်လတွင် အတည်ပြုသည်။ ထိုဥပဒေတွင် မြန်မာပြည်အတွက် တစ်ခုတည်းသောတက္ကသိုလ်ဖြစ်ရမည်၊ ယူနီဗာစီတီအောက်တွင်လည်း ကောလိပ်တစ်ကျောင်းသာရှိရမည်၊ ရန်ကုန်တွင်ဖြစ်ရမည်၊ ကျောင်းအိပ်ကျောင်းစားဖြစ်ရမည် ဟူ၍ ပါရှိသည်။
မတရားလှသောထိုဥပဒေများအပြင် တစ်နှစ်စာ ငွေခြောက်ရာကျပ်၊ တစ်လငွေကျပ်ငါးဆယ်ခန့်လည်း ကျောင်းစားရိတ် လိုအပ်ပေဦးမည်။ ထိုအချိန်က စာရေးကြီးတစ်ဦးလစာမှာ သုံးဆယ်သာရပြီး သာမန်လက်လုပ်လက်စားတစ်ဦးသည် တစ်နေ့တစ်မတ်လောက်သာရသည့်အချိန်အခါ။ ရာထူးကြီးသော မင်းစိုးရာစာအဆင့်ပင်လျှင် အမြင့်ဆုံး (၇၅)ကျပ်လောက်ရသည့်အချိန်မို့ လူချမ်းသာများအတွက် သီးခြားရေးဆွဲထားသော ဥပဒေမှန်း သိသာလှသဖြင့် ပြည်သူများက ကန့်ကွက်ကြသည်။
ပြန်လည်ပြင်ဆင်ပေးရန်အတွက် အများကန့်ကွက်နေသည်ကိုဂရုမစိုက်ပဲ ၁၉၂၀ သြဂတ်လတွင် ဘုရင်ခံကရက်ဒေါက်(Sir Reginald Craddock) က ဥပဒေကိုအတည်ပြုပြီး ယူနီဗာစီတီဥပဒေနှင့်အညီ ၁၉၂၀ ဒီဇင်ဘာတစ်ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အဖြစ် ရန်ကုန်ကောလိပ်အား အဆင့်မြှင့်ကြောင်း ကြေညာခဲ့၏။
၁၉၂၀ ဒီဇင်ဘာ(၃)ရက်နေ့ ( တန်ဆောင်မုန်းလဆုတ်(၈)ရက်၊ သီပေါမင်းပါတော်မူနေ့) တွင် ကောလိပ်ကျောင်းသား(၁၁)ဦးသည် ရွှေတိဂုံစေတီအနောက်တောင်(စနေဒေါင့်)ဖက်တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြပြီး ကောလိပ်ကျောင်းသားများသပိတ်မှောက်ရန် ဆုံးဖြတ်က အမြုတေသပိတ်ကော်မတီကိုဖွဲ့စည်းခဲ့ကြသည်။
ထိုကောလိပ်ကျောင်းသားကြီးများမှာ
(၁)ကိုဘဦး
(၂)ကိုဘရှင်
(၃)ကိုညီပိတ်
(၄)ကိုဖိုးကွန်း
(၅)ကိုအေး
(၆)ကိုလှတင်
(၇)ကိုဖေသိန်း
(၈)ကိုထွန်းဝင်း
(၉)ကိုဘရှင်
(၁၀)ကိုဘခင်
(၁၁)ကိုအောင်ဒင် တို့ ဖြစ်ကြပါ၏။
ကောလိပ်ကျောင်းသား(၄၀၀)ခန့်သည် နောက်တစ်နေ့ ဒီဇင်ဘာ(၄)ရက်၌ ဗဟန်းရှိ ဦးအရိယကျောင်းတွင် သပိတ်အတွက် အစည်းအဝေးပြုလုပ်သည်။ သပိတ်မှောက်ဖို့အများသဘောတူခဲ့ကြသည်။
နောက်တစ်နေ့ဖြစ်သော ၁၉၂၀ ဒီဇင်ဘာလ(၅)ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ခု၊ တန်ဆောင်မုန်းလပြည့်ကျော်ဆယ်ရက်) နေ့တွင် ကျောင်းသားအများထပ်မံစုဝေးကာ ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ကြောင်း တရားဝင်ကြေညာခဲ့ကြသည်။ ဗဟန်းရှိ ဦးအရိယကျောင်း သပိတ်စခန်းသို့ အထက်တန်းကျောင်းသားများကလည်း ထောက်ခံချီတက်ခဲ့သည်။ မြို့လူထုကလည်း ကျောင်းသားသပိတ်ကို ထောက်ပံ့ကူညီခဲ့သည်။
ထိုနေ့မှာပင် နောက်ထပ်ကျောင်းသား (၁၅)ဦး ထပ်မံပါဝင်သော ယူနီဗာစီတီသပိတ်မှောက်ကောင်စီ ခေါ် (၂၆)ဦးအဖွဲ့ ဖြစ်လာခဲ့ကြသည်။ ထပ်၍ ပါဝင်လာသော ကျောင်းသားများမှာ
(၁၂)ကိုလှစိန်
(၁၃)ကိုဘတင်
(၁၄)ကိုမြ(သခင်မြ)
(၁၅)ကိုမြင့်
(၁၆)ကိုဖိုကျား( အမျိုးသားပညာဝန်)
(၁၇)ကိုစိုးဝင်း
(၁၈)ကိုဖိုးလတ်
(၁၉)ကိုထွန်းဖေ
(၂၀)ကိုဘဟန်
(၂၁)ကိုလူဖေဝင်း
(၂၂)ကိုဘကျော်
(၂၃)ကိုမောင်ကို
(၂၄)အီးမောင်စိန်
(၂၅)အမ်စီဆင်း
(၂၆)မစ္စတာဘို့(စ်) တို့ ဖြစ်ကြပါ၏။
ကျောင်းပြန်မတက်လျှင် သပိတ်မှောက်ကျောင်းသားများကို ကျောင်းထုတ်မည်ဟူ၍ ကျောင်းအာဏာပိုင်အဖွဲ့က ကြေညာသည်။ ကျောင်းသားများကလည်း ကျောင်းသားစာရင်းမှ အပြီးထုတ်ပယ်နိုင်ကြောင်း တုန့်ပြန်သည်။ ဂျီစီဘီအေအသင်းချုပ်ကြီးကလည်း အစိုးရကျောင်းများသို့ ပြန်မတက်ရန် နိုးဆော်ကာ တစ်နိုင်ငံလုံးမှာ အမြုတေအမျိုးသားကျောင်းများပေါ်လာခဲ့ကြသည်။ အမျိုးသားကောလိပ်ကြီးကိုလည်း စေတနာ့ဝန်ထမ်းပါမောက္ခဆရာကြီးများဖြစ်သည့်
(၁)ဆရာလွန်း( သခင်ကိုယ်တော်မှိုင်း)
(၂)ဆရာတော်ဦးညာဏ
(၃)မစ္စတာရောင်း(မဟာဝိဇ္ဖာ-ဝါရှင်တန်)
(၄)မစ္စတာချင်ဒမ်ဘရာ( ဘာမင်ဟန်ကောလိပ်)
(၅)မစ္စတာဘနာဂျီ(မဟာဝိဇ္ဖာ-လန်ဒန်)
(၆)ဒီးဒုတ်ဦးဘချို စသည်တို့နှင့် တည်ထောင်နိုင်ခဲ့သည်။
မန်းလေးမြို့အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် အမျိုးသားကျောင်းခေါ် နေရှင်နယ်ကျောင်းများပေါ်ပေါက်ခဲ့ပြီး ထိုကျောင်းများမှ မြန်မာပညာတတ်အများအပြားမွေးထုတ်ပေးနိုင်ခဲ့ကြသည်။ မန်းလေးမြို့၏ အမျိုးသားကျောင်းကြီးကို ဦးဆောင်ခဲ့သည်မှာ ဆရာကြီးဦးရာဇတ်ဖြစ်ပါ၏။
နေရှင်နယ်ကျောင်းဟူသည့် အမျိုးသားကျောင်းများ တစ်ပြည်လုံးပေါ်ပေါက်ခဲ့သည့် မူလပထမဖြစ်သော ကျောင်းသားသပိတ်ကြီး၊ ကျောင်းသားများသာမက ပြည်သူအပေါင်းအား အမျိုးသားရေးအသိအမြင် ပွင့်လမ်းစေခဲ့သော ကျောင်းသားသပိတ်ကြီး ဖြစ်ခဲ့သည့်အတွက် ဂျီစီဘီအေအစည်းအဝေးကြီးက ကျောင်းသားများ စတင် သပိတ်တိုက်ပွဲဝင်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့အား " မြန်မာ့အမျိုးသားအောင်ပွဲနေ့" အဖြစ် သတ်မှတ်ခဲ့ကြသည်။ အမျိုးသားစိတ်ဓါတ်ဖြင့် အင်္ဂလိပ်နေ့စွဲအစား မြန်မာနေ့စွဲကို ယူခဲ့ကြခြင်းဖြစ်ပါ၏။
အမျိုးသားရေးစိတ်ဓါတ်များ၊ ဝံသာနုစိတ်ဓါတ်များဖြင့် ဖွဲ့စည်းခဲ့သော ဂျီစီဘီအေအသင်းချုပ်ကြီးသည် နောင်အခါ၌ ငါးထောင်စားရာထူးဟုခေါ်သည့် (၉၁)ဌာနအုပ်ချုပ်ရေးရာထူးများနှင့် မြှူဆွယ်မှုကို မတွန်းလှန်နိုင်ပဲ ကွဲခဲ့ကြလေသည်။
((၉၁)ဌာနအုပ်ချုပ်ရေးဟူသည် အရေးပါသည့် ပြည်ထဲရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေးစသည့် ဝန်ကြီးဌာနများကို အင်္ဂလိပ်လက်အောက်မှာထားရှိပြီး အရေးမပါလှသောဌာနအချို့ကို ပေးအပ်ခြင်းဖြစ်ရာယခုခေတ် ၂၀၀၈ ခြေဥကြီးနှင့် အုပ်ချုပ်နေရသော ဒီမိုအစိုးရနှင့်လည်း ဆင်တူလှ၏။)
အမျိုးသားကျောင်းများသည်လည်း နောင်သုံးနှစ်ခန့်ကြာသောအခါ အစိုးရအထောက်အပံ့ယူသောကျောင်းများသာ ဆက်လက်လည်ပတ်နိုင်ပြီး ကျန်သော ကျောင်းများမှာ ပိတ်သိမ်းခဲ့ကြရ၏။ ထိုအဖြစ်အစုံကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက "ဘွိုင်ကောက်ဋီကာ" လေးချိုးကြီးဖြင့် မှတ်တမ်းရေးခဲ့ပါသည်။
သည်သမိုင်းဖြစ်ရပ်များထဲမှ အဓိကဇာတ်ကောင်များတွင် မြန်မာပြည်မှာမွေးဖွားကြသော ဘာသာ၊ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြသည်ကို တွေ့ရ၏။ ကုလား၊တရုတ်မခွဲခဲ့ကြ။ ရဟန်း ရှင်လူ ပြည်သူအပေါင်း သွေးစည်းစွာဖြင့် အမျိုးသားရေးအတွက် လက်တွဲခဲ့ကြသည်။ အကူအညီပေးခဲ့ကြသော ဆရာ၊ မိဘပြည်သူများလည်း ဘာသာလူမျိုးပေါင်းစုံ ဖြစ်သည်။ မြန်မာပြည်မှာမွေး၍ မြန်မာပြည်ကိုချစ်ကြသော မြန်မာပြည်သား မှန်သမျှသည် အမျိုးသားစိတ်ဓါတ်၏ အောက်မှာ ပေါင်းစည်းခဲ့ခြင်းပင်။ ဤသည်မှာ အမျိုးသားရေးစိတ်ဓါတ်အမှန် ဖြစ်ပါသည်။ အမျိုးသားရေးဟူသည် မြန်မာ၊ တရုတ်၊ ကုလားမရှိ။ မြန်မာပြည်ကိုချစ်ကြသော မြန်မာပြည်ဖွားမှန်သမျှ မည်သူမဆိုနှင့် သက်ဆိုင်သည်။ အမျိုးသားစိတ်ဓါတ်နှင့် အမျိုးသားရေးသည် ခွဲခြား၍မရ။ ထိုအမျိုးသားရေးဝါဒကို Nationalism ဟုခေါ်ပါ၏။
သို့ပါသောကြောင့် ယနေ့တွင်ကြရောက်သော (၉၈)နှစ်မြောက်အမျိုးသားနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် စစ်မှန်သော အမျိုးသားရေးစိတ်ဓါတ်များဖြင့် အမိမြန်မာပြည်၏ အမျိုးသားနေ့ကိုဆင်နွှဲနိုင်ကြပါစေ၊ ဘာသာလူမျိုးမကွဲ ချစ်ကြည်ပေါင်းသင်းနိုင်ကြပါစေဟု ဆုမွန်ခြွေအပ်ပါသည်။ အမိမြန်မာပြည်ကြီး တည်ငြိမ်အေးချမ်း တိုးတက်ပါစေ။
(၂၀၂၀ တွင်ကြရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားနေ့နှင့် ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲများအား မျှော်မှန်းလျှက်။)
ချစ်တဲ့
မောင်လူပေ
(ကိုးကား - တို့ဗမာ အစည်းအရုံးသမိုင်း ပထမတွဲ၊ အမျိုးသားနေ့၏ သမိုင်းစာတန်း-ကိုအောင်)

Saturday, November 24, 2018
ကြောက် ကြောက် ကြောက်
ကြောက် ကြောက်ကြောက်
မြန်မာပြည်မှာခေတ်စားသည့် ရုပ်ရှင်နာမည်နှင့်ဆင်နေမည်လားမသိ။ ရုပ်ရှင်ထဲမှာတော့ သရဲခြောက်တာ ကြောက်ခြင်းဖြစ်၏။ မောင်လူပေက မမြင်ရတဲ့အရာတွေမကြောက်တတ်သူမို့ သရဲမကြောက်တတ်။ မောင်လူပေကြောက်သည်က အားလပ်ရက်၏ ဈေးရောင်းပွဲများဖြစ်သည်။
အနောက်နိုင်ငံများကား အရင်းရှင်နိုင်ငံများပီပီ ဈေးရောင်းဖို့သာ ကြံစည်နေကြပုံရ၏။ အထူးသဖြင့် အားလတ်ချိန်ခါဟု အမည်လှလှပေးထားသော Holiday Season သည် အဓိကဈေးရောင်းပွဲတော်ပင်တည်း။ ကျေးဇူးတင်သည့်နေ့ Thanksgiving သည် ကြာသာပတေးနေ့ကို သတ်မှတ်ထားရကား နောက်တစ်နေ့သည် အနက်ရောင်သောကြာနေ့ Black Friday ဟု ခေါ်ဆိုသည့် ဈေးရောင်းပွဲနေ့ကြီးပေတည်း။ ဈေးရောင်းပွဲနေ့များတွင် ဤနေ့သည် အကြီးဆုံးဟု ဆိုနိုင်ပါ၏။ ဆိုင်များက ပစ္စည်းတန်ဖိုးချကာ ဆွဲဆောင်ကြသည်။ ပြည်သူအများက ဆိုင်မဖွင့်မှီ နာရီများစွာကြိုတင်ရောက်ကာ တန်းစီအားပေးကြသည်။ ဆိုင်တံခါးဖွင့်သည်နှင့် ကိုယ်လိုချင်သည့်ပစ္စည်းကို အပြေးအလွှားသွားရောက်ဆွဲယူကြသည်။ လူချင်းတိုက်မိ၍ လဲကြကွဲကြသည်လည်းရှိ၏။ ရန်ဖြစ်ကြသည်လည်းရှိ၏။ အလကားရသည့်အလား ပြေးလွှားဆွဲငင်ပြီးပါကလည်း ငွေရှင်းရန်အတွက် နာရီနှင့်ချီကာ တန်းစီကြရပြန်သည်။ ကားရပ်နားရန်ပါကင် parking တွေလည်းပြည့်၊ မောလ် Mall တွေလည်း လျှံ၊ လမ်းတွေလည်း ကျပ်သည့် နေ့ဟုဆိုပါက လွန်အံ့မထင်။ မိုးရွာရွာ၊ နှင်းကျကျ၊ နေပူပူ ဤနေ့ရောက်လျှင် ဤသို့သာတည်း။
အလွန်ခင်ရသော အမတစ်ယောက်ကပြောဖူးတာ သတိရသည်။ ထွက်ပေါက် Outlet Mall ဟု အမည်ပေးထားသော ဈေးရောင်းစင်တာတစ်ခုကို မြေပုံအထိ အလွတ်ရသည်ဟူ၏။ နာမည်ကျော်တံဆိပ်များ Brands ဆိုင်ပေါင်း ရာချီရှိသည့် အနှီ Outlet Mall ကြီးကို ဆိုင်တည်နေရာတွေသာမကပဲ၊ ဘယ်ပစ္စည်းက ဘယ်နားမှာ ရှိသည်အထိ အတိအကျ သိသော ထိုမမကြီးက အနက်ရောင်သောကြာ Black Friday မရောက်မှီ ကျေးဇူးတင်သောနေ့ Thanksgiving နေ့လည်ထဲက ထို ဈေးရောင်းစင်တာသို့ ရောက်နှင့်သည်တဲ့။ အနက်ရောင်သောကြာဈေးရောင်းပွဲကို ကြာသာပတေးနေ့ ညနေထဲက စတင်သောကြောင့် ဖြစ်ပါ၏။ ဆိုင်မဖွင့်ခင်ထဲက ဆိုင်ရှေ့မှာတန်းစီပြီးအဆင်သင့်။ ညနေဆိုင်ဖွင့်သည်နှင့် ကိုယ်လိုရာ ဆွဲယူပြီးဖြစ်စေရေး ဝီရိယကောင်းပုံကား အောချစရာ။ ကြာသာပတေးညနေက စလိုက်သည့် ဈေးဝယ်မှုကား တစ်ညလုံး ဆိုင်ပေါင်းစုံအောင် ဝယ်ပြီးသည့်နောက်တွင် သောကြာနေ့နေ့လည်အထိပါပဲဟု ဆိုပါ၏။ တစ်ညလုံး မရပ်မနား မာရသွန်ဈေးဝယ်သူများတွင် သူလည်းတစ်ယောက်ပါဝင်သည်။ ဒေါ်လာသုံးထောင်လောက် ထွက်သွားသည့်အခါမှ နေသာထိုင်သာရှိသွားရသည်အတွက် အိမ်ပြန်ကာ အိပ်ပါတော့သည်ဟု ဆိုသည်။
ခေတ်မှီမှီ ကမ္ဘာကြည့်ကြည့်မြင်တတ်ပေသော အိမ်ဥက္ကဌကြီး မဒန်ပေလည်း ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် အနက်ရောင်သောကြာနေ့ကို ချီတက်ပေပြီ။ ဘဏ္ဍာရေးမှူးနှင့် တာဝန်ယူရသူ မောင်လူပေက နောက်မှလိုက်ရပေတော့၏။ ဥက္ကဌကြီးဝယ်သမျှ အကြွေးကဒ်ပြားလေးနှင့် ရှင်းပေတော့။ ပလတ်စတစ်ကဒ်လေးများကလည်း အလွန်အသုံးတည့်လှသည်။ ငွေရှင်းသမျှ အိုကေပြကာ Approved ဖြစ်ကြ၏။
အနှီ အနက်ရောင်သောကြာနေ့ပြီးပါက ဟင်းချ၍မရသေး။ စနေ၊တနင်္ဂနွေပြီး၍ တနလာင်္နေ့ရောက်ပါက အိမ်သာနက်တနလာင်္ Cyber Monday ဟု အမည်ရသော အိမ်သာနက် အဲလေ အင်တာနက် ဈေးရောင်းပွဲကြီး စပေပြီ။ အင်တာနက်မှ ဈေးချ Sale လုပ်ကြသောပစ္စည်းများဝယ်ရန်အတွက် ပေသမီးက စောင့်နေပေပြီ။ လိုချင်သည့် Wish list ကလည်း အဆင်သင့်။ ဝက်ဆိုက် Website တို့ နွားဆိုက်တို့ကလည်း ရှာဖွေပြီးသား။ တနင်္ဂနွေညသန်းကောင်ကျော်၍ တနလာင်္နေ့သို့ တစ်စက္ကန့်ကူးသည်နှင့် သူမလိုချင်သည်များကို ဝယ်ပြီးဟုသာ ဂဏာဟိမှတ်ပေလော့။
ဤဈေးရောင်းပွဲသည် ဤမျှသာဟု မမှတ်ထင်ကြပါနှင့်။ နောက်တစ်လဖြစ်သော ဒီဇင်ဘာလတစ်လလုံးသာမက နှစ်ဆန်းတစ်ရက် New Year တိုင်အောင် ရောင်းကြပါသော အားလပ်ရက်ဈေးရောင်းပွဲတော်ကြီးဖြစ်ပါ၏။ ကမ္ဘာအနှံ့မှ လာလည်ကြကုန်သော ဧည့်သည်အပေါင်းသည်လည်း ဤလကိုအားထားလာတတ်ကြသည်။ လာတုန်းက ဘာမျှမပါသော်လည်း အပြန်တွင် သေတ္တာတွေကို ပေါင်ပိုကြေးပေးကာ သယ်သွားကြလေ၏။
ဒီဇင်ဘာလတွင် ခရစ်စမတ်ရာသီမို့ လက်ဆောင်ပစ္စည်းများ လှည့်လည်ဝယ်ယူကြရင်း ခရစ်စမတ်ဘိုးဘိုးကြီး စန်တာကလော့ခ် နှင့် ဓါတ်ပုံရိုက်ကြ၊ ဈေးဝယ်စင်တာမှာ အလှဆင်ထားတဲ့ အလှပစ္စည်းများနှင့် ဆဲလ်ဖီဆွဲကြ၊ ဓါတ်ဖမ်းကြနှင့် ပျော်စရာ။ ဘယ်အခါမှ Sale မရှိသည့် LV တို့ Hermès တို့ရောင်းသည့် ဆိုင်ပေါက်ဝတွင်လည်း ထိုဆိုင်မှာဈေးဝယ်သယောင် ဟန်ဆောင်ကာ ဓါတ်ဖမ်း၍ ရသေးသည်။ မောင်လူပေလည်း ယခင်နှစ်များက Hermès ဆိုင်ထဲ ဝင်မွှေတော့ ခါးပတ်က ခြောက်ရာ၊ ရှပ်အင်္ကျီက နှစ်ထောင်၊ တီရှပ်ပင် ခုနှစ်ရာဆိုသဖြင့် မဝယ်နိုင်သည့်အဆုံး စိတ်ပေါက်ပေါက်နှင့် ရိုက်ခဲ့သေးသည်။ (ဓါတ်ပုံတွေပါ)
အနှီ ဈေးဝယ်ရာသီကို ကြောက်ကြသူများထဲတွင် မောင်လူပေ၏မိတ်ဆွေ သူငယ်ချင်းအပေါင်းလည်းပါကောင်းပါနိုင်ပါ၏။ သူတို့တစ်တွေလည်း ဘဝတူများပင် ဖြစ်နိုင်သည်။မဒန်တွေ ဈေးပတ်နေစဉ်တွင် အထုပ်ပေါင်းစုံဘေး၌ ငုတ်တုပ်ငိုက်နေကြသော ဓါတ်ပုံများစွာကို မြင်ဖူးသောကြောင့် အတတ်ပြောနိုင်ခြင်းဖြစ်ပါသည်။
အနက်ရောင်သောကြာနေ့ Black Friday ၏ ဘေးရန်မှ ကင်းဝေးစေရေးအတွက် ဆုတောင်းကြပါ၊ ဆိုင်ဘာတနလာင်္ Cyber Monday ရန်မှ ဝေးရန် ယတြာချေကြပါ။ ခရစ်စမတ်ဈေးရောင်းပွဲမှ ဝေးရာရှောင်ကြပါ။ မရှောင်နိုင်ပါက ဤလတွင် ငွေကုန်ကြေးကျများအံ့ ဟူသော ဗေဒင်ဆရာ၏ဟောကိန်းသည်သာ မှန်ကိန်းရှိပါလိမ့်မည်ဟု မှတ်ပါလော့။
ချစ်သူငယ်ချင်းမိတ်ဆွေများ ဈေးများများ ဝယ်နိုင်ကြပါစေ။ အဲလေ မှားလို့ ကျန်းမာချမ်းသာကြပါစေ။

