Wednesday, January 31, 2018

Hello... February

ဟယ်လို... ဖေဖော်ဝါရီ
မင်းဆီကို ကိုယ်လာပြီ။

ရာသီကချမ်းအေး
အနွေးဓာတ်လေး ပေးပါ။

ရင်ခုန်သံမဲ့ ရင်ဘတ်
ဖျတ်ဖျတ်လူးအောင် ကူပါ။

မစီးဆင်းတဲ့ အပျော်မြစ်
သစ်သောရေစီး ဖန်တည်းပါ။

အိပ်မောကြတဲ့ အချစ်စိတ်
တိတ်တိတ်ကလေး နှိုးပေးပါ။

မင်းဆီက ဗာလင်တိုင်းနဲ့
ချစ်တိုင်းညားအောင် ဖန်တည်းပါ။

တကယ်တော့ ကိုယ်ဟာ
မင်းရဲ့ဗာလင်တိုင်းသာ
ဖြစ်ချင်ခဲ့သူပါ.....ကွယ်။

(မောင်ရေခဲ)

Tuesday, January 23, 2018

ကမ္ဘာ့ငွေ၊ မြန်မာ့ငွေ ..ဘယ်သူတွေစိုးမိုးထား

ကမ္ဘာ့ငွေ၊မြန်မာ့ငွေ.... ဘယ်သူတွေစိုးမိုးထား

ပြီးခဲ့တဲ့ ၂၀၁၇တစ်နှစ်လုံးမှာ တစ်ကမ္ဘာလုံးကလူတွေ ကြိုးစားရှာဖွေခဲ့တဲ့ငွေအားလုံးရဲ့ ၈၂%ကို ထိုလူတွေထဲက အချမ်းသာဆုံးသော တစ်ရာခိုင်နှုန်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်လို့ Oxfam International အဖွဲ့ကြီးကဆိုတယ်။

သူတို့အဆိုအရ ဝင်ငွေတစ်ဆယ်ရှိရင် ရှစ်ကျပ်ကို၁%ကရပြီး ကျန်တဲ့နှစ်ကျပ်ကသာ ၉၉% ကရတဲ့သဘောပေါ့။ကမ္ဘာလူဦးရေရဲ့၅၀%ကလည်း စီးပွားရေးတိုးတက်မှုမရှိပဲ အရင်အတိုင်းဆင်းရဲမြဲပါပဲ။ ကမ္ဘာ့စီးပွားရေးက ချမ်းသာသူတွေကိုသာ မျက်နှာသာပေးပြီး သာမန်အလုပ်သမားတွေအတွက် ဘာမှမတိုးတက်စေခဲ့ပါ။

ကုဋေကြွယ်သူဌေးတွေတိုးလာတာဟာ စီးပွားရေးတွေတိုးတက်လာတာမဟုတ်ပဲ စီးပွားရေးနည်းလမ်းတွေကျဆင်းနေပြီဆိုတာ ပြနေတာပဲလို့ အော့ဖန်(Oxfam) အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာဝင်နီကပြောပါတယ်။(ချိုင်းနိစ်ကြီးကို ပြောလိုဟန်ရှိတယ်။)

မကြာခင် ဒါဗို့မှာကျင်းပတော့မဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်မတိုင်ခင်ထွက်ပေါ်လာတဲ့ဒီအချက်အလက်တွေအရ အမျိုးသားအများစုက အမျိုးသမီးတွေထက် အိမ်ခြံမြေ၊စတော့ရှယ်ရာစတဲ့ ပိုင်ဆိုင်မှုတွေရှိကြတယ်ဆိုတာလည်း ထောက်ပြထားတယ်။ ယောက်ျားနဲ့မိန်းမ သာတူညီမျှမှုတွေ တောင်းဆိုနေကြမဲ့အစား လက်တွေ့လုပ်နိုင်တဲ့ပြောင်းလည်းမှုတွေလုပ်ကြရမဲ့အချိန်ရောက်နေပြီလို့ဆိုတယ်။

စီးပွားရေး၊နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ဒီလိုမညီမျှမှုတွေကို မထောက်ပြတဲ့ခေါင်းဆောင်ဆိုတာခပ်ရှားရှားပဲ။ ဒါပေမဲ့ ဒီကိစ္စကိုတကယ်တန်းဖိဖိစီးစီးကိုင်တွယ်ဖြေရှင်းသူလည်း ခပ်ရှားရှားပါပဲ။ အပြောနဲ့ပဲပြီးသွားကြတယ် လို့ ဆိုပါတယ်။

အများစုသောစီးပွားရေးသမားတွေက အခွန်ရှောင်ဖို့နဲ့အလုပ်သမားအခွင့်အရေးတွေရုပ်သိမ်းဖို့ကိုသာ လုပ်ဆောင်နေကြတာမို့ အစိုးရတွေကထိရောက်တဲ့ပေါ်လစီရှာဖွေပြီး ဒီငွေတွေကိုညီတူညီမျှခွဲဝေပေးရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကိုကာကွယ်ပေးရေးအတွက် လုပ်ဆောင်ပေးသင့်နေပြီလို့ ဆိုထားပါသေးတယ်။ (အမေရိကန်နိုင်ငံကို ရည်ညွှန်းပြောလိုဟန်တူပါတယ်။)

ပြည်သူတွေအတွက် နေထိုင်စားရိတ်တွက်ချက်ပြီး လုပ်ခလစာသတ်မှတ်မှု၊ အလုပ်သမားသမဂ္ဂတွေကိုအားပေးမှု၊ ကျားမခွဲခြားဆက်ဆံမှုကိုထိန်းသိမ်းမှုတွေလုပ်ပေးရမယ်။

ထို့အတူပဲ အခွန်ရှောင်တဲ့နည်းလမ်းမျိုးစုံကို ပိတ်ဆို့။စတော့ ရှယ်ယာရှင်တွေကိုခွဲပေးတဲ့အမြတ်ငွေတွေ၊ စီအီးအိုကြီးတွေကိုဆုကြေးပေးတဲ့ငွေတွေကိုကန့်သတ်။ အလုပ်သမားတွေကို ထိုက်သင့်တဲ့လုပ်ခလစာ၊ရပိုင်ခွင့်တွေ မပေးပဲ ရှယ်ယာရှင်တွေကိုပဲ အမြတ်တွေဝေပေးနေတာတွေကို လုံးဝခွင့်မပြုသင့်ပါဘူးတဲ့။

ကမ္ဘာ့စီးပွားရေးဖိုရမ်အတွက်တင်သွင်းမဲ့ ဒီအစီရင်ခံစာဟာ မြန်မာအတွက်ရော သက်ဆိုင်တယ်လို့ သင် ထင်မြင်ယူဆပါသလား။

ဟုတ်ကဲ့။ မြန်မာပြည်ရဲ့ချမ်းသာမှုအစုစုရဲ့ ၉၀%ကို လက်ဝါးကြီးအုပ်ထားနိုင်သူတွေဟာ ၁%ထက်တောင်နည်းမယ်ထင်ရဲ့။ သူတို့ပဲ ပို၍ပို၍ချမ်းသာနေကြပြီး ပြည်သူတွေပို၍ပို၍ဆင်းရဲလာနေတာလည်း မျက်မြင်ကိုယ်တွေ့။

NLD အစိုးရသစ်ကြီးတက်လာပြီး ပြောင်းလည်းချိန်တန်လို့ပြောင်းလည်းဖို့ကြိုးစားပေမဲ့ အရွေ့က ထင်သာမြင်သာမရှိသေး။ မြန်မာ့စီးပွားရေးဖိုရမ်တွေခဏခဏကျင်းပနေကြပေမဲ့ လက်တွေ့ပြောင်းလည်းမှု နှေးကွေးနေဆဲ။

နှစ်ပေါင်းငါးဆယ်ကျော်ကြာအောင် အာဏာရှင်အဆက်ဆက်ရဲ့အပေါင်းအပါတွေကသာ စီးပွားရေးရှိသမျှကို လက်ဝါးကြီးအုပ်ခဲ့တဲ့နိုင်ငံ၊ စီးပွားရေးစနစ်တစ်ခုလုံး ရိုက်ချိုးခံခဲ့ရတဲ့နိုင်ငံ၊ လူတွေရဲ့အကျင့်စာရိတ္တတွေ ပျက်စီးခဲ့တဲ့နိုင်ငံ၊ အကျင့်ပျက်ချစားမှုအဆိုးဝါးဆုံးစာရင်းမှာ ထိပ်ဆုံးကိုရောက်ခဲ့တဲ့နိုင်ငံ၊ ဒီနိုင်ငံရဲ့စီးပွားရေစနစ်ကို နည်းမှန်လမ်းမှန်ဖြစ်လာစေဖို့ စီးပွားရေးပညာရှင်တွေ နည်းလမ်းမျိုးစုံပေးနေကြပေမဲ့ ဆေးမီးတိုနဲ့ကုနေရတဲ့အခြေ။

နိုင်ငံပြင်ပက အကူအညီပေးချင်သူတွေဝင်လာကြတယ်။ ကူညီကြတယ်။ ပြည်တွင်းက ဌာနအချို့နဲ့ လုပ်ငန်းရှင်အချို့က သူတို့စားပေါက်ပိတ်မှာကြောက်တဲ့အတွက် ကန့်လန့်တိုက်တယ်၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်၊ ကြာတော့ ဒီလူတွေစိတ်ပျက်ပြီး ထွက်ကုန်ကြတယ်။

ဒီလိုနဲ့ ပြည်သူတွေအဆင်ပြေမဲ့အရာတွေ ဖြစ်မလာခဲ့။ မျှော်တလင့်လင့်ဘဝတွေ တိုးတက်မလာခဲ့။ လက်ဝါးကြီးအုပ်ထားသူတွေအတွက် အကာအကွယ်ပေးထားတဲ့ဥပဒေတွေကို မပြင်ဆင်နိုင်ခဲ့။ အခုအချိန်မှာ ပြင်ဆင်ဖို့လုပ်နေပေမဲ့ ပိုင်ဆိုင်မှုအများစုကိုလက်ဝါးကြီးအုပ်ထားကြတဲ့သူတွေက အမျိုးမျိုးအနှောက်အယှက်ပေး၊ အရင်လိုအခွင့်အရေးတွေမရတဲ့အခါ ကဖျက်ယဖျက်လုပ်၊ ပိုင်ဆိုင်မှုတွေကလည်း ကုဋေချီလေတော့ သူတို့အလိုကြကစားခွင့်ရတဲ့ အခြေအနေ။

ဝန်ထမ်းလောကရဲ့ထိပ်ပိုင်းနေရာတိုင်းလိုလိုကလည်း သူ့လူတွေနဲ့ ပြောင်းထားတဲ့ ယန္တယားကြီးမို့ အစိုးရသစ်ကြီးမှာ ဝန်ကြီးသစ်တွေပဲပြောင်းတဲ့ ပြောင်းလည်းမှုမျိုးနဲ့ကြေနပ်နေရတဲ့အဖြစ်။ ဝန်ထမ်းလစာမလုံလောက်မှုကြောင့် ဖြစ်ပျက်လာတဲ့ခြစားမှုတွေကို ထိမ်းကြောင်းဖို့ကလည်း ခေါင်ကစပြီးမိုးမလုံတဲ့အခြေမို့ တစ်ခုလုံးမဖြိုနိုင်တဲ့အတူ ဖြစ်သလိုပဲ အရင်နဲ့ထူးမခြားနားလည်ပတ်နေရဆဲ။

ဒီလိုနဲ့ သူတို့တွေတစ်ရာနှုန်းပဲ ချမ်းသာပြီးရင်ချမ်းသာ၊ ပြည်သူအများစုကတော့ အရင်ထက် ဆင်းရဲတွင်းနက်။ မြန်မာ့ငွေအများစုက ထုံးစံအတိုင်း သူတို့လက်ထဲမှာ။ ပြည်သူတွေမှာ ကျားသနားမှနွားချမ်းသာရမဲ့အခြေအနေ။

ဒီလိုပြန်တွေးကြစို့။ ခေတ်မှီတဲ့ကမ္ဘာရွာကြီးမှာ တစ်ရာနှုန်းက ဝင်ငွေအားလုံးရဲ့ ၈၀%ကို လက်ဝါးကြီးအုပ်တယ်။ မြန်မာပြည်က တစ်ရာခိုင်နှုန်းကလည်း ၉၀%ကို လက်ဝါးကြီးအုပ်တယ်။ ဒီတော့ အတူတူနဲ့အနူနူ။ ဘာမှမထူးကြ။ ခေတ်မှီတဲ့စီးပွားရေးကမ္ဘာကြီးမှာ မြန်မာတွေလည်းအမှီလိုက်နေကြတယ်လို့သာ ဆိုပါရစေ။

သူငယ်ချင်းမိတ်ဆွေအပေါင်းကျန်းမာကြပါစေ။ တစ်ရာနှုန်းရဲ့ ခေါင်းပုံဖြတ်မှုရန်မှ ကင်းဝေးကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Sunday, January 14, 2018

ရွှေပြည်နယ်က ရွှေ

ရွှေပြည်နယ်ကရွှေ

ကျွန်တော်တို့က ရွှေပြည်နယ်(Golden State)က ရွှေတွေပေါ့။ရွှေတွေပီပီ ဘယ်ရောက်ရောက် မသင့်မြတ်ကြတာလေးတွေ၊ အဖွဲ့ကွဲတာလေးတွေတော့ အနည်းအများရှိတာပေါ့။ ဒါပေမဲ့အများအားဖြင့်ကတော့ ကိုယ့်အလုပ်ကိုယ်ရှုပ်ပြီး ရုန်းကန်နေကြရတာမို့ ရန်ဖြစ်ချိန်မရှိကြပါဘူး။ မအားကြပါဘူး။

ကယ်လီဖိုးနီးယားဆိုတဲ့ ရွှေပြည်နယ်ကိုရောက်နေကြတဲ့ ရွှေမြန်မာတွေက အများကြီး။ ကယ်လီဖိုးနီးယားတောင်ပိုင်းL.Aတဝိုက်က ရွှေတွေအများဆုံး။ တစ်သောင်းနီးပါးလောက်ရှိမယ်။ မြောက်ပိုင်းက ဆန်ဖရန်တဝိုက်မှာလည်း ထောင်ချီရှိပါတယ်။

မြန်မာပြည်ပေါက်တွေမို့ လူမျိုးစုံ၊ ဘာသာစုံပေါ့။ ၈၈နောက်ပိုင်းမှာ ရောက်ကြတဲ့သူများလေတော့ လွှတ်တော်အမတ်၊ NLDပါတီဝင်၊ တောခို၊ တပ်မိသားစု၊ ခရိုနီအမျိုး၊ အဘတွေရဲ့လူစသည်နဲ့ ပါလာကြတယ်။ နိုင်ငံရေးတက်ကြွသူနဲ့  နိုင်ငံရေးတက်ကြွသူတွေကို ကြောက်လန့်သူဆိုပြီး ဘက်တွေဖြစ်ကုန်တယ်။ မြန်မာ့နိုင်ငံရေးက ဒီဖက်အထိ ရိုက်ခတ်ခဲ့တာ။

ဆန္ဒပြတဲ့အထဲပါရင် ပြန်လို့မရမှာစိုးလို့၊ နိုင်ငံရေးတက်ကြွသူနဲ့ပေါင်းရင် သံရုံးကသိမှာစိုးလို့ဆိုတဲ့ အကြောက်တရားတွေက သံမှိုစွဲသလိုစွဲခဲ့ကြတော့ ဒီရောက်တဲ့အထိ အကြောက်မပြေကြသေး။ အခုတော့ ရွှေပြည်ကြီးက မြန်မာတွေရဲရင့်လာကြသလို ဒီဖက်ရွှေပြည်နယ်ရောက် မြန်မာတွေလည်း ရဲရင့်လာကြပါပြီ။ မကြောက်တရားတွေ မွေးလာကြပါပြီ။ အားလုံးအဆင်ပြေပြေ ပေါင်းတတ်သင်းတတ်ကြပါပြီ။ အန်တီစုရဲ့အမျိုးသားရင်ကြားစေ့ရေးက ဒီအထိ အလုပ်ဖြစ်တဲ့သဘောပေါ့။

မြန်မာပြည်သား၊ဘာသာရေးကိုင်းရှိုင်းတဲ့လူတွေပီပီ ရောက်တဲ့နေရာမှာ ဘာသာရေးအဆောက်အဦတွေ တည်ထောင်ကြတယ်။ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေပင့်လာကြတယ်။ ဒါမှလည်း မြန်မာတွေအတွက် ရိုးရာဆိုင်တဲ့ ဘာသာရေးအခမ်းအနားတွေမှာ အဆင်ပြေကြမှာပါ။

ဘာသာရေးဆိုင်ရာအဆောက်အဦတွေကို  ရှိတဲ့ငွေလေးနဲ့လုပ်ကြရတော့ စည်းကမ်းနဲ့အညီမလုပ်နိုင်ကြတာ အများစု။ ရပ်ကွက်ထဲကအိမ်ဟောင်းလေးဝယ်၊ နည်းနည်းပြင်ပြီး လုပ်ကြရတာများပါတယ်။ ကြာတော့ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနဲ့ပဋိပက္ခတွေ တက်ပါလေရော။