ဆေးပေါင်းခတဲ့ည
ဆေးပေါင်းခတဲ့ည
တန်ဆောင်မုန်းလပြည့်ညမှာ ဆေးပေါင်းခတယ်ဆိုပြီး ရွှေမြန်မာတွေ မယ်ဇလီဖူးသုတ်စားကြတယ်။ မယ်ဇလီပင်စောင့်နတ်ဆီကို အခြားအပင်စောင့်တဲ့ရုက္ခစိုးတွေက ဒီညရောက်ရင် ခစားကြရသတဲ့။ အတော်ရှေးကြတဲ့ အယူအဆတစ်ခု။
ညသန်းကောင် မယ်ဇလီဖူးခူးဖို့ဆိုတာ ကြောက်ကြောက်ကြောက် စရာ။ နယ်ဖက်မှာဆို နေ့ဖက်မှာ အဖူးတွေတက်ခူးထားပြီး ညကြမှ သုတ်စားကြတာပဲ။ မြို့ပေါ်မှာတော့ မယ်ဇလီပင်ဆိုတာ ရွှေထက်ရှားပါတယ်။ ရွှေဆိုင်တွေသာ လက်ညှိုးထိုးမလွဲ။ မယ်ဇလီပင်ကတော့ နတ္ထိ။ ဒီတော့ တောသည်လေးတွေလာရောင်းတဲ့ မယ်ဇလီဖူးတွေဝယ်ထား၊ ညရောက်တော့ သုတ်စားကြလေသတည်းပေါ့။
အဲဒီရွှေမြန်မာတွေ တိုင်းပြည်ကိုအုပ်စိုးခဲ့သူအပေါင်းရဲ့ ကျေးဇူးတော်အဖုံဖုံကြောင့် ရေခြားမြေခြားရောက်လာကြတဲ့အခါ ဒီအစဉ်အလာ ပါလာကြတယ်။ ရောက်ရာအရပ်မှာ ဒီညရောက်ရင် မယ်ဇလီဖူးသုတ်က မပါမဖြစ်။ သို့ပါသော်လည်းပေါ့လေ။ မောင်လူပေရောက်ရာအရပ်က အနောက်နိုင်ငံ။ ဘယ်ဆီမှာ မယ်ဇလီဖူးရနိုင်ပါအံ့ဟု ထင်စရာ။ အထင်မစမောကြပါနဲ့။ အာရှသားတွေများများရှိရာအရပ်ဆိုရင် ဒါတွေရှိပါ့။
ထိုင်းလူမျိုးတွေ စီးပွားရှာတတ်ပုံများ အတုယူစရာ။ မယ်ဇလီဖူးတွေ၊ အရွက်တွေကို ပုလင်းသွတ်ပြီး ဒီနိုင်ငံအရောက်တင်ပို့ကြတယ်။ မန်ကြီးရွက်နုနုတွေလည်း ပုလင်းသွတ်ပြီးပို့တယ်။ အာရှသားတွေပိုင်တဲ့ ဆူပါမတ်ကက်တွေမှာ ရနိုင်တယ်။ ဒီတော့ မယ်ဇလီဖူးသုတ်တို့ မန်ကြီးရွက်နုသုတ်တို့ကို ခံတွင်းချဉ်ကြတဲ့ ရွှေမြန်မာများအကြိုက်ပါပဲ။
ဆေးပေါင်းခတဲ့ မယ်ဇလီဖူးပုလင်းသွတ်ကလည်း ရာသီချိန်မှာတွေ့တုန်း ဝယ်စုထားရပါတယ်။ ဒီလိုမစုနိုင်ရင်တော့ မယ်ဇလီရွက်ပုလင်းသွတ်ပဲရမယ်။ မနှစ်ကဝယ်ထားတဲ့ မယ်ဇလီပုလင်းသွတ်ကို ဒီနှစ်ဖေါက်ပြီး ဆေးပေါင်းခကြတဲ့ အနောက်နိုင်ငံရောက်ရွှေမြန်မာတို့ရဲ့ဘဝ တစ်စိတ်တစ်ဒေသ ပေါ့ဗျာ။
မြန်မာတွေဆေးပေါင်းခ မခတော့ မသိဘူး။ ထိုင်းတွေကတော့ ဒေါ်လာတွေ ပွသွားမှာ အသေအချာ။ မယ်ဇလီရွက်ပုလင်းသွတ်တစ်ပုလင်းခပ်သေးသေးကို ဒေါ်လာနှစ်ကျပ်ခွဲနဲ့ ဝယ်ခဲ့ရပါကြောင်း။ သွတ်သွတ်သွတ်။
ဓါတ်ပုံခရက်ဒစ်--- မူရင်းပိုင်ရှင်

ပညာရွှေအိုးနဲ့ အနွေးထည်အကောင်းစား
ပညာရွှေအိုးနဲ့ အနွေးထည် အကောင်းစား
လူမိုက်နဲ့ငွေ အတူမနေ လို့ကြားဖူးတယ်။ ငွေတောင်မနေမှတော့ ရွှေအိုးဆိုဝေးပေါ့။ မောင်လူပေ့ဆီကိုတော့ ငွေဆိုတဲ့သတ္တဝါက ရောက်တောင်မလာပါဘူး။ မမြင်ရပါဘူး။ ဘဏ်စာရွက်ထဲက ဂဏန်းလေးတွေအဖြစ်သာ အလည်လာတာ။
ကိုယ်တွေငယ်ငယ်က သချာင်္ဆို သိပ်ပြီး စိတ်ဝင်စားတာ။ ဂဏန်းတွက်နေရရင်ပျော်တတ်သူ။ စိတ်တွက်လည်းပိုင်တယ်။ တစ်ထဲကတစ်နှုတ် သုံည။ နှစ်ထဲကနှစ်နှုတ် သုံည။ ဘယ်လိုတွက်တွက် သုံည။ ဒီလို ထူးချွန်ခဲ့လို့လားမသိ၊ အခုအချိန်အထိ ဝင်ငွေနဲ့ထွက်ငွေက သမဝါယမဆိုင် စာရင်းရှင်းတန်းလို တန်းတူညီမျှမို့ ဝင်ငွေအနှုတ် ထွက်ငွေ သုံညပဲ။
အကြွေးရှင်ကလည်း အများသား။ ဒီမှာက လခကောင်းရသလို သုံးလို့ကောင်းတော့လည်း အကြွေးရှင်များတာ မဆန်း။ လစဉ်ပေးရမဲ့အကြွေးလေးတွေ ပေးနိုင်ရင်ပဲ ဟင်းချရတယ်။ နောက်လတောင်မရောက်သေး၊ သုံးပြီးပေါ့။ ခရက်ဒစ်ကဒ် က တစ်လကျော်အလကားသုံးရတယ်ဆိုပြီး ကြိုသုံးထားတာ။ အရင်လက အကြွေးက အခုလမှာ ပေးနိုင်ရင် ပြီးတာပဲ။ အခုလမှာ မရှင်းနိုင်မှ အတိုးစပေးရမှာ။ (ခရက်ဒစ်ကဒ်အတိုးက မနည်းဘူးရယ်။) ဒါကြောင့် ဘဏ်ကပို့တဲ့ လစဉ်ငွေစာရင်းရှင်းတမ်း စာရွက်လေးတွေ တစ်လတစ်ခါ အိမ်ရောက်လာလို့ ဖတ်ရရင် လက်ကျန်ငွေက ထူးအိမ်သင်ပဲ။ (အရင်အတိုင်း။) စုငွေလည်းတက်မလာ။ ချက်ငွေလည်း တက်မလာ။
လစဉ်မှန်မှန် စာပို့လေ့ရှိသူက အကြွေးရှင်တွေနဲ့ ဘဏ်ပဲရှိတော့ မမေ့မလျှော့ပဲ လတိုင်း ကိုယ့်ဆီကို စာလာရင် မေတ္တာစာလို့ သတ်မှတ်ထားတယ်။ ကိုယ့်ကိုချစ်လို့ မေတ္တာစာတွေ လတိုင်းပို့ရှာတာလေ။ အခြားသော မိတ်ဆက်စာတွေ၊ ဟိုစာဒီစာတွေလာမလားလို့လည်း မမျှော်ရဲပါဘူး။ မောင်လူပေက အန်ကယ်ကြီးခန့်ညံ့ညံ့မဟုတ်လား။ ငယ်ထဲကလည်းမစွန်၊ ခုလည်း မစွန်မို့ မွီးလေးတွေလည်း စာရေးရန်အကြောင်းမရှိ။ ဒါကြောင့် အိမ်ကိုစာလာရင် ကြော်ငြာစာရွက်တွေရယ်၊ ခရက်ဒစ်ကပ်အကြွေး၊ အိမ်ကြွေး၊ မြေခွန်ကြွေး၊ အာမခံကြွေး၊ ကားကြွေး၊ ဘာကြွေး၊ ညာကြွေး စတဲ့ အကြွေးတာင်းမဲ့ မေတ္တာစာတွေရယ်ပဲဖြစ်မယ်ဆိုတာ မေးစရာမလို။ (အခုတော့ ဘဏ်အွန်လိုင်းမှာ အော်တိုအကြွေးပေးလုပ်ထားတယ်။ စာလာတာနည်းသွားပါပြီ။ ခေတ်မှီမှီ paperless ပေါ့။)
သူများတွေက ချမ်းသာတာတွေ အွန်လိုင်းမှာ ထုတ်ပြကြတော့ ကိုယ့်လည်း ရှိတာလေးထုတ်ကြွားရတာပါ။ ကြွားလှချည်လားလို့ မထင်စေလို။ ဒါတောင် အမေက ပညာအမွေလေးပေးခဲ့လို့သာ။ပညာရွှေအိုးလူမခိုးဘူးတဲ့။ ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့။ ဥစ္စာရှိသူ၊ ရာထူးရှိသူနဲ့ ပေါင်းစားတဲ့အလုပ်မျိုး၊အများအတွက်မစဉ်းစားပဲ ကိုယ့်အတွက်သာ ဂွင်ဖန်ပြီး အိပ်ထဲထည့်တတ်တဲ့ တဘို့ထဲသမား မဖြစ်စေနဲ့တဲ့။ အမှန်ဖက်က ရပ်တည်ရမယ်တဲ့။ ငါးပါးသီလလုံရမယ်တဲ့။ ငယ်ငယ်က လူကြီးသူမတွေရဲ့ ဆုံးမစကားတွေ။ ဒါတွေနဲ့ကြီးပြင်းခဲ့တာ။ ဒါကြောင့်လည်းအကြွေးများနဲ့ဝိုင်းရံပြီး နိုင်ငံရပ်ခြားမှာရောက်နေရတယ်ထင်ပါရဲ့။ ငွေမချမ်းသာပေမဲ့ စိတ်ချမ်းသာပါတယ်။ နေတတ်ရင် ကြေနပ်စရာမဟုတ်လား။
ရွှေအိုးကိုပညာနဲ့ရှာရသတဲ့။ မောင်လူပေတို့ရွှေပြည်ကြီးမှာတော့ ရာထူးအာဏာရှိသူနဲ့ ပေါင်းသင်းပြီးရှာရတာပါ။ ဒီလိုပေါင်းတတ်တဲ့သူထောတာပါပဲ။ လူကြီးဆီဝင်ထွက်တတ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါလည်း သူ့ပညာနဲ့သူ။ မျက်နှာအခွက်ပြောင်ဖို့လိုသလို အခွင့်အရေးကောင်းရှာတတ်ဖို့လည်းလိုသကိုး။ တခါက တိုင်ကွန်လောင်းတစ်ယောက်ဆိုရင် တိုင်းမှူးကိုဝင်ထွက်ဖို့ နည်းလမ်းရှာမရတဲ့အခါ တိုင်းမှူးအမေကို တိုင်းမှူးနဲ့သိသယောင်ဟန်နဲ့ အမေလိုသဘောထားကြောင်း၊ ဘာညာရွှီးလို့ ကန်တော့ခြင်းနဲ့ ထိုင်ကန်တော့ခဲ့သတဲ့။ သူ့နာမည်လေးလည်း မိတ်ဆက်ပေါ့။ အမေအမေနဲ့ ဝင်တတ်ထွက်တတ်တော့ အမေအိုက သဘောကြ။ ဒီကောင်လေးမဆိုးဘူး၊ ဘာညာနဲ့အမှတ်ကောင်းနဲ့ ထောက်ခံတော့ အလုပ်ဖြစ်။ ကိုယ့်အိမ်လာကန်တော့တာ ဘယ်သူက မောင်းချပါ့မလဲနော်။ (သီတင်းကျွတ်လဟာ ဝင်တတ်ထွက်တတ်သူများအတွက် အကြိုက်တွေ့သောလလို့ ပြောစမတ်ရှိတယ်။) ဒါတင်ဘယ်ကမလဲ။ တိုင်းမှူးက ဖိနပ်ကောင်းကြိုက်တတ်မှန်းသိတော့ တိုင်းမှူးအိမ်ဝင်ပြီးအပြန်မှာ ဖိနပ်တံဆိပ်၊ နံပါတ်မှတ်ပြီး ဖိနပ်နဲ့ကန်တော့။ ဒီလိုနည်းလမ်းကောင်းတွေနဲ့ဝင်တတ်တော့ တိုင်းမှူးလည်း သူ့အိပ်ထဲရောက်ပေါ့လေ။ ခုဆို အမျိုးတွေတောင်ဖြစ်နေကြပါပြီ။ စီးပွားရေးသမားဆိုတာ ဒီလိုပဲလေ။ ဘယ်ဖဲတက်တက် ဒေါင်းဖို့အဓိက။ သူတို့မှာပဲ ရွှေအိုးရှိမှာပေါ့။ ကိုယ့်မှာတော့ အကြွေးအိုးပဲရှိမှာ။
ပညာရွှေအိုးရဖို့ကတော့ ငွေအတော်ကုန်တယ်ရယ်လို့ မိဘတွေဆီက ကြားနေရတယ်။ ဒီမှာလည်း ကုန်တာပါပဲ။ မောင်လူပေ့သမီးချော ပေသမီးဆိုရင် တက္ကသိုလ်ကို တန်းတက်လေတော့ တစ်နှစ်ကိုသောင်းကျော်ကုန်တယ်။ လေးနှစ်တက်တာ ငါးသောင်းကျော်ပဲ။ ဒီမှာ လူဆင်းရဲမှ အလကားတက်ရတာ။ ကိုယ်က ဆင်းရဲတာလည်းမဟုတ်၊ ချမ်းသာတာလည်းမဟုတ်တော့ ပေးရပါတယ်။ မြန်မာပြည်က သူဌေးဖြစ်ပေမဲ့ ပိုင်သမျှအကုန်ထားခဲ့ပြီး ဒီနိုင်ငံမှာ ဝင်ငွေနည်းသူအမည်ခံ၊ အစိုးရထောက်ပံ့ကြေးယူ၊ ကလေးတွေလည်း အခမဲ့ကျောင်းထားနဲ့ လုပ်စားတတ်သူတချို့လည်းရှိတယ်။ အိမ်တွေလည်းငွေလက်ငင်းရှင်းပြီး ဝယ်ထားကြတယ်။ ( သူတို့ကိုယ်စား လူတစ်ယောက်က နာမည်ခံဝယ်ပေးတာပေါ့၊ နောက်မှ မေတ္တာနဲ့ပေးကမ်းခြင်းဆိုပြီး နာမည်ပြောင်းကြမယ်လေ။) ဒီလိုလူတွေမှာလည်း ရွှေအိုးတွေရှိတယ်။
ပညာရွှေအိုးရဖို့ ငွေလမ်းခင်းရတဲ့အထဲမှာ ဆွေမျိုးပေါက်ဖေါ်ကြီးတို့ရဲ့ တရုတ်ပြည်လည်း ထိပ်ပိုင်းမှာပါတယ်။ ကလေးအတွက် အင်္ဂလိပ်စာသင်တန်း၊ သချာင်္သင်တန်း၊ စန္ဒယားသင်တန်း၊ ရေကူးသင်တန်း၊ အကသင်တန်း စသည်နဲ့သုံးရသတဲ့။ ကျောင်းကောင်းကောင်းဝင်အောင် ဝင်ထွက်တတ်ရသတဲ့။ ကျူရှင်ဖိုးတွေလည်းမနည်းဘူးတဲ့။ ကိုယ်ပိုင်ကျောင်းတွေမှာ အပြိုင်အဆိုင်ထားကြသတဲ့။ နာမည်ကြီးကျူရှင်ကျောင်းဆရာတစ်ယောက်ရဲ့ဝင်ငွေဟာ ဒေါ်လာသန်းချီရတယ်လို့ဆိုတယ်။ ကလေးတစ်ယောက်အတွက်သုံးငွေပျမ်းမျှကပဲ ဒေါ်လာလေးသောင်းကျော်ရှိပါသတဲ့။ ကိုယ်ပိုင်ကျောင်းတွေခေတ်ကောင်းတော့ ပညာရေးကုမ္ပဏီတွေထောင်ကြ၊ စတော့ရှယ်ယာတွေရောင်းဝယ်ကြ၊ အလုပ်တွေလည်းဖြစ်ကြတယ်။
အခုတော့ ဖေါင်းပွနေတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ အပြိုင်အဆိုင်များလှတဲ့ပညာရေးလောကကို တရုတ်အစိုးရက ထိမ်းချုပ်ဖို့စတင်နေပြီ။ ဆောက်လုပ်ရေးလောက၊ ဘဏ်လုပ်ငန်းလောကတွေ ထိမ်းချုပ်အပြီး တတိယမြောက်အနေနဲ့ အလှည့်ကျတဲ့လုပ်ငန်းပါပဲ။ ပညာရေးလောကအတွက် ထုတ်ပေးပြီး လိုင်စင်တွေကို ပြန်စီစစ်နေသလို လိုင်စင်အသစ်လည်း ထပ်မပေးတော့ဘူး။ အစိုးရကျောင်းတွေ တိုးချဲ့ဖွင့်ဖို့ကြိုးစားနေတယ်။ အကျိုးဆက်ကတော့ ပညာရေးနဲ့ပတ်သက်တဲ့ရှယ်ယာတွေထိုးဆင်းပါတယ်။ သူတို့ဆီက ပညာရွှေအိုးလုပ်ငန်း မဟန်တော့ဘူးတဲ့။
ပညာရွှေအိုးကို ရှာဖွေကြတဲ့အခါ တတ်နိုင်သူတွေက သားသမီးတွေကို ချမ်းသာတဲ့အနောက်နိုင်ငံတွေကို ပို့လေ့ရှိတယ်။ အနောက်ဆိုမုန်းပါတယ်ဆိုတဲ့ အသိုင်းအဝိုင်းတွေတောင် သူတို့နဲ့ပုလင်းတူဘူးဆို့ဖြစ်တဲ့ တရုတ်တို့ ရုရှားတို့ဆီကို ငွေကုန်ခံပြီး သားသမီးတွေကို မပို့ကြဘူး။ တရုတ်ပြန်တို့ ရုရှားပြန်တို့ဆိုတာ အစိုးရပညာသင်နဲ့သွားတဲ့သူပဲရှိတာ။ ငပွကြီးဆိုပြီး အနောက်နိုင်ငံများ မကောင်းကြောင်းရေးနေတတ်သူတွေရဲ့ သားသမီးတွေကိုယ်တိုင် ပညာရွှေအိုးကို အနောက်ဖက်လာပြီးရှာကြတာတွေ့ရတော့ အင်း.. သူတို့လည်း လောကီသားပဲလေလို့သာ မှတ်ပါတယ်။
အနောက်နိုင်ငံတစ်ခုဖြစ်တဲ့ အင်္ဂလန် အနောက်မြောက်ပိုင်းက အထက်တန်းကျောင်းတစ်ခုမှာ ရွှေအိုးရှာနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ကျောင်းကိုလာရင် အနွေးထည် အကောင်းစားမဝတ်ရလို့ အမိန့်ထုတ်တယ်ကြားရင် ရယ်စရာဖြစ်မလားပဲ။ မဝတ်ရလို့ တားမြစ်တဲ့အနွေးထည်တွေက တစ်ထည်ကို ဒေါ်လာထောင်ကျော်တန်တဲ့ Canada Goose , Moncler စတဲ့ အမျိုးအစားတွေပါ။ တားမြစ်ရတဲ့အကြောင်းလည်းရှိတယ်။ ဒီလိုအနွေးထည်တွေဝတ်နိုင်တဲ့ကလေးအတန်းအစားတွေက လူချမ်းသာတွေမို့ မဝတ်နိုင်တဲ့ကလေးတွေက အလိုလိုနေရင်း သိမ်ငယ်ကြရတယ်။ ခရစ်စမတ်မှာဝယ်ပေးဖို့ သူတို့မိဘတွေကို ပူဆာကြတယ်။ မိဘတွေကလည်း လခတစ်လစာလောက်တန်ဖိုးရှိတဲ့ဒီအနွေးထည်တွေ ဝယ်မပေးနိုင်ဘူး။ ဒါကြောင့် ဆင်းရဲခြင်းမှကာကွယ်ရေးအကြောင်းပြချက်နဲ့တားမြစ်ရတယ်လို့ဆိုတယ်။ အဆင့်အတန်းခွဲတာတွေ ဖြစ်မလာစေရေးအတွက် ကြိုတင်ကာကွယ်တဲ့သဘောပေါ့လေ။
မောင်လူပေတို့ ရွှေပြည်ကြီးမှာကတော့ ပူတဲ့နိုင်ငံမို့ အနွေးထည်ပြသနာမရှိဘူး။ ရွှေတွေညွှတ်နေအောင်ဝတ်စား၊ မင်းသမီးရှုံးအောင်ပြင်၊ အိမ်ဖေါ်ကိုခြင်းဆွဲခိုင်းပြီး ကလေးစောင့်ကြတဲ့ မေမေအချို့ရဲ့ ပြိုင်ပွဲပြသနာလောက်ပဲရှိမယ်။ ဒါလည်း သိပ်တော့ကိစ္စမရှိ။ သူတို့တွေက နောက်ကွယ်မှာသာ အတင်းတုတ်ကြမှာ။ ရှေ့မှာတော့ ညီမရေ၊ အမရေ၊ လှလိုက်တာနဲ့ စိတ်ထဲမပါကြပေမဲ့ လူယဉ်ကျေးထုံးစံအတိုင်း လောကွတ်ကြမှာအသေအချာ။
ဘာရယ်ဟုတ်ပါဘူး။ ဒီအပတ်ထဲဖတ်မိတဲ့သတင်းနှစ်ပုဒ်ကို ပေါင်းရေးလိုက်တာပါ။ တိုက်ဆိုင်မှုရှိလျှင်လည်း ခွင့်လွှတ်ကြပါလို့။
မိတ်ဆွေ၊ သူငယ်ချင်းတွေကျန်းမာချမ်းသာကြပါစေ။ ရွှေအိုးတွေနဲ့ပြည့်စုံကြပါစေ။