ဒီနိုင်ငံမှာ အစစကို လုပ်ချင်သလို လုပ်ခွင့်မရှိပါ။ စည်းကမ်းနဲ့မညီရင်ပြသနာရှိပါတယ်။ ရပ်ကွက်ထဲကအိမ်ဆိုပါတော့။ လူတွေအများကြီးစုမိလို့ ဆူညံနေရင်၊ ကားတွေကို စည်းကမ်းမဲ့ရပ်ထားရင်၊ အမှိုက်တွေကို တွေ့ရာစွန့်တယ်ဆိုရင်၊ မကြေနပ်လို့ ရဲတိုင်ပြီဆိုရင် ပြသနာတွေတက်ပါရော။ နောက်ပြသနာက အဆောက်အဦတိုးချဲ့မှု။ ကိုယ့်ခြံထဲမှာကိုယ် ထင်သလိုဆောက်ခွင့်မရှိတဲ့အတွက် ရဲကလာစစ်လို့တွေ့ရင် ပြန်ဖျက်ပေးရတော့ ငွေတွေဆုံး၊ အချိန်တွေကုန်၊ အလှူရှင်တွေလည်း စိတ်ဆင်းရဲကြ။

စည်းကမ်းတကျ တည်ထောင်ထားတဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ လူသိပ်မရှုပ်၊ ပတ်ဝန်းကျင်ရဲ့မျက်စိနောက်မှုသက်သာပြီး အတိုင်အတောမခံရလို့ ပြသနာမရှိတဲ့ အဆောက်အဦတွေပဲ ကြာရှည်ဖွင့်နိုင်ကြတယ်။ ပြသနာတက်တဲ့နေရာတွေက ပြောင်းရရွှေ့ရမို့ အတော်ဒုက္ခရောက်ကြရတယ်။

မြန်မာကွန်မြူနတီအတွက် စုဝေးရာနေရာကလည်း ဒီလိုဘာသာရေးအဆောက်အဦတွေပါပဲ။ ခရစ်ယာန်က သူတို့ဘုရားကျောင်းမှာစုဝေးကြတယ်။ မွတ်စလင်က ဗလီမှာစုကြတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘုန်းကြီးကျောင်းမှာစုကြတယ်။ဘာသာရေးပွဲတွေ၊ လူမှုရေးပွဲတွေလုပ်ကြတယ်။ ဆူညံ၊ညစ်ပတ်၊ စည်းကမ်းမဲ့အဖြစ်တွေက ဒါကြောင့်ဖြစ်ပေါ်ရတာ။

ဘာသာရေးနဲ့နွယ်တဲ့ယဉ်ကျေးမှုဆိုင်ရာတွေ မတိမ်ကောသွားရေးလည်း ဒီလိုဘာသာရေးအဆောက်အဦတွေမှာပဲ ဝိုင်းဝန်းဆောင်ရွက်နေကြရတယ်။ မြန်မာမှု မြန်မာ့ဓလေ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာလေးတွေကို နောင်မျိုးဆက်အတွက် တတ်နိုင်သမျှ ဝေငှပေးနေကြတယ်။ နိုင်ငံရပ်ခြားရောက်မှ မြန်မာ့ယဉ်ကျေးမှုကို ပိုလို့ထိမ်းသိန်းဖြစ်နေကြတယ်လို့ ပြောရင်လည်းရမယ်ထင်ပါရဲ့။

ရွှေတွေက ရွှေမြေကထွက်လာပြီး ရွှေပြည်နယ်မှာ အခြေချရင်း ဘဝအတွက် ရုန်းကန်နေကြတယ်။ ဒီကြားထဲက ဘာသာရေး၊ လူမှုရေးတွေရှိရင်လည်း ဝိုင်းကြဝန်းကြတယ်။ ယဉ်ကျေးမှုဆိုင်ရာပွဲတွေမှာလည်း ပါဝင်ဆင်နွဲကြတယ်။ ဒါ ချစ်စရာမြန်မာဓလေ့ပါ။ ကိုယ်နဲ့မဆိုင်သလို ကွန်မြူနတီနဲ့ဝေးဝေးနေပြီး ဘာပွဲမှမလာတဲ့ရွှေတချို့လည်းရှိပေမဲ့ များသောအားဖြင့်ကတော့ ကိုယ်သန်ရာသန်ရာမှာ တတ်နိုင်သလောာက်ပါဝင်ကူညီနေကြပါတယ်။ ရွှေပြည်နယ်မှရွှေများသာ ဒီလိုမဟုတ်ပါ။အမေရိကားသာမက တကမ္ဘာလုံး နေရာအနှံ့ကရွှေတွေ ဒီအတိုင်းပါပဲ။

ရွှေတွေရောက်လာကြတာတဖွဲဖွဲ။ ရောက်စတော့ ဒုက္ခရောက်ကြတာပေါ့။ နောက်တော့လည်း အမေရိကားရဲ့လူနေမှုပုံစံထဲမှာ အံဝင်သွားပြီး ပျော်သွားကြတာပါပဲ။ အမေရိကားရဲ့လူနေမှုပုံစံက ရှင်းပါတယ်။ အလုပ်လုပ်ပါ။ ရတဲ့ငွေကိုသုံးပါ။ များများသုံးနိုင်အောင် ငွေချေး။ ကိုယ်တွေကလည်း လိုအပ်ချက်ကများ၊ ခရက်ဒစ်တွေအရမ်းရတော့ ဝယ်လို့လည်းကောင်း၊ ကြာလာတော့ အကြွေးတွေပတ်လည်ရိုက်။ အကြွေးဆပ်ဖို့ အလုပ်ပိုလုပ်၊ အကြွေးထပ်ပေး အလုပ်ပိုလုပ်၊ ဒါပဲ။ အကြွေးများမှဂုဏ်ရှိတဲ့သူတွေ။ အများကြီးအကြွေးယူတာ အများကြီးဝင်ငွေရှိကြလို့ပေါ့။ ပြန်မဆပ်နိုင်ရင် ခရက်ဒစ်ပျက်ရင် အမေရိကားမှာ ဘဝပျက်တာနဲ့အတူတူ။

အရမ်းချမ်းသာသူတွေအတွက်တော့ အမေရိကားရဲ့ရွှေပြည်နယ်က ပျော်စရာဖြစ်မယ်မထင်။ မြန်မာပြည်မှာ ခိုင်းစရာလူတလှေကြီးရှိပေမဲ့ ဒီမှာက ကိုယ်ထူကိုယ်ထစနစ်။ ဟိုမှာ ထိုင်နေရင်းငွေတွေဝင်နေပေမဲ့ ဒီမှာက အလုပ်ကို အလုပ်နဲ့တူအောင်လုပ်မှ ငွေရတဲ့စနစ်။ ဟိုမှာဆရာကြီးလုပ်လို့ရပေမဲ့ ဒီမှာက ဆရာကြီးတွေများလို့မတိုးနိုင်။ ဟိုမှာငွေနဲ့ရှင်းလို့ရပေမဲ့ ဒီမှာမဖြစ်နိုင်။ ဒီလိုလူတွေကတော့ ရွှေပြည်နယ်မှာ အလည်လာရုံကလွဲလို့ နေနိုင်စရာမရှိ။

ကျွန်တော်တို့လို သာမန်မရှိမရှားသမားတွေအတွက်ပဲ ရွှေပြည်နယ်က ရွှေလိုတန်ဖိုးရှိမှာပါ။ လူကိုလူလို တန်ဖိုးထားခံရမှုရှိတဲ့၊ ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊ လူနေမှုစနစ် အားလုံးအဆင်ပြေပြေရှိတဲ့ ရွှေပြည်နယ်မှာ ရွှေတွေပျော်ကြပါတယ်လို့ ရွှေတွေနေတဲ့ ရွှေပြည်နယ်အကြောင်းလေး လက်တို့ပြီးတော့ ပြောလိုက်ပါတယ်။

ရွှေပြည်တော်(Golden Land)က ရွှေသူငယ်ချင်းမိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ(ခ)မောင်ရေခဲ

ဟယ်လို...ကယ်လီဖိုးနီးယား(၃)

ဟယ်လို...ကယ်လီဖိုးနီးယား(၃)

ကယ်လီဖိုးနီးယားပြည်နယ်ဆိုတော့ ပြည်နယ်အစိုးရရှိတယ်။ မြန်မာပြည်က ပြည်နယ်အစိုးရအဖွဲ့လို ပြည်နယ်ဝန်ကြီးချုပ်တော့မရှိ။  ပြည်နယ်အုပ်ချုပ်ရေးမှူး(Governor) က အုပ်ချုပ်တယ်။ ဒီလူကို ပြည်နယ်သားတွေက လေးနှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်တယ်။ နှစ်ကြိမ်ဆက်တိုက်ထက် ပိုလုပ်ခွင့်မရှိ။

အမေရိကားက ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုမို့ သူ့မှာလည်း ပြည်နယ်လွှတ်တော်နှစ်ခုရှိတယ်။ ပြည်နယ်ရဲ့အထက် အောက်လွှတ်တော်နှစ်ခုလုံးမှာ ဒီမိုကရက်အမတ်တွေပဲ လွှမ်းမိုးကြတယ်။ ရှေးရိုးစွဲတွေနည်းတဲ့ပြည်နယ်မို့ ရှေးရိုးစွဲရီဗတ်ဗလီကန်တွေ အားမကောင်း။

အရင်ကရေးဖူးခဲ့သလိုပဲ အစိုးရသုံးရပ်ရှိတဲ့ အမေရိကားမှာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဌာနေမြို့ရွာအစိုးရ သုံးခုလုံး သူ့အာဏာနဲ့သူ။ ရတဲ့အခွန်ကို ခွဲယူကြတယ်။ အလုပ်ကိုပေါင်းလုပ်ကြတယ်။ အစိုးတွေ သဘောကွဲကြရင် တရားရုံးမှာရှင်းတယ်။ တရားရုံးအဆုံးအဖြတ်ကအတည်။

အာဏာက တစ်နေရာထဲမရှိတဲ့အတွက် အာဏာရှင်တွေဖြစ်လာမှာ ပူစရာမလို။ ဆုံးဖြတ်ချက်တွေပွတ်တိုက်မှုဖြစ်ရင် တရားရေးကအမြင့်ဆုံးအာဏာမို့ သူ့ဆုံးဖြတ်မှုကို လက်ခံရတယ်။ ဥပဒေပြုရေးအာဏာက လွှတ်တော်မှာ၊ အုပ်ချုပ်ရေးအာဏာက အစိုးတွေဆီမှာ။

အခု၂၀၁၈ကစပြီး ၂၁နှစ်ကျော်သူတိုင်း ကယ်လီဖိုးနီးယားမှာ တစ်ရက်ကိုဆေးခြောက်တစ်အောင်စအထိ တရားဝင်ဝယ်ယူသုံးစွဲခွင့်ရှိတယ်။ ၂၀၁၆ရွေးကောက်ပွဲမှာ ပြည်နယ်သားတွေက တရားဝင်သုံးခွင့်ပြုရေး မဲပေးခဲ့လို့ပဲ။ အိမ်မှာ ဆေးခြောက်ပင် ခြောက်ပင်ထိ စိုက်ခွင့်ရှိတယ်။ ပြည်နယ်အစိုးရကခွင့်ပြုတယ်။ ဗဟိုအစိုးရက ဆေးခြောက်တရားမဝင်လို့ ခွင့်မပြု။ တရားရုံးမှာရှင်းကြပေါ့။ လောလောဆယ်အထိတော့ တရားဝင်ဆေးခြောက်သုံးခွင်ပြုထားတယ်။

ဆေးခြောက်တောင် တရားဝင်သုံးစွဲလို့ရတဲ့ပြည်နယ်မို့ လွတ်လပ်လှချည်လားလို့မထင်စေလို။ နည်းဥပဒေတွေနဲ့ ပြန်ချည်ထားတယ်။ ကိုယ့်အိမ်မှာပဲကိုယ်သုံးစွဲကြ။ မူးနေရင် ကားမမောင်းရ။

ဒီပြည်နယ်က ပြည်သူတွေသွားလာရာ နေရာတိုင်းမှာ ဆေးလိပ်မသောက်ရ။ စားသောက်ဆိုင်၊ ဈေး၊ ရှော့ပင်မော၊ ပန်းခြံ နေရာအကုန်လိုလို မသောက်ရတော့ သောက်ဖို့နေရာ မရှိ။ သောက်ချင်လွန်းရင် အပြင်ထွက်ပြီး ဝင်ပေါက်နဲ့ ပေတစ်ရာအကွာမှာ သွားသောက်ပေတော့။ အခွန်ကလည်းကြောက်စရာကောက်သေးတော့ ဆေးလိပ်တစ်ဘူးက ရှစ်ဒေါ်လာနီးနီးပေးရမှာ။ ဈေးကြီး၊ သောက်ဖို့နေရာမရှိတော့ ဒီကိုရောက်လာတဲ့မြန်မာတွေ ဆေးလိပ်ပြတ်ကုန်ကြတယ်။ အသက်၂၁နှစ်မပြည့်ရင်လည်း ဆေးလိပ်မရောင်း။ အသက်ပြည့်ကြောင်း မှတ်ပုံတင်ပြမှ ရောင်းတယ်။ အရက်လည်းအတူတူပဲ။

ကိုယ့်တာဝန်ကိုယ်ယူ။ ကိုယ့်အခွန်ကိုယ်ပေး။ လူလည်ကျပြီးအခွန်ရှောင်သူတွေရှိပေမဲ့ မိရင် မသက်သာ။ အကြွေးကိုအတိုးနဲ့တွက်ဆောင်ခိုင်းတဲ့အပြင် နာမည်ပျက်စာရင်းသွင်းသေးတယ်။ မပေးနိုင်ရင် အကုန်သိမ်းပဲ။ ဒါကြောင့် အများစုက အခွန်မရှောင်ရဲကြ။ ပြည်နယ်အစိုးရက သူရတဲ့ငွေတွေနဲ့လည်ပတ်တယ်။ ပြည်သူတွေအတွက် ပြန်သုံးတယ်။

ပြည်နယ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုက MediCal ဆိုပြီးသီးခြားရှိတယ်။ မြန်မာပြည်ကအလည်လာကြသူတွေ ဆေးပြချင်ရင်သုံးရတဲ့ အာမခံစနစ်။ ကယ်လီဖိုးနီးယားမှာနေပြီး ကျန်းမာရေးအာမခံမဝယ်နိုင်သူ၊ ဝင်ငွေမရှိသူတွေအားထားရတယ်။

ပညာရေးအနေနဲ့လည်း ပြည်နယ်က တက္ကသိုလ်စနစ်အမျိုးမျိုးထူထောင်ပြီး အဆင့်မြင့်ပညာတွေသင်ယူနိုင်အောင် ထောက်ပံ့ပေးတယ်။ ပြည်နယ်မှာတစ်နှစ်အနည်းဆုံးနေဖူးရင် ပြည်နယ်သားအဖြစ်အသိအမှတ်ပြုပေးတယ်။ ကျောင်းတက်ရင် ကုန်ကြငွေလေးပုံတစ်ပုံလောက်ပဲပေးရတယ်။ ပြည်နယ်တက္ကသိုလ်တွေထဲက ကယ်လီဖိုးနီးယားတက္ကသိုလ်(ဘာကလေ) (University of California, Berkeley)ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုပဲ။ ကယ်လီဖိုးနီးယားတက္ကသိုလ်(အယ်လ်အေ, ဆန်ဒီရေဂို,ဒေးဗစ်) (University of California, L.A, San Diego, Davis)တဲ့တက္ကသိုလ်ကြီးတွေကလည်း ကမ္ဘာကျော်တက္ကသိုလ်စာရင်းထဲမှာပါဝင်တယ်။ အစိုးရကျောင်းမဟုတ်တဲ့ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေထဲမှာ ထိပ်ဆုံးစာရင်းဝင် စတန်းဖို့ဒ်တက္ကသိုလ်(Stanford University)တို့ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်(University of Southern California)တို့ကလည်း အလွန်နာမည်ကြီး။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က တတ်နိုင်သူတွေရဲ့ကလေးတွေ ကယ်လီဖိုးနီးယားမှာ ပညာသင်ကြတယ်။

ကယ်လီဖိုးနီးယားဟာ မပူလွန်းမအေးလွန်းတဲ့ မြေထဲပင်လယ်ရာသီဥတုရှိတယ်၊ သာမန်အားဖြင့် ငြိမ်းချမ်းတယ်၊ လူမျိုးအသားအရောင်ခွဲခြားမှုနည်းတယ်၊ အလုပ်အကိုင်ပေါတယ်ဆိုတဲ့ အချက်တွေကြောင့် အခြားပြည်နယ်တွေက အခြေချသူတွေအကြိုက်ဆုံးနဲ့နေလို့ အမေရိကားရဲ့နေလို့အကောင်းဆုံးမြို့တွေစာရင်းမှာ ဒီပြည်နယ်ကမြို့တွေကပဲ ထိပ်မှာရောက်နေတာဟာ အံ့သြစရာမရှိ။

မြန်မာတွေအတွက်ကယ်လီဖိုးနီးယား၊ ရွှေနိုင်ငံက ရွှေတွေအတွက် ရွှေပြည်နယ်ကို မိတ်ဆွေသူငယ်ချင်းတွေ လာလည်ကြပါဦးလို့ ဖိတ်ခေါ်ရင်း ဟယ်လို...ကယ်နီဖိုးနီးယား မိတ်ဆက်ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ(ခ) မောင်ရေခဲ

ဟယ်လို...ကယ်လီဖိုးနီးယား(၂)

ဟယ်လို.. ကယ်လီဖိုးနီးယား(၂)

အမေရိကားရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်ကို မိတ်ဆက်ပေးတဲ့ဒုတိယပိုင်းမှာ ဒီပြည်နယ်ရဲ့သမိုင်းကြောင်းလေးကို ပြောပြချင်တယ်။

အမေရိကားရဲ့သမိုင်းကြောင်းအတိုင်းပဲ ဒီပြည်နယ်မှာ ပထမဆုံးအခြေချနေသူတွေဟာ အာရှတိုက်ရဲ့အလယ်ပိုင်းကနေ အမေရိကားတိုက်တစ်ခုလုံးရောက်အောင် ပျံ့နှံ့သွားကြသူတွေဖြစ်သော ရက်အင်ဒီယန်းလို့ ခေါ်ကြတဲ့ မျိုးနွယ်စုတွေပါပဲ။ သူတို့ကို ဌာနေအမေရိကန်လူမျိုးတွေ (native Americans) တွေလို့ ခေါ်ကြတယ်။ သူတို့တစ်တွေရောက်ရှိနေခဲ့ကြတာနှစ်ပေါင်းသောင်းချီရှိနေခဲ့ပြီတဲ့။

(၁၆)ရာစုနဲ့(၁၇)ရာစုမှာတော့ ဒီပြည်နယ်ဆီကို နယ်သစ်ရှာဖွေသူဥရောပသားတွေ တဖြေးဖြေးနဲ့ ရောက်လာခဲ့ကြတယ်။ ဒီပြည်နယ်ဟာ ၁၈ရာစုမှာ စပိန်ဘုရင်ရဲ့အပိုင်ဖြစ်သော အထက်ပိုင်းကယ်လီဖိုးနီးယား(Alta California) ပိုင်နက်ထဲမှာရှိခဲ့တယ်။ မက္ကဆီကိုက ၁၈၂၁မှာ တိုက်ယူလိုက်ပြီး သူ့အပိုင်နယ်အဖြစ်ကြေညာခဲ့တယ်။ ၁၈၄၈ခုမှာမှ အမေရိကားနဲ့မက္ကဆီကိုစစ်ပွဲအပြီး အမေရိကားလက်အောက်ရောက်သွားခဲ့တာ။ ၁၈၅၀ စက်တင်ဘာလ(၉)ရက်မှာ အမေရိကားရဲ့ (၃၁)ပြည်နယ်မြောက်အဖြစ် ဖက်ဒရယ်ပြည်ထောင်စုထဲ ရောက်သွားခဲ့တယ်။

၁၈၄၈နောက်ပိုင်းနဲ့ ၁၈၄၉မှာ ကယ်လီဖိုးနီးယားမှာ ရွှေတွေအကြီးအကျယ်ထွက်တယ်။ အမေရိကားအရှေ့ပိုင်းကလူတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့ပြီးအခြေချကြတယ်။ 49ers gold rush လို့ခေါ်တယ်။ ဒီအချိန်ကစပြီး ဆန်ဖရန်စစ္စကိုဟာ ရွှေတူးသမားတွေနဲ့စည်ကားလာရာက ဒီပြည်နယ်ကိုလည်း ရွှေပြည်နယ်(golden state) လို့ ခေါ်ခဲ့ကြတာပါပဲ။ ( မြန်မာပြည်ကို ရွှေတိုင်းပြည်လို့ခေါ်ကြတာနဲ့ ခပ်ဆင်ဆင်။)

ရွှေပြည်နယ်လို့အမည်တွင်ပြီး ရွှေတွေထွက်တဲ့ကယ်လီဖိုးနီးယားကို ရွှေအိမ်မက်တွေမက်ပြီး လူတွေပြောင်းလာကြတယ်။ ရွှေထွက်တဲ့နေရာတွေမှာရွှေတွင်းတွေတူးကြတယ်။  ရွှေကျင်ကြတယ်။ ဒါပေမဲ့ သတ္တုတူးတဲ့အလုပ်ကို ထာဝရမလုပ်ခဲ့ကြဘူး။ ရွှေတွင်းတွေက အခုတော့ ခရီးသွားဧည့်သည်တွေကြည့်ဖို့ သမိုင်းပြတိုက်တွေဖြစ်သွားပြီ။ ရွှေတွေကုန်သွားလို့မဟုတ်။ သဘာဝပျက်ယွင်းမှာကို တွေးမိပြီးရပ်လိုက်ကြတာ။ အခြားလုပ်ငန်းတွေဖေါ်ဆောင်ပေးပြီး အလုပ်အကိုင်သစ်တွေ ဖန်တည်းပေးခဲ့တာ။  မြေကြီးထဲမှာရွှေတွေ ၉၅%လောက်ကျန်သေးတယ်။သဘာဝကိုအလေးထားခဲ့လို့ သစ်တောတွေမပြုန်း၊ မြေစာပုံတွေတောင်လိုမပုံ၊ စမ်းချောင်းရေတွေ ညစ်ညမ်းမှုမဖြစ်။

ဒီရွှေတွင်းဟောင်းတွေသွားကြည့်ရင်း အပျော်တန်းရွှေကျင်လို့ရတယ်။ မြေကြီးတစ်ပုံးဝယ်၊ ဒယ်ပြားကြီးငှား၊ စမ်းချောင်းထဲမှာသွားကျင်ပေတော့။ ကံကောင်းလို့ ရွှေများများရရင် အမြတ်၊ ကံမကောင်းလို့ ရွှေမရရင် အရှုံး။

ဒီပြည်နယ်ဟာ စပိန်၊ မက္ကဆီကိုတို့အောက်မှာနေခဲ့ရတာမို့ စပိန်စကားပြောသူတွေက ပြည်နယ်ရဲ့သုံးပုံတစ်ပုံနီးပါးထိရှိတယ်။ မီးရထားလမ်းဖေါက်ဖို့နဲ့ ရွှေတွင်းတွေမှာသုံးဖို့ ချိုင်းနိစ်တွေကိုခေါ်လာတော့ အာရှတိုက်သားတွေစတင်ရောက်ရှိလာတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်လူမျိုးတွေရောက်လာတယ်။  IT ကုမ္ပဏီတွေမှာလုပ်ဖို့ အန္ဒိယလူမျိုးတွေရောက်လာတယ်။ဒီလိုနဲ့ နိုင်ငံအသီးသီးက လူမျိုးစုံဟာ အကြောင်းမျိုးစုံနဲ့ ရောက်လာကြတာပါပဲ။ (မြန်မာတွေကတော့ ၁၉၈၈နောက်ပိုင်းမှာမှ စစ်အစိုးရအဆက်ဆက်ရဲ့ကျေးဇူးတော်အဖုံဖုံကြောင့် အမေရိကားကို အလုံးအရင်းနဲ့ပြောင်းရွှေ့လာကြတာပါ။)

ဒီပြည်နယ်မှာ သဘာဝဘေးဆိုးအန္တရာယ်ဆိုးကြီးနှစ်ကြိမ်နဲ့တွေ့ကြုံခဲ့ရတဲ့သမိုင်းကလည်း ကျွန်တော်တို့ သတိပြုသင့်တဲ့သမိုင်းပါ။

ရွှေသတင်းကြောင့် ဖွံ့ဖြိုးလာတာ ဆန်ဖရန်စစ္စကိုမြို့။ လူတွေအများကြီးရောက်လာတော့ အဆောက်အဦသစ်တွေအများကြီး ဆောက်ကြရတယ်။ စည်းကမ်းနဲ့အညီရောမညီရော အစုံပေါ့။ လမ်းကျဉ်းထဲမှာ တိုးချဲ့ကြတော့ လမ်းတွေကပိုကျဉ်းသွား။ အထပ်မြင့်တွေတိုးတိုးလာ။ အလွန်စည်ကားတဲ့မြို့ကြီးပေါ့။ရွှေတူးသမားတွေက ရွှေတွင်းမှာပင်ပန်းခဲ့သမျှ မြို့ပေါ်မှာ ပျော်ပါးကြ၊ အပျော်စုံရတဲ့မြို့။

၁၉၀၆ခုနှစ် ဧပြီလ(၁၈)ရက်နေ့ မနက်၅နာရီ၁၂မိနစ်အချိန်မှာတော့ ဘယ်သူမှမမျှော်လင့်ထားပဲ ပြင်းအား၇.၈ရှိတဲ့ ငလျှင်ကြီးနဲ့ဆန်ဖရန်စစ္စကိုက တွေ့ကြုံရတော့တယ်။ ဖြစ်သလိုဆောက်ထားတဲ့အဆောက်အဦတွေအကုန်ပြို၊ ဒီထက်ဆိုးတာက ငလျှင်ကြောင့်လောင်တဲ့မီးကြီးပါ။ တမြို့လုံးရဲ့ ၈၀%လောက် မီးထဲပါသွားခဲ့ရတယ်။ လမ်းတွေကျဉ်းလို့ မီးသတ်မဝင်နိုင်။ ထိုင်ကြည့်နေရတဲ့အဖြစ်။ ဒီငလျှင်ကြီးကြောင့် လူပေါင်းသုံးထောင်ကျော်အသက်ဆုံးခဲ့ရတယ်။ အမေရိကားသမိုင်းမှာ အဆိုးဝါးဆုံးသဘာဝအန္တရာယ်ကြီးအဖြစ်သမိုင်းတွင်သွားတယ်။

ဒုတိယဘေးဆိုးက စိန်ဖရန်စစ်ရေကာတာကြီး ကျိုးသွားတဲ့အဖြစ်အပျက်။ L.A မြို့ကြီးကို ရေပေးဝေရေးနဲ့ လျှပ်စစ်မီးထုတ်ယူဖို့ တည်ဆောက်ခဲ့တဲ့ ဒီရေကာတာကြီးက ၁၉၂၈မှာကျိုးပေါက်ခဲ့တဲ့အတွက် လူပေါင်း ၄၃၁ဦးအသက်သေဆုံးပြီး မြို့သုံးမြို့ကို စိစိကျေသွားစေခဲ့ရပါတယ်။

မီးလျှံထဲကငှက်လို ပြာပုံထဲကပြန်ထလာတဲ့ဆန်ဖရန်၊  ရွှံ့နွံကြားက L.A တို့က မြို့ကြီးတွေဖြစ်ပေမဲ့ မြို့တော်တော့မဟုတ်။ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မြို့တော်က ဆန်ဖရန်မြို့ရဲ့အရှေ့မြောက်ဖက်ကို မိုင်တစ်ရာပိုပိုလောက်သွားရင်ရောက်တဲ့ စက်ကရာမန်းတို ( Sacramento) မြို့ပါ။ အစိုးရအဖွဲ့ အခြေစိုက်ရာမြို့ပေါ့။

နောက်ထပ်ရေးမဲ့အပိုင်းတွေမှာ အစိုးရအဖွဲ့အကြောင်းတွေဆက်ရေးပါဦးမယ်။သူငယ်ချင်းမိတ်ဆွေတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ဟယ်လို...ကယ်လီဖိုးနီးယား(၁)

ဟယ်လို..ကယ်လီဖိုးနီးယား(၁)

မြန်မာနိုင်ငံက သူငယ်ချင်းတွေနဲ့တွေ့တော့ အမေရိကား အကြောင်းရေးဖို့ပြောကြတယ်။ ကယ်လီဖိုးနီးယားမှာနေသူမို့ ကယ်လီဖိုးနီးယားအကြောင်းရေးပါတဲ့။ ကိုယ်က မြန်မာနိုင်ငံအကြောင်းတွေပဲ တစိုက်မတ်မတ်ရေးခဲ့သူ။ အမေရိကားမှာနေပြီး အမေရိကားအကြောင်း တစ်နှစ်တစ်ပုဒ်တောင်မှန်မှန် မရေးဖြစ်။ သူတို့တိုက်တွန်းချက်နဲ့ ကယ်လီဖိုးနီးယားအကြောင်းစရေးဖို့ စဉ်းစားမိတယ်။ မိတ်ဆက်တဲ့သဘောပေါ့။ မိတ်ဆွေ သူငယ်ချင်းတွေအတွက်ရေးတာမို့ ပေါ့ပေါ့ပါးပါးလေးရေးချင်တယ်။

မိတ်ဆက်တဲ့သဘာဝမှာ ဟယ်လို၊ ဟိုင်း နဲ့ စပြီးမိတ်ဆက်တတ်ကြတော့ ဟယ်လို.. ကယ်နီဖိုးနီးယားပေါ့ဗျာ။ ကယ်လီဖိုးနီးယားနဲ့ သင့်ကို မိတ်ဆက်ပေးပါရစေ။

ကယ်လီဖိုးနီးယားဆိုတာ အမေရိကားဖက်ဒရယ်ပြည်ထောင်စုရဲ့ ပြည်နယ်ငါးဆယ်အထဲက ပြည်နယ်တစ်ခုပါ။ ဒါပေမဲ့ သေးသေးမွှားမွှား ပြည်နယ်လေးတစ်ခုတော့ မဟုတ်။ ပြည်ထောင်စုရဲ့ တတိယအကြီးဆုံး၊ လူဦးရေ သန်းလေးဆယ်နီးပါးနေထိုင်တဲ့ အမေရိကားရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး အိမ်ခြံမြေဈေးကလည်း တတိယဈေးအကြီးဆုံးပါပဲ။

ကယ်လီဖိုးနီးယားဟာ ပြည်နယ်ငါးဆယ်ထဲမှာ အချမ်းသာဆုံးပြည်နယ်ဖြစ်လို့ သူ့ကို ပြည်နယ်အနေနဲ့မတွက်ပဲ နိုင်ငံတစ်ခုအနေနဲ့တွက်ရင် ၂.၇ထွီလီယံဒေါ်လာစီးပွားရေးကြောင့် ကမ္ဘာမှာ ပဉ္စမမြောက်စီးပွားရေးအင်အားကြီးနိုင်ငံလို့ပြောရင်မမှား။ ဆန်ဖရန်စစ္စကိုဧရိယာတစ်ခုထဲမှာပဲ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီးဆယ်ခုထဲက ဂူဂဲလ်(Alphabet Inc)ပန်းသီး(Apple Inc) ဖေ့ဘုတ်(Facebook Inc) နဲ့ ဝဲလ်ဖာဂိုဘဏ်( Wells Fargo & Co) စတဲ့ ကုမ္ပဏီကြီးလေးခုတည်ရှိနေသလိုကမ္ဘာ့အချမ်းသာဆုံးလူသားဆယ်ဦးထဲက လေးဦးနေထိုင်ကြတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ ပစိဖိတ်သမုဒ္ဒရာဖက်ကမ်းမှာတည်ရှိတဲ့ အမေရိကားရဲ့ အနောက်ဖက်ကမ်းခြေမှာတည်ရှိပြီး ပင်လယ်ကမ်းခြေမိုင် ၉၀၀ကျော်ရှိတယ်။ တောတွေ၊ တောင်တွေ၊ ရေခဲတောင်ကြီးတွေ၊ သဲကန္တာရတွေ၊ စိုက်ခင်းတွေ၊ မြို့ပြကြီးတွေ အစုံရှိတယ်။ မြောက်ဖက်မှာ အော်ရီဂွန်ပြည်နယ်၊ အရှေ့ဖက်မှာ နီဗားဒါးနဲ့အာရီးဇိုးနားပြည်နယ်၊ တောင်ဖက်မှာတော့ မက္ကဆီကိုနိုင်ငံ၊ အနောက်ဖက်က ပစိဖိတ်သမုဒ္ဒရာကြီးဝိုင်းထားတဲ့ပြည်နယ်တစ်ခုပါ။

ကယ်လီဖိုးနီးယားတောင်ပိုင်းရဲ့အကြီးဆုံးမြို့က L.A လို့ခေါ်တဲ့ လော့စ်အန်ဂျလစ်မြို့ပေါ့။လူဦးရေ ၁၈သန်းကျော် ဒီမြို့တဝိုက်မှာနေကြတယ်။ ဒီပြည်နယ်ရဲ့လူဦးရေအထူထပ်ဆုံးမြို့ပါ။ အမေရိကန်နိုင်ငံမှာလည်း နယူးယော့ခ်ပြီးရင် ဒုတိယလူနေအထူထပ်ဆုံးမြို့။ ကမ္ဘာကျော်ရုပ်ရှင်တွေကိုထုတ်လုပ်တဲ့ ဟောလိဝုဒ်က ဒီမြို့မှာပဲ။ မြောက်ပိုင်းက ဆန်ဖရန်စစ္စကိုဧရိယာတစ်ဝိုက်မှာတော့ လူဦးရေရှစ်သန်းခွဲလောက် နေထိုင်ကြတယ်။ ဆန်ဖရန်စစ္စကိုမြို့ဟာ အိမ်ခြံမြေဈေးမှာ နယူးယော့ခ်ပြီးရင် ဒုတိယဈေးအကြီးဆုံးမြို့ပါပဲ။