Saturday, November 17, 2018
တောမီး(၂)
တပတ်ကျော်နေပြီဖြစ်တဲ့တောမီးက မိုင်(၁၅၀)ဝေးတယ်ဆိုပေမဲ့ လေသင့်ရာမွှေးနေတုန်း။ San Francisco Bay Area မှာ လေဖိအားများနေလို့ လေက off shore flow တဲ့။ ကုန်းတွင်းကလေတွေ ပင်လယ်ဖက်ရွေ့လာတော့ မီးခိုးတွေပါ သယ်လာတဲ့သဘော။
မီးခိုးနံ့တွေပိုဆိုးလာလို့ ကောလိပ်ကျောင်းတွေပိတ်ရ။ ကိုယ်တွေကလည်း အလုပ်ရှိရာကို ကားတစ်စီးနဲ့လမ်းသလားနေရတာမို့ အပြင်မထွက်ချင်တာနဲ့ sick call ခေါ်။ မနက်ဖြန်လည်း မီးခိုးရနံဒါဏ်က သက်သာဦးမဲ့ပုံမရှိသေး။ Weekend ကြရင်တော့ ပင်လယ်က on shore flow လေး လာမယ်တဲ့။
အကြောင်းကြောင်းအရ အပြင်ထွက်ရမယ်ဆိုရင် N95 grade mask 😷 တတ်ကြပါလို့ သတင်းတွေကဆိုပါတယ်။ Surgery mask 😷 က အမှုန်အမွှားလေးတွေကို မတားဆီးနိုင်လို့ပါတဲ့။ ကိုယ်တွေကတော့ ဖုန်တွေကြားမှာ ကြီးခဲ့သူမို့လားမသိ။ ဒီမီးခိုးမှုန်တွေကြားမှာပြေးလွှားနေဆဲ။ ဘာ mask 😷 မှ မတတ်ဖြစ်သေး။ ကင်ဆာဖြစ်မှ ဖြစ်ရောပါပဲ။
နောက်အပတ်မိုးရွာရင်တော့ အိုကေသွားမယ်ပြောပါတယ်။ လောလောဆယ်မှာတော့ ဆန်ဖရန်တဝိုက်က မိတ်ဆွေသူငယ်ချင်းများ အသွားအလာဆင်ချင်ကြပါ။ အပြင်ထွက်တာလျှော့ကြပါကုန်။

နှစ်ကျိပ်ရှစ်ဆူ တောင်ငူ
နှစ်ကျိပ်ရှစ်ဆူ၊ တောင်ငူ
မြန်မာပြည်မှာ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲတွေကျင်းပတဲ့မြို့ရွာတွေအများအပြားရှိတယ်။ အဲဒီထဲမှာ တောင်ငူ နှစ်ကျိပ်ရှစ်ဆူဟာလည်း ထင်ရှားပါတယ်။
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဆိုတာ ဂေါတမဘုရားလောင်းဟာ သုမေဓါရှင်ရသေ့ဘဝမှာ ဘုရားဆုပန်ခဲ့တဲ့အတွက် ဒီပင်္ကရာဘုရားကစပြီး ဂေါတမဘုရားထိ (၂၈)ဆူသောဘုရားတွေကို ရည်စူးတဲ့ပွဲတဲ့။ ဒီပင်္ကရာဘုရားရှေ့ကပွင့်ခဲ့တဲ့ တဏှင်္ကရာဘုရားတို့ မေဓင်္ကရာဘုရားတို့၊ သရဏင်္ကရာ ဘုရားတို့ပါ ကမ္ဘာတစ်ခုထဲမှာပွင့်ခဲ့လို့ဆိုပြီး ထည့်ရေတွက်တဲ့အတွက် ဒီပင်္ကရာဘုရားက နံပါတ်(၁)မဟုတ်ပဲ နံပါတ်(၄)ဘုရားဖြစ်သွားရတယ်လို့ ရှေ့မီနောက်မှီ လူကြီးတွေဆီက ကြားဖူးခဲ့တယ်။ " သုမေဓါရှင်ရသေ့က ဒီပင်္ကရာဘုရားဆီမှာ ဘုရားဆုပန်တာဆိုရင် ဒီပင်္ကရာဘုရားက ဘုရားနံပါတ်(၁)ဖြစ်ရမှာ၊ ဘာလို့ နံပါတ်(၄)ဖြစ်နေတာလဲ" လို့ လူကြီးတွေကိုပေါက်ပေါက်ရှာရှာ မေးတတ်ခဲ့တာလည်း အမှတ်ရတယ်။
ဘုရားဘွဲ့တော်တွေက မှတ်ရခက်တော့ ဘုရားနံပါတ်တွေပဲ မှတ်ထားကြပါတယ်။ ဘယ်ရပ်ကွက်က ဘယ်ဘုရားနံပါတ်မဲပေါက်တယ်ဆိုမှ တောင်ငူမြို့ ကေလဇာတီဘုရားဝန်းထဲက နှစိကျိပ်ရှစ်ဆူဘုရားသမိုင်းသွားဖတ်ကြရတာပါ။ နှစ်ကျိပ်ရှစ်ဆူဘုရားတွေက ထိုင်တော်မူပုံစံတူတွေ။ အချို့ဒေသတွေမှာတော့ ဒေသစာရီကြွတာ ထိုင်တော်မူနဲ့ မလိုက်ဖက်လို့ဆိုပြီး ရပ်တော်မူကိုယ်တော်တွေနဲ့ နှစ်ကျိပ်ရှစ်ဆူလှည့်ကြပါတယ်။
နှစိကျိပ်ရှစ်ဆူလှည့်တဲ့ အလေ့အထဟာ မြန်မာပြည်ကိုဘယ်အချိန်ကရောက်နှင့်တယ်ဆိုတာ သေချာမသိပါဘူး။ နှစ်တစ်ရာပတ်ဝန်းကျင်လောက်ပဲ ရှိမယ်လို့ မှန်းကြပါတယ်။ တောင်ငူနှစိကျိပ်ရှစ်ဆူပွဲကတော့ လွတ်လပ်ရေးရပြီးမကြာခင်က စခဲ့ကြတာမို့ နှစ်ပေါင်းခြောက်ဆယ်ကျော် ခုနှစ်ဆယ်နည်းပါးရှိနေပါပြီ။ တောင်ငူနှစ်ကျိပ်ရှစ်ဆူလို နာမည်ကြီးတဲ့ နှစိကျိပ်ရှစ်ဆူပွဲကတော့ ပျဉ်းမနားနှစိကျိပ်ရှစ်ဆူပွဲပေါ့။ သူု့မြို့ကိုယ်သွား၊ ကိုယ့်မြို့သူလာတွေပေါ့။ လူငယ်တွေပီပီ ရန်ဖြစ်ကြတာအနည်းငယ်ရှိတတ်ပေမဲ့ များသောအားဖြင့် နှစ်မြို့လုံးမှာ အေးချမ်းစွာရှိကြပါတယ်။
တောင်ငူနဲ့ပျဉ်းမနားနှစိကျိပ်ရှစ်ဆူပွဲတွေ နာမည်ကြီးတဲ့အကြောင်းကတော့ ရန်ကုန်က နာမည်ကျော်အဆိုတော်တွေ တီးဝိုင်းတွေကို အခမဲ့ကြည့်ကြရလို့ပါပဲ။ မောင်လူပေတို့ ခပ်ငယ်ငယ်မှာ အီးမရှင်းတို့ ပလေးဘွိုင်တို့ ပေါ်စခေတ်။ သန်းနိုင်၊ သိန်းတန်၊ ပုလဲ၊ စိန်လွင်၊ မင်းမင်းလတ်၊ စိန်ဝင်းထွန်း၊ မဂျစ်တို့ ခေတ်။ ဒရမ်တွေအရမ်းခေါက်ပြီး ဂစ်တာတွေအပီတီးတာအားကြ။ အိမ်ပြန်ရောက်တော့ အမေဟင်းချက်တဲ့ ဒန်အိုးကြီးငယ်တွေ တန်းစီပြီး သစ်ကိုင်းချောက်ခပ်ငယ်ငယ်နဲ့ အပီခေါက်တာ ဂလုံဂလွမ်သံတွေဆူတော့ အမေရောက်လာ။ သူ့ဒန်အိုးတွေကွဲကုန်ပါပြီဆိုပြီး သားတော်မောင်ကို လိုက်သမလို့ အိမ်ပတ်ပြေးရတာလည်းအမှတ်ရ။
အဲဒီခေတ်မတိုင်မီကတော့ အဆိုတော်ရင်ဂိုတို့အဖေ(နာမည်မမှတ်မိ)တို့ ပါဝင်တဲ့ ကေတုထံတျာဆိုတဲ့ မြန်မာသံစုံတီးဝိုင်းကြီးနဲ့ မြန်မာ့အသံအဆိုရှင်တွေဆိုခဲ့ကြတယ်။ ကေတုဝင်းထွတ်အပါအဝင် အဆိုကောင်းတဲ့မြန်မာသံအဆိုတော်တွေ ထွက်ပေါ်ခဲ့တယ်။ မြန်မာသံစဉ်ဖြစ်တဲ့ ကေတုထံတျာခေတ်ကို စတီရီယိုခေတ်ကလွှမ်းသွားခဲ့တာ။
ငါ ဘိုဘိုဟန်၊ နင်ဘယ်သူလဲတို့ တတိယမြောက်ရီးစားစကားနိဒါန်းတို့ဆိုရင် ဘိုဘိုဟန် မဆိုမဖြစ်တဲ့ နှစ်ကျိပ်ရှစ်ဆူသီချင်းတွေ။ ကံ့ကော်တောမျိုးအောင်ရဲ့ အေးမိစံကပထမ၊ ကျွန်တော်ကဒုတိယတို့ ရင်မှာအေးမြရစေသားတို့လည်း တောင်ငူနှစ်ကျိပ်ရှစ်ဆူမှာပေါက်ခဲ့တဲ့ သီချင်းတွေ။ ဇော်မင်းလေး၊ လေးလေးနွယ်၊ အောင်ကိုလတ်၊ ခိုင်ထူးတို့ကစပြီး ကော်နီ၊ ဟေမာခေတ်အထိ မှီခဲ့တယ်။ ရပ်ကွက်တွေထဲမှာ လူချမ်းသာများတဲ့ရပ်ကွက်တွေဖြစ်တဲ့ (၁၅,၁၆,၁၇) ရပ်ကွက်တွေက ရန်ကုန်အဆိုကျော်တွေငှားကြတယ်။ စီးပွားရေးကျပ်တည်းလာတဲ့နောက်ပိုင်းမှာတော့ ရွှေနှင်းဆီ၊ အုပ်တွင်းကြယ်နီစတဲ့ ဆေးလိပ်ကြော်ငြာနှစ်ကျိပ်ရှစ်ဆူပွဲဘဝ ရောက်မှန်းမသိရောက်ခဲ့ရတယ်။ ဒီဆေးလိပ်ခုံကြီးတွေက ငွေကုန်ခံပြီး ရန်ကုန်တီးဝိုင်း၊ အဆိုတော်တွေငှားပေးတဲ့ စပွန်ဆာခေတ်အထိ မှီခဲ့တယ်။
ရန်ကုန်ဝိုင်းတွေနဲ့အဆိုတော်တွေ သုံးဝိုင်းလေးဝိုင်းအပြိုင်ငှားနိုင်တဲ့ခေတ်တွေရှိခဲ့သလို တစ်ဝိုင်းမှမငှားနိုင်လို့ မြို့ခံတီးဝိုင်းနဲ့ရန်ကုန်အဆိုတော်သုံးလေးယောက်ပဲပါတဲ့ နှစ်တွေလည်းမနည်း။ တစ်ဝိုင်းမှမငှားနိုင်လည်း ကိစ္စမရှိ။ တောင်ငူမြို့ခံဝိုင်းတွေကလည်းမခေ။ ရင်ဂိုတို့ဝိုင်း၊ ကိုခိုင်ဘွားတို့ဝိုင်းနဲ့ ကိုယ့်ဝိုင်းနဲ့ကိုယ်မြိုင်ဆိုင်ပါတယ်။ တောင်ငူသား တရုတ်အမျိုးသားများအသင်းရဲ့ တရုတ်တီးဝိုင်းကလည်း နှစ်ကျိပ်ရှစ်ဆူပွဲမှာ နှစ်တိုင်းမပါမဖြစ်။ ချစ်တီးယားအဖွဲ့ကလည်းတီးဝိုင်းမပါပေမဲ့ ချစ်တီးကုလားအကနဲ့ ဘုရားပင့်တာ နှစ်စဉ်ပါပဲ။
တောင်ငူနှစ်ကျိပ်ရှစ်ဆူလှည့်ပွဲက တန်ဆောင်မုန်းလဆန်း(၁၃)ရက်ညမှာကျင်းပပါတယ်။ ဗဟိုမဏ္ဍပ်နဲ့အကျအန။ လမ်းထောင့်တွေမှာ ဆိုကတီးဆိုပြီး ဆိုင်းပုဒ်တွေကပ်ထားတယ်။ မင်္ဂလာစည်တော်နဲ့အကနဲ့ထွက်လာကြတယ်။ ဘုရားနံပါတ်(၁)ကနေ အစဉ်အတိုင်းကြွချီရတယ်။ ဆင်းရဲတဲ့ရပ်ကွက်တွေက ဓမ္မစကြာင်္အဖွဲ့လောက်ပဲပါလို့ ရှေ့ဆုံးဘုရားတွေယူရပြီး အက၊တီးဝိုင်း၊ အဆိုပါတဲ့ရပ်ကွက်တွေ နောက်ကလိုက်ကြရတယ်။ ဘုရားတွေကို အလှဆင်ထားနဲ့ကားတွေနဲ့ပင့်ကြတယ်။ ဘုရားကားတွေပြိုင်ကြသလို တီးဝိုင်းတင်မဲ့ကားတွေလည်းပြိုင်ကြတယ်။ သစ်ကားကြီးကို ပတ်ပြီးခိုင်ခိုင်ခန့်ခန့် စင်ဆောက်တာမို့ သစ်တွေတန်နဲ့ချီကုန်တဲ့အပြင် ပန်းချီရေးခ၊ ဆေးချယ်ခလည်းမနည်း။ စုပေါင်းအားနဲ့ ဖြေရှင်းကြတာပါပဲ။ ပန်းချီစိုးမြင့်စိန်ရဲ့ လက်ရာတွေ အများကြီးပါခဲ့တာ မှတိမိပါသေးရဲ့။
အခုလည်း တောင်ငူနှစ်ကျိပ်ရှစ်ဆူတဲ့ဟေ့လို့ အသံကြားတာနဲ့ အိမ်ပြန်ချင်စိတ်က တားမရ။ တကယ်ပြန်မရတော့ အိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်။ နှစ်ကျိပ်ရှစ်ဆူပွဲကို လွမ်းလို့ရေးတဲ့စာ။
အိမ်လွမ်းသူတိုင်း အိမ်ပြန်နိုင်ကြတဲ့ဘဝတွေ ဖြစ်ကြပါစေ။ မိတ်ဆွေသူငယ်ချင်းတွေကိုအမှတ်ရလျှက်ပါ။
ချစ်တဲ့
မောင်လူပေ
(ဓါတ်ပုံ ခရက်ဒစ် မူရင်းပိုင်ရှင်)

တောမီး
သုခမြို့တော်၊ မာလီဘူးနဲ့ အစိုးမရတဲ့ တောမီး
ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ဆန်ဖရန်စစ္စကိုရဲ့ အရှေ့မြောက်အရပ် မိုင်(၁၅၀)လောက်အကွာ တောင်ခြေမှာ သုခမြို့တော် (Paradise) လို့အမည်ရတဲ့မြို့လေးရှိတယ်။ ခြောက်သွေ့တဲ့လွင်ပြင်ကြီးရဲ့အဆုံး တောင်ခြေမှာ သစ်ပင်တွေအပြည့်နဲ့ စိမ်းလမ်းစိုပြေလှတဲ့အတွက် သုခမြို့တော်လို့ အမည်ပေးခဲ့ကြသတဲ့။ အိမ်တွေက သစ်ပင်တွေကြားမှာ၊ လမ်းကလေးတွေကကွေ့ကောက်စွာ။ လူဦးရေ ၂၇,၀၀၀ ကျော်ရှိပြီး အိမ်ခြေ ၆၅၀၀ ရှိခဲ့တယ်။
မထင်မှတ်ထားတဲ့ တောမီးက ဒီမြို့လေးကို ပြာအဖြစ်ပြောင်းစေခဲ့ပြီ။ အိမ်ခြေ ၆၄၅၃လုံးနဲ့ လုပ်ငန်းသုံးအဆောက်အဦ ၂၆၀ ပြာဖြစ်ခဲ့ရလို့ တမြို့လုံးနီးပါးရဲ့ ၉၉% မီးလောင်ခံလိုက်ရတာပဲ။ လူ ကိုးယောက်သေဆုံးခဲ့ပြီး ၂၅ဦး ပျောက်ဆုံးနေတယ်။ တောမီးလောင်တဲ့ ဧကပေါင်း ခုနှစ်သောင်းကျော်ရှိသွားပြီ။ ၅%ပဲ ထိမ်းနိုင်သေးတယ်။
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိမ်ဂျလိစ်မြို့ရဲ့အနောက်ဖက် မိုင်သုံးဆယ်အကွာမှာ နာမည်ကျော် မာလီဘူး (Malibu) ဆိုတဲ့မြို့ကြီးရှိတယ်။ ဒီမြို့ကတော့ ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ စံအိမ်ကြီးတွေ ရှိတဲ့အတွက် နာမည်ကြီးတာ။ မာလီဘူးကမ်းခြေကလည်း မိုင်နှစ်ဆယ်ကျော်ရှည်ပြီး အလွန်လှတယ်။ ဒါကြောင့် အယ်လ်အေကိုရောက်ရင် မာလီဘူးဟာ သွားရောက်လည်ပတ်စရာနေရာ တစ်ခုပေါ့။ ဒီမြို့မှာ လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်ကြတယ်။
ဒီမြို့ကြီးလည်း အနီးအနားကလောင်မြိုက်လာတဲ့ တောမီးရဲ့ဒါဏ်ကြောင့် တစ်မြို့လုံး ထွက်ပြေးခဲ့ရပြီ။ တောမီးက မြို့ကိုပတ်ဝိုင်းထားပြီး တောင်စောင်းမှာ ဆောက်ထားကြတဲ့ ဒေါ်လာသန်းပေါင်းများစွာတန် စံအိမ်ကြီးတွေကို တစ်လုံးပြီးတစ်လုံး ဝါးမြိုဖျက်ဆီးနေတယ်။ နာမည်ကျော် ဟောလိဝုဒ်ရဲ့ အနုပညာရှင်တွေရဲ့ အိမ်တွေ ပြာဖြစ်သွားကြပြီ။ ကျန်သူတွေလည်း ဘုရားတ နေကြရပြီ။ မာလီဘူးအပြင် အနီးက ကလဘစ(Calabasas) နဲ့ သောင်ဇင်အုတ်( Thousand Oak) မြို့တွေအထိ တောမီးက ကူးစက်လောင်ကြွမ်းနေတယ်။
မာလီဘူးမှာ နာမည်ကျော်အဆိုတော် လေဒီဂါဂါ( Lady Gaga)၊ နာမည်ကျော် reality TV Star ဖြစ်တဲ့ ကင် (Kim Kardashian)၊ သူမရဲ့ယောက်ျား အဆိုတော် ကန်ရေးဝက်စ် (Kanye West)၊ သူမရဲ့ညီမလေး ဆူပါမော်ဒယ် ကိုင်လီဂျင်နာ (Caitlyn Jenner) ၊ ဆူပါမော်ဒယ် စင်ဒီကရောဖို့ဒ် ( Cindy Crawford) ၊ မင်းသား ဝယ်လ်စမစ် ( Will Smith) ၊ အဆိုတော်မင်းသမီးကြီးချာ (Cher) စတဲ့ ဟောလိဝုဒ်ကြယ်ပွင့်တွေ အများအပြားနေကြတယ်။
မာလီဘူးက သန်းကြွယ်သူဌေးတွေရဲ့စံအိမ်တော်ကြီးတွေ မီးလောင်တာသူဌေးသဘောင်္မှောက်သလောက်ပဲရှိမှာပါလို့ ဆိုကောင်းဆိုနိုင်ပေမဲ့ ပင်စင်စားတွေအများစုနေထိုင်တဲ့ သုခံဘုံမြို့လေး ပြာကျခဲ့ရတာတော့ အထိနာလှပြီး နလံထူဖို့ အတော်ကြိုးစားကြရမယ်။ ဒီလူတွေအများစုက အစိုးရကပေးတဲ့ထောက်ပံ့ကြေးတွေနဲ့ ရပ်တည်နေသူအများစု။ သုခဘုံမြို့ကိုဖျက်ဆီးခဲ့တဲ့မီးက အနီးမှာရှိတဲ့ ပျော်ပွဲစားစခန်းချရာစခန်းက စလောင်ခဲ့တဲ့မီး (Camp Fire) လို့ဆိုလေတော့ လူရဲ့ပေါ့ဆမှုကြောင့် စတင်လောင်ကြွမ်းခဲ့တဲ့တောမီးပါ။ မာလီဘူးမီးကတော့ ဘယ်ကစလောင်တယ် မသိရသေး။ လူ၂ ဦးသေဆုံးတယ်လို့ပဲ သိရတယ်။ လောင်နေဆဲ။ လောင်ကောင်းဆဲ။
ကယ်လီဖိုးနီးယားရဲ့ နေရာအများစုက မြန်မာပြည်ရဲ့ အညာဒေသလို မိုးနည်းခြောက်သွေ့ရပ်ဝန်းဒေသ၊ လေကလည်း ပြင်းပြင်းတိုက်တတ်သေး။ သစ်တောတွေကို ထိမ်းသိမ်းထားနိုင်လို့သာ ရာသီဥတုဖေါက်ပြန်မှုကို ထိမ်းထားနိုင်တဲ့ဒေသ။ ဒီသစ်တောကြီးတွေက ခြောက်သွေ့ရာသီမှာ လောင်စာတောကြီးဖြစ်လာပြီး ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မိုးကြိုးမုန်တိုင်းကြောင့်ဖြစ်စေ မကြာခဏ တောမီးလောင်တတ်တဲ့ နေရာဒေသပေါ့။
မောင်လူပေတို့လို့ မြန်မာတွေနဲ့ အာရှဒေသကရွှေ့ပြောင်းအခြေချသူတွေကတော့ ဒီလိုတောနဲ့နီးတဲ့ဒေသမှာ နေလေ့မရှိပါဘူး။ မြို့ပြတွေမှာပဲ နေကြတာများပါတယ်။ အလုပ်အကိုင်တွေက မြို့ပေါ်မှာပဲ ရှိတာတကြောင်းပေါ့။ သစ်တောတွေထဲနေကြသူတွေက လူဖြူတွေသာများကြပါတယ်။
ဒီနှစ်မှာ ကယ်လီဖိုးနီးယားတောမီးက စံချိန်တင်သွားပါတယ်။ သုခဘြုံမို့ပျက်အောင် လောင်ခဲ့တာမို့ အိမ်ခြေအပျက်အစီးအများဆုံးမီးအဖြစ်လည်း စံချိန်တင်သွားတယ်။ မာလီဘူးစံအိမ်ကြီးတွေတန်ဘိုးတွေ ပျက်စီးမှုတွေပေါင်းရင်လည်း ဘီလီယံပေါင်းများစွာ ပျက်စီးမဲ့သဘောရှိလို့ ပျက်စီးမှုတန်ဖိုးစုစုပေါင်းဟာလည်း အများဆုံးဖြစ်ကိန်းရှိနေပါတယ်။ မီးတားလမ်းတွေ၊ မီးကာကွယ်ရေးတွေ ဘယ်လိုပင်စီစဉ်ထားပေမဲ့ သဘာဝတောကြီးကို မီးစွဲပြီဆိုရင်တော့ ကိုယ်လွတ်ရုံးပြေးကြရတာပဲ။ အိမ်တွေက မီးအာမခံတွေ ထားကြရတာမို့ အာမခံကုမ္ပဏီတွေက ပြန်ဆောက်ပေးကြပါလိမ့်မယ်။ အရေအတွက်များတော့ လာမယ်ကြာမယ်။ နှစ်နဲ့ချီပြီး ကြာမြင့်အောင် စောင့်ကြရပါလိမ့်မယ်။
ကယ်လီဖိုးနီးယားရဲ့ တောင်နဲ့မြောက် မိုင်ငါးရာနီးပါးဝေးတဲ့နေရာနှစ်ခုမှာ လောင်နေတဲ့တောမီးအကြောင်း မိတ်ဆွေသူငယ်ချင်းတွေကို ဖေါက်သည်ချတာပါ။ အယ်လ်အေတို့ ဆန်ဖရန်တို့ဆိုတာ မြန်မာတွေအများစုနေထိုင်ကြပေမဲ့ ဒီတောမီးတွေနဲ့ ဝေးကြပါတယ်။ မီးခိုးမွှန်တဲ့ဒါဏ် ခံရတာက လွဲလို့ပေါ့လေ။