နောက်ဆုံးပေါ်ကွန်ပြူတာတွေ၊ လက်ကိုင်ဖုန်းတွေ၊ အင်တာနက်နည်းပညာပစ္စည်းတွေထုတ်လုပ်တဲ့အပြင် ကျယ်ပြန့်တဲ့မြေ၊ ကောင်းမွန်တဲ့ရာသီဥတုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာလည်း ပြည်နယ်တွေထဲမှာ ပထမပဲ။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ကြတဲ့ပြည်နယ်တစ်ခုလို့ ပြောရင်လည်းမမှား။ ပြည်နယ်အလယ်ပိုင်းကလွဲရင် လူမျိုးပေါင်းစုံကို တွေ့နိုင်တယ်။ ဘာသာစုံရဲ့ ဘာသာရေးအဆောက်အဦတွေတွေ့နိုင်တယ်။ သူတို့တွေရဲ့ အစားအသောက်ပေါင်းစုံရောင်းချရာ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေလည်း လက်ညှိုးထိုးမလွဲတွေ့နိုင်တယ်။

အင်္ဂလိပ်စကားပြောသူက ပြည်နယ်ရဲ့တဝက်ကျော်လောက်ပဲရှိပြီး လေးပုံတစ်ပုံလောက်က စပိန်စကားပြောသူတွေဖြစ်တယ်။ ကျန်တဲ့လေးပုံတစ်ပုံနီးပါးက ဘာသာပေါင်းစုံပြောကြတာမို့ ရထားပေါ်မှာ ကားပေါ်မှာ ဘာသာစုံပြောနေကြတာ ကြားရရင် ကယ်လီဖိုးနီးယားပဲလို့တောင် ပြောစမတ်တွင်တဲ့အထိ။ ချိုင်းနိစ်၊ အိန္ဒိယနွယ်ဖွား၊ ဖိလစ်ပိုင် တို့က အာရှသားတွေထဲမှာ ပ၊ဒု၊တ အများဆုံးနေထိုင်သူတွေပါ။ ဒါကြောင့် မြန်မာတွေ ကယ်လီဖိုးနီးယားမှာပျော်ကြတယ်။ ရာသီဥတုကောင်းတယ်၊ အလုပ်ပေါတယ်၊ကျောင်းတွေကောင်းတယ်၊ လူမျိုးရေးခွဲခြားခံရမှုနည်းတယ်၊  အာရှ အစားအသောက်တွေရတယ်၊ မြန်မာတွေပေါတဲ့ပြည်နယ်ပေါ့။ အမေရိကားမှာ အခြေချနေထိုင်ဖို့စဉ်းစားရင် ပထမဆုံးစဉ်းစားကြတဲ့ပြည်နယ်တစ်ခုပါပဲ။

အချမ်းသာဆုံးပြည်နယ်မှာနေသူတို့မို့ အလွန်ချမ်းသာနေကြတဲ့မြန်မာတွေလို့တော့ မထင်လိုက်ပါနဲ့။ အလုပ်ပေါသလို ကုန်ကြစရိတ်လည်းမသေးလှ။ နေထိုင်စားရိတ်၊ စားသောက်စားရိတ်တွေကြီးလှတာမို့ ရရစားစားသမားတွေများတဲ့ ပြည်နယ်သားတွေက အများစုပါ။ မြန်မာတွေလည်း ထိုနည်းလည်းကောင်း။ ဒီအထဲက ခြစ်ချုပ်ပြီး ကိုယ့်ဘာသာအတွက်လှူကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေထောင်ကြတယ်။ မြန်မာဘုန်းကြီးကျောင်းအများဆုံးပြည်နယ်ကိုပြပါဆိုရင်လည်း ဒီပြည်နယ်ပဲ။

ပညာနည်းရင်အလုပ်နှစ်ခု၊ ပညာတတ်ရင်အလုပ်တစ်ခုလုပ်ကြပြီး တစ်နှစ်ကုန်ရင် ဒေါ်လာတစ်သောင်းကျော် (မြန်မာငွေသိန်းတစ်ရာကျော်) စုမိအောင်တောင် အနိုင်နိုင်ဖြစ်ကြတဲ့ မြန်မာတွေက အများစုမို့ ကယ်လီဖိုးနီးယားမှာ အရမ်းစုမိတယ်ပြောတဲ့သူဟာ ဆူပါမြန်မာဖြစ်ပါလိမ့်မယ်။ပညာဆူပါ၊ ဒါမှမဟုတ်ရင်ကပ်စီးနည်းတာဆူပါပေါ့လေ။ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်တာ။)

နောက်အခေါက်မှာတော့ ပြည်နယ်ရဲ့သမိုင်း၊ အစိုးရတို့အကြောင်း ပြောပြပါဦးမယ်။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Saturday, January 6, 2018

ခေတ်သစ်မောင်ရေခဲ

ခေတ်သစ် မောင်ရေခဲ

ဘယ်သွားနေလဲ   မောင်ရေခဲ
မြန်မာပြည်ကို       ပြန်တယ်ဗျို

ဘာသွားလုပ်လဲ    မောင်ရေခဲ
အလွမ်းပြေဘို့       ဆိုပါစို့

ဘာမြင်ခဲ့လဲ         မောင်ရေခဲ
တိုးတက်နေတာ   မြင်တယ်ဗျာ

ဘာမြင်သေးလဲ     မောင်ရေခဲ
ဆူညံညစ်ပတ်       လမ်းတွေကျပ်

ဘာလုပ်သေးလဲ    မောင်ရေခဲ
မြန်ပြည်အနှံ့         ခရီးဆန့်

ဘယ်သွားသေးလဲ   မောင်ရေခဲ
မွေးရပ်မြေဆီ          ပြန်ခဲ့သည်

ဘာစားခဲ့လဲ           မောင်ရေခဲ
အကုန်စားတာ       ကောင်းတယ်ဗျာ

ဘယ်ချိန်ပြန်လည်း  မောင်ရေခဲ
ခွင့်ကုန်ချိန်မှာ          ပြန်ခဲ့တာ။

ချစ်ခြင်းအားဖြင့်

မောင်ရေခဲ

မဟာတံတိုင်းသွားတောလား

မဟာတံတိုင်းသွား တောလား

ရှင်မဟာရဌသာရတို့လို ရွှေစက်တော်သွားတောလားတော့ မရေးတတ်ပါဘူး။ နို့ပေမဲ့ ခေါင်းစဉ်လေးကိုတော့ မှီငြမ်းပြုခွင့်ပေးပါ။ ပေါက်ဖေါ်တို့တိုင်းပြည်ရဲ့ မဟာတံတိုင်းကြီးကိုသွားခဲ့တဲ့အကြောင်းရေးမှာမို့ မဟာတံတိုင်းသွား တောလားပေါ့။

မြန်မာပြည်ကနေ အမေရိကားကိုအိမ်အပြန်လမ်းမှာ မဟာတံတိုင်းကြီးက တည့်တည့်ရှိနေပေတော့ ရောက်အောင်သွားဖြစ်ခဲ့တာ။ ဇာတ်ရည်လည်အောင် ရှင်းပြရရင်တော့ Air China လို့ခေါ်တဲ့ ပေါက်ဖေါ်ကြီးပိုင် လေကြောင်းလိုင်းနဲ့ အိမ်အပြန်လက်မှတ်ဝယ်ထားမိတယ်။ transit က ပီကင်း(Beijing) မှာ ဆယ်နာရီ နားရမယ်တဲ့။ ဒါနဲ့ပဲ အချိန်ရတာကြောင့် သွားမယ်ဆိုပြီး ရောက်ဖြစ်ခဲ့တာပဲ။ ပီကင်း transit ကိုဆယ်နာရီလောက်အနည်းဆုံးကြာမဲ့သူတွေ သွားသင့်တဲ့ခရီးစဉ်တစ်ခုအကြောင်းဆိုပါတော့။

လေယာဉ်လက်မှတ်ဝယ်ပြီးထဲက online မှာ tour agency ရှာပြီး ဒီခရီးစဉ်ကို ရက်ချိတ်လို့ရတယ်။ group နဲ့ရသလို private tour လည်းရတယ်။ ဈေးသိပ်မကွာလို့ ကျွန်တော်ကတော့ private tour ပဲချိတ်ထားလိုက်တယ်။ကျွန်တော့ရဲ့ မဟာတံတိုင်းကြီးခရီးက နေ့တဝက်ခရီးစဉ်ပါ။  transit မှာ အချိန်ပိုရသူတွေကတော့ မဟာတံတိုင်းအပြင် ဘုရင့်နန်းတော်ဟောင်း (forbidden city) တို့ နွေရာသီစံနန်းဆောင်( summer palace) တို့ ပြည်သူ့ရင်ပြင်(Tiananmen Square) တို့ စသည်ထဲက တစ်ခုခုကို အပိုချိတ်ပြီး လည်ပတ်နိုင်ကြပါတယ်။

တရုတ်ပြည်တစ်ခုကိုပဲ သွားလည်ဖို့အတွက်ဆိုရင်တော့ သက်ဆိုင်ရာနိုင်ငံရဲ့ တရုတ်သံရုံးမှာ ဗီဇာသွားယူထားဖို့လိုပါတယ်။ ကျွန်တော်တို့လို့ ခေတ္တခဏဝင်ရောက်ပြီး အခြားနိုင်ငံကိုခရီးနှင်သူများအတွက်ကတော့ free transit visa ကို လေဆိပ်ရောက်မှ လျှောက်ရပါတယ်။ 24 hrsကနေ 144hrs အထိ ပေးပါတယ်။ နိုင်ငံအလိုက်မတူပါ။ မြန်မာနိုင်ငံသားအတွက် 24hrs ရပြီး ဂျပန်၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေအတွက် 144hrs ထိပေးပါတယ်။ (အရင်က အနောက်နိုင်ငံတွေအများစုကို 72hrs ပေးတယ်။သုံးရက်ပေါ့။ အခုမှ ခရီးသည်တွေပိုလာစေချင်လို့ ရက်ပိုပေးတယ်ထင်ပါတယ်။ )

အဲချိုင်းနား(Air China) ကြီးက ဈေးသက်သာပြီး စီးလို့အဆင်ပြေပေမဲ့ လေဆိပ်မှာ transit အချိန်တွေက ကမောက်ကမ။ မြန်မာပြည်အသွားမှာ transit အချိန်တစ်နာရီထဲမို့ ပြေးလိုက်ရတာ ဖတ်ဖတ်မောပဲ။ နှေးနေလို့ကျန်ခဲ့ရင် ပြသနာ။ လေယာဉ်တံခါးပိတ်ခါနီးကွက်တိရောက်သွားပေလို့ တော်တော့တယ်။ ပီကင်း လေဆိပ်ဝန်ထမ်းတွေကတော့ စံပါပဲ။ အင်္ဂလိပ်လိုနားမလည်သူက အများစု။ ပြန်ဖြေတာလည်း အပေါက်အလမ်းမတည့်။ တရုတ်စကားမတတ်တဲ့ ကိုယ့်အပြစ်လို့ပဲခံယူပါတယ်။ လေဆိပ်ထဲမှာ တဝဲလည်လည်ဖြစ်နေလို့ကတော့ မြန်မာအသွားလေယာဉ်လွတ်မှာ အသေအချာပဲ။ မောင်လူပေ့သူငယ်ချင်းအချို့လည်း transit အချိန်မလောက်လို့ ပီကင်းလေဆိပ်မှာကျန်ရစ်ခဲ့ကြတာ အများအပြားရှိတယ်။ မြန်မာပြည်တစ်ခုထဲ transit အချိန်နည်းတာမဟုတ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာကိုသွားမဲ့ ခရီးသည်တွေလည်း ကိုယ်တွေလိုပဲ လေယာဉ်ပြောင်းချိန် တစ်နာရီထဲမို့ ပြေးလွှားကြရပါတယ်။ တန်းစီနေတဲ့လူတန်းကြီးကိုတောင်းပန်ပြီး ရှေ့ကရောက်အောင် ကြံဖန်ရပါတယ်။

မြန်မာပြည်အသွား transit အချိန် တစ်နာရီထဲရပေမဲ့၊ အမေရိကန်အပြန် transit ကြတော့ ဆယ်နာရီတောင် ကြာတယ်။ ဒီလိုကြာလို့လည်း မဟာတံတိုင်းကြီးလိုနေရာကိုသွားဖို့ အချိန်ရပါတယ်။ သူ့နိုင်ငံထဲမှာလည်ပတ်လိုသူတွေအဆင်ပြေအောင်၊ တနည်းအားဖြင့် ခရီးသွားလုပ်ငန်းနဲ့ သူ့နိုင်ငံသားတွေ ငွေရှာနိုင်အောင် တမင်ကို အကြာကြီးအချိန်တွေကွာဟထားတယ်လို့ ထင်မှတ်ရပါတယ်။ ကိုယ်တွေသာမကပဲ အခြားသောအနောက်တိုင်းပြည်များကို transit လုပ်မဲ့ခရီးသည်များလည်း အနည်းဆုံး ၉နာရီ၊ ၁၀နာရီအထိ စောင့်ကြရလို့ပါပဲ။

အချိန်တွေအများကြီးပါဆိုပြီး မပေါ့လိုက်ကြပါနဲ့။ ပီကင်းလေဆိပ်ကိုရောက်ပြီဆိုတာနဲ့ free visa လျှောက်ရမဲ့နေရာကို အမြန်ဆုံးရောက်အောင် သွားဖို့လိုပါတယ်။ ကိုယ့်လိုဗီဇာလျှောက်လိုသူတွေတောင်လိုပုံနေပေမဲ့ ဗီဇာစီစစ်ပေးမဲ့အရာရှိက တစ်ဦးကနေ အများဆုံးသုံးဦးအထိသာ ရှိပါတယ်။ တစ်ဦးစစ်ဆေးပြီး ဗီဇာတုံးထုပေးတဲ့အထိကိုပျမ်းမျှအားဖြင့် ငါးမိနစ်ခန့်ကြာပါတယ်။ ဒါကြောင့် တစ်နာရီကို ဆယ့်နှစ်ဦး၊ အများဆုံး ဆယ့်ငါးဦး လောက်ပဲ ပြီးစီးပါတယ်။ ကိုယ့်ရှေ့မှာ လူပေါင်းနှစ်ရာကျော် သုံးရာနီးပါးလောက်ဆိုရင်တော့ သေပြီဆရာပါပဲ။ ဒီလူတန်းကြီးကို ကျော်ခွပြီး ရှေ့ကရောက်အောင်လုပ်ဖို့ကလည်း အတော်မျက်နှာပြောင်မှ ဖြစ်နိုင်ပါတယ်။

ပီကင်းရောက်လို့လေယာဉ်ကထွက်ပြီဆိုတာနဲ့ ‘ Exit, Baggage Claim’ ဆိုတဲ့မြားအတိုင်းလိုက်ရမယ်။ အတော်လျှောက်မိရင် ‘China Inspection and Quarantine ‘ ဆိုတာတွေ့မယ်။ အဲဒီလမ်းအတိုင်းဆက်လျှောက်ပါ။ ' 24/72 hr international transfer (Apply for Leaving Airport) ‘ ဆိုတဲ့နေရာကိုရောက်ပါ့မယ်။ ဆိုင်းပုဒ်က အပြာရောင်အောက်ခံ အဖြူရောင်စာလုံးတွေနဲ့ရေးထားတယ်။ ဒီကောင်တာဘေးမှာ အခြား Airline တွေရဲ့ Boarding Pass လဲလှယ်ပေးရာကောင်တာလည်းရှိပါတယ်။

( မှားတတ်တာကတော့ လမ်းမှာ LED မီးအနီတွေနဲ့ ဒီဆိုင်းပုဒ်ပုံစံတူတစ်ခုရှိပြီး ကောင်တာပိတ်ထားတာတွေ့ရင် ယောင်မှားပြီး တန်းမစီမိပါစေနဲ့။ ဆက်လျှောက်ပါ။ ' Exit and Entry Certificate Service Office ' တို့ ' Transit for International Flights within 24 hrs ' တို့ တွေ့ရင်လည်း မလိုက်သွားမိဖို့ ဂရုပြုပေးပါ။ အလွန်ဝေခွဲရခက်စေတဲ့ လမ်းညွှန်တွေဖြစ်ပါတယ်။ ဒီလိုမှားဝင်သွားမိရင်တော့ ပြန်ထွက်ရန်လမ်းစမရှိတော့ပါ။ ပီကင်းလေဆိပ်ဟာ ဒီလိုလမ်းညွှန်ဆိုင်းပုဒ်တွေကြောင့် လမ်းတွေမှားပြီး လေယာဉ်လွတ်တတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။)