ဂျီဟော
ဂျီဟောအကြောင်း အမှတ်တရ
တချိန်သောအခါက အာအိုင်တီကျောင်းတော်မှာ ပညာသင်ကြားကြသော ပျိုပျိုမေကျောင်းသူတွေ ခိုနားရာအဆောင်လေးကို ဂျီဟော(G Hall) ဟူ၍ခေါ်တွင်ခဲ့သည်။ ထိုဂျီဟောဆောင်မှ အင်ဂျင်နီယာပျိုမေများကား အခုအချိန်တွင် အင်ဂျင်နီယာအန်တီကြီးတွေ အန်တီလေးတွေ ဖြစ်နေကြပေပြီ။ ထိုပျိုမေများကို ဂျီဟောသူဟု ခေါ်တွင်ခဲ့ပါ၏။
ဂျီဟောဆောင်သည် ဗမာ့စက်မှုတက္ကသိုလ် BIT(Burmese Institute of Technology) ခေတ်အခါက ဆရာအချို့၏ခိုနားရာဖြစ်ခဲ့ပါသည်။
ရန်ကုန်စက်မှုတက္ကသိုလ် RIT(Rangoon Institute of Technology) ဟူ၍ ပညာရေးစနစ်သစ်ကို ပြောင်းလည်းခဲ့သော ၁၉၆၄ခုနှစ် နိုဝင်ဘာလမှစပြီး 'ဥတ္တရဆောင်' ဟူသောအမည်သစ်ဖြင့် စက်မှုကျောင်းမဟာမှာပညာသင်ကြားကြမည့် အင်ဂျင်နီယာကျောင်းသူ ပျိုပျိုမေများအတွက် သီးသန့်အဆောင် ဖြစ်လာခဲ့သည်။ သို့သော်လည်း ဥတ္တရဟူသည် မြောက်အရပ်မို့ မြောက်ဆောင်ဟု အမည်ရသောကြောင့် မြောက်(မျောက်)ဆောင်အမည်ကို မည်သူမျှမခေါ်ကြပဲ ဂျီဟောဟုသာ ဆက်လက်ခေါ်တွင်ခဲ့ကြသည်။
နယ်မှရောက်ရှိလာကြသူ အင်ဂျင်နီယာကျောင်းသူ ပျိုပျိုမေများအတွက်သာမက ရန်ကုန်မှ အင်ဂျင်နီယာကျောင်းသူများ နေထိုင်ရေးအခက်အခဲရှိပါကလည်း လက်ခံပေးခဲ့သည့် အစဉ်အလာရှိခဲ့သည်။
ဂျီဟောသူပျိုပျိုမေများအထဲတွင် မင်းသမီးရှုံးအောင် ဖလန်းဖလန်းထသူများရှိခဲ့သလို ဝါတော်ခြောက်ဆယ်ရ သီလရှင်ဆရာကြီးအလား မျက်နှာထားတည်စွာဖြင့် မပြုံးမရယ် ရှုတည်သူများလည်း ပါဝင်ခဲ့သည်။ ထိုအကြောင်းကို ကျောင်းသားကာတွန်းဆရာများက ကျောင်း၏ကာတွန်းဘောက်စ်(Cartoon Box) တွင် ရေးဆွဲခဲ့ကြဖူး၏။
ဂျီဟောသူဟူသည့် နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ရေးသားခဲ့သူမှာ ဂျီဟောသူဟောင်းတစ်ယောက်ဖြစ်ခဲ့သော စာရေးဆရာမမစန္ဒာ (ဒေါ်ချိုချိုတင်) ဖြစ်ပါ၏။
ဂျီဟောသူပျိုပျိုမေများမှာ အင်ဂျင်နီယာမကြီးများ ဖြစ်သော်လည်း ကဗျာရေးရာတွင်လည်း ထူးချွန်လှပါ၏။ ထိုဂျီဟောသူများထဲမှ ဒေါ်ကြူကြူသင်းရေးသောကဗျာလေးကို တင်ပြပါရစေ။
" ပန်းတွေရဲ့သခင်..ပန်းဘုရင်မလေးလို့တင်စားမလား!!
**ရွှေကံကော်နဲ့ပန်းစွယ်တော်တွေကြားအမိတက္ကသိုလ်မှာ ငှားငှားစွင့်ပွင့်ပါတဲ့ ပန်းတွေရဲ့ သခင်ဆိုလဲမမှား!!
***A to F ကိုကို မောင်မောင်တို့ ရွှေစွန်ညိုပွဲမှာ ရွှေသဲကျော် မယ်ထွေး ရွှေ G လေးရယ်ဆို....,,,, ဘယ်သူဘယ်ဝါ ရှာကာတွေးမနေပါနဲ့>>>>
****မောင် အင်/ယာတွေကို ရင်ဘောင်တန်းပါလို့.., မယ် အင်/ယာ ဆို ထင်ပေါ်ကာ စင်တော်ကောက်ခံရပါတဲ့..,
*****ရွှေဂန္တဝင် G hall သူရှင့် !!! ပါတဲ့။
ဂျီဟောသူများ၏ လေးကြိမ်မြောက် reunion ပွဲအတွက်လည်းကဗျာတွေ စာတွေရေးထားကြတာ ဖတ်ရ၏။ အင်ဂျင်နီယာမကြီးများ၏ ကဗျာများကား ပြောင်မြောက်လှသဖြင့်ဆက်လက် တင်ပြပါရစေ။ မဥမ္မာမြင့်၏ ကဗျာကား ဧည်သို့ဖြစ်၏။
"ဂျီဟောသူဆိုတာ
မိတ်ကပ်မကူ
သနပ်ခါးမလိမ်း
မျက်နှာအပြောင်သားနဲ့
တွေ့ဆုံရာ နေရာတိုင်းမှာ
တဟားဟားရယ်တတ်တဲ့သူ
ဂျီဟောသူဆိုဆိုတာ
အပြောမချို
အပိုမပြော
ရင်ဘတ်ထဲကစကား
မျက်နှာမှာ အတိုင်းသားပေါ်တတ်တဲ့သူ
ဂျီးဟောသူဆိုတာ
ကျားဆိုရင်မောင်ဘွား
မဆိုရင် ညီအမ အလား
မခွဲခြားဘဲ
တသွေးတသားထဲ နေတတ်တဲ့သူ
ဂျီဟောသူဆိုတာ
ပုပု ဝဝ ပိန်ပိန် ရှည်ရှည်
လှလှ ပပ ခန့်ခန့် ထည်ထည်
ပန်းပျိုးတဲ့လက်နဲ့
မျိုးဆက်ကို ပျိုးထောင်
ဆေးစက်ကျရာ အရုပ်ထင်လို့
လောကကို အလှဆင်တတ်သူ
ဂျီဟောသူဆိုတာ
အမိတက္ကသိုလ် မဆိုထား
ဗမာပြည် တနံတလျား
ဘယ်နေရာမှာ ဘာလိုသတဲ့
နှစ်ခါမတွေးဘဲ မျှတတတ်သူ
ဂျီဟောသူဆိုတာ
မနာလိုကင်း ဝန်တိုရှင်းပြီး
ကွန်းခိုရာ ဒီစခန်းမှသည်
သဒ္ဒါတရား ပညာအားနဲ့
နိဗ္ဗာန်တိုင်အောင် လှမ်းကြမယ့်သူ။" တဲ့။
နောက်တစ်ယောက်သော ဂျီဟောသူ၏ ကဗျာကလည်း မခေ။
"ဂျီဟော ဆိုတာလေ
မဒီချောတွေအစီအရီနှောတဲ့
နေရာပါအေ။
ပုံမလာရုပ်ဆိုး ဂျမ်းတောမျိုးရယ်လို့ 
အမောင် တို့ ပြောင် ကဲ့ရဲ့ လှောင်လဲ
ညအခါ အဆောင်ရှေ့
မှောင်တစ်ကွေ့ က
ရွှေနားတော်သွင်းဧချင်းများနဲ့ ညွှတ်တွားခယ တသသ ဖြစ်ဖူးကြပါတယ်လေ။
မျက်နှာလို မျက်နှာရ ဆက်သတဲ့
ခေါက်ဆွဲကြော် အဖေါ်တွေနဲ့ ဟား
ဝါးကြရင်း ရယ်မော
ဟာသတွေလဲ ပြောဖူးတယ်။
လျှောက်ပြန်သံပေး
ခြေအေးဝမ်းယောင်
ကြောင်တောင်တောင်
အမောင်တို့  ကြား
ဂျီဟောသူတွေမာနကြီးသလား
သတင်းစကားနဲ့ 
စပျစ်သီးများလဲမချဉ်ခဲ့ ပေါင်
အခုတော့ တစ်နယ်စီ
အမိရင်ခွင်မှခွဲ
တကွဲစီပြန့် ကာကြဲပေမဲ့ 
စိတ်အတွေးထဲအမြဲဝင်
အရင်းချာ ညီအမလိုခင်သူတွေမို့ 
ပြန်လည်ကာဆုံတွေ့ ဖို့ 
အပြေးသာလှမ်းကာနွှဲ
ဂျီဟောသူ တို့ ပွဲ ။"
မရွှေထား
၇ .၁၁.၁၈ ပါတဲ့။
အနှီအနှီ ကဗျာရေးကောင်းကြသောဂျီဟောသူများ၏ကဗျာများကို ဆက်လက်တင်ပြပါရစေ။
ငါဟာလေ...
G hall သူ
မင်းပြောဖူးတယ်
ငါ့ကိုပဲ......
ပါးစပ်ကကြမ်းနှုတ်သရမ်းနဲ့
မုဆိုးတပိုင်းမိန်းမရိုင်းတဲ့
မျက်နှာထားကဆိုး
မာနမိုးထိုး
ကြည့်ရင်းနဲ့တောင်ကြောက်သတဲ့
တကယ်ဆိုရင်
မွန်မြတ်စိတ်ထား
နူးညံ့နှလုံးသားအား
မင်းမမြင်ခဲ့ပါလေ
တကယ်ဆိုရင်
ငါ့ဘဝမှာချမ်းသာတာဆိုလို့
မာနပဲရှိတဲ့
ဘဝသမားတယောက်ဆိုတာ
မင်းသိပါစေ
ချစ်မိတ်ဆွေ.....
Ssn(မစိုးစိုးနု)
. "#အိုဘယ့်ဂျီဟောသူ "
.
. ပုခက်လွှဲဖို့ထက်
ကမ္ဘာကို တည်ဆောက်မဲ့ လက်တွေပေါ့
လက်ဖက်သုပ်ဆို ကျွမ်းချက်က
အဆောင်ဘေးက ကန်စွန်းရွက်ပါမကျန် ။
. စာကြိုးစားမဟဲ့ လို့
ပူငန်စပ်ခါးတွေနဲ့
တဝါးဝါး တဟားဟား
တညလုံးလည်း မအားရပေါင် ။
.
. နေ့တွေ ညတွေ အမှတ်မှား
မနက်နဲ့ ညစာပေါင်းစားလို့
ကျောင်းသွားမှ အိပ်ချင်
စာသင်ခုံ ရောက်မှ မှောက်အိပ်တတ်သူတို့ ။
. နှင်းဖွေးဖွေးနဲ့
ဒီဇင်္ဘာမနက်ခင်းလေး တစ်ခုပေါ့
လုံခြုံရေးက လာပေးတဲ့ စာကလေးတစ်စောင်
အိပ်မက်ထဲက မောင် . . မောင်များလား
ဝမ်းသာအားရ ဖွင့်ဖတ်မိကာမှ
ဟိုအကောင် လဒပေါ့
ငွေ တစ်ရာ လောက် ချေးပါလားတဲ့ . . ။
.
. နွေဦး(ရွှေဇာ)
"ဥတ္ကရ လေညင်း"
# ရွှင်ကြည် မနောဖြူကြတဲ့
အိုဘယ့်..ခင်ဂျီဟောသူအလှတို့။
# ငါတို့ နှလုံးသားမှာ ထာဝရ ခိုအိပ်
ဘဝ အမောတွေကို ချွေးသိပ်တတ်တဲ့
ငယ်ဘဝ ပုံရိပ်များ
လွမ်းမောစွာ ပြန်လည် ခံစားကြရအောင်။
# ဒီမြေမှာ စိမ်းလန်း၊ ရဲရင့်စွာ ခံ့ကျန်းခဲ့
ပန်းတို့ရဲ့ ဝိဥာဉ်
သာမာန် မျက်စေ့ နဲ့တော့ ဘယ်မြင်နိုင်မလဲ၊
မတူကွဲပြားသင်းရနံ့များကို ဆောင်
အထောင်ထောင် အသောင်းသောင်းသော
ပန်းတို့ဟာ
ဆန်းပြားစွာ တရောင်ထဲ ခြယ်
အဲဒါဟာ အဖြူ ထည် သက်သက်တဲ့။
# ရယ်ရွှင်ခြင်း ဟာသဥာဏ်
မောင်ကြီးတို့လိုပဲ ရှင်သန်သူများပါ့
အပြန်အလှန် ပေးခဲ့ Nick Name များ
တသက်စာ အမည်ပွားဖြစ်စေ။
#ရေများ ရေနိုင်
ငါတို့ ခြေလှမ်းကို ယိုင်စေခဲ့သူတွေ
ကလဲ့စားချေခဲ့ရ
သံဇကာကွက်ကြား က ဂျီဟော ရဲ့အမှတ်တရညနေများ
အဆောင်မှုးတွေ မကြားပါစေနဲ့။
#ရွှင်ကြည် မနောဖြူကြတဲ့
အိုဘယ့်...ခင်ဂျီဟောသူအလှတို့....
၁၅% ထဲမို့ အင်အားသုံး ဖိနှိပ်ခံခဲ့ရ
ခေတ်အဆက်ဆက်က ဂျီဟောသူများရဲ့ သမိုင်းကြွေး
ပေးဆပ်ချိန်တန်ပြီလေ၊
အလှဆုံးဆင်ယင်ခဲ့ အလှပဆုံးပြုံး
စပျစ်သီးချဉ်မဆုံး တဲ့
မြေခွေးငတုံးတို့ရဲ့ မျက်ရည်စက်
သဘောထားကြီးတဲ့လက်နဲ့ သုတ်ပါအံ့။
# ချစ်ခြင်းသက်သက် နဲ့ထိတွေ့
မမေ့ရက်စရာ ကာလများ
တို့ပြန်လည်ခံစားကြမယ်လေ၊
ဝေးဆဲခဏ နင့်ရင်ကစကား
ငါ့နှလုံးသားနဲ့ကြားရလဲ
နွေးထွေးပွေ့ဖက် ကျွက်ကျွက်ညံညံ
နင့်ရယ်သံကို နားမှာဆတ်ဆတ်
ထပ်ထပ်ခါခါ ကြားလိုပါလှ
တို့ ဆုံတွေ့ကြမယ်လေ။
မလဲ့လဲ့ရီ(ခ) မလေး(ချောက်)
G hall သူတွေ့ဆုံပွဲ
အမှတ်တရ ကဗျာ(၇)
ညီမလေး ဥမ္မာအောင် Mon Mon ရဲ့လက်ရာလေးပါ ကျေးဇူးအထူးတင်ပါတယ်နော်
.................................
ရီသောသူ အသက်ရှည်၏
------------------
ဂျီဟောသူမျက်နှာ စဉ်ချိုပြုံးလို့ 
ယဉ်တစ်ကိုယ်လုံးလည်း လှရက်တယ်။
ညဖက်မှာ အဆောင်ရှေ့ ဝဲလည်
ကဲတယ်နော့ ကိုလူပျိုတို့ 
အေဘီကဘဲတွေလား။
စီဒီဆောင်က ဝဲနေသလား။
အတည်မတွဲ အသည်းတွေများရင်တော့
လာကြံဖို့  စိတ်မကူးလေနဲ့။
တီစကွဲယားစာမိမယ်သာပြင်ထား။
အပီပဲများတဲ့ ဂျီဟောသူမမဆိုတာ
နန်းမြင့်သူ သဇင်ခက်ကဖွားတာမို့ 
လှမ်းဆင့်ယူ ချူ ဖို့ ရန်ခက်ပါတဲ့
စက်မှု ပျို များ။
(မဥမ္မာအောင်)
ငယ်သူငယ်ချင်း ဌေးဌေးဝင်း(ဒိုက်ဦး) ရဲ့ ကဗျာလေးလည်း ခံစားကြည့်ပါဦး။
#သံယောဇဉ်..ပွဲ
ဟိုး...တချိန်ထဲက
ဂျီဟောနဲ့ သဇင်
အမည်နာမတွေက
ရင်မှာ အစဉ်ကိန်းပါလို့
သမုဒယ..စွဲ~
ခုချိန်ခါ...ဂျီဟောသူများ
တွေ့ဆုံပွဲမှာဖြင့်
အနိစ္စ ဒုက္ခ အနတ္တ
သံဝေဂဥာဏ်နဲ့
ဘဝတွေ..အေးချမ်းပါစေကြောင်း...
မေတ္တာရေလောင်းကြမယ့်
သံယောဇဉ်..ပွဲ~🌷 တဲ့။
ကဗျာများစွာကျန်ရှိနေပါသေး၏။ မူရင်းကဗျာဆရာမများ(ဂျီဟောသူများ) ကို ခွင့်မတောင်းပဲ ကိုယ့်ဝေါမှာ တင်လိုကိမိသည့်အတွက်လည်း ကဗျာပိုင်ရှင်မမ၊ညီမ ဂျီဟောသူအပေါင်းအားတောင်းပန်အပ်ပါ၏။
ဂျီဟောကား မောင်လူပေနှင့် မစိမ်းပါ။အာအိုင်တီမှာ ခေတ္တကွန်းခိုဖူးခဲ့သူများနှင့်လည်း စိမ်းမည်မထင်။ အင်ဂျင်နီယာကျောင်းမို့ မိန်းကလေးရှားသည်။ ရှားပါးလှသောအင်ဂျင်နီယာကျောင်းသူ ဂျီဟောသူများမှာလည်း စာဂျပိုးတွေကများများ။ စာဂျပိုးမဟုတ်ပဲ ဗရုတ်ကျခဲ့သည့် ဂျီဟောသူအပေါင်းလည်း မနည်း။ ဂျူဒိုလက်ရွေးစင်၊ ခရာတေးခါးပတ်နက်ဂျီဟောသူတွေလည်းပါခဲ့၏။ အလှပဂေးတွေလည်း ရှိခဲ့လေတော့ ဂျီဟောဆောင်နှင့် မစိမ်းခဲ့တာ ဘာဆန်းမည်နည်း။
ဂျီဟောဆောင်ထဲမှ ဂျီဟောသူများနှင့် နီးစပ်လိုပါသော်လည်း သတ္တိအခံကခေါင်းပါးခဲ့သဖြင့် ဂျီဟောရှေ့မှာ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင်၊ ချောင်းကြည့်ပြုံးပြန်၊ ချုံတိုးခြင်ကိုက်၊ ညောင်းကိုက်ဒူးနာ၊ အအေးပတ် အသံဝင် ဘဝများဖြင့် ပေးဆပ်ခဲ့ဖူးကြကုန်သော အာအိုင်တီကျောင်းသားများလည်းမနည်းလှသဖြင့် ထိုကျောင်းသားများအား အထူးအခွင့်အရေးပေးသည့်အနေဖြင့် အထူးဧည့်သည်တော်များအဖြစ် ဂျီဟောသူတွေဆုံပွဲမှာ ဖိတ်သင့်ပါကြောင်း ထပ်လောင်းတင်ပြရင်း ဂျီဟောအမှတ်တရ ဆောင်းပါးလေး အဆုံးသတ်ပါရစေ။
ချစ်တဲ့
မောင်လူပေ
( ဆရာဦးလှမင်း၊ နန်းခင်နွဲ့တို့၏ ဖေ့ဘွတ်မှ ဓါတ်ပုံ၊ကဗျာများ စာများကို ခွင့်မတောင်းပဲ ခပ်တည်တည် ယူ၍ရေးသည်။ ကဗျာပိုင်ရှင် ဂျီဟောသူအပေါင်း ကဗျာဖိုးတောင်းလိုပါက ယူအက်စ်သို့ ကြွရောက်တောင်းယူနိုင်ပါကြောင်း။😄)

ဒေဝါလီ
ဒေဝါလီ(သို့မဟုတ်)ဒေပါဝလီ
ဟိန္နူတို့ရဲ့ပျော်စရာဒေဝါလီနေ့ပါ။ မြန်မာတို့ကတောင်ပိုင်းအန္ဒိယလူမျိုးတို့နဲ့နီးစပ်တာမို့ ဒေဝါလီလို့ပဲခေါ်ပါတယ်။
ဒေဝါလီနေ့ဟာ ဟိန္နူကိုးကွယ်သူတို့ရဲ့မီးထွန်းပွဲဆိုတာလောက်ပဲ သိကြတယ်။ မြန်မာပြည်ရဲ့ တရားဝင်ရုံးပိတ်ရက်လည်းဖြစ်တယ်။ အင်္ဂလိပ်ခေတ်ထဲက ရောက်ရှိနေတဲ့အန္ဒိယအနွယ်တွေ အလွန်များနေခဲ့တာရယ်၊ သူတို့တွေက အစိုးရဝန်ထမ်းတွေများတာရယ်ကြောင့် တရားဝင်ရုံးပိတ်ရက်ပေးခဲ့ရပုံပါပဲ။
ဒေဝါလီဆိုတာ ဆီမီးခွက်များအတန်းလိုက်ထွန်းပခြင်းလို့အဓိပ္ပါယ်ရတဲ့ ဟိန္နူတို့ရဲ့ရိုးရာမီးထွန်းပွဲတော်ပါတဲ့။ ငါးရက်ကြာကျင်းပကြတယ်။ ဆီမီးခွက်လေးတွေထွန်းပြီး ဝင်းပနေတာကတော့ မကောင်းဆိုးဝါးကို အောင်နိုင်ခြင်းအဓိပ္ပါယ်ပေါ့။ ဟိန္နူတို့အပြင် ဂျိမ်း၊ ဗုဒ္ဓ၊ ဆစ် စတဲ့ ဘာသာဝင်တွေလည်းကျင်းပကြတယ်။ (တန်ဆောင်တိုင်မီးထွန်းပွဲဟာ ဒေဝါလီက ဆင်းသက်ပါတယ်။)
တချို့ကတော့ ဒေဝါလီနေ့ဟာ ဟိန္နူတို့ရဲ့ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားမဖြစ်တဲ့ လက်ခ်ျမီးမယ်တော်ရဲ့မွေးနေ့၊ မယ်တော်ကြီးနဲ့ ပိဿနိုးနတ်ဘုရားကြီးတို့ လက်ထပ်တဲ့နေ့လို့ ယူဆကြတယ်။
ယုံကြည်မှုတွေက နေရာဒေသအလိုက် ကွဲပြားပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာနေသူများက ဟိန္နူနတ်ဘုရားရာမမင်းသားက ရာဝဏဘီလူးမင်းကို ဆီမီးခွက်တွေအတန်းလိုက်ထွန်းညှိပြီးအောင်မြင်ခဲ့ပြီးနောက် အယုဒ္ဓယမြို့တော်ကို ပြန်လာတဲ့နေ့လို့ ယုံကြည်ကြသလို တောင်ပိုင်းသားတွေကတော့ ခရစ်ရှနား(Krishna)ဘုရားက မကောင်းဆိုးဝါးဖြစ်တဲ့ နာရာကာဆူးရ(Narakasura)ကို အောင်နိုင်တဲ့နေ့လို့ ယုံကြည်ကြတယ်။ ဂျိမ်းတို့ကတော့ သူတို့ရဲ့မဟာဝီရဘုရားက နိဗ္ဗာန်ကိုတွေ့ရှိတဲ့နေ့လို့ ယုံကြည်ကြသလို ဆစ်တွေကတော့ သူတို့ရဲ့ဂုရုကြီး အကျဉ်းမှ လွတ်မြောက်သောနေ့ပါတဲ့။
ဒေဝါလီနေ့ရောက်ရင် အိမ်မှာရှိတဲ့အခန်းမှန်သမျှ ဆီမီးတွေထွန်းကြတယ်။ ပြူတင်းပေါက်တွေဖွင့်ထားရတယ်။ အိမ်အဝင်အစ၊ လှေကားမကျန်မီးထွန်းကြတယ်။ ကြွယ်ဝခြင်းရဲ့မယ်တော်ကြီးလက်ခ်ျမီးကို ဆီးမီးအရောင်နဲ့ ဝင်းပနေအောင်ကြိုဆိုတဲ့သဘော၊လမ်းမပျောက်ပဲ အိမ်ထဲဝင်ရောက်နိုင်အောင် လမ်းပြတဲ့သဘော၊ ကြွယ်ဝခြင်းတွေပေးဖို့ ဖိတ်ခေါ်တဲ့သဘောပေါ့။ အဝတ်သစ်တွေဝတ်ပြီး ကြိုဆိုရခြင်းကလည်း မယ်တော်ကြီးက ကြွယ်ဝခြင်းတွေပေးတဲ့အတွက် ကျေးဇူးတင်ခြင်းပါလို့ ဆိုပါတယ်။
အိန္နိယသားတွေအကြိုက် အချိုမုန့်တွေ၊ ထမင်းဟင်းတွေနဲ့ လာရောက်ကြသူဧည့်သည်တွေကိုဧည့်ခံကြတယ်။ မီးထွန်းပွဲနဲ့ ကပွဲသဘင်ခင်းပြီး ပျော်ကြတယ်။ ဗျောက်အိုးတွေလည်းဖေါက်ကြတယ်။ ဟိန္နူတို့အတွက် ပျော်ရွှင်စရာရိုးရာနေ့ကလေးပါ။
ချစ်ခင်ကြသူမိတ်ဆွေအပေါင်းလည်း ဒေဝါလီနေ့မှစ၍ နေ့ပေါင်းများစွာ ချမ်းသာကြွယ်ဝ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

မီ
မီရုပ်ရှင်အထူးပွဲတဲ့။
နီးနေလျှင် သွားကြည့်ဖြစ်မည်ထင်၏။
ဆရာမကြီးကြည်အေးရဲ့ "မီ"ကို အတော်စွဲလမ်းခဲ့ဖူးသည်။
မီရဲ့ ဖြူဖျော့တဲ့အသားအရေ၊ ကိုယ်ဟန်ပါးပါးနွဲ့နွဲ့၊ ဆံပင်အညို၊မျက်ဝန်းမီးခိုးရောင်တို့ကို စိတ်ကူးထဲမှာ ပုံဖေါ်ခဲ့ဖူးသည်။ ဖျော့တော့တဲ့အလှကို လိုက်ရှာခဲ့ဖူးသည်။
အီးဗနင်းအင်ပဲရစ်ရေမွှေးရနံ့ကို အပြင်မှာ တစ်ခါမျှ မခံစားဖူးသော်လည်း အာရုံထဲမှာ သိနေသည်ဟုထင်မိသည်။
မီ၏ မောင်ကိုလေးကိုလည်း သနား၍မဆုံးခဲ့။
၁၉၄၈ထဲက ရေးခဲ့သော မီ မို့ နှစ်(၇၀)တောင်ရှိပေါ့။ ဆရာမကြီးကြည်အေးသာ သက်ရှိထင်ရှားရှိနေလျှင် သူ့ရဲ့မီကို ရုပ်ရှင်ရိုက်တာ ခွင့်ပြုမည်တဲ့လား။ ကြည်အေးသည် 'မီ' လို့တောင် ပြောစမတ်ရှိခဲ့ကြသည်။ မီသည် မှီးထားသောဝတ္ထုဟု ဒဂုန်တာရာက ဆို၏။ ဒဂုန်တာရာနှင့်ကြည်အေးတို့၏ မဆုံစည်းခဲ့လေသောအချစ်များအကြောင်းလည်းကြားဖူး၏။
နာမည်ကြီးဝတ္ထုကို ပျက်စီးအောင် လုပ်မည့်စာရင်းတွင် ဒါရိုက်တာဏကြီးတို့ ပိုင်ဖြိုးသုတို့တော့ မပါလောက်ဟု ယုံကြည်ရပါ၏။
မီ အောင်မြင်ပါစေ။

Thursday, November 1, 2018
ဆက်ကျဦးမဲ့ယွမ်(၂)
ဆက်ကျဦးမဲ့ယွမ်(၂)
လွန်ခဲ့တဲ့တစ်လခွဲခန့်က ဆက်ကျဦးမဲ့ယွမ်ဆိုပြီး ဆောင်းပါးတိုလေးရေးခဲ့ပါတယ်။ တရုတ်ယွမ်ငွေဟာ ဒေါ်လာနဲ့ယှဉ်ရင် ဆက်ကျဖို့ရှိကြောင်း ရေးခဲ့တာပါ။မကြာခင် တစ်ဒေါ်လာကို ခုနှစ်ယွမ်ထိ ဆင်းနိုင်တယ်လို့ မှန်းခဲ့တယ်။ အခုတော့ အဲဒီမှန်းကိန်းထဲဝင်လာဖို့ အတော်နီးစပ်နေပြီ။ ဒီနေ့ငွေလဲနှုန်းမှာ (၆.၉၈) ယွမ်အထိဆက်ကျခဲ့တယ်။ ဒီငွေလဲနှုန်းဟာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အနိမ့်ဆုံးနှုန်းပါပဲ။ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလကဈေးနဲ့ယှဉ်ရင် (၉%)ကျော် ကျဆင်းသွားခဲ့ရတယ်။
အမေရိကန်တစ်ဒေါ်လာကို ခုနှစ်ယွမ်ဆိုတဲ့ ငွေလည်းနှုန်းဟာတကယ်ဆိုရင် သာမန်ဂဏန်းလေးတွေပဲလို့ မြင်စရာရှိတယ်။ ဒါပေမဲ့ ဒီထက်ပိုတဲ့
အဓိပ္ပာယ်တွေ ရှိပါသတဲ့။ အတိုပြောရရင်တော့ တရုတ်စီးပွားရေးအခြေအနေယိမ်းယိုင်နေပြီ၊ ဒီထက်ကျရင် နိုင်ငံတည်ငြိမ်ရေးနဲ့စီးပွားရေးခိုင်မာမှုကိုပါ ထိခိုက်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ တစ်ဒေါ်လာကို(၇)ယွမ်ဆိုတဲ့နှုန်းကိုမကြာခင်ရောက်လာမယ်။ တရုတ်ရင်းနှီးမြှုတ်နှံသူတွေအတွက် စိတ်ပူပန်မှုတွေပေါ်လာမယ်။ရင်းနှီးမြှုတ်နှံမှုတွေ တရုတ်ြ့ပည်ထဲက စီးထွက်လာမယ်လို့ ယူဆသူရှိသလို၊ (၇)ယွမ်ကျော်ပြီး ဆက်ဆင်းဦးတော့ ကုန်သွယ်ရေးစစ်ပွဲမှာ အသာရဖို့ ငွေဈေးချထားပြီးဖြစ်လို့ ပူစရာမလိုဘူးလို့ တွက်သူလည်းရှိတယ်။
တရုတ်ယွမ်ငွေက ကမ္ဘာငွေကြေးတွေထဲမှာ ထူးခြားပါတယ်။ ဈေးကွက်ကဈေးသတ်မှတ်တာမဟုတ်၊ တရုတ်ဗဟိုဘဏ်က အခြေအနေကိုကြည့်ပြီး ဈေးသတ်မှတ်ပေးတာဖြစ်တယ်။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကပဲ တရုတ်ဝန်ကြီးချုပ်က ယွမ်တန်ဖိုးကိုဆက်မချတော့ပါဘူးလို့ တရားဝင်ပြောခဲ့သေးတယ်။ ဒီလိုပြောတဲ့အချိန်က တစ်ဒေါ်လာကို (၆.၈၅)ယွမ်လောက်ရှိတယ်။ တရုတ်ဗဟိုဘဏ်က ဝန်ကြီးချုပ်စကားနဲ့ပြောင်းပြန် ငွေဈေးဆက်ချနေရတာဟာ စီးပွားရေးအခြေအနေ အလွန်နှေးကွေးနေလို့ပါ။
တရုတ်သမ္မတစီနဲ့ ထရန့်တို့ G20 အစည်းအဝေးအတွင်း ရှေ့လမှာတွေ့ကြဖို့ရှိတယ်။ တရုတ်ဖက်က သင့်တင့်မျှတတဲ့ အပေးအယူမလုပ်ရင် မဆွေးနွေးဘူးလို့ ထရန့်က လေသံပစ်ထားတယ်။ ထာဝရသမ္မတပူပူနွေးနွေး တရုတ်သမ္မတစီကလည်း သူ့ဂုဏ်သိက္ခာအကျခံပြီး လျှော့ပေးမဲ့ပုံစံမမြင်ရသေး။ သဘောတူညီချက်မရရင် အခွန်ကောက်ဖို့ကျန်နေသေးတဲ့ ဒေါ်လာ(၂၅၀)ဘီလီယံအပါအဝင် တရုတ်သွင်းကုန်အားလုံးကိုအထူးခွန်ကောက်မယ်လို့ ပြောထားတဲ့အတွက် ၂၀၁၉နှစ်ဆန်းရင် အခွန်နှုန်းက ၁၀%ကနေ ၂၅%ထိ တက်ဖို့ရှိပါတယ်။
ထရန့်က တရုတ်ရဲ့နည်းပညာကုမ္ပဏီတွေအားကောင်းလာမှုကို တားမြစ်တဲ့အနေနဲ့မကြာခင်ကပဲ တရုတ်အစိုးရပိုင် ဖုကျန်စင်ဟွာကုမ္ပဏီ( Fujian Jinhua Integrated Circuit Co)ကို အမေရိကန်ကုမ္ပဏီတွေက အဆင့်မြင့်ဆားကစ်နဲ့ဆော့ဝဲလ်တွေမရောင်းရဘူးလို့ တင်းကြပ်လိုက်တယ်။ လုံခြုံရေးကြောင့်လို့အကြောင်းပြပေမဲ့ တရုတ်ပြည်ရဲ့ ကမ္ဘာပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ နံပါတ်တစ်ဖြစ်ရေး ရည်မှန်းချက်ကို ရိုက်ချိုးလိုက်တယ်ဆိုတာ ထင်ရှားပါတယ်။ တရုတ်ပြည်ဟာ ဆီမီးကွန်ဒတ်တာအခြေခံတဲ့ ကွန်ပြုတာနည်းပညာမှာ အမေရိကန်ကုမ္ပဏီတွေကို အားထားနေရတဲ့နိုင်ငံပါ။ သူ့နိုင်ငံထဲမှာ အောင်မြင်နေတဲ့ ဆီမီးကွန်ဒတ်တာကုမ္ပဏီသိတ်မရှိလှဘူး။ နည်းပညာနဲ့ ကမ္ဘာကိုဦးဆောင်နေတဲ့ အမေရိကန်တွေကို ကျော်တက်ဖို့ ရည်မှန်းချက်ဟာ ဝေးနေသေးတယ်။ ဖုန်းထုတ်လုပ်တဲ့ နာမည်ကျော် ZTE ကုမ္ပဏီကို စီးပွားရေးပိတ်ခဲ့တုန်းကလည်း လပေါင်းများစွာ ကုန်ထုတ်လုပ်မှုကို ရပ်လိုက်ရတဲ့အတွက် ZTE ကုမ္ပဏီက ဒေါ်လာငွေဘီလီယံပေါင်းများစွာ နစ်နာခဲ့ရသလိုဖုကျန်စင်ဟွာလည်း နစ်နာရကိန်းရှိနေတယ်။
ဆီမီးကွန်ဒပ်တာ (Semiconductor) အခြေခံတဲ့ ကွန်ပြူတာခြစ်( Computer Chip ) လေးတွေက လူ့နှလုံးလိုအရေးကြီးပါတယ်။ လူကောင်ဘယ်လောက်ကြီးကြီးနှလုံးအားမကောင်းရင် အသုံးမဝင်သလိုပေါ့။ ကွန်ပြူတာ Chips လးတွေကို စမတ်တယ်လီဖုန်းကစပြီး နေရာတိုင်းလိုလို အသုံးပြုကြရတယ်။ တရုတ်ပြည်က နှစ်စဉ်ဒေါ်လာ(၁၄၀)ဘီလီယံတန်ဖိုးရှိတဲ့ Chips ပြားတွေ လိုအပ်တယ်။ ပြည်တွင်းမှာက(၁၈.၅)ဘီလီယံတန်ဖိုးလောက်ပဲ ထုတ်လုပ်နိုင်သေးတဲ့အတွက် နိုင်ငံခြားကို အထူးသဖြင့် အမေရိကန်ကထုတ်လုပ်တဲ့ အဆင့်မြင့် Chips တွေကို အားထားနေရတယ်။ တရုတ်ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုကို ထိခိုက်မဲ့သဘောတွေ ရှ်နေတယ်။
တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်က နိုင်ဖဲမရှိတော့ဘူးလို့ယူဆကြပေမဲ့ ဝှက်ဖဲတော့ ရှိနေသေးတယ်။ တရုတ်က အမေရိကန်ဒေါ်လာတစ်ထရီလီယံလောက်ရှိတဲ့ ငွေချေးစာချုပ်တွေပိုင်ထားသလိုဒေါ်လာဘီလီယံပေါင်းများစွာသော နိုင်ငံခြားအရံငွေတွေလည်း ရှိနေတယ်။ ဒါတွေကိုထုတ်ရောင်းမလားလို့ တွက်ဆကြတယ်။ ဖြစ်နိုင်ခြေအတော်နည်းပါသတဲ့။ တကယ်ထုတ်ရောင်းရင်လည်း ထရန့်ရဲ့အကြိုက်ဖြစ်မှာ။ ထရန့်က ဒေါ်လာဈေးချဖို့ အမြဲပြောနေတာမို့ ဒေါ်လာတွေထုတ်ရောင်းလို့ ဈေးကျလာရင် အမေရိကန်စီးပွားရေးတိုးတက်မှုကိုမီးထိုးပေးသလို ဖြစ်သွားနိုင်တယ်။ တရုတ်အခက် အမေရိကားအချက် ဖြစ်သွားနိုင်တယ်။
ဆင်နှစ်ကောင်ပြိုင်နေတဲ့ပွဲမို့ နှစ်ဖက်လုံးနစ်နာနေတာတော့ အမှန်ပဲ။ တရုတ်က ပိုခံရတယ်။ အမေရိကန်တွေကိုလည်း အနည်းငယ်တော့ ထိခိုက်တယ်။ ဆင်ပိန်ကျွဲလောက်တွေမို့ သူတို့အားတွေကတော့ သိသိသာသာ လျှော့သွားဖွယ်မမြင်။ ရှေ့လမှာ အမေရိကန်တရုတ် ကုန်သွယ်ရေးသဘောတူချက်မရရင် အမေရိကန်စတော့တွေနဲ့ တရုတ်ယွမ်ငွေ ထိုးဆင်းပြီး ဒေါ်လာ၊ရွှေ၊ရေနံတို့ ဆက်လက် ခိုင်မာဖို့ရှိနေတယ်။
တရုတ်ယွမ်ငွေအပေါ် အားထားနေရတဲ့ မြန်မာငွေလည်း ထပ်ဆင်းဖို့ရှိနေပါတယ်။ မြန်မာ့ပို့ကုန်အများစုက တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးဝင်ငွေဖြစ်ပြီးယွမ်ငွေတွေဖြစ်လေတော့ ယွမ်ကျရင် မြန်မာငွေပါလိုက်ကျရတာဓမ္မတာ။ ငွေဈေးကစားသူတွေအရေးယူလည်း ခဏပဲမြန်မာငွေဈေးတက်ပြီး သိပ်မကြာခင် ပြန်ဆင်းသွားရတာ ယွမ်ငွေဈေးက ဆင်းနေလို့ပဲ။
မြန်မာငွေဈေးထပ်မကျသွားအောင် ထိန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
(ကိုးကား CNN business)