Free visa ထုတ်ပေးတဲ့နေရာဖြစ်တဲ့ 24/72 hr international transfer (Apply for leaving airport)  ကောင်တာမှာ free visa ရယူပြီးရင်တော့ Immigration ကိုဖြတ် စက်လှေကားနဲ့အောက်ထပ်ကိုပြန်ဆင်းလိုက်ရင် ရထားတစ်ခုတွေ့ရမယ်။  အခုရောက်နေတဲ့နေရာက T3E တဲ့။ T3C ရောက်အောင် ရထားဆက်စီးရတယ်။ (ရထားက T3E- T3D- T3C သုံးနေရာထဲကို လွန်းပျံပြေးနေတဲ့ လျှပ်စစ်ရထားငယ်လေးပါ။)

T3C ရောက်ရင်တော့ Exit အတိုင်းလိုက်သွားပြီး Exit B ကနေ ထွက်လိုက်ပါ။ အပြင်မှာစားသောက်ဆိုင်တွေအများကြီးတွေ့ပါမယ်။ ကိုယ်နဲ့ချိတ်ထားတဲ့ tour guide က ကြိုနေပါလိမ့်မယ်။

မောင်လူပေတို့လေယာဉ်က မနက်ခြောက်နာရီမှာရောက်မှာမို့ tour guide နဲ့မနက်ရှစ်နာရီမှာ စားသောက်ဆိုင်တန်းက Starbucks coffee shop ရှေ့မှာတွေ့ဖို့ချိန်းထားတယ်။ တကယ်တွေ့ကြတော့ မနက်ဆယ်နာရီရှိသွားပြီ။ free visa ရဖို့တန်းစီရင်းကြာသွားတဲ့အတွက် နောက်ကြရတဲ့အဖြစ်။ ဒါတောင် လူတန်းကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ကျော်ခွပြီး ရှေ့ကရောက်ခဲ့လို့ အခုလိုထွက်နိုင်တာ။ လူတန်းအတိုင်း တန်းစီနေလို့ကတော့ အချိန်မှီထွက်နိုင်စရာမမြင်။

ချိန်းထားတဲ့အချိန်ထက် နောက်ကျနေလို့ ကိုယ့်ရဲ့ tour guide နဲ့ ဆက်သွယ်ချင်ရင်တော့ အလွန်ခက်ပါတယ်။ ပီကင်းလေဆိပ်မှာ free WiFi ရှိပေမဲ့လက်တွေ့သုံးလို့မရ။ ကမ္ဘာတစ်ခုလုံးသုံးကြတဲ့  Google တို့ Facebook တို့ Instagram တို့လည်း တရုတ်ပြည်က ပိတ်ထားလေတော့ အလုပ်မဖြစ်။ ကိုယ့်ဖုန်းမှာ International data ရှိမှပဲ ဆက်သွယ်လို့ရမှာပါ။

ကော်ဖီဆိုင်မှာ ထိုင်စောင့်နေတဲ့ tour guides တွေက တလှေကြီးပဲ။ သူတို့ရဲ့ လူတွေက ထွက်မလာကြသေး။ ကိုယ်တွေထွက်လာတော့ tour guide ကတောင် အံ့သြလို့။ ကိုယ့်လေယာဉ်ထက် တစ်နာရီစောရောက်တဲ့လေယာဉ်ကလူတွေတောင် ထွက်မလာနိုင်သေးဘူးတဲ့။ ဘယ်လိုလုပ်ပြီး ထွက်လာသလဲတဲ့။ မေးခွန်းတွေမေးနေသေးရဲ့။

ပီကင်းလေဆိပ်ကြီးက မြို့ပြင်မှာဖြစ်ပြီး အဝေးပြေးလမ်းမကြီးတွေနဲ့ဆက်ထားတာကြောင့် သွားရတာအလွန်အဆင်ပြေပါတယ်။ မဟာတံတိုင်းကြီးတည်ရှိရာက မြို့ပြင်တောလမ်းမို့ နာမည်ကျော် ပီကင်း traffic jam နဲ့လည်း တိုးစရာမရှိ။ လေဆိပ်နဲ့ မဟာတံတိုင်းကြီးရှိရာကို တစ်နာရီလောက်ကားမောင်းရင် ရောက်ပါတယ်။

မဟာတံတိုင်းကြီးက မိုင်ထောင်ချီရှည်လျှားလေတော့ အပိုင်းလိုက်ကို ဒေသနာမည်တွေနဲ့ ခွဲခြားခေါ်ကြပါတယ်။
မောင်လူပေတို့ရောက်ရှိသွားတဲ့ မဟာတံတိုင်းကြီးရှိရာနေရာက မူတီယမ်းယူ( Mutianyu Great Wall of China) မဟာတံတိုင်းကြီးလို့ခေါ်တယ်။ ကမ္ဘာလှည့်ခရီးသည်တွေအများဆုံးရောက်ရှိရာနေရာမို့ ခရီးသွားတွေ သိပ်မများလှ။ ( သူတို့နိုင်ငံသားတွေကတော့ ဥက္ကဌကြီးမော်စီတုံးသွားရောက်ခဲ့ရာနေရာဖြစ်တဲ့ ဘဒလင်း (Badaling Great Wall of China) ဖက်ကိုသွားကြတယ်။ အဲဒီဖက်ပိုင်းကတော့ လူအလွန်များလို့ သွားရတာ အဆင်မပြေဖြစ်တတ်ပါသတဲ့။ )

မဟာတံတိုင်းရှိရာဆီခရီးနှင်ရင်း ပီကင်းမြို့ပြင်ရဲ့ အလှအပတွေကိုခံစားနိုင်ပါတယ်။ တောလမ်းလေးပေါ်က မော်တော်ကားစက်ရုံတွေ၊ ရွာငယ်လေးတွေရဲ့ အိမ်ဟောင်းလေးတွေ၊ ချစ်စရာ လယ်တောလေးတွေ အများအပြားရှိတယ်။ သစ်တောတွေမရှိတော့လို့ အစားထိုးစိုက်ထားတဲ့စိုက်ခင်းတွေရဲ့ အပင်ငယ်လေးတွေက တညီတညာကြည့်လို့ကောင်းတယ်။ တောင်စောင်းတစ်ခုကို ရေတံခွန်ကရေတွေခဲနေဟန်ပြုလုပ်ထားပြီး ဒီရေခဲရေတံခွန်နဲ့ဓါတ်ပုံရိုက်လိုသူတွေထံက ပိုက်ဆံကောက်တဲ့ စီးပွားရေးလုပ်ငန်းလည်းရှိရဲ့။

ပီကင်းရဲ့ဆောင်းရာသီက အတော်အေးပါတယ်။ မနက်ပိုင်းဆိုရင် အပူချိန်က သုံညအောက်မှာမို့ ရေကန်လေးတွေရေခဲနေတာလည်း တွေ့ခဲ့ရတယ်။ နှင်းမကျတာတော်သေးရဲ့။

Tour guide ကောင်မလေးရယ်၊ ကားမောင်းသမားရယ်၊ မိသားစုသုံးယောက်ရယ်စုစုပေါင်းငါးဦးထဲမို့ minivan လေးထဲမှာ အတော်လေးချောင်ချောင်ချိချိရှိပါတယ်။ ကားထဲမှာ အနွေးထည်အထူကြီးတွေပါတာမို့ ကိုယ့်အနွေးထည်မလုံလောက်ရင် သူတို့အနွေးထည်ကြီးတွေ ကောက်စွတ်လိုက်ရုံပါပဲ။

မဟာတံတိုင်းကြီးကို လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ခုနှစ်ရာခန့်ကစတင်တည်ဆောက်ခဲ့တယ်။ ဒီအပိုင်းအစတွေကို ယခုခေတ်ထိ မြင်တွ့နိုင်တယ်။ အပိုင်းပိုင်းတည်ဆောက်ခဲ့တဲ့ နေရာတွေကို တဆက်တည်းဖြစ်အောင် တည်ဆောက်ခဲ့သူက တရုတ်ပြည်ကြီးကို တစ်ခုတည်းဖြစ်အောင် စုစည်းနိုင်ခဲ့သူ စီမင်းဆက် (Qin dynasty)ကိုတည်ခဲ့တဲ့ ပထမစီဘုရင်ပါပဲ။ မင်းဆက်တွေအများကြီးက ဒီတံတိုင်းကြီးကို ပြုပြင်တည်ဆောက်ခဲ့ကြတယ်။ အခုမြင်တွေ့ရတဲ့ ခိုင်မာနေဆဲတံတိုင်းကြီးရဲ့နေရာများကတော့ လွန်ခဲ့တဲ့နှစ်ခြောက်ရာကျော်က မင်မင်းဆက် ( Ming dynasty)  ရဲ့ လက်ရာတွေပါပဲ။ စပြီးတည်ဆောက်စဉ်က မွန်ဂိုတွေရဲ့ရန်ကိုကာကွယ်ဖို့ဆောက်ခဲ့ကြတယ်။ ပြည်သူတစ်သန်းနဲ့စစ်သည်နှစ်သိန်းအားကိုယူခဲ့ရတယ်။ ဒီလူအားဟာ အဲဒီအချိန်က တရုတ်ပြည်ရဲ့စုစုပေါင်းလူဦးရေခြောက်ပုံတစ်ပုံလောက်ရှိပါသတဲ့။ ရာသီဥတုဒါဏ်၊ အလုပ်ဒါဏ်တွေကြောင့်သေဆုံးခဲ့သူတွေလည်း သိန်းချီရှိခဲ့ပါတယ်။ သူတို့တွေရဲ့အရိုးတွေဟာ မဟာတံတိုင်းကြီးအောက်မှာ ရှိနေဆဲပါ။

ကားပေါ်ကဆင်းလိုက်တာနဲ့ တောင်ထိပ်ပေါ်က မဟာတံတိုင်းကြီးကို မှုန်ပျပျမြင်နိုင်ပါပြီ။ တောင်ခြေကနေ မဟာတံတိုင်းးကြီးအထိ တောင်တက်လမ်းကနေ ခြေလှမ်းမှန်မှန်တက်နိုင်ရင် မိနစ်လေးဆယ်ကနေတစ်နာရီကြား ကြာနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အလွန်ပင်ပန်းနေပြီမို့ ခြေလျှင်တက်ဖို့မရွေးပဲ စက်ကြိုးနဲ့တက်ဖို့ရွေးကြပါတယ်။ ဒီအတွက်လူတစ်ဦးကို ဒေါ်လာနှစ်ဆယ်စီထပ်ပေးရပါတယ်၊

အပေါ်မတက်ခင် ဆာလောင်နေတဲ့ဘိုက်ကို အရင်ဖြည့်ကြရတယ်။ တောင်ခြေမှာ စားသောက်ဆိုင်တစ်ဆိုင်ပဲဖွင့်ထားတယ်။ Sabway sandwich နဲ့ တရုတ်စာ တွဲရောင်းတယ်။ ကျွန်တော်တို့ကတော့ တရုတ်စာစားခဲ့တယ်။

တောင်ပေါ်တက်တဲ့စက်ကြိုးက လူနှစ်ယောက်ထိုင်နိုင်တဲ့ခုံလေးတွေအစီအရီ။ စက်ကြိုးကမရပ်ပဲလည်နေတာမို့အတက်နဲ့အဆင်းမှာအလွန်သတိထားရပါတယ်။ အမြန်တက်၊ အမြန်ဆင်းမလုပ်နိုင်ရင် ရွေ့နေတဲ့ခုံနဲ့တိုက်မဲ့အခြေအနေမျိုးပေါ့။ ဒီစက်ကြိုးနဲ့တက်ရင်တော့ ငါးမိနစ်လောက်နဲ့တောင်ပေါ်ရောက်သွားပါတယ်။ တောင်ပေါ်ကနေတောင်အောက်ကိုမြင်ရတဲ့ရှုခင်းကတော့ ရင်သတ်ရှုမောဖွယ်ပေါ့။ တောင်စဉ်တောင်တန်းကြီးက မဆုံးနိုင်ဖွယ်အထပ်ထပ်။ ဒီတောင်စဉ်တောင်ကြောကြီးပေါ်မှာ မဟာတံတိုင်းကြီးက မြွေကြီးတစ်ကောင် တွန့်လိမ်နေသည့်အလား အလျှားလိုက် တည်ရှိနေတာပါ။

မဟာတံတိုင်းပေါ်တက်ပြီး ဓါတ်ပုံတွေရိုက်ကြ၊ လမ်းလျှောက်ကြပါတယ်။ လူသိပ်မများလို့ အဆင်ပြေတယ်။ မူတီယမ်းယူ(Mutianyu) မဟာတံတိုင်းအပိုင်းက ကင်းစောင့်မျှော်စင် (Watch tower) အမှတ်တစ်ကနေ နှစ်ဆယ်အထိ မြင်ရတယ်။ ဒီမျှော်စင်တစ်ခုကနေ တစ်ခုအကြားကလည်း အရှည်ကြီးပါပဲ။ အတက်အဆင်းတွေကလည်းများ။ အနောက်နိုင်ငံသားအချို့ကတော့ မျှော်စင်အမှတ်တစ်ကနေ နှစ်ဆယ်အထိ လမ်းလျှောက်ကြသတဲ့။ ကျွန်တော်တို့ကတော့ အချိန်မရလို့ မိနစ်သုံးဆယ်လောက်ပဲလမ်းလျှောက်ခဲ့တယ်။ (အချိန်ရသည့်တိုင် လျှောက်နိုင်ဖွယ်မမြင်။)

မဟာတံတိုင်းကြီးပေါ်ကပြန်အဆင်းမှာတော့ စက်ကြိုးနဲ့ပြန်မဆင်းပဲ အမေရိကန်သမ္မတအိုဘားမားရဲ့ကတော် မစ်ရှဲလ်အိုဘားမားကို အားကြလို့ စတီးလျှောကနေ လျှောစီးပြီးဆင်းခဲ့တယ်။ ငယ်ငယ်က လျှောစီးရတဲ့အရသာကို လွမ်းတာလည်းပါရဲ့။ စတီးလျှောကြီးထဲမှာ စွတ်ဖားလိုအပြားကြီးပေါ်ထိုင်လိုက်ရုံပဲ။ မောင်းတံကိုဆွဲလိုက်ရင်ဘရိတ်၊ ရှေ့ကိုတွန်းရင် ရွေ့သွားတယ်။ တစ်ဦးစီ ကိုယ့်အရှိန်ကိုယ်ထိမ်းပြီး ရှေ့ကဆင်းနေတဲ့သူကိုမတိုက်မိအောင် ခပ်ခွာခွာလေးနေပေးဖို့တော့လိုပါတယ်။ မြွေလိမ်မြွေကောက်လျှောကြီးထဲမှာ လျှောဆင်းပြီးသွားရတဲ့အရသာကလည်း တစ်မျိုးခံစားလို့ကောင်းပါတယ်။ အန္တရာယ်မရှိသလို ကြောက်စရာလည်းမလိုပါဘူး။

အပြန်ခရီးတစ်နာရီကြာကားမောင်းလိုက်တော့ လေဆိပ်ကိုပြန်ရောက်တယ်။ လေဆိပ်ရဲ့ Departure အဝင်ဝကနေ ကိုယ်စီးမဲ့လေယာဉ်ဂိတ်ပေါက်အထိ တစ်နာရီလောက်ပဲကြာပါတယ်။ လေယာဉ်လွတ်သွားမှာမပူရတော့ဘူး။

ဒီမဟာတံတိုင်းခရီးစဉ်ကို ပီကင်းလေဆိပ်မှာ နားရမဲ့အချိန်ဆယ်နာရီလောက်အနည်းဆုံးရှိသူတွေသာ သွားသင့်ပါတယ်။ free visa ရဖို့ တန်းစီရတာအလွန်ကြာလွန်းတဲ့အတွက် အချိန်မလောက်မှာ စိုးလို့ပါ။ နာရီနှစ်ဆယ်လောက် layover အချိန်ရရင်တော့ တစ်နေ့စာယူပြီး နန်းတော်ဟောင်းတို့ နွေရာသီစံနန်းတို့ ပြည်သူ့ရင်ပြင်တို့ဖက် ခရီးဆက်ကြပေါ့။

လမ်းကြုံလို့ရောက်ခဲ့ရတဲ့မဟာတံတိုင်းသွားတောလားကတော့ ဒီလောက်ပါပဲ။ ခရီးသွားအတွေ့အကြုံအချို့ကို ဝေမျှခြင်းမျှသာပါ။

ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ခရီးသွားမြင်ကွင်းကျယ်(၃)

ခရီးသွားမြင်ကွင်းကျယ်(၃)

ပုဂံမနက်ခင်းက လှလွန်းစွ။ ပုဂံမြို့ဟောင်းကားအရင်အတိုင်းခန့်ခန့်ညားညား။ သူငယ်ချင်းကောင်းမှုဖြင့်တည်းခိုရသော ပုဂံဟော်တယ်က မြစ်ကမ်းပါးမို့ မနက်စာစားရင်း ဧရာဝတီကိုငေးမောနိုင်သည်။ မြစ်ထဲမှာ စက်သံတညံညံဖြင့် မော်တော်လေးတွေ ခရီးနှင်နေကြပြီ။ ဟော်တယ်ဝင်းအတွင်းရှိ ရှေးဟောင်းစေတီနှစ်ဆူကိုလည်း ဖူးခဲ့ရသည်။