ဆော်ဒီသတင်းသမား ကရှိုဂီ အသတ်ခံရမှု
ဆော်ဒီသတင်းသမား ကရှိုဂီအသတ်ခံရမှု
ဆော်ဒီအာရေဗျလို့ဆိုရင် မသိသူမရှိ။ ရေနံသူဌေးနိုင်ငံ၊ ဘုရင်အုပ်ချုပ်တယ်ဘာညာပေါ့။ ငွေရှိတော့ လုပ်သမျှတင့်တယ်။ အမေရိကားနဲ့လည်းအဆင်ပြေ။ ဆွန်နီအုပ်စုရဲ့ခေါင်းဆောင်၊ အာရတ်ကမ္ဘာရဲ့ ဦးစီးစသည်နဲ့ တင့်တယ်၊ ကမ္ဘာ့ဖလားတောင် ခြေစစ်ပွဲအောင်မြင်လို့ ဝင်ပြိုင်လိုက်သေး။
တကယ်တော့ ဒီနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု အမြင့်ဆုံးနိုင်ငံ၊ ကျား၊မ ခွဲခြားမှု အမြင့်မားဆုံးနိုင်ငံ။ မဟာပူရိသတွေပဲ အရာရာမှာ စိုးမိုးဗိုလ်ကျ လို့ရတဲ့နိုင်ငံ၊ ဆင်းရဲသားတွေစုတ်ပြတ်နေကြပြီးသူဌေးတွေထားစရာမရှိအောင် ချမ်းသာတဲ့နိုင်ငံ။ သူတောင်းစားတွေပေါတဲ့နိုင်ငံ။ ဘုရင်နဲ့သူ့အစိုးရကို ဝေဖန်မိရင် ထောင်ထဲမှာရာသက်ပန်နေကြရတဲ့နိုင်ငံ၊ ကမ္ဘာအနှံ့က အလုပ်လာလုပ်ကြသူတွေ ဒုက္ခသုက္ခအတွေ့ဆုံးနိုင်ငံ ဆိုတာတော့ လူသိနည်းပါတယ်။
အခုတလောသတင်းတွေမှာ ဒီနိုင်ငံအကြောင်းတွေ ဖတ်မိနေတယ်။ အကြောင်းကတော့ ဆော်ဒီနိုင်ငံသားဖြစ်ပေမဲ့ အမေရိကန်မှာအမြဲတမ်းနေထိုင်သူ သတင်းသမားဖြစ်တဲ့ ကရှိုဂီ( Khashoggi) အသတ်ခံရမှုကြောင့်ပါ။ သူအသတ်ခံရတဲ့နေရာက တူရကီနိုင်ငံ အစ္စတန်ဘူမြို့တော်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာမို့ ပိုလို့ထူးဆန်းနေခဲ့တယ်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့တော်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲဝင်သွားတဲ့ ကရှိုဂီကို အသင့်စောင့်နေတဲ့ ဆော်ဒီလက်မရွံ့တွေ(၁၈)ယောက်က အပြတ်ရှင်းလိုက်ကြတယ်၊ သူ့ခန္ဓာကိုယ်ကို ဓါးတွေနဲ့အပိုင်းပိုင်းဖြတ်ပြီး ယူသွားကြတယ်။ ဆော်ဒီကလာတဲ့လူသတ်အဖွဲ့ဟာ ကောင်စစ်ဝန်ရုံးကို ကရှိုဂီ မရောက်လာခင်လေးမှာပဲ ရောက်ခဲ့ကြတယ်၊ ဒါဟာ ကြိုတင်ကြံစည်လူသတ်မှုပဲ၊ ပြီးမှ ခြေရာလက်ရာဖျက်ပြီး ဖုံးဖိလိမ်ခဲ့ကြတယ်၊ သတ်မိန့်ကို ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ကိုယ်တိုင်က ပေးခဲ့ပါတယ် လို့ တူရကီသမ္မတအာဒိုဂမ်က စွတ်စွဲခဲ့တယ်။ သူ့ရဲ့တူရကီပိုင်နက်မှာ ဒီပြစ်မှုကိုကျူးလွန်ခဲ့တာဟာ တူရကီရဲ့သိက္ခာကို ဂရုမထားမှုဖြစ်တယ်လို့လည်း ဆိုတယ်။
ဆော်ဒီဖက်က ပထမပိုင်းမှာငြင်းဆိုတယ်။ ဒါပေမဲ့ အထောက်အထားအခိုင်အမာနဲ့ တူရကီဖက်ကတင်ပြနိုင်တဲ့အခါ နောက်ဆုံးမှာတော့ ကရှိုဂီသေတာဟုတ်ပါတယ်လို့ ဝန်ခံလိုက်ရတယ်။ ကောင်စစ်ဝန်ရုံးထဲမှာ ရန်ဖြစ်ကြရင်း မတော်တဆလည်ပင်းညှစ်မိလို့ သေရတာပါတဲ့။ တူရကီက သက်ဆိုင်ရာကိုအကြောင်းကြားပါတယ်လို့ဆိုတယ်။ တူရကီကတော့ သူတို့ကိုအကြောင်းကြားတယ်ဆိုတာကို ငြင်းပါတယ်။ ကရှိုဂီရဲ့အလောင်းကလည်း အစဖျောက်လိုက်ပြီမို့ မရှိတော့ပြီ။ ဆော်ဒီအိမ်ရှေ့မင်းသားကတော့ သူအမိန့်မပေးကြောင်း၊ အသတ်ခံရတဲ့ ကရှိုဂီအတွက်စိတ်မကောင်းကြောင်းပြောဆိုတယ်။ ကရှိုဂီမိသားစုကိုသွားရောက်တွေ့ဆုံတယ်။
ကရှိုဂီက ဆော်ဒီနိုင်ငံသား။ အမေရိကားမှာ အမြဲနေထိုင်ခွင့်နဲ့နေသူ။ သူ့ရဲ့သားသမီးလေးဦးထဲမှာ သုံးဦးက အမေရိကန်နိုင်ငံသားခံယူထားသူ။ ဆော်ဒီရဲ့နေ့စဉ်သတင်းစာဖြစ်တဲ့ အယ်လ်ဝါတန်( El Watan)မှာ အယ်ဒီတာချုပ်လုပ်ခဲ့ဖူးသူ။ ဆော်ဒီမင်းသားတွေရဲ့ လောလောဆယ်မှာတော့ ဝါရှင်တန်ပို့စ်မှာ သတင်းတွေရေးနေသူပါ။ သူဟာ
ဆော်ဒီရဲ့ မဘသဝါဒ၊ (အမျိုးဘာသာ သာသနာကို စောင့်ရှောက်တော်မူသော ဘုရင်ကို ထာဝရထောက်ခံရေး ဝဟာဘီဝါဒ)( Wahhabism) အခြေခံ အစ္စလာမ်ဝါဒကို အမြဲတစေ ထောက်ပြဝေဖန်လေ့ရှိသူလည်းဖြစ်တယ်။ "ဆော်ဒီနိုင်ငံဟာ ၁၉၇၉ မတိုင်မှီခေတ်ကို ပြန်သွားရမယ်၊ အဲဒီအချိန်က ရှေးရိုးစွဲ ဝဟာဘီဝါဒီအစွန်းရောက်တွေကို ဆော်ဒီအစိုးရက ထိမ်းထားနိုင်ခဲ့တယ်၊ မိန်းမတွေဟာ ယောက်ျားတွေနီးတူ လွတ်လပ်ခွင့်ရှိတယ်၊ လူတိုင်းဟာ မိမိစိတ်ထဲမှာမှန်တယ်ထင်တာကို လွတ်လပ်စွာပြောဆိုခွင့်ရှိရမယ်၊ ဆော်ဒီအစိုးရဟာ အလွန်အစွန်းရောက်တဲ့ဝါဒကို ဖက်တွယ်မထားပဲ တူရကီနည်းတူ အလယ်အလတ်ကျတဲ့ ဒီမိုကရေစီ အတန်အသင့်ရှိတဲ့ အစ္စလာမ်ဝါဒတစ်ခုကို ရွေးချယ်ရမယ်၊ အာရပ်ကမ္ဘာက သာမန်လူသားတွေဟာ အကြောက်တရားအောက်ကနေ ရုံးထွက်ကြရမယ်၊ အိမ်ရှေ့မင်းသားရဲ့ ဆော်ဒီရှရီယာဥပဒေကို ပြုပြင်ပြောင်းလည်းမှုတွေထဲက အမျိုးသမီးတွေ ကားမောင်းခွင့်ပေးတာကို ထောက်ခံတယ်၊ ဒါပေမဲ့ အမျိုးသမီးရေးတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးထောင်ချနေတာကိုတော့ ကန့်ကွက်တယ်။ အလွန်ရက်စက်လှတဲ့ ယီမင်ပြည်တွင်းစစ်ကို ဆော်ဒီကဦးဆောင်နေတာကိုလည်း ဆန့်ကျင်တယ်။" လို့ လူသိရှင်ကြားရေးသားခဲ့ဖူးတယ်။
တကယ်တော့သူဟာ ဆော်ဒီဘုရင့်မိသားစုနဲ့အလွန်နီးစပ်ခဲ့ဖူးတယ်။ ဆော်ဒီရဲ့ အမေရိကန်သံအမတ်ဖြစ်ခဲ့သူ၊ မင်းသား တာကီအယ်လ်ဖိုင်ဇယ်( Turki Al Faisal) ရဲ့အကြံပေးလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သတင်းသမားပီသစွာပဲ မှန်တယ်ထင်တာကို လွတ်လပ်စွာရေးသားခဲ့မှုကြောင့် ဘုရင့်မိသားစုရဲ့အမျက်တော်ရှခံလိုက်ရပုံရှိတယ်။ လက်ရှိဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ကလည်း သူ့ရှေ့က ဘုရင်ဖြစ်ဖို့တန်းစီထားတဲ့စီနီယာတွေကို သူ့အဖေဘုရင်အစွမ်းနဲ့ကျော်တက်ပြီး အိမ်ရှေ့မင်းရာထူးရယူခဲ့သူ၊ ရန်ပြုနိုင်သူမင်းသားတွေကို အကုန်ဖမ်းပြီး ထောင်ထဲထည့်ခဲ့သူမို့ ဆော်ဒီရဲ့ရှေးရိုးစွဲ ဝဟာဘီဝါဒကို ပြင်ချင်ပုံမရပါ။
ဆော်ဒီရဲ့နိုင်ငံရေးအရှုပ်တော်ပုံတွေ၊ လူ့အခွင့်အရေးဖိနှိပ်မှူတွေကို အမေရိကန်သမ္မတအဆက်ဆက် မသိချင်ယောင်ဆောင်ခဲ့ကြရတာကတော့ ရေနံတန်ခိုးပါပဲ။ ရေနံတွေဖင်ခုထိုင်ပြီး သူဌေးဖြစ်လာတဲ့ဆော်ဒီက အခုတော့ ပြုပြင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူ့နိုင်ငံကိုရေနံရောင်းစားရတဲ့နိုင်ငံဘဝကနေ စီးပွားရေးလုပ်တဲ့နိုင်ငံဖြစ်အောင်လုပ်ဆောင်နေချိန်မို့ အမေရိကန်ကုမ္ပဏီတွေအတွက် မျိုးမျိုးမြက်မြက်စားရမဲ့အခွင့်တွေသာနေချိန်ပေါ့။ ကရှိုဂီအသတ်ခံရမှုကို အစက မဟုတ်သလိုနေခဲ့တဲ့ ထရန့်လည်း ခုတော့ သတင်းသမားတွေရဲ့ဖိအားတွေကြောင့် လိုအပ်ငလိုအရေးယူပါ့မယ်လို့လေသံတွေပြောင်းခဲ့တယ်။
ထရန့်နဲ့ဆော်ဒီဘုရင်မိသားစုက ပုံစံတူတွေ။ ငွေတွေဖင်ခုထိုင်ထားတယ်၊ ကိုယ်နဲ့မတူတဲ့သူတွေကို မုန်းတီးရေးတရားတွေ ဖြန့်ဝေတယ်။ သူတို့ကိုဆန့်ကျင်ရင် အပြတ်တိုက်ခိုက်တယ်။ ဒီလိုအမုန်းတရားတွေကြောင့် အမေရိကားမှာလည်း CNN သတင်းဌာန၊ ကလင်တန်၊ အိုဘားမား နဲ့ ဒီမိုကရက်ခေါင်းဆောင်တွေဆီကို ဗုန်းတွေပို့ပြီးလုပ်ကြံဖို့ကြံစည်တဲ့အထိ ဖြစ်လာကြပြီ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြသူတွေ အမုန်းတရားကြောင့် ကွဲပြဲကြပြီ။
ဆော်ဒီလည်းထိုနည်းတူ။ ဆွန္နီချင်းတူပေမဲ့ ကာတာ၊ တူရကီတို့နဲ့မတည့်။ ရှီယားအီရန်နဲ့ စစ်မက်ပြိုင်ရင်း ယီမင်ပြည်တွင်းစစ်မှာ ဦးဆောင်နေတယ်။ ယီမင်ပြည်သူတွေက ဓားစာခံ။
ကရှိုဂီအသတ်ခံရမှုကြောင့် ဆော်ဒီရဲ့ ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကမ္ဘာ့သတင်းတွေမှာ ထိပ်တန်းရောက်လာတာတွေကတော့ အဆိုးထဲကအကောင်းသာဖြစ်ပါကြောင်း။

F 7 ဂျက်တိုက်လေယဉ်
F-7 ဂျက်တိုက်လေယာဉ်
မင်းဘူးမှာပျက်ကျတဲ့ F-7နှစ်စီးရယ်၊ အရင်လက တောင်ငူမှာပျက်ကျတဲ့ F-7တစ်စီးရယ်ကြောင့် တစ်လအတွင်း လေသူရဲသုံးဦး၊ မြေပြင်က ကျောင်းသူလေးတစ်ဦး အသက်ပေးခဲ့ကြရတယ်။ တရုတ်လုပ်လေယာဉ်တွေမို့ ဝေဖန်သံတွေညံခဲ့ပြန်တယ်။ ဒီလေယာဉ်တွေအကြောင်းသိသမျှလေး ဖေါက်သည်ချပါရစေ။
F-7 တိုက်လေယာဉ်တွေဟာ အင်ဂျင်တစ်လုံးတပ်အပေါ့စားတိုက်လေယာဉ်အမျိုးအစား တစ်ယောက်စီးလေယာဉ်တွေဖြစ်ပြီး တရုတ်ပြည် ချန်ဒူးလေကြောင်းကော်ပိုရေးရှင်း(CAC) ကထုတ်လုပ်တယ်။ ကြားဖြတ်တိုက်လေယာဉ်အဖြစ် အသုံးပြုဖို့ ထုတ်လုပ်ခဲ့တယ်။
ဒီလေယာဉ်တွေရဲ့သမိုင်းကြောင်းက လွန်ခဲ့သော နှစ်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးက စခဲ့တာ။ ရုရှားလုပ် MIG-21 လေယာဉ်နဲ့ နည်းပညာကိုတရုတ်ပြည်ရဲ့ ရှန်ယန်း(Shenyang) လေယာဉ်စက်ရုံက ၁၉၆၂ခုနှစ်မှာ ဝယ်ယူခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က တရုတ်ရုရှားဆက်ဆံရေး မကောင်းလာပဲ ပိုဆိုးလာမှုကြောင့် တရုတ်ပြည်က မူရင်းအတိုင်းမထုတ်တော့ပဲ ပုံစံတူကူးပြီး တရုတ်ပုံစံလေယာဉ်တည်ဆောက်ခဲ့တာ ၁၉၆၄မှာပြီးစီးတယ်။ အဲဒီလေယာဉ်ဟာ J-7 ဖြစ်လာခဲ့ပြီး ၁၉၆၆ခုနှစ် ဇန်နဝါရီမှာစမ်းသတ်ပျံသန်းနိုင်ခဲ့တယ်။၁၉၆၇ခုနှစ် ဇွန်လမှာ တရုတ်လေတပ်အတွက် စတင်သုံးခဲ့တယ်။ ဒီလေယာဉ်တွေကို နိုင်ငံခြားကလေတပ်တွေကိုရောင်းတဲ့အခါ F-7 အမည်ပြောင်းခဲ့ပါတယ်။
J-7 တိုက်လေယာဉ်မျိုးကွဲပေါင်း(၅၄)မျိုးအထိရှိပြီး (၂၈)မျိုးက တရုပ်လေတပ်အတွက်ထုတ်လုပ်ပြီး (၂၆)မျိုးကတော့ ပြည်ပကိုရောင်းချခဲ့တယ်။
၂၀၀၈မှာ ထုတ်လုပ်ရေးရပ်ဆိုင်းခဲ့ပြီဖြစ်တဲ့ ဒီလေယာဉ်တွေဟာ စီးရေ၂၄၀၀ကျော်အထိ ကမ္ဘာပေါ်မှာ တာဝန်ထမ်းဆောင်နေဆဲပါ။
ဒီလေယာဉ်တွေကို ကမ္ဘာပေါ်ရှိ ဆင်းရဲတဲ့နိုင်ငံတွေက အများဆုံးသုံးကြတယ်။
နမီးဘီးယား(အာဖရိက)လေတပ် (၁၂)စီး
နိုင်ဂျီးရီးယား(အာဖရိက)လေတပ် (၁၅)စီး
ဘင်္ဂလားဒေ့ခ်ျလေတပ် (၁၀၀)စီး
ပါကစ္စတန်လေတပ် (၇၀၀)စီး
ဆူဒန်(အာဖရိက)လေတပ် (၂၂)စီး
အီဂျစ်(အာဖရိက)လေတပ် (၉၀)စီး
တန်ဇန်းနီးယား(အာဖရိက)လေတပ် (၁၆)စီး
ယီမင်(အာဖရိက)လေတပ် (၁၈)စီး
ဇင်ဘာဘွေ(အာဖရိက)လေတပ် (၂၄)စီး
အီရန်လေတပ် (၂၄)စီး
မြန်မာ့လေတပ် (၆၄)စီး နဲ့
မြောက်ကိုးရီးယားလေတပ် (၄၀)စီး တို့ အသုံးပြုနေကြတယ်။ မြန်မာ့လေတပ်မှာ အခုလအတွင်း သုံးစီးပျက်သွားတော့ (၆၁)စီးကျန်ပါလိမ့်မယ်။
ဒီ J-7/F-7 လေယာဉ်တွေဟာ 30mm အမြောက်နှစ်လက်တပ်ဆင်ထားပြီး တစ်မိနစ်ကို အချက်ပေါင်း(၆၀)ပစ်နိုင်တယ်။ လက်နက်ခဲယမ်း ကီလိုနှစ်ထောင်အလေးချိန်အထိ သယ်ဆောင်နိုင်တယ်။ ဝေဟင်မှဝေဟင်ပစ် AIM-9 ဒုန်းကျည် အပါအဝင် PL 2,5,7,8,9 အမျိုးအစားဗုံးတွေ၊ အလေးချိန် (၅၀)ကီလိုကနေ (၅၀၀)ကီလိုအထိရှိတဲ့ဗုံးတွေသယ်နိုင်တယ်။ 55mm, 90mm ဒုံးကျည်ပစ်စင်တွေပါဝင်တယ်။
လေယာဉ်အင်ဂျင်က WP-7 တာဘိုဂျက်အင်ဂျင်တစ်လုံးထဲဖြစ်ပြီး ရှန်ယန်းလေယာဉ်ကုမ္ပဏီက ထုတ်လုပ်တယ်။ (၁၇၈၀၀) မီတာအမြင့်ထိ ပျံတက်နိုင်ပြီး (၁၂၀၀)ကနေ(၂၁၀၀) km/hr အမြန်နှုန်းနဲ့သွားနိုင်တယ်။ တိုက်ပွဲဝင်ချိန်မှာ (၈၅၀) ကီလိုမီတာ၊ သာမန်ပျံသန်းချိန်မှာ ကီလိုမီတာ(၂၀၀၀) အထိ အကွာအဝေးကို ရောက်နိုင်တယ်။ ပျံသန်းဖို့ပြေးလမ်း(၈၀၀)မီတာနဲ့ ဆင်းသက်ဖို့ပြေးလမ်း(၇၅၀)မီတာလိုတယ်။ လေယာဉ်အလေးချိန်(၅၃၀၀) ကီလိုဂရမ်ရှိပြီး ဝန်အပြည့်တင်ထားတဲ့အလေးချိန်(၉၁၀၀)ကီလိုဂရမ်အထိ ပျံတက်နိုင်တယ်။
လေယာဉ်စုစုပေါင်းရဲ့တစ်ဝက်လောက်က တရုတ်လေတပ်မှာ တာဝန်ထမ်းဆဲဖြစ်တယ်လို့ဆိုတယ်။ မြန်မာပြည်ကို F-7M အမည်နဲ့ ဝင်ရောက်လာတဲ့ဒီလေယာဉ်တွေကတော့ ၁၉၉၀နောက်ပိုင်းမှာ တပ်မတော်လေအတွက် ဝယ်ခဲ့တာ။ အစီးခြောက်ဆယ်ကျော်ဝယ်ထားပေမဲ့ အကုန်လုံးကို လေ့ကျင့်ပျံသန်းနိုင်တဲ့အခြေအနေရှိပုံမရ။ တချို့က အကြီးစားပြင်ဆင်ဖို့လိုအပ်နေပြီး အချို့က အဆင့်မြှင့်တင်ဖို့ လိုအပ်နေတယ်။ တိုင်းပြည်ဝင်ငွေရဲ့(၁၃)ရာနှုန်းကို စစ်စားရိတ်သုံးပေမဲ့ လေယာဉ်ပြုပြင်မွန်းမံစားရိတ်တွေ အပြည့်မရှိဘူးလို့ ဆိုကြတယ်။ မကွေးလေတပ်က လေယာဉ်လေးစီးပျံတက်သွားပြီး နှစ်စီးပဲ ချောမောစွာပြန်ရောက်လာသတဲ့။ လေယာဉ်နှစ်စီး ရှေ့နဲ့နောက် ပျက်ကျရတာဟာ ရာသီဥတုဆိုးဝါးမှုကြောင့်လို့ အကြောင်းပြပေမဲ့ စက်ချို့ယွင်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မြန်မာ့လေတပ်က လေယာဉ်မှူးတွေ ဘေးကင်းကြပါစေ။ ကျဆုံးလေယာဉ်မှူးများနဲ့ မြေပြင်မှ အပြစ်မဲ့ ကလေးငယ်အတွက် စိတ်မကောင်းပါ။
(ကိုးကား Wikipedia , Airforce Technology)

ဆီဈေး
ဆီဈေးလား၊ ဆက်တက်ဦးမှာ။
လောင်စာဆီတွေဖြစ်တဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီဈေးတွေတက်သည်။ ဆက်တက်သည်။ တက်ပြီးရင်းတက်သည်။ နှစ်ကုန်အထိလည်း ပြန်ဆင်းရန် အကြောင်းမမြင်သေး။ ဆက်တက်ဖို့သာရှိ၏။
အကြောင်းကား အီရန်ကို ထရန့်အစိုးရ၏ ပိတ်ဆို့မှုမှစသည်။ အီရန်က ကမ္ဘာပေါ်တွင် ရေနံအများဆုံးထုတ်လုပ်ရာ၌တတိယအဆင့်။ သူ့ရေနံကိုတရုတ်နှင့်ဥရောပတို့က အများဆုံးဝယ်ကြသည်။
သမ္မတထရန့်က အီရန်နှင့်သဘောတူထားသော နြူကလီယားသဘောတူစာချုပ်ကို ဖျက်သည်။ စီးပွားရေးဒါဏ်ခပ်မှုတွေ ဆက်လုပ်သည်။ အီရန်ရေနံကိုမဝယ်ရန်တားမြစ်သည်။ ရေနံဒေါ်လာမှန်သမျှက နယူးယော့ခ်ကိုဖြတ်ပြီးသွားရသဖြင့် အရောင်းအဝယ်မှန်သမျှ သူတို့သိသည်။
အီရန်၏အဓိကဖေါက်သည် ဥရောပက မဝယ်ဖို့သဘောတူသည်။ တရုတ်က အစပိုင်းမှာ အင်တင်တင်နှင့်ငြင်းသည်။ တရုတ်ရေနံလိုအပ်မှုက ကြောက်ခမန်းလိလိ။ အီရန်ရေနံမရလျှင် ဒုက္ခတွေ့နိုင်သည်။ သည်တော့ တရုတ်ငွေစက္ကူယွမ်ဖြင့် ရေနံရောင်းချရန် ကြံစည်ကြသည်။ ရေနံယွမ်ဟုခေါ်၏။
လက်တွေ့တွင် ရေနံယွမ်စီးဆင်းမှုက ထင်သလောက်မလွယ်။ တရုတ်ယွမ်ငွေက ကန့်သတ်မှုများလှ၏။ ဈေးကလည်းထိုးကျနေသည့်အချိန်။ ရေနံယွမ်က မွေးကင်းစကလေးလို လှုပ်ရှားနိုင်မှုမရှိသေး။ ဒေါ်လာဖြင့်သာ ရောင်းဝယ်ကြဖို့ အကြောင်းရှိလေတော့ အမေရိကန်စကားကို နားမထောင်၍မရတော့။
တရုတ်က အီရန်ရေနံမဝယ်တော့ပါဟု အသံထွက်လာ၏။ ဈေးကွက်ထဲမှ အီရန်ရေနံဝေစုပျောက်ပြီ။ ဆော်ဒီအပါအဝင် ပင်လယ်ကွေ့နိုင်ငံများကလည်း ဒီဝေစုလိုအပ်ချက်ကို အချိန်မီမဖြည့်တင်းနိုင်။ ထိုထိုသော အကြောင်းများပေါင်းစုံမှုကြောင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာရှစ်ဆယ်အထိ ထိုးတက်လာတော့၏။ဒေါ်လာတစ်ရာထိ တက်နိုင်သည်ဟုလည်းဆိုကြသည်။
ရေနံဈေးတက်တော့ ဓါတ်ဆီ၊ ဒီဇယ်စသော လောင်စာဆီဈေးတွေတရိပ်ရိပ် တက်ကြသည်။ ပို့ဆောင်ဆက်သွယ်ရေးဂဏ္ဍလည်း လိုက်တက်ကြသည်။ ကား၊ ရထား၊ လေယာဉ်ဈေးတွေလည်း တက်ကြသည်။
ရေနံဈေးတက်ရတဲ့အထဲမှာ လောင်စာထပ်လောင်းသလိုဖြစ်ရသည့်အကြောင်းနောက်တစ်ခုလည်း ရှိသေး၏။ တူရကီနိုင်ငံတွင် ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှုဟူ၏။ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းဝင်သွားပြီး ပြန်ထွက်မလာတော့သည့် ထိုသတင်းထောက်ကြောင့် ဆော်ဒီကို ဖိအားပေးဖို့ ထရန့်ကိုတောင်းဆိုကြသည်။ ထရန့်မှာ ရွေးချယ်စရာမရှိ။ ဆော်ဒီကိုဖိအားပေးရသည်။ သည်တော့ ဆော်ဒီက ဒေါသနှင့်တုန့်ပြန်သည်။
ဆော်ဒီတို့ကား ရေနံကို လက်နက်သဖွယ်သုံးကာ လုပ်ချင်ရာလုပ်နေသောနိုင်ငံ။ မည်သူမျှမပြောရဲကြ။ ရေနံကိုဒေါ်လာနှင့်သာ ရောင်းဝယ်ရာမှ အခြားငွေများလက်ခံမည်ဟု မကြာခဏချိမ်းခြောက်လေ့လည်း ရှိ၏။ အခုလည်း ထိုအတိုင်း တုန့်ပြန်သည်။ လက်နက်ဝယ်ယူမှုတွေ၊ ရင်းနှီးမြှုတ်နှံမှုတွေပြန်ရုတ်မည်ဘာညာ ဟိန်းဟောက်နေလေသည်။
ဆော်ဒီနှင့်အမေရိကန် ရန်ဖြစ်မှုကြောင့် ရေနံဈေးက ထိပ်သို့ထပ်တက်မည်ဟု မှန်းကြပြန်၏။ တစ်စည်ကိုဒေါ်လာတစ်ရာမှ နှစ်ရာထိ တက်မည်ဟု ပြောသူလည်းရှိ၏။ သို့ဆိုလျှင် ကားတွေရပ်ပြီး ခြေလျှင်လျှောက်ဖို့သာ ရှိပါ၏။
ကမ္ဘာကြီးကား မဘသခေါင်းဆောင်ကြီးထရန့်အောက်တွင် ငြိမ်းချမ်းမှုတွေ ဆိပ်သုဉ်းလာနေလေပြီ။

ရ ရထားကြီး ပျော်ပျော်စီး
ရ - ရထားကြီးပျော်ပျော်စီး
သူငယ်တန်းအတွက်သင်ရတဲ့ သင်ပုန်းကြီးဖတ်စာထဲမှာ 'ရ ရထားကြီး ပျော်ပျော်စီး' လို့ ဖတ်ရတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ 'ရ ရထား စီးလို့သွား' လို့ သင်ရတယ် ထင်ပါရဲ့။
ရထားကြီးစီးတာ ပျော်စရာကောင်းပါသလား။ ငယ်ငယ်ကတော့ ပျော်ခဲ့တာပဲ။ ရထားစီးဖို့မပြောနဲ့ဦး၊ ရထားလာတာ မြင်ရင်တောင် ပျော်တဲ့အရွယ်။ ငယ်ကျောင်းဖြစ်တဲ့ တောင်ငူတီတီစီက ရထားလမ်းဘေးမှာ။ နေ့လည်ထမင်းစားချိန်လောက်မှာ လာတတ်တဲ့ အမြန်ရထားတွေ သရီးနပ်တို့ ဖိုးဒေါင်းတို့ ( 3up, 4down ဆိုတဲ့ အမှတ်သုံးအဆန်၊ အမှတ်လေးအစုန် ရန်ကုန်မန်းလေး နေ့အမြန်ရထားတွေကို ရပ်ကွက်ထဲက အဲလိုပဲခေါ်ပါတယ်။ )လာပြီဆိုရင် ချာတိတ်လူပေတို့ သူငယ်ချင်းတသိုက်က မြို့ရိုးကုန်းပေါ်တက်ပြီး လက်ပြတာပဲ။ ရထားစီးရပြီဆိုရင်တော့ ပျော်သလားမေးဖို့မလိုတော့ပြီပေါ့။
အဲဒီခေတ်က ရန်ကုန်တို့မန်းလေးတို့လို ခရီးဝေးဆိုရင် ရထားပဲအားကိုးရတယ်။ အဝေးပြေးကားဆိုလို့ ရိုးမအရှေ့လောက်ပဲရှိတာ။ လူအပြည့်ကုန်အပြည့် ငပိသိပ်တင်ထားတဲ့ အစိုးရတီအီးကားတွေကလည်း အစိုးမရ။ ဒီတော့ ရထားသာလျှင် ကိုးကွယ်ရာ။
ရထားလက်မှတ်ရဖို့ ညသန်းကောင်လောက်ထဲက တန်းစီထားမှ။ ဒါတောင် သိပ်မသေချာဘူး။ လူကြီးတွေအတွက်ဆိုပြီး ဗွီအိုင်ပီတွေများရင် ထိပ်ဆုံးကလူတောင် အောင်ဖျာလိပ်ပဲ။ ပါတီက ဘယ်နှစ်စောင်၊ ကောင်စီက ဘယ်နှစ်စောင်၊ စစ်တိုင်းဌာနချုပ်က ဘယ်နှစ်စောင်၊ အရေးပေါ်ဗွီအိုင်ပီက ဘယ်နှစ်စောင် နဲ့ အလီလီ ဖြတ်ပြီးမှ ပြည်သူအတွက်ရထားလက်မှတ်ဆိုတာ ရောင်းမှာလေ။ ဒီတော့ အိပ်ရေးပျက်မခံနိုင်ရင် မှောင်ခိုမှာသာ မှာပေရော့။ (မှောင်ခိုလက်မှတ်ကတော့ ရထားထွက်ခါနီးမှ ယူရုံပဲ။ နှစ်ဆသုံးဆတော့ ပေးရသပေါ့။)
ရထားလက်မှတ်မရဘူး။ အရေးပေါ်သွားမယ်ဆိုရင် တွဲစောင့်ကို ပိုက်ဆံပေးစီးတဲ့နည်းလည်းရှိတယ်။လက်မှတ်မရှိလို့ ထွက်မရမှာမပူနဲ့။ ဘူတာကြရင် အပြင်အထိတောင် လိုက်ပို့သေး။ ရထားပေါ်မှာ လက်မှတ်စစ်ရင်လည်း တွဲစောင့်ကပြောပြီးသားမို့ လက်မှတ်စစ်က သူတို့ထမင်းရှင်တွေဆိုပြီး ပြုံးတောင်ပြသွားဦးမှာ။
ရန်ကုန်မန်းလေး အမြန်ရထားမစီးရလည်း ပူစရာမရှိ။ စာပို့ရထားတို့ သာစည်အမြန်တို့ ဆိုတာတွေရှိသေးတယ်။ စာတိုက်တွဲကလိုက်ရင် စာအိပ်ကြီးတွေပေါ်မှာ တက်ထိုင်ရတော့ ဆိုဖါကြီးတွေအလား။ လက်ဆော့တတ်ရင် စာတွေတောင် ဖေါက်ဖတ်လို့ရသေး။ စာတိုက်ဗိုလ်ကြီးက ဘူတာစဉ်မှာ စာထုတ်တွေချတဲ့အခါ ကူဆွဲချပေးတဲ့အလုပ်ကအဆစ်။ ပိုက်ဆံကတော့ သူတောင်းသလောက်ပေးလိုက်။လမ်းမှာတက်လာမဲ့ လက်မှတ်စစ်ကို သူကြည့်ရှင်းတယ်။ ပါလာတဲ့အိပ်လည်း စစ်ဆေးရေးတွေ မွှေမှာမကြောက်ရတော့ဘူး။ သူလည်း ဂိတ်အပြင်ထိ လိုက်ပို့မှာပဲ။ နောက်ပိုင်းကြတော့ လိုက်တောင်မပို့တော့ဘူး။ အထွက်ဂိတ်မှာလက်မှတ်တောင်းရင် စာတိုက်တွဲလို့ ပြောလိုက် ရပြီ။ ဂိတ်စောင့်က လူအရေအတွက်မှတ်ပြီး သွားတောင်းမှာပေါ့။
စက်ခေါင်းမောင်းတဲ့ စက်ဗိုလ်ကြီးတွဲမှာ စီးမလား။ နောက်ဆုံးတွဲက ဂတ်ဗိုလ်ကြီးတွဲမှာ စီးမလား။ စီးချင်တဲ့တွဲစီးလို့ရတဲ့ခေတ်။ ရထားကြီးကို ပျော်ပျော်ကြီး စီးလို့ရတဲ့ခေတ်။ လူတွေငပိသိပ်တင်လာတဲ့ မော်လမြိုင်ရထားကို မှောင်ခိုရထားလို့ခေါ်တယ်။ အပေါက်ဝက တက်မရလို့ ပြူတင်းပေါက်က တွန်းတင်ပေးတဲ့ ဖင်တွန်းအလုပ်သမားတောင် တခေတ်ရှိခဲ့သေး။ မိန်းကလေးတွေမှာ ဖင်လည်းအကိုင်ခံရသေး။ ပိုက်ဆံလည်းပေးလိုက်ရသေးပေါ့။
ရထားပေါ်မှာ ထိုင်ခုံက အိမ်သာနဲ့နီးရင်တော့ အော်ဒီကလုံးအနံ့လေးတွေ လေသင့်ရာမွှေးတတ်တယ်။ ထိုင်ခုံမှာ ကြမ်းပိုးထိုးလို့ သတင်းစာစက္ကူတွေတထပ်ကြီး ခင်းထားရင်တောင် ကိုယ်ရွှေကြမ်းပိုးက လာထားဆိုပြီး ရအောင်ထိုးတတ်တယ်။ ဖင်ပူရင် သူ့လက်ချက်။ သူနဲ့အတူသောင်းကြမ်းသူက ခြင်တပ်ဖွဲ့။ နေ့ရောညပါ တပ်နဲ့ချီပြီး လက်တွေ ခြေထောက်တွေကို တရစပ်ထိုးစစ်ဆင်ကြတဲ့ ခြင်တွေကိုတော့ ဘယ်သူမှမနိုင်။
ရထားစီးရင် ပြေးတက်ပြေးဆင်းလုပ်တတ်ဖို့လည်း လိုမယ်။ ရထားမရပ်ခင်ပြေးတက်ပြေးဆင်းလုပ်ရင်း အခန့်မသင့်ရင်တော့ ခြေပြတ်လက်ပြတ်၊ လူပါပြတ်နိုင်သေးရဲ့။ တန်းစီတက် တန်းစီဆင်းဆိုတာ မွေးထဲက မသင်ထားတော့ အတင်းလုတက်၊ လုဆင်း၊ အသက်ကြီးငယ်မဟူ ကျော်ခွ၊ ဘုန်းတွေကံတွေ ရထားမှာမရှိ။ လက်မှတ်ရောင်းက ခွင်ဖန်ပြီး နံပါတ်ထပ်ရောင်းထားရင် အရင်ရောက်သူက ဦးရာလူမို့ သူ့နေရာပဲ။
ဒီလိုခေတ်မှာ ရ ရထားကြီးပျော်ပျော်စီးခဲ့တဲ့ မောင်လူပေလေ အခုလည်း ရထားနဲ့ အကျိုးပေးဆဲ။ အလုပ်သွားအလုပ်ပြန်ရထားစီးနေရဆဲ။ မြို့ပတ်ရထားကြီးပျော်ပျော်စီးပေါ့။
မြို့ပတ်ရထားစီးရင်း ငယ်ဘဝရဲ့ ရထားစီးတာလေးတွေကို ရေးလိုက်တာပါ။ ဒီဘဝတွေမမှီလိုက်ကြရင်တော့ ပုံပြင်လို့သာ မှတ်လိုက်ပါတော့။
သူငယ်ချင်းမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ။

အဟောင်းနဲ့အသစ်
အဟောင်းနဲ့အသစ်
အဟောင်းတွေကြားမှာ အသစ်တွေနေရာယူ။ အဟောင်းနဲ့အသစ်၊ ဟာမိုနီဖြစ်။ အသစ်ကိုချစ်မှာလား၊ အဟောင်းကိုပစ်မှာလား၊ အဟောင်းနဲ့အသစ်ရောချစ်မှာလား။
ကျွန်တော်ကတော့ မတူညီမှုတွေပေါင်းစပ်ထားတဲ့ အလှတရားကိုချစ်တယ်။ အရာတိုင်းမှာ ကြည့်တတ်မယ်ဆိုရင် အလှကိုယ်စီ။
အဟောင်းက ခန့်ညားတဲ့သဏ္ဍာန်။ အသစ်က မော်ဒန်သဏ္ဍာန်။ မတူညီမှုနှစ်ခုရဲ့ ဆန့်ကျင်ဖက်အလှ။
ခေတ်ဟောင်းပုံအဆောက်အဦတွေက အန်းတိတ်တွေမို့ အုပ်တွေစီထားတဲ့ ထင်းရူးပုံးပုံစံ။ လေးထောင့်တုံးတွေ စီချထားသလို။ အုပ်တိုက်ကြီးမို့ ခန့်ညားတဲ့ခွန်အားပိုင်ရှင်။ အားထားစရာ လူညိုထွားရဲ့ဟန်။ ဆရာငြိမ်းစကား ငှားပြောရရင်တော့ " ကြွက်သားအဖုအဖု ထုထုပြီးခရာချင်စရာကွယ်။" ပေါ့။
ခေတ်သစ်ပုံစံအဆောက်အဦတွေက သတ္ထုဘောင်တွေနဲ့ မှန်ချပ်တွေ။ ပုံစံက အမျိုးမျိုး။ ပိသုကာတွေရဲ့စိတ်ကူးဆန်းတွေအောက်က ဇာတ်ကောင်တွေ။ မှန်တွေအပြည့်နဲ့အလင်းပြန်နေတဲ့အခါ မိတ်ကပ်အပြည့်နဲ့အပျိုမလို တောက်ပတဲ့အလှတရား။ ဆရာငြိမ်းရဲ့ " ယဉ်တကိုယ်မယ်" ပဲ။
အလှတွေရောနေတဲ့ ဆန်ဖရန်မြို့လည်ကို ခဏခဏရောက်တယ်။ ရောက်တိုင်းကြည့်တယ်။ ကြည့်တိုင်းကြိုက်တယ်။

တက်တယ်
"တက်တယ်တော့ တက်တယ်၊ တက်တယ်။"
ဈေးကပြန်လာသော မဒန်ပေ၏နှုတ်မှ ပွစိ ပွစိရွတ်လာသော ဂါထာ။ ဈေးမှအပြန် ကြားနေကြမို့ ရိုးတောင်နေပေါ့။
" တက်မှာပေါ့။ ဒေါ်လာဈေး တက်နေတယ်လေ။"
မောင်လူပေက ငေါ့တော့တော့ ပြောလိုက်သော်လည်း သူ့ဒေါသနှင့်သူမို့ ကြားဟန်မတူ။
" ကုန်ဈေးနှုန်းက အတော်တက်တာ။ ကန်ဇွန်းရွက်ဆိုရင် တစ်ပေါင်ကိုတစ်ကျပ်ခွဲကနေ နှစ်ကျပ်ဖြစ်နေပြီ။ ကြက်သွန်နီဥသေးတောင်မှ တစ်ပေါင်ကိုငါးမတ်ကနေ တစ်ကျပ်ခွဲတဲ့။ ပဲပြားတစ်ပြားတောင်မှ တစ်ကျပ်ကနေ တစ်ကျပ်ခွဲတဲ့။ ဆန်နဲ့ဆီလည်း အရင်လကဝယ်ထားလို့။ ခုမှဝယ်ရင် တက်ဈေးပဲ။"
မဒန်ပေက ဆက်ပြောပြန်၏။
" လခတိုးလိုက်။ ကုန်ဈေးနှုန်းတက်လိုက်နဲ့ လိုက်တန်းပြေးတိုင်းကစားနေရသလိုပဲ။ အိမ်လခ၊ ဖုန်းဘိုး၊ ရေဖိုး၊မီးဖိုး တွေကလည်း တက်။ အခုကုန်ဈေးနှုန်းတွေလည်းတက်နဲ့ တက်တက်တက် အတက်ကြည့်ပဲ။"
" မြန်မာပြည်ကလူတွေချည်း ငြီးရတာမဟုတ်တော့ဘူး။ တို့လဲပါလာပြီပေါ့။ ခေတ်နဲ့အညီ ကမ္ဘာကြီးနဲ့အပြိုင် တက်ကြတာပေါ့၊ ဓါတ်ဆီတောင် တစ်ဂါလံသုံးကျပ်ကနေ သုံးကျပ်ခွဲနေပြီ။ ဒီတော့ ဟိုကလေးမရဲ့ သီချင်းလေးတောင် သတိရသေး။ ဒီမှာလည်း တက်တယ်၊ တက်တယ် တက်တယ်ဟေ့။ လူမသိ သူမသိ တို့တွေလည်း တက်တယ်.... 😄😄"