ပုံဂံမြို့ဟောင်းက အရင်အတိုင်း ခန့်ညားလှ၏။ ဘာမှ ပြောင်းလည်းပုံမရ။ ခရီးသွားရာသီမဟုတ်သေးလို့ထင့်။ ခြောက်ကပ်ကပ်။

မနက်အစကို ထီးလိုမင်းလိုနှင့်စဖွင့်သည်။ ဟော်တယ်နှင့်ကပ်ရက်စေတီ။ ပြီးတော့ ဗူးဘုရားဆိပ်သို့ချီတက်၊ တဖက်ကမ်းရှိ တစ်ဆူတည်းသောစွယ်တော်စေတီဖြစ်သည့် တန့်ကြည့်တောင်ဆီသွားဖို့ မြစ်ဧရာကို မော်တော်ငှား၍ကူးခဲ့၏။

ပုဂံရာဇဝင်အရတော့ ညောင်ဦးဖီးက မြစ်ဧရာကို အသွားအပြန် လက်ပစ်ကူးနိုင်သတဲ့။ နှစ်တစ်ထောင်က  ဧရာက ဘယ်မျှကျယ်မည်မသိသော်လည်း ကမ်းပါးပြို သောင်ထွန်းမှုတွေကြောင့် ယခုတော့ အတော်ကောနေပြီ။ အလယ်ကျွန်းကြီးတွေက အခိုင်အမာ။ မကြာခင် မြစ်ကြောင်းပိတ်သွားမှာလားတောင် စိတ်ပူမိသေး။ နာမကျန်းသည့်အိုမိခင်ဧရာဝတီ။

တဖက်ကမ်းရှိ တန့်ကြည့်ရွာမှာ ကားထပ်ငှား၊ တန့်ကြည့်တောင်ပေါ်ရောက်။ တန့်ကြည့်တောင်ကား ပုဂံ၏တဖက်ကမ်းမှာမို့ အလွန်ရောက်ခဲသောစေတီပင်။ စွယ်တော်လေးဆူဝင်။ကျောက်နဂါးဆိုတာကြီးလည်း တွေ့ခဲ့ရ။ နွားနို့ရောင်းသူ၊ပန်းရောင်းသူတွေကဘေးမှာအဆင်သင့်။ နဂါးကြီးကိုတိုက်မည့်နွားနို့က ဖန်ခွက်တစ်ခွက်စာ။ နဂါးကြီးကိုယ်လုံးက ရာဝင်အိုးလောက်ရှိ၊ ဒီနို့လောက်တော့ နံကြားပင် ညှပ်မည်မထင်။

တန့်ကြည့်တောင်ပေါ်မှ မြင်ကွင်းက ရင်သတ်ရှုမောဖွယ်။ တောင်စဉ်တောင်တန်းတွေက တွန့်ခေါက်လိမ်ပတ်လျှက်။ မြစ်ဧရာ၏ ပျက်စီးနေမှုအစုစုကို ကောင်းစွာမြင်ခဲ့ရသည်။ ဧရာဝတီကို ကယ်တင်ကြပါ။

တန့်ကြည့်တောင်ဖက်မှ ပုဂံမြို့ဟောင်းဖက်ပြန်ကူးဖို့ မြစ်ကိုထပ်ဖြတ်၊ လောကနန္ဒာစွယ်တော်စေတီထံခရီးဆက်။ လောကနန္ဒာခြေရင်းရှိ ငါးကြော်၊ ပုဇွန်ကြော်တွေစား၊ နာမည်ကျော် လောကနန္ဒာနွားနို့သောက်။ အရင်လို ဈေးသည်တွေအတင်းမအုံတော့ပြီ။ စည်းကမ်းသတ်မှတ်ပေးထားပုံရ၏။ ဘေးမဲ့ကန်မှာ ငါးစာကျွေး။ သမီးက ဝဖီးနေသော ငါးများအစား ပိန်လှီနေသော လမ်းဘေးခွေးများကို အစာကျွေး၊ နို့တိုက်ခဲ့၏။ ခွေးလေခွေးလွင့်တွေလည်း မနည်းလှ။

အနီးရှိ မနူဟာဝင်ဖူး။ မနူဟာရောက်တိုင်း ငွေကန်တော့နေကြအဖွားအိုကိုထပ်တွေ့၊ ငွေလှူ။ တုရင်တောင်စွယ်တော်စေတီသို့ဆက်သွား။ အနီးအနားမှာ ထန်းလျှက်တွေဝယ်။ ညောင်ဦးသို့ပြန် ရွှေစည်းခုံစွယ်တော်စေတီဝင်ဖူး။ ပုန်းရည်ကြီးဝယ်။ ပြီးတော့ အီးဘိုက်ခ်စီး။

E Bike ကို ပထမဆုံးစီးဖူးခြင်းပင်။ လီဗာမနိုင်ခင် အခက်တွေ့သော်လည်း နိုင်သွားတော့ စီးကောင်းလှ၏။ ထိုစီးတော်ယဉ်ကိုခွ၍ ထုမှာ ဓမ္မရံကြီးသို့ ချီတက်။ နေဝင်ချိန်ကြည့်ဖို့ ရွှေဆံတော်ပေါ်တက်ခွင့်မရတော့ပါ။ ဘုရားတွေပေါ်တက်ခွင့်ပိတ်လိုက်ပြီ။ ကောင်းလေစွ။ ရှေးဘုရားတွေ ရေရှည်ခံဖို့ ဖြစ်သည်။
ဓမ္မရံကြီးမှ အီးဘိုက်ခ်ဖြင့် ညောင်ဦးပြန်။ အီးဘိုက်ခ်ငှားသူတွေလည်းအများအပြား။ စီးနေကြသူ နိုင်ငံခြားသားများလည်းမနည်းလှ။

နောက်နေ့မနက်စောစော မနက်စာစားပြီးနောက် အာနန္ဒာရောက်။ ထုံးတွေဖယ်ထုတ်ထားတဲ့ဘုရားကို အထပ်ထပ်ပတ်။ အနုမှာအာနန္ဒာ။ အနုသုခုမတွေက အခေါက်တိုင်းဖူးမဝ။ ဘုရားဖူးတွေတော့ သိပ်မရှိ။ စောသေးလို့ထင်။

ညောင်ဦးဈေးခဏဝင်။ ဈေးဝယ်။ ပုဂံမှာဈေးဝယ်လိုရင် ဒီမှာဈေးအမှန်ဆုံး။ ယွန်းထည်ကောင်းကောင်းအစစ်လိုချင်လို့ ယွန်းလုပ်ငန်းပင်ရင်းသွား။ ရှေးခေတ်လက်ရာအတိုင်း သဘာဝစစ်စစ်ယွန်းထည်တွေမို့ဈေးကတော့ မသေး။ ဘုရားဈေးကယွန်းထည်တွေလိုမပေါ။ ဒေါ်လာနှင့်ရော မြန်မာငွေနှင့်ပါဝယ်လို့ရသော်လည်း ဒေါ်လာပေးလျှင် မြန်မာ့ထုံးစံအတိုင်း အသစ်သာလက်ခံသည်။ ဒေါ်လာနည်းနည်းဟောင်းလျှင် ငွေလဲနှုန်းတစ်ဆယ်နီးပါးကွာနိုင်ပါ၏။ ခေါက်ရိုးမကျိုးသေးသော ဒေါ်လှအသစ်စက်စက်များသာ ထုံးစံအတိုင်း ယူသွားကြပါကုန်။

ယွန်းထည်တစ်ခုရှေးမူမပျက် သဘာဝအတိုင်းဖြစ်ဖို့အဆင့်တွေအများကြီး။ မြန်မာယွန်းပညာရှင်တွေလည်းနည်းလာချေပြီ။ ဆိုင်ကြီးတစ်ဆိုင်လုံးဈေးဝယ်နေသူ ကိုယ်တစ်ယောက်ထဲ။ အတော်ကြာအောင် ဆိုင်ရှင်နှင့် စကားတွေပြောပြီး ပြန်ခါနီးမှ နိုင်ငံခြားသားနှစ်ဦးရောက်လို့လာ၏။ ညောင်ဦးသားတို့ထုံးစံအတိုင်းနိုင်ငံရေးကို စိတ်ဝင်စားပုံမရသော ဆိုင်ရှင်ကပြောလိုက်သေး၏။ ဒီလိုအရောင်းပါးနေတာ ကြာပြီအကိုရေတဲ့။ ဒီအစိုးရက မလုပ်တတ်ဖူးထင်ပါရဲ့တဲ့။ (အန်တီရေ။ ပြည်သူတွေကတော့ အပြတ်ငြီးနေကြလေရဲ့။)

ပုဂံကိုနှုတ်ဆက်ရဖို့အချိန်ရောက်ပြီ။ ဂွတ်ဘိုင်ပုဂံရေ။ ဆီးယူ နိတ်စတိုင်းပေါ့ကွယ်။

ညောင်ဦးချောက်ကားလမ်းအတိုင်းချောက်ကိုဆင်း။ ဆိုးလိုက်သည့်လမ်း။ စဥ့်ကူကိုဖြတ် ချောက်ကိုအဝင်တွင် စလေစား ဆရာစံက လာစောင့်နေ။ သူ့ကိုယ်ပိုင်ကျောင်းရှိရာသွားဖို့ ဧရာကိုဖြတ်။ အနော်ရထာတံတားဆိုပဲ။ တဖက်ကမ်းက ဆိပ်ဖြူမြို့ကိုဖြတ်။ စလင်းဖက်သို့ခရီးဆက်။ ဆရာစံ၏ကျောင်းရှိရာ တညောင်ဆီရောက်။

အညာမြို့လေးတွေအတော် တိုးတက်နေပြီ။ ဆရာစံကျောင်းမှာကျောင်းအိပ်ကျောင်းစား လေးရာနီးပါး။ ပညာရေးကိုအားပေးနေကြပြီ။ အနာဂတ်သမ္မတကြီးတွေထဲမှာ တညောင်ကျောင်းထွက်တွေမပါနိုင်ဟု မည်သူပြောနိုင်အံ့။ (ဆရာမင်းကျော်လိုပြောကြည့်တာ။)

ဆရာစံကချောက်မှာဧည့်ခံ။ အချိန်မ
တော့လို့ စလေရုပ်စုံကျောင်းသို့ လေ့လာရေးမရောက်လိုက်ရ။ မန်းလေးကရွှေကျောင်းကြီးလို အနုသုခုမတွေပြည့်နေသော ဘုန်းကြီးကျောင်းကြီးပါတဲ့။ နောက်အခေါက်ပေါ့ကွယ်။

ချောက်မှညနေလေးနာရီမှထွက်ခဲ့။ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ အမြန်လမ်း၊ ရန်ကုန်သို့ ညသန်းကောင်နီးမှ ပြန်ရောက်ခဲ့ရ။

လမ်းပန်းဆက်သွယ်ရေးတွေတိုးတက်လာသော်လည်း ပြုပြင်ထိမ်းသိန်းမှုအားနည်းလှသဖြင့်ပျက်စီးနေသောလမ်းများကိုဖြတ်ခဲ့ရ။ BOD စနစ်အရ တံတားဖြတ်ခ၊ လမ်းဖြတ်ခ၊ မြို့ဝင်ကျေး စသည်တို့ကို ပေးရသည့်နေရာများစွာကို ကြုံခဲ့ရ။ လူငယ်တွေအလုပ်မရှိကြ။ လူကြီးတွေညီးညူကြ။ နေရာတိုင်းမှာ ဈေးသည်တွေသာပိုတိုးလာနေပြီး ဈေးဝယ်သူသိပ်မတွေ့။

ခရီးသွားမြင်ကွင်းကျယ်ကား အရင်နှစ်များကနှင့်ယှဉ်သော် သိပ်မထူးလှပါဟုသာ ဆိုပါရစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ခရီးသွားမြင်ကွင်းကျယ်(၂)

ခရီးသွားမြင်ကွင်းကျယ်(၂)

တောင်ကြီးရောက်ခိုက် ဟိုပုန်းဖက်ရှိ ထန်ဆန်းဂူသို့ရောက်ဖြစ်ခဲ့သည်။ ဟိုပုန်းကား ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။ အရင်ထက် အများကြီးစည်ကားနေပြီ။ ငြိမ်းချမ်းရေး၏အသီးအပွင့်များပင်။ ထန်ဆန်းဂူမှာ ဟိုပုန်းကိုရင်လေးဟုကျော်ကြားသည့် ကိုရင်လေးတစ်ပါး တွေ့ရှိခဲ့ရာ သဘာဝထုံးကျောက်ဂူ။ ဟိုပုန်းမြို့ကိုကျော်ပြီး (၁၂)မိုင်ခန့်သွားရသေးသည်။

တောင်ကြီး၊ ကျိုင်းတုံလမ်းကား တောင်ပေါ်လမ်းတို့ထုံးစံအတိုင်း ကျဉ်းသောကြောင့် ချဲ့နေဆဲ။ မြွေလိမ်မြွေကောက်လမ်းမို့ အကွေ့တွင် တဖက်ကားကို မမြင်ရ။ ဟွန်းတီးကာတစ်မျိုး၊ အတက်ကားကို ဦးစားပေးကာတဖုံ သွားရသည့်လမ်း။ ရွာများတွင် လမ်းဘေးဆိုင်လေးတွေက အစီအရီ။ ရှမ်းရိုးရာ ထမင်းလုံးကြော်နှင့် မုန့်လက်ကောက်ကွင်းလေးတွေကလည်း ဗန်းကလေးတွေနှင့် စားချင်စဖွယ်။

ဂူမရောက်ခင် ဟိုပုန်းကိုရင်လေး၏ကျောင်း၊ သူတည်ထားနေသည့် ရွှေတိဂုံပုံစံတူစေတီတော်တို့ကို တွေ့ခဲ့ရသည်။ ထန်ဆန်းဂူကလည်း ကားလမ်းနံဘေးနားတွင်ပဲရှိပါသည်။

ထန်ဆန်းဂူပေါက်တွင် စောင့်နေသည့်လုံခြုံရေးက ပြည်သူ့ရဲမဟုတ်။ ပအို့ဝ်တပ်မှ တပ်သားတွေ။ ပအို့ဝ်ဖြူခေါ် ဦးအောင်ခန်းထီတပ်မှ လူငယ်လေးတွေပင်။ ဂူထဲဝင်ရောက်လိုသူများ မလုံခြုံစွာ ဝတ်စားထားပါက ပြန်ဝတ်ခိုင်းပေမည်။ ဂူဘေးတွင် စမ်းချောင်းလေးတစ်ခုကလည်း အရှိန်ပြင်းစွာ စီးဆင်းလျှက်။ သစ်ပင်တွေက ပတ်လည်ဝိုင်းလို့။

ဂူအတွင်းတွင် အတော်ကျယ်၏။ မီးတွေထွန်းထား၏။ သဘာဝကျောက်ခက်ပန်းဆွဲတွေက မျက်စိတစ်ဆုံး။ ထိုပန်းဆွဲများကို ဖြတ်တောက်ပြီး ပုံတွေထု၊ စေတီတွေအများကြီး တည်ထားပြီးကြပြီ။ သဘာဝအတိုင်း လက်ရာမပျက်ထိမ်းသိန်းရမည့်အစား သဘာဝတန်ဖိုးတွေပျက်အောင် ဖျက်ပြီးသွားကြပြီ။

တဖက်ကတွေးမိပြန်၏။ ဒီဂူကြီးကို သဘာဝအတိုင်းထိမ်းထားမည်ဆိုပါက မည်သူတွေ လာကြမည်လဲ။ အလှူငွေ ရနိုင်မည်လား။ ယခုလို ဘုရားတည်လိုက်တော့ အလှူငွေရ၊ ဘုရားဖူးများလာတော့ ရွာနီးချုပ်စပ်က နယ်ခံတွေဈေးရောင်းရ၊ စီးပွားရေးအဆင်ပြေ၊ စသည်စသည်...။ ဘုရားမြင်လျှင် လှူချင်ကြသော မြန်မာတို့အတွက် ဘုရားကိုမှီခိုစားသောက်ရသောစီးပွားရေးလုပ်ငန်းတမျိုးအကောင်အထည်ဖေါ်ခြင်းသည်လည်း မြန်မာ့နည်းမြန်မာ့ဟန် SME ပါပဲ။