တနင်္ဂနွေဂဠုန်
တနင်္ဂနွေ ဂဠုန်
ဒီနေ့ တနင်္ဂနွေ၊ ဂဠုန်ဖွားတွေရဲ့နေ့။
ဂြိုလ်တိုင်က အရှေ့မြောက်အရပ်မှာ၊ ဂြိုလ်သက်ကခြောက်နှစ်လို့ ဗေဒင်အယူရှိတယ်။ ရုပ်ပုံဂဠုန်ရတဲ့ တနင်္ဂနွေသားသမီးတွေကို နာမည်ပေးဖို့ခက်လှတယ်။ အနဲ့ဥ နှစ်လုံးထဲကို ပတ်လည်ရိုက်ပေးရတဲ့အတွက်ပါ။ တခြားနေ့တွေကြတော့ အက္ခရာတွေများပြီး တနင်္ဂနွေကြမှ အနဲ့ဥ ပဲရွေးကြရတဲ့ မြန်မာ့ရိုးရာ။ အေး၊အောင်၊ ဥမ္မာ၊ ဥက္ကာကြားရင် ဂဠုန်ဖွားသာမှတ်။
တနင်္ဂနွေက အနောက်တိုင်းမှာတော့ အလုပ်မလုပ်တဲ့နားရက်။ဘုရားသခင်တောင် ဖန်ဆင်းရတာမောလို့ နားတဲ့နေ့။
မြန်မာ့ရိုးရာအရတော့ တနင်္ဂနွေဂဠုန် တဲ့။ သူက နဂါးရဲ့ရန်သူ။ နဂါးနိုင်မင်း။ အာရှတိုက်ရဲ့ ပုံပြင်ထဲက ငှက်ဘုရင်။
ဂဠုန်ကို အနောက်တိုင်းပုံပြင်တွေထဲမှာ မတွေ့မိ။ ဂဠုန်ရဲ့ဆင်းသက်ရာကတော့ ရှေးဟောင်းဟိန္ဒူရိုးရာယုံကြည်မှုပါ။ မဟာဘာရတ ကဗျာရှည်ကြီးထဲမှာ မကြာခဏ ပါဝင်တယ်။ အိန္ဒိယတိုက်ကနေ အရှေ့တောင်အာရှရှိ ထိုင်း၊အင်ဒို၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့ကို ဂဠုန်ရောက်လာတယ်။
ဟိန္ဒူတို့ရဲ့ အလိုအရ ဂဠုန်က နတ်ဘုရားပိဿနိုးရဲ့စီးတော်ယာဉ်လည်းဖြစ်တယ်။ ပိဿနိုးနတ်ဘုရားက မတရားမှုတွေကို တိုက်ဖျက်တဲ့ပြယုဒ်မို့ ဂဠုန်ဟာ တရားကိုစောင့်တဲ့ ငှက်မင်းလို့လည်း ယူဆကြတယ်။
သိမ်းငှက်ဦးခေါင်း၊ လူခန္ဓာကိုယ်နဲ့လက်၊ ခြေထောက်ကငှက်ခြေထောက်ရှိတဲ့ ဂဠုန်ပုံကိုဆွဲကြတဲ့အခါ မြန်မာက လက်ထဲမှာ ဓားကိုင်ခိုင်းခဲ့ကြတယ်။ ဒါကြောင့် မြန်မာ့ဂဠုန်က ဓားကိုင်တဲ့သိမ်းငှက်ပေါ့။ ရှေးဟောင်းဟိန္ဒူအလိုအရကတော့ လက်မှာ ဓားမကိုင်။ မသေဆေး( Amrita ) ထည့်ထားတဲ့အိုးကိုလက်ကကိုင်တယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်ငှက်ကလည်း သိမ်းငှက်ပဲ။ ဒါကြောင့် သူ့နိုင်ငံရဲ့ နိုင်ငံတော်တံဆိပ်မှာ သိမ်းငှက်ပါတယ်။ ခြေထောက်မှာ မြားတွေကုပ်ချီထားတယ်။ သိမ်းငှက်စစ်စစ်ရဲ့ပုံ။ ဂဠုန်လို လူတစ်ဝက်၊ ငှက်တဝက်တော့မဟုတ်။
ဂဠုန်ကို garuda လို့ခေါ်သတဲ့။ ပါဠိအလိုအရတော့ garula မို့ မြန်မာမှုပြုတဲ့အခါ ဂဠုန်ဖြစ်လာတယ်။ အင်ဒိုလေကြောင်းက Garuda ဆိုတဲ့နာမည်နဲ့။ လေထဲက ငှက်ဘုရင်ကြီးပေါ့။ ထိုင်းနိုင်ငံမှာလည်း ဂဠုန်ပုံတွေ မကြာခဏ တွေ့ရလေ့ရှိတယ်။ ကမ္ဘောဒီးယားက အန်ကောဝပ်ဟိန္ဒူဘုရားကျောင်းကြီးမှာလည်း ဂဠုန်တွေအများကြီးပဲ။ မတရားမှုကိုဆန့်ကျင်တဲ့၊ မကောင်းဆိုးဝါးကို သုတ်သင်တဲ့ အဓိပ္ပါယ်နဲ့ ထုလုပ်ခဲ့ပုံရတယ်။
သမုဒ္ဒရာထဲမှာ နဂါးနဲ့ဂဠုန်က ကမ္ဘာ့ရန်တဲ့။ သူတို့က ခုထိ စစ်ပြေငြိမ်းရေးစာချုပ် မချုပ်ရသေးတဲ့ ရန်သူတွေ။ အပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးရသေးဘူးပေါ့။
မြန်မာမှာ ဂဠုန်မင်းအဖြစ် ပထမဆုံး တရားဝင်နာမည်ခံခဲ့သူက ဆရာစံ။ လယ်သမားတပ်ကြီးကို ဦးဆောင်ပြီးနယ်ချဲ့အင်္ဂလိပ်ကိုတော်လှန်ဖို့ ဂဠုဏရာဇာဘွဲ့ခံခဲ့တယ်။ အင်္ဂလိပ်မင်းကစနေသားနဂါးမို့ နဂါးကိုနိုင်တဲ့ ဂဠုန်မင်းဘွဲ့ခံခဲ့တာပါတဲ့။ လက်တွေ့မှာတော့ လယ်သမားတပ်ကြီးလည်းပြုတ်၊ သူလည်းကြိုးစင်တက်ခဲ့ရတယ်။ သူ့အမှုကိုလိုက်တဲ့ ရှေ့နေအဖွဲ့ဝင်ဖြစ်တဲ့ဦးစောကလည်း ဂဠုန်တပ်ဗိုလ်လုပ်ပြီး ဂဠုန်စောဖြစ်ခဲ့ပါတယ်။ သူလည်း ဗိုလ်ချုပ်တို့ကိုလုပ်ကြံမှုနဲ့ ကြိုးစင်တက်ခဲ့ရတယ်။ ဒါကြောင့် မြန်မာ့ဂဠုန်မင်းတွေ ထင်တိုင်းမပေါက်ကြ။
မြန်မာသီချင်းတွေထဲမှာ ဆင်ကြီးဂဠုန်ချီသီချင်းကလည်း နာမည်ကြီး။ မတင်အောင်ဆိုခဲ့တာ။ တေးရေးက နန်းတော်ရှေ့ဆရာတင်။ အင်္ဂလိပ်ဆန့်ကျင်ရေးသီချင်း။ ဘာတဲ့ " အပင်ကြီးတွေအစုံအညီ အလွန်နက်တဲ့တော၊ ဆင်ကြီးကိုဂဠုန်ချီ ညွှန်ချက်နဲ့ပြော" လို့ ရေးခဲ့တယ်။ တောထဲသွားပြီး သူပုန်ထခိုင်းတဲ့သဘောပေါ့။ အပင်ကြီးတွေကိုညွှန်ချက်နဲ့ပြောလိုက်တော့ သူ့ခေတ်ကလူတွေ ညွှန်ချက်တွေ့မတွေ့ မသိရပေမဲ့ နဝတ၊ နအဖက ညွှန်ချက်တွေ့ပြီး ခုတ်ရောင်းလိုက်ကြတယ်။ တောထဲကသူပုန်ကခုတ်လိုက်၊ အစိုးရကခုတ်လိုက်၊ သစ်မှောင်ခိုကခုတ်လိုက်နဲ့ ခုတော့ " အပင်ကြီးတွေပြောင်ပြီကွယ် တောင်ကတုံးနဲ့တော" လို့ ပြောင်းဆိုရတော့မယ်။ ဂဠုန်ချီစရာဆင်လည်း နည်းနည်းပဲကျန်တော့တယ်။ တောပြုန်းတော့ဆင်တွေလည်းဘုံပြောက်။ ဒီကြားထဲ စိနပြည်က ဆင်စွယ်၊ ဆင်သားရေ၊ ဆင်အရိုးတွေဈေးကောင်းပေးတယ်ဆိုပြီး အမဲလိုက်မုဆိုးတွေလိုက်သတ်လို့ မြန်မာ့ဆင်တွေ တစ်ပတ်တစ်ကောင်နှုန်းနဲ့သေနေကြရသတဲ့။ မြန်မာပြည်ကမြွေတွေလည်း ထရပ်ကားစီးလုံးတိုက်နဲ့ စိနပြည်ကို ဟင်းလျှာဘဝပြောင်းဖို့ ပို့ကြသေးတယ်။ မြန်မာပြည်က ဂဠုန်ဘဝက သနားစရာ။ ချီစရာမြွေနဂါးကရှား၊ ဆင်ကရှား။
ဂဠုန်က တနင်္ဂနွေရဲ့ဇာတ်ကောင်ဖြစ်ရခြင်းကတော့ သူရိယနေမင်း(surya)နဲ့ဂဠုန်က ညီအကိုအရင်းတဲ့။ နတ်ဘုရားရှီဗာ(shiva)ရဲ့သမီးဗိနတ(vinata)ကမွေးကြတာ။ ဗိနတရဲ့ညီမ ကဒရူ(kadru)ကတော့ နဂါးတစ်ထောင်မွေးသတဲ့။ သူတို့ညီအမက နတ်ဘုရားကြီး ကက်ရှပ(kasyapa Prajapati )ရဲ့ကြင်ယာတော်တွေဖြစ်တော့ နဂါးနဲ့ဂဠုန်က အဖေတူအမေကွဲ ညီအကိုလည်းတော်စပ်ကြသတဲ့။ တို့တိုင်းတို့ပြည်မှာ တိုင်းရင်းသားညီအကိုတွေ မတည့်ပဲ စစ်ဖြစ်နေကြတာထက် သူတို့ညီအကိုရဲ့ စစ်ပွဲက စောခဲ့တယ်။
ဂဠုန်မင်းပါတဲ့ MRTV4 က နဂါးမဇာတ်လမ်းတွဲလည်း မြန်မာပြည်မှာ နာမည်ကြီးပေါ့။ CGI နဲ့ဖန်တည်းရတဲ့ ဂဠုန်က ကာတွန်းရုပ်ပေါက်နေပေမဲ့ မြန်မာဇာတ်လမ်းတွဲကွဆိုပြီး အဆုံးတိုင် အားပေးခဲ့တယ်။ ဂဠုန်မင်းက နဂါးမင်းကိုချီသွားတော့ နဂါးမင်းသမီးလေး ပုလဲခ။ အဲဒီဇာတ်ထဲမှာ ဂဠုန်က ဗီလိန်။
အရှေ့အိမ်ကအာရှနဂါးကြီးနဲ့တည့်အောင်ပေါင်းပြီးတပည့်ခံနေရတဲ့ တို့ရွှေပြည်ကြီးကတော့ ဂဠုန်ဖြစ်လာဖို့အကြောင်းမမြင်။ နဂါးရဲ့နောက်လိုက် ရေမြွေလောက် ငါးရှဥ့်လောက်ပဲ ဖြစ်ဖို့ရှိမယ်။ မြန်မာအတွက် နဂါးကိုနိုင်မဲ့နဂါးနိုင်မင်း ဂဠုန်ကြီးဖြစ်နိုင်ချေက သုံည။ နဂါးကိုတိုက်မဲ့ သိမ်းငှက်ကြီးကမှ ဂဠုန်ဖြစ်ဖို့နီးစပ်သေး။ သိမ်းငှက်ကြီးဂဠုန်ကြီးနဲ့ပေါင်းပြီး နဂါးကိုအမောက်မထောင်နိုင်အောင် တားဆီးထားနိုင်ရင်တော့ နဂါးခံတွင်းထဲက ပြန်ထွက်နိုင်ဖို့လမ်းစရှိတယ်။ အခုတော့ နဂါးခံတွင်းထဲကို တိုးဝင်နေရတဲ့ဘဝက လွတ်လမ်းမမြင်သေး။
တနင်္ဂနွေဖွားဂဠုန်အပေါင်းဖြစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် အမှတ်တရအနေနဲ့ Wikipedia ကြီးထဲမွှေနှောက်ပြီးရေးလိုက်တဲ့ ဂဠုန်မှတ်စုလေးပါ။
မြန်မာပြည်ကြီးနဂါးခံတွင်းက လွတ်မြောက်ပါစေ။ ဂဠုန်တွေဘဝနဲ့ နဂါးကြီးကိုအားကိုးရတဲ့ဘဝမှ နိုးထနိုင်ကြပါစေ။

စနေနဂါး
စနေနဂါး
ဒီနေ့ စနေနေ့။ မြန်မာ့ရိုးရာယုံကြည်မှုအရ နဂါးနေ့သားသမီးတွေရဲ့နေ့။
စနေနေတက်မွေးတာတို့၊ စနေသားက စိတ်ကြီးတယ်တို့၊ သားဦးစနေတို့ စနေသားသမီးတွေတိုင်း ကြားဖူးကြမည်။ မွေးကင်းစကလေးကို အဖေ ဓားထမ်းပြီးကျော်ရသတဲ့။ မိဘကိုမခိုက်အောင်တဲ့။ အယူသည်းခဲ့ကြသည်။ ယခုခေတ်ရောက်သည့်တိုင် တချို့လည်း အယူသည်းကြဆဲ။
နေ့နံတွေနဲ့ တိရိစ္ဆာန်တွေ တွဲပေးကြတာ ရှေးဟောင်း ဟိန္နူအယူအဆ။ဗေဒင် ဂြိုလ်တိုင်တွေက စေတီတွေပေါ်ရောက်လာတော့ တိရိစ္ဆာန်တွေလည်း ထောင့်တိုင်းမှာ နေရာယူလာသည်။ စနေဂြိုလ်စီးမှာ ကြောက်ကြလေတော့ ဂြိုလ်တိုင်ရှေ့မှာ ပန်းလှူ၊ ဆီမီးထွန်း၊ ယတြာချေ။ ဒါတွေက ဘာသာနဲ့မဆိုင်။ ဗေဒင်ပညာနှင့်သာဆိုင်၏။
နဂါး ဆိုတာ ဒဏ္ဍာရီထဲက ဇာတ်ကောင်။ ဘယ်ခေတ်ထဲက ဖြစ်တည်ခဲ့သည်မသိ။ နိုင်ငံအတော်များများရဲ့ အိပ်ရာဝင်ပုံပြင်များထဲမှာ သူကဇာတ်လိုက်လည်းဟုတ်၊ လူဆိုးလည်းဟုတ်။
လူ့သမိုင်းမှာနဂါးကို အလယ်ခေတ်ကစ၍ ဒဏ္ဍာရီအနေဖြင့် ပြောခဲ့ကြသတဲ့။ မက်ဆိုပိုတေးမီးယားခေတ်အလယ်ပိုင်းက ပုံပြင်တွေမှာလည်း တွေ့ရသတဲ့။ ထိုမှစ၍ တကမ္ဘာလုံးကို နဂါးတွေ ရောက်ရှိခဲ့ဟန်ရှိသည်။
အနောက်နိုင်ငံတွေရဲ့ ပုံပြင်ထဲမှာတော့ နဂါးကခြေလေးချောင်းပါ၏၊ ဦးချိုပါ၏၊ အတောင်ပံတွေလည်းပါ၏။ ပါးစပ်ကမီးလျှံတွေထုတ်နိုင်သည်။ ငှက်နဲ့မြွေကို ရောကျိုထားတဲ့ ဇာတ်ကောင်။ ဂူထဲမှာ ရတနာတွေစောင့်ရတဲ့ ဥစ္စာစောင့်။ မကောင်းဆိုးဝါး။ စိန့်ဟုခေါ်သော သူတော်စင်တွေနှင့် စစ်ခင်းရသူ။
အရှေ့တိုင်းက နဂါးများကား အနောက်တိုင်းနှင့်မတူ။ တရုတ်နဂါး ဆိုလျှင် မြွေထက်အဆများစွာရှည်သူ။ အတောင်ပံမပါသော်လည်း မိုးပျံပြီး ပြဒါးရှင်လုံးကိုဖမ်းနေသူ။ ခြေလေးချောင်းပါတာ၊ ခေါင်းမှာဦးချိုပါတာတူပေမင့် တရုတ်နဂါးက မကောင်းဆိုးဝါးမဟုတ်။ ကံကောင်းစေသော အရာ။ ဒါကြောင့် တရုတ်နှစ်သစ်ကူးလျှင် ကံကောင်းစေရန် နဂါးအက မပါလို့မရ။
မြန်မာ့နဂါးကတော့ မြွေနှင့်ပိုတူသည်။ မြေကြီးထဲမှာ၊ ရေအောက်မှာ နေသည်။ ရိုးရာယုံကြည်မှုကနေ ပုံပြင်ဘဝရောက်လာပုံရ၏။ပုံပြင်တွေထဲမှာ နဂါးမင်းတို့ နဂါးပြည်တို့ နဂါးမတို့ အတော်တွေ့ရသည်။ မြန်မာတို့က နဂါးကို တိရိစ္ဆာန်ထက် တန်ခိုးရှင်ဟု သတ်မှတ်ကြ၏။ တန်ခိုးရှင်ထင်ကြသည်မှာလည်း အဆိုးမဆိုသာ။ စွယ်တော်တောင် နဂါးပြည်မှာတစ်ဆူဟု ယုံကြလေသည်။
မြန်မာပြည်မှနဂါးဖြစ်ရတာ မသက်သာလှ။ လူတွေစိတ်ထင်ရာလုပ်သမျှ ခံရရှာသည်။ မန်းလေးတောင်မှ မြွေကြီးနှစ်ကောင်ပင်လျှင် ရသေ့ကြီးဦးခန္ဓီခေတ်မှစ၍ မဆလတခေတ်လုံး ထုံးသုတ်၍သာ မြွေဖြူဘဝမှာ နေခဲ့ကြရသော်လည်း မည်သည့်ပုဂ္ဂိုလ်က အိပ်မက်ရသည်မသိရပဲ နဂါးဘဝပြောင်းက အစိမ်းရောင်ဖြစ်ခဲ့ရသည်။ ပုဆိုးစိမ်းဝတ်သူများက ယတြာချေတာဟုလည်း ဆိုကြသည်။ နဝတ၊ နအဖခေတ်တွင် မြွေဘဝမှ နဂါးဘဝသို့ ရာထူးတိုးခံခဲ့ရသည်ထင့်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အလွန်ပူပြင်းရာ မင်းဘူးနယ်ရှိ ရွှံ့မီးတောင်မှာလည်း ရှေးခေတ်လူတွေက မီးတောင်မှန်းမသိကြ၍ နဂါးပွက်သည်ထင်ကာ နဂါးပွက်တောင်ဟု ခေါ်ကြရမှ နဂါးအမည်တွင်ရရှာသည်။ မဆလတခေတ်လုံး ရိုးရိုးသာတည်ရှိခဲ့ပြီး နဝတခေတ်မှစ၍ လုပ်စားသူတို့လက်ရောက်ကာ နဂါးမောင်နှမဇာတ်ရောက်ခဲ့သည်။ ကံဆိုးရှာသောနဂါးမောင်နှမမှာ ရွှံ့ပူတွေနှင့် လူးနေရတော့၏။ ဒါပေသည့် လုပ်စားတို့က နတ်နန်းအခိုင်အမာ၊ နဂါးတိုက်ဖို့ နွားနို့သည်အဆင်သင့်နှင့် ထားပါ၏။ သူတို့ကတိုက်သည်တော့မဟုတ်။ ခရီးသွားများက ဝယ်တိုက်ကြတာ။ ကလေးတွေ နွားနို့မှန်မှန်မသောက်ရသော်လည်း ထိုနဂါးမောင်နှမကား နွားနို့ကို မုန်းလောက်အောင် သောက်နေကြရရှာ၏။ နဂါးအရုပ်စိမ်းစိမ်းကြီးတွေကိုတိုက်တာဆိုတော်သေး။ ခဏကြာလျှင် စွန့်ပြီး ကလေးတွေကိုတိုက်လို့ရသည်။ နို့တွေကို ရွှံ့ကန်ထဲ သွန်ချကြတော့ ပြန်ယူ၍မရတော့။ ဤလို အလွန်တရာမှ ရှင်းပြရန်ခက်လှသော ရိုးရာဆိုသည်တို့ကို လာလုပ်ကြသူများထဲမှာ အုပ်ချုပ်သူမင်းများထဲက တစ်ပါးဖြစ်သော -ပ်ချုပ်ကြီးနှင့်သူ့ကတော်ပါ ပါလေသည်။ -ပ်ချုပ်ကြီးဇနီးမောင်နှံ နဂါးကိုနွားနို့တိုက်နေသောပုံကို ပုံကြီးချဲ့ကာ ပြသထားသေး၏။ သူတို့လည်း နဂါးကို ကြောက်ရရှာသူတွေဖြစ်မည်။ နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးဟုလည်းဆိုကြလေတော့ အရှေ့အိမ်မှ နဂါးကြီး၏ မျက်စောင်းဒါဏ်ကြောက်ကြသည်ထင့်။ အခုတော့ နဂါးကိုနွားနို့မတိုက်တော့ပဲ ငါးတွေလွှတ်နေလေသည်။
ရိုးရာအယူအဆအရ နတ်နဲ့နဂါး မလှည့်စားနဲ့ဟူ၏။ လှည့်စားခံရသူက နဂါးသာတည်း။ သူ့ကိုဗန်းပြကာ ပန်းရောင်းကြ၏။ အမွှေးတိုင်၊ဖယောင်းတိုင်ရောင်းကြ၏။ ရွတ်ဖတ်ဆုတောင်းပေးသူပါ ပါသေးတော့။ မြန်မာပြည်မှ SMEအသစ်တွေထဲမှာ နဂါးစီးပွားရေးကိုပင် ထည့်လို့ရသေးသည်။
ပုဂံတစ်ဖက်ကမ်းရှိ တန့်ကြည့်တောင်မှာလည်း နဂါးရှိသည်။ ကျောက်စွယ်တစ်ခုကို အစိမ်းသုတ်ကာ နဂါးဖြစ်နေ၏။ နဂါးက တောင်ကိုပတ်သည်ဆိုကာ ကျောက်နဂါးကို လိုက်ပြသူလည်းရှိသည်။ နဂါးရှိရာမှာ နွားနို့သည်ရှိသည့်အတိုင်း ထိုကျောက်နဂါးလည်း နွားနို့နှင့်မကင်း။ နဂါးကလေးတွေလည်း ဖြစ်နိုင်တာပါပဲ။ ကလေးကနွားနို့ကြိုက်သည်။ နဂါးက နွားနို့ကြိုက်လျှင် နဂါးကလေးသာဖြစ်ပေမည်။
ဘာသာအယူအဆအရ အပ္ပါယ်လေးပါးကို မရောက်ရေးအတွက် နေ့တိုင်းဆုတောင်းကြသူများက တိရိစ္ဆာန်ဘဝရောက်နေရသူ နဂါးကို တန်ခိုးရှိသည်ဆိုကာ နတ်စာရင်းသွင်းကြတော့ နဂါးသည် အထက်ဘုံကလား အောက်ဘုံကလား ပြောရခက်လှချေ၏။
မြန်မာပြည်တွင် နဂါးနှင့်တွဲကာ ပြေးမြင်ရသူ တစ်ဦးလည်းရှိသေးသည်။ နဂါးဦးစံလင်းပင်တည်း။ ထိုဆရာကြီးက ခေါင်းလောင်းဆယ်သည်ကို အကြောင်းပြုသော်လည်း နဂါးနှင့်တွဲကာ နာမည်ရသည်။ သူ့ခေါင်းလောင်းကြီးဆယ်မရသည်မှာ နဂါးမင်းက ခေါင်းလောင်းကိုပူဇော်ပသနေသောကြောင့်ဖြစ်သည်ဆိုကာ နဂါးကိုတရားခံရှာရာမှအစပြု၍ ဤသို့ အမည်တွင်သည်။ ရန်ကုန်မြစ်ဝမှာ နဂါးဖြစ်ရသည်မှာလည်း မစားသာ။ ရန်ကုန်မြစ်၏ နောက်ကျိလှသော ရေညစ်များသာ သောက်ရရှာပေမည့်နဂါးမင်းပင်။ အခုတော့ ခေါင်းလောင်းသံလည်းတိတ်၊ နဂါးလည်းဘယ်ရောက်သည်မသိ၊ ခေါင်းလောင်းဆယ်ဖို့အလှူခံရရှိငွေတွေ ဘုံးသည်ဆိုကာ ပြသနာတက်နေလေသည်။ (ခေါင်းလောင်းသံ တညံညံပေးတော့ ရန်ကုန်မြစ်ဝကို ပြေးမြင်မိရင် သတိရနေတယ်နဂါးရေ။)
ဒီနေ့တော့ စနေမို့ နဂါးအကြောင်းတွေးတာ အတော်များပြီ။ ရေးချင်တာက အရှေ့အိမ်ကတရုတ်နဂါးကြီးအကြောင်း။ အချီးနှင့်ပင် လိုရာမရောက်။ အဲသည်လို လိုရာမရောက်အောင် ရေးတတ်သောမောင်လူပေ၏ ဟိုရောက်ဒီရောက်စာတွေကို သည်းခံဖတ်ပေးကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးတင်ပါ၏။ နဂါးနေ့ဖြစ်တဲ့ စနေနေ့မှာ ချစ်တဲ့ သူငယ်ချင်းရောင်းရင်းမိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြပါစေ။ စနေဂြိုလ်ထဲရောက်နေတဲ့ မြန်မာပြည်ကြီးလည်း ဂြိုလ်ဆိုးများရန်မှ ကင်းဝေးကြပါစေ။

Subscribe to:
Posts (Atom)