ထန်ဆန်းဂူကတော့ သူ့ရဲ့နောင်တော် ပင်းတယဂူနောက်သို့ လိုက်နေပေပြီ။

ဟိုပုန်းမှတောင်ကြီး၊ မိတ္ထီလာ၊ မန်းလေးသို့ခရီးဆက်ပြန်၏။ မန်းလေးကား သူ၏ဝိသေသနှင့်အညီ ဆိုင်ကယ်သံတညံညံနှင့် ကြိုလင့်သည်။ ညာဖက်ယာဉ်ကြော လမ်းကြားထဲမှ ထွက်ထွက်လာကြသော ထိုထိုဆိုင်ကယ်အပေါင်းကိုရှောင်ရင်းတိမ်းရင်း သွားရတာလည်းရင်ဖိုရ၏။ မီးပွိုင့်မရှိ၊ stop sign မရှိသော လမ်းဆုံများတွင် ဦးရာလူစနစ်ဖြင့် တန်းစီတိုးနေကြသောကားတန်းကြီးကလည်း ကြောက်စရာကောင်း၏။ စောင့်နေသော သူငယ်ချင်းနှင့်တွေ့၊ ညစာစား။

မန်းလေး၏ အညာမနက်ခင်းကလည်း မအေးပါ။ သူငယ်ချင်းနှင့်မနက်စာစားပြီး မန်းလေးတောင်ခြေရောက်၊ ရွှေကျောင်းကြီးမှာ ဓါတ်ပုံတွေရိုက်။ ရွှေကျောင်းကြီး၏ အနုအလှတွေက ပြောမပြနိုင်အောင် လှဆဲ။ ရုပ်သေးရုပ်လေးတွေတွေ့တော့ ဇော်ရုပ်လေးဝယ်ခဲ့။ ဇော်က ကနေသည်။

ဦးပိန်နှင့်တောင်တမန်ရောက်တော့ နေအတော်ပူနေပြီ။ တောင်တမန်သစ္စာသီချင်းသံက လွင့်ပျံလို့။ (မနောရေ မင်းသီချင်းထဲက ခပ်ချောချော ဈေးသည်ကောင်မလေးလည်း တံတားပေါ်မှာ မတွေ့ပါလားကွာ။) အင်းထဲရှိ သစ်ခြောက်ပင်ကြီးတစ်ပင် မရှိတော့။ နေဝင်ချိန် ထိုသစ်ပင်ကြီးနှင့် ဓါတ်ပုံတွေ ရိုက်ခဲ့ဖူးသည်။ ဦးပိန်ပေါ်တွင် ဈေးသည်တွေအပြင် ခိုကိုးရာမဲ့ အဖိုးအဖွားတွေ တောင်းစားနေကြသည်မှာလည်း မနည်းလှ။ ရေကလည်းးသိပ်မရှိတော့သဖြင့် လှေစီးသူလည်း နည်းလှသည်။

တောင်တမန်ကပြန်တော့ မေမြို့သို့မဟုတ်ပြင်ဦးလွင်ဆီသို့။ ကျောက်ချောအလွန်လမ်းပြင်နေသဖြင့်တဖက်စီဖွင့်ပေးစနစ်ကြောင့် တစ်နာရီခန့် ကြာ ထိုနေရာကို ဖြတ်ရသည်။ ကားတွေက ဖြတ်တက်၊ တိုးဝင်၊ ခေါင်းထိုးထည့်၊ စည်းကမ်းကို မေ့ထား၊ ငါ အရင်ရောက်ရေး အဓိက။

ပြင်ဦးလွင်ရောက်တော့ မြေးထိမ်းနေသော သူငယ်ချင်းနှင့်တွေ့။ ကန်တော်ကြီးပန်းပွဲတော်ဆီသို့ ခဏရောက်၊ ပြင်ဦးလွင်မှ ပုဂံသို့ ပြန်ဆင်း။

တံတားဦး၊ နွားထိုးကြီး၊ မြင်ခြံ၊ ညောင်ဦး လမ်းအတိုင်းလိုက်ခဲ့သည်။ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်မှေးကျေးရွာ၊ ဦးဆိတ်၊ ဒေါ်ခွေး သား မောင်ကြက်ဖ တို့၏ နယ်တွေ ဖြတ်ခဲ့သည်။ လမ်းပြင်နေသော်လည်း ကားရှင်းသဖြင့်ခရီးတွင်သည်။ လမ်းဘေးတလျှောက် သစ်ပင်တွေက အုပ်မိုးလို့။ အလွန်လှသည့်လမ်း။ ထိန်းသိမ်းထားသူများကို ကျေးဇူးတင်ပါ၏။ တလောက ထိုအပင်တွေခုတ်ပြီးလမ်းချဲ့မည့်အစီအစဉ်ကို ဒေသခံတွေ ကန့်ကွက်သဖြင့် ချမ်းသာရာရခဲ့ရသည်။

ပုဂံမြို့ဟောင်းကိုညပိုင်းရောက်ခဲ့ပြီ။ ပေါက္ကံရာမရင်ငွေ့ကို ခိုမိပြီ။ အိုဘဲ့ပုဂံ။ အသင့်မိတ်ဆွေဟောင်းကြီး ရောက်ခဲ့ပြန်ပေါ့။

မောင်လူပေ

ခရီးသွားမြင်ကွင်းကျယ်(၁)

ခရီးသွားမြင်ကွင်းကျယ်(၁)

တောသားမြို့ရောက်ပေါ့။ ဟိုမော့ဒီကြည့်နဲ့ ရန်ကုန်မြို့ကြီးကို ယောင်လယ်လယ်ရောက်လာပြီးသကာလ ခရီးတွေထွက်ဖြစ်ခဲ့သည်။

ခရီးထွက်သည်ဆိုသော်လည်း ခရီးအသစ်တွေတော့မဟုတ်။ သွားခဲ့တာအကြိမ်ကြိမ်။ ကြိုက်လွန်လွန်းလို့ ထပ်ခါထပ်ခါ သွားဖြစ်နေခြင်းမျှသာ။ ရန်ကုန်မှ တောင်ကြီး၊ တောင်ကြီးမှမန်းလေး၊ မန်းလေးမှ ပြင်ဦးလွင်၊ ပြင်ဦးလွင်မှ ပုဂံဆီသို့။

ရန်ကုန်မှ မနက်စောစောထွက်၊ အမြန်လမ်းမှ ပျော်ဘွယ်လမ်းခွဲ၊ သာစည်ရွှေညောင်လမ်းအတိုင်း တောင်ကြီးသို့အရောက် ဆယ့်နှစ်နာရီခန့်ကြာ၏။ ပျော်ဘွယ်တွင် နေ့လည်စာစားကြသည်။ လမ်းတလျှောက် ထနောင်းပင်တွေအစီအရီ။ နွားတွေကို သုံးဘီးထရပ်ကားငယ်အသွယ်သွယ်ဖြင့် သယ်ယူနေကြတာကလည်း နေရာတိုင်းပင်။ ကားတစ်စီးလျှင် သုံး၊လေးကောင်မျှတင်ဆောင်ပြီး ခရီးနှင်နေကြ၏။ ပျော်ဘွယ်ကား နွားမွေးမြူရေးအတော် အလုပ်ဖြစ်နေပုံရသည်။ ဒီနွားတွေ၏ ခရီးဆုံးကား အခြားအရပ်တွင် ပြန်သုံးဖို့ထက် စားသုံးဖို့သာ ဖြစ်ရန်များသည်။ တရုတ်ပြည်သို့ အကောင်လိုက်ပို့မည်ဟု ခန့်မှန်းရပါ၏။ တရားဝင်ရော တရားမဝင်ပါ ထွက်ခွာသွားကြမည့် နွားချောနွားလှများကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိ၏။

ပျော်ဘွယ်မြို့၏နာမည်ကျော် မုန့်ကျွတ်ကလည်း အရင်အတိုင်း စားလို့ကောင်း။ ကျွတ်တယ်၊ရွတယ်၊မိတယ်၊မိုက်တယ်၊ စူပါရှယ်၊ မတူပါတယ်၊ သူငါတွေအကုန်ကြိုက်တဲ့.. ဟူသော မုန့်ကျွတ်တို့၏ဂုဏ်မဟာကား ရှင်သန်ဆဲ။ အများကြီးလည်း ဝယ်ခဲ့၏။ လမ်းပန်းဆက်သွယ်ရေးတွေတိုးတက်လာသဖြင့် ပျော်ဖွယ်လည်း စည်ကားနေပြီ။

ပျော်ဘွယ်၊သာစည်လမ်းက ကျဉ်းပေမဲ့ သိပ်မဆိုးလှ။ သာစည်မှထွက်၍ တောင်ခြေရောက်သည်မှ လမ်းဆိုးနှင့်ရင်ဆိုင်ရသည်။ ကျောက်ကြမ်းလမ်းအဆင့်၊ လမ်းတွေချဲ့နေသောနေရာတွေက ခပ်များများ။ လမ်းပြင်ဆင်မှုတွေ ပြီးသွားလျှင်တော့ ဒီလမ်းတွေက အလွန်မောင်းလို့ကောင်းမည့်လမ်းတွေပေါ့။ အခုတော့ လှည်းလမ်းကြောင်းမှာ ကားမောင်းနေရသလို။

ယင်းမာပင်လမ်းခွဲမှသည်ကလောအရောက် ဝုန်းဒိုင်းကြဲစွာမောင်းလာခဲ့ရသည်နောက် ကလောအလွန်တွင် လမ်းပြန်ကောင်း၏။ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ တောင်လေးလုံး၊ အေးသာယာ၊ တောင်ကြီး ရောက်ခဲ့ပြီ။

ရှမ်းပြည်မြို့တော်တောင်ကြီးမြို့ကား ခန့်ညားလှ၏။ ယရင်အခေါက်များက ကလောမှာအိပ်၊ အင်းလေး၊ ပင်းတယ လည်ပြီးပြန်မို့ တောင်ကြီးကိုမတက်ဖြစ်ခဲ့။ ခုမှ ရောက်ဖြစ်ခဲ့ရသည်။ မြို့တော်ဂုဏ်နှင့်အညီ စည်ကားနေသောမြို့။ မိုးဖွဲဖွဲရွာနေလို့ထင့်၊ တောင်ကြီးဆောင်းက ထင်သလောက်မအေးလှ။

ရှေးကတော့ တောင်ကြီးသည် ရွာကလေးပေါ့။ ညောင်ရွှေစော်ဘွားကြီးအုပ်စိုးရာ နယ်များထဲမှ ရွာကလေး။ အင်္ဂလိပ်လက်ထက်မှာမှ သူတို့အပန်းဖြေရာ တောင်ပေါ်မြို့ကလေးဖြစ်လာခဲ့သည်။ ခုတော့ စည်ကားလိုက်သည်မှာ ပြောဖွယ်မရှိတော့။ မြို့လည်း ချဲ့ရင်းချဲ့ရင်း အတော်ကြီးသွားခဲ့ပြီ။

နောက်နေ့ ညောင်ရွှေဆင်း အင်းလေးရောက်။ ဒီအခေါက်တော့ အင်းလေးကို နန်းပန်ဖက်မှ ဝင်ဖြစ်သည်။ ညောင်ရွှေမြို့ထဲကနေ တစ်နာရီကျော် ထပ်မောင်းရသည့်လမ်း။ အင်းလေးကို ဘေးမှပတ်ကြည့်သည့်သဘော။ ဝါးများနှင့်တည်ဆောက်ထားသော ပုံဆန်းဆန်းကိုယ်ပိုင် မူလတန်းကျောင်းကလေးကလည်း ဒီလမ်းပေါ်မှာ။ ကလေးတွေကို ကိုယ်ပိုင်ကားကိုယ်စီဖြင့်လာပို့နေကြတာလည်း တွေ့မိ၏။

အချိန်အခါမဟုတ်မိုးကလည်းတဖွဲဖွဲ။ အင်းလေးမှာရွာတဲ့မိုး။ နေကျောက်ခဲ။ ဦးကျော်နှင့် အန်တီခင်သီတာထွန်းတို့၏ နာမည်ကျော်ရုပ်ရှင်ကိုတောင် သတိရမိသေး။

လမ်းတလျှောက်အများဆုံးတွေ့မိသည်က အထွက်တိုးပြောင်းခေါ်နှံစားပြောင်းများပင်။  ဟော်တယ်ဇုံဟုထင်ရသော နေရာများစွာကို ဖြတ်ခဲ့ရပြီး ဆောက်လက်စ ဟော်တယ်များစွာလည်းတွေ့ခဲ့ရ။ နိုင်ငံခြားသားများကတော့ ဟိုတစ်စု ဒီတစ်စု အနည်းငယ်သာ။ ခရီးသွားလုပ်ငန်းလည်း ထင်သလောက် အလုပ်ဖြစ်ပုံမရသေး။

အနော်ရထာဘုရင် တရုတ်ပြည်ကို စစ်ချီစဉ်က ပါလာခဲ့သော မြန်မာတပ်များအနက်မှ တပ်သားအချို့ကို နယ်စောင့်တပ်အနေဖြင့် အင်းအတွင်းရွာလေးရွာ တည်ပြီး ထားခဲ့ရာမှ အင်းလေးဟုတွင်ခဲ့သည်။ ထိုရွာများမှ ပေါက်ဖွားသူတို့ကိုလည်း အင်းသားများဟုခေါ်သည်။ ထို့ကြောင့်လည်း အင်းသားများက ရှေးမြန်မာစကားများကို ဆက်လက်ပြောဆိုနေဆဲ ဖြစ်သည်ဟု အင်းသားဖြစ်သူ သူငယ်ချင်းက ရှင်းပြ၏။

အင်းသားတို့၏စကားသံများက ထားဝယ်သားတို့နှင့်လည်း အတော်ဆင်တူလှသည်။ ရှေးမြန်မာမျိုးဆက်များဖြစ်သည်ကိုတော့ အငြင်းပွားဖွယ်မရှိ။

အင်းသား၊ ဓနု၊ တောင်ရိုး တို့ကို ရှမ်းပြည်နယ်မှာနေသောကြောင့် ရှမ်းစာရင်းထဲသွင်းထားရသော်လည်း မြန်မာမျိုးကွဲများသာ ဖြစ်ကြပါသည်။

ဂေဟစနစ်ပျက်နေပြီဖြစ်သော အင်းလေးကား အတော်ကောနေပေပြီ။ အမှိုက်ပစ်သူကပစ်။ ဆယ်သူကဆယ်။ နုံးဆယ်နေသော ဘတ်ဟိုးအချို့ကလည်း နှစ်ပေါင်းများစွာကျခဲ့ပြီဖြစ်သော အနယ်များကို နိုင်အောင်မဆယ်နိုင်တော့ပြီထင့်။

ချည်ထည်လုပ်ငန်းကို ရိုးရာမပျက်ဆက်လက်ထိမ်းသိန်းရင်း ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နေသောအင်းလေးဒေသ၏ လက်ယက်ထည်များကတော့ လက်ရာတွေ ဒီဇိုင်းတွေ ခေတ်နှင့်အညီ တိုးတက်လာခဲ့ပြီ။ အဆင်ဆန်းတွေ အများအပြား၊ အပြိုင်အဆိုင်။

ဖောင်တော်ဦးဘုရားလှေဆိပ်က ဈေးသည်များကတော့ အရင်ကထက်ပိုများလာပြီး အပြိုင်အဆိုင်ဖြစ်လာကြပြီ။ လှေကပ်သည်နှင့် ခရီးသည်ကို သူတို့၏သားကောင်ပမာ လိုက်ဆွဲကြ၏။ အရင်လို ဘုရားရွှေဆိုင်းကို ကံထရိုက်မပေးတော့ပဲ ကြိုက်ရာရွှေဆိုင်းဖြင့်ကပ်ခွင့်ရသောကြောင့် လှေဆိပ်မှာပင် အပြိုင်အဆိုင် ရောင်းကြသည်။ ခိုစာရောင်းသူ၊ မုန့်ရောင်းသူ၊ ပန်းရောင်းသူတွေ စသည်နှင့် ဈေးသည်တွေအများကြီးက လှေပေါ်ကဆင်းလာသူ လေးငါးဦးကို ဝိုင်းထားကြသည်မှာ ပြေးပေါက်ပင်ရှာမရ။ စည်းကမ်းသတ်မှတ်ပေးသင့်ပြီ။

ဘုရားအောက်မှ အထည်တန်းလေးကတော့ အရင်အတိုင်း ခြောက်ကပ်ကပ်။ ဘုရားအောက်ထပ်မှာ အထည်ဆိုင်တန်းရှိသည်ကို အများစုက သိကြပုံမရ။ ဈေးသည်တွေကလည်း ရိုးသားဆဲ။ အင်းလေးမှာ ဈေးမှန် ပစ္စည်းမှန် ရိုးရာချည်ထည်များ ဝယ်ယူလိုပါက ဘုရားအောက်မှ အထည်ဆိုင်တန်းမှာ အားပေးကြပါကုန်။( အခမဲ့ကြော်ငြာပေါ့ဗျာ။)

အင်းလေးဒေသက ယူနက်စကို၏ သဘာဝရေဝေရေလဲဇုံအဖြစ် အသိအမှတ်ပြုခံရပြီမို့ နောင်အခါမှာ ဒီထက်ပျက်စီးမသွားဖို့တော့ မျှော်လင့်မိပါ၏။ အင်းသားတို့၏ ရိုးရာအမွေအနှစ်များ တည်တံ့ခိုင်မြဲကြပါစေ။

ညပိုင်းမှာတော့ သူငယ်ချင်းက တောင်ကြီးမြို့က တောင်ပေါ်ဘုရားတွေကိုလိုက်ပို့သည်။  မိုးထိုးနေသောတောင်ပေါ်ကဘုရားပေမို့ လေတဖြူးဖြူး၊ ရှုခင်းကတော့ အမိုက်စား။

"တောင်ကြီးမြို့ကို အလည်တစ်ခေါက်ကိုယ်ရောက်တယ်၊ ဆွေသစ်မိတ်သစ် စုံလို့ပါပဲကွယ်။"

(ဓါတ်ပုံမှာ အင်းလေးဒေသ ရိုးရာချည်ထည်လုပ်ငန်းတွင် ဗိုင်းငင်နေစဉ်)

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ရန်ကုန်မြင်ကွင်းကျယ်

ရန်ကုန်မြင်ကွင်းကျယ်

ရန်ကုန်မြေကို လူပေရောက်ပြီ။ မဟာရန်ကုန်က အရင်အတိုင်း။လေယာဉ်ဆင်းတော့ မီးလေးခပ်မှိန်မှိန်။ ရောင်စုံမြို့တွေဖြတ်ခဲ့ရတော့ မှိန်တာလေးက ဆန်းနေသလို။

မိုးလင်းတော့နှင်းမဖွဲတဲ့ဆောင်း။ အပူဓါတ်က အိမ်ပြန်ချင်ပုံမရသေး။ တက္ကသိုလ်မှာလည်းနှင်းမဝေတော့။ ချွေးတလုံးလုံးနှင့် နေလို့မကောင်းသည်အထိ မပူတာပဲ ကျေးဇူးတင်ရသေး။ ကသုတ်ကရက်ရန်ကုန်နံနက်ခင်းကား ကာလာစုံ။

ကားတွေကျပ်ဆဲ၊ လူတွေကျပ်ဆဲ။ လမ်းတွေကျပ်ဆဲ။ စီးပွားရေးတွေလည်းကျပ်ဆဲ။ ကားဟွန်းသံတွေလည်းညံဆဲ။ လမ်းဘေးဈေးသည်အပေါင်း၏ဈေးရောင်းသံစဉ်များလည်း ဆူဆဲ။ လမ်းဘေးခွေးအပေါင်းကလည်း သံစုံအူဟောင်ကြဆဲ။

မေးခွန်းတွေမေးမိတိုင်း တူညီအဖြေပဲရ၏။ အလုပ်အကိုင်ရှား၊ စီးပွားရေးမကောင်း။ ယခင်ခေတ်ထက် ပိုကျပ်သည်။

ပြောင်းလည်းချိန်တန်ပြီ။ အစိုးရထိပ်ပိုင်းပြောင်းသည်။ ပညာတတ်လူငယ်များ၏ အတွေးအခေါ်တွေ ပြောင်းသည်။ NLD အစိုးရ ၂နှစ်အကြာ ပြောင်းခဲ့သည်မှာ ဒါအကုန်ပဲတဲ့။

အခြေခံလူထုက နိုင်ငံရေးမသိ။ စိတ်လည်းမဝင်စား။ NLD က သူတို့ဘဝတွေကို နေ့ချင်းညချင်းပြောင်းလည်းပေးမည်ဟု ထင်ပြီးပုံခဲ့ကြသည်။ အခက်အခဲတွေ ရင်ကြားစေ့ရေးတွေ ခြေဥတွေ သူတို့မသိ။ ထင်သလိုဖြစ်မလာတော့ အတော်စိတ်ဓါတ်ကြနေကြသည်။

အန်တီစုကိုတော့ အကြည်ညိုမပျက်။ သူ့လူတွေ အလုပ်မဖြစ်တာပဲ ပြောကြ၏။ ကွီးဖြိုးလည်း အတော်အဝေဖန်ခံနေရရှာ၏။ မြို့တော်ဝန်ကြီးလည်း ပါ၏။

လမ်းထဲက အိမ်ရှေ့ကျူး( အိမ်ရှေ့မှာ အခန်းပိုချဲ့) တွေဖယ်လိုက်နိုင်တာ စည်ပင်နာမည်ရသည်။ အမှိုက်ကိစ္စ၊ လမ်းကိစ္စ၊ ကားပတ်ကင်ကိစ္စ၊ အဝဝတွေ ရင်ဖွင့်ကြတာကြားနာရင်း ရင်လေးမိ၏။

ရန်ကုန်မြင်ကွင်းကျယ်ကား အထပ်မြင့်တိုက်တွေ တိုးလာသည်မှတပါး အားရစရာ မမြင်ရသေး။

ကရင်တို့အကြောင်း

ကရင်အမျိုးတို့အကြောင်း

တမြေထဲနေတရေထဲသောက်တဲ့ တိုင်းရင်းသားမောင်နှမတွေအကြောင်းရေးခဲ့တာ ရခိုင်၊ ရှမ်း၊ မွန် နဲ့ ကချင်တို့အကြောင်းတွေကို သမိုင်းကြောင်းတွေ ဖလှယ်တဲ့သဘောနဲ့ရေးခဲ့တယ်။ သမိုင်းကြောင်းလေးတွေကိုယ်စီက စိတ်ဝင်စားစရာ။

ဒီအခေါက်ရေးချင်တာက အလွန်ချစ်ဖို့ကောင်းပြီး ရိုးသားလှတဲ့အမိုးနဲ့ ဖထီးတို့အကြောင်းပါ။

"ထီးခေါင် ထီးခေါင် ထီးခေါင်လားဟေ့၊ ဒုံးယိမ်းရဲ့ပွဲမှာ တညလုံးပဲကြင်နာမယ် ပိုးကရင်မလေးရယ်။
ဒုံးယိမ်းတွေရင်ထဲရောက်လာတယ်။ နှလုံးသားထဲဒုံးယိမ်းကနေတယ်။ ရိုးသားတဲ့ကရင်မလေးရယ်။ မေ့ပျောက်လို့မရတော့ဘူးထင်တယ်။"

နာမည်ကျော်သီချင်းလေးတောင် ပြန်ကြားယောင်မိတယ်။ ချစ်စရာကရင်မလေးက သင်တိုင်းအဖြူလေးဝတ်လို့၊ ခေါင်းမှာက ပုဝါဖြူလေးစည်းလို့၊ လက်ထဲမှာက လက်ကိုင်ပုဝါဖြူလေးကို စည်းချက်နဲ့အညီဝှေ့ယမ်းလို့၊ ဖားစည်သံတွေကလည်း မြူးလို့ပေါ့။

မြန်မာတွေက ကရင်ရိုးရာဒုံးအကကို ဒုံးယိမ်းလို့ခေါ်ကြတယ်။ ယိမ်းဆိုတာ ယိမ်းနွဲ့ပြီးကတဲ့အကကိုခေါ်တာပါ။ ကရင့်ရိုးရာဒုံးအကမှာတော့ အားနဲ့မာန်နဲ့ကရတာမို့ ယိမ်းနွဲ့မှုမပါ။ ကရင်ဒုံးအကလို့ခေါ်မှ မှန်ပါလိမ့်မယ်။

ကရင်ဒုံးမှာအဓိကအရေးပါတာက ဖားစည်။ ဖားစည်သံတဒုံးဒုံးနဲ့ ဒုံးကနေကြတဲ့ကရင်မောင်မယ်တွေက အလွန်ကြည့်လို့လှတယ်။ ပြာသိုလဆန်းတစ်ရက်ဟာ ကရင်နှစ်သစ်ကူးမို့ မွေးရပ်မြေမှာ ဖားစည်သံတွေညံနေမှာပဲ။

ကရင်အမျိုးတို့အကြောင်းရေးမိတော့ သတိရမိတာရှိရဲ့။ မောင်လူပေတို့မြို့က ကရင်လူမျိုးတွေအလွန်များတဲ့မြို့ပါ။ သူငယ်ချင်းတွေထဲမှာလည်း ကရင်တွေအများကြီး။ ကရင်မလေးတွေလည်းပါတယ်။ အလွန်ချောပြီး သဘောဖြူတဲ့ကရင်မလေးတွေရဲ့အိမ်တွေက စားအိမ်သောက်အိမ်တွေပေါ့။ အခုလိုကရင်နှစ်သစ်ကူးပွဲအချိန်တို့ ခရစ်စမတ်တို့ဆိုရင် ပျော်မှပျော်။ သူငယ်ချင်းတွေလို ရိုးသားစွာ ခင်ခဲ့ကြတာ ယခုအချိန်အထိ။ သူတို့ကို ဖွင့်မပြောဖြစ်ခဲ့တာကတော့ (ရီးစားစကားမဟုတ်ဘူးဗျ။ တလွဲတွေမတွေးနဲ့ဦး။)  မောင်လူပေကိုယ်တိုင်ကလည်း တမတ်သားကရင်သွေးပါသူ ဆိုတာပါပဲ။

အဖွားဖက်ကပါခဲ့တဲ့ကရင်သွေးတမတ်သားကြောင့်ထင်ပါရဲ့။ သင်တိုင်းစွတ်လိုက်ရင် ကရင်နဲ့ခွဲမရအောင်တူတယ်လို့ ခဏခဏအပြောခံရဖူးတယ်။ တောင်ပေါ်ကရင်လည်းမဟုတ်၊ တောင်အောက်ကရင်လည်းမဟုတ်တဲ့ ကတုန်ကရင်ကပြောပြမဲ့ ကရင်အမျိုးတို့အကြောင်းပေါ့လေ။

ကရင်လူမျိုးတွေဟာ တိဘက်မြန်မာစကားပြောအုပ်စုထဲက လူမျိုးစုတစ်ခုပါပဲ။ မြန်မာနိုင်ငံထဲကို ရှေးဦးမြန်မာတွေဝင်ခဲ့တဲ့လမ်းကြောင်းကပဲ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က မြန်မာတွေနဲ့မရှေးမနှောင်းမှာ ဝင်ရောက်ခဲ့ကြတယ်လို့ သမိုင်းပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းက ယူဆပါတယ်။ ကရင်လူမျိုးတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်လောက်ထဲက ရောက်နှင့်ခဲ့တာလို့ သူတို့ကိုယ်သူတို့ ယုံကြည်ကြတယ်။

မနုသဗေဒပညာရှင်တွေကတော့ ကရင်တွေရဲ့မူလမြေဟာ မွန်ဂိုလီးယားဒေသဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ မွန်ဂို မျိုးနွယ်စုတစ်ခုဟာ ရွှေ့ပြောင်းရင်းက တိဘက်ရောက်၊ ယူနန်ကုန်းမြင့်ကိုဖြတ်ပြီး မြန်မာပြည်ထဲကို ရှမ်းပြည်ဖက်က ဝင်လာတာလို့ဆိုတယ်။ သူတို့အယူအဆက ဒေါက်တာသန်းထွန်းခန့်မှန်းတာနဲ့တူနေတယ်။ ဝင်လာတဲ့ခုနှစ်အပေါ်မှာပဲ သဘောမတူကြတာ တွေ့ရတယ်။

ကရင်လူမျိုးများရဲ့ယုံကြည်မှုအရပြောရရင်တော့ ကရင်တို့ရဲ့ဖခင်ကြီး' ထော့မဲပ ' က စရလိမ့်မယ်။ ထော့မဲပအဖေကြီးက တောဝက်ကြီးတစ်ကောင်ကို အမဲလိုက်ရင်းရခဲ့သတဲ့။ တောဝက်စွယ်ပိတ်ကို ခေါင်းဖီးတဲ့ဘီးလုပ်ပြီးဆောင်လိုက်တာ ဝက်စွယ်ရဲ့မှော်အစွမ်းကြောင့်အမြဲနုပျိုသွားတယ်။ အသက်မကြီးပဲနုပျိုနေရင်း မိသားစုတွေပွားလာလိုက်တာ မူရင်းဒေသမှာ နေစရာမြေမကျန်တော့ဘူး။ ဒါနဲ့ပဲ နေရာသစ်ရှာဖို့ ထွက်လာကြရတာ။ သဲတွေစီးဆင်းနေတဲ့မြစ်ကြီးကိုဖြတ်ခဲ့ရတာ မဆုံးနိုင်ဘူးတဲ့။ အဖေတွေက အရင်ထွက်လာပြီး အမေတွေကနောက်မှထွက်လာကြသတဲ့။ အဖေနဲ့အတူပါသွားသူတွေက'စကော'၊ အမေနဲ့အတူနောက်ကလိုက်လာသူတွေက'ပိုး' ဆိုပြီးကွဲသွားကြတာတဲ့။ ကရင်စကားပြောသူတွေထဲမှာ စကောနဲ့ပိုးက လူများစု။ လူနည်းစုက ဘွဲ၊ဂေခို၊ ဂေဘား၊ ပကူး၊ ဘရက်၊ ယင်းဘော်၊ ယင်းတလဲ၊ လထာ စကားတွေပြောကြတယ်။

ရိုးရာအယူအဆအရ နတ်ကိုးကွယ်ကြတယ်။ သာသနာပြုသူတွေကြောင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်တွေဖြစ်ကုန်တယ်။ရှေးဟောင်းအယူအဆဖြစ်တဲ့ ရသေ့ကိုးကွယ်သူတွေလည်းရှိတယ်။ ဖိုးတခေတ်လိုအဖွဲ့တွေပေါ့။ မြေပြန့်ကရင်တွေဟာပိုးကရင်၊ တောင်ပေါ်ကရင်က စကောကရင်လို့ အလွယ်မှတ်လည်းရတယ်။

ရှမ်းပြည်နယ်ထဲမှာအများစုနေထိုင်ပြီးပဲခူးတိုင်းနဲ့မွန်ပြည်နယ်မှာလည်းနေထိုင်ကြတဲ့ပအို့ဝ်လူမျိုးစကားဟာလည်း ကရင်စကားမျိုးကွဲတစ်ခုပါ။ ရှမ်းပြည်မှာနေကြပေမဲ့ ရှမ်းမဟုတ်။ ကယားလို့ခေါ်တဲ့ ကယန်းတွေကလည်း မူလက ကရင်နီလို့ခေါ်ခဲ့ကြတဲ့ ကရင်မျိုးကွဲတစ်ခုပါ။ သူတို့တွေအားလုံးဟာ မွန်ဂိုဒေသက စတင်ခဲ့ကြပြီး ရေကြည်ရာမျက်နုရာကို ပြောင်းခဲ့ကြရာက မြန်မာပြည်ထဲရောက်ခဲ့ကြတဲ့ ကရင်လူမျိုးစုတွေပေါ့။

ကျိုက်ထီးရိုးဘုရားရောက်ဖူးသူတိုင်းရွှေနန်းကျင်ကိုသိကြမှာပါ။ ကျိုက်ထီးရိုးသမိုင်းနဲ့ဆက်စပ်နေတဲ့ကရင်မလေးပေါ့။မယ်မြန်မာဘွဲ့ရ နော်လွီဇာဗင်ဆင်က(Miss) တွေရဲ့ဖွားဖွားကြီး။ မန်းဝင်းမောင်ကတော့ သမ္မတကြီးတွေရဲ့ဘိုးအေ။ စောဘဦးကြီးဆိုတာလည်း တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ဖိုးဖိုးကြီး။ ဗိုလ်ချုပ်တီစမစ်တို့ ဗိုလ်ချုပ်စောကြာဒိုးတို့ဆိုတာကလည်း တပ်ချုပ်တို့၏အဘ။ ရှေးက ကရင်လူမျိုးဆယ်လီတွေ အများကြီး။

အမျိုးတွေမို့အချင်းချင်းတွေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်။ အခုတော့KNU,DKBA ဖထီးတွေလည်း NCAကြီးကို လက်မှတ်ထိုးပြီးအပစ်ရပ်နေပါပြီ။ အမုန်းတွေသင်ပုန်းချေနိုင်ကြပါစေလို့ ဆုတောင်းရင်း ကရင်တမတ်သားမောင်လူပေရဲ့ဆောင်းပါးကို နိဂုံးချုပ်ပါတယ်။ မြန်မာပြည်သားညီအကိုမောင်နှမ တိုင်းရင်းသားလူမျိုးများအားလုံး အေးချမ်းသာယာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ဆားပုလင်းနှင်းမောင်နှင့် ခေတ်ပေါ်လက်နက်အမှုတွဲ

ဆားပုလင်းနှင်းမောင်နှင့် ခေတ်ပေါ်လက်နက်အမှု

"အိုင်ဆေး ကိုနှင်းမောင်။ ဘာတွေကြည့်နေတာလဲဗျ။"

"အခုတလောခေတ်စားနေတဲ့ ဝန်ကြီးဟောင်းရဲ့သား လက်နက်အမှုကိုလေ့လာနေတာပါ အိုင်ပီ။"

"ဘာမှ စိတ်ပူစရာမရှိပါဘူး။ လိုအပ်သလိုမူးယစ်အမှုနဲ့ အရေးယူနေပြီလို့ နေပြည်တော်ပုလိပ်မင်းကြီးကိုယ်တိုင် အစီရင်ခံထားပြီပဲကိုနှင်းမောင်ရယ်။ လက်နက်နဲ့အတူမိတဲ့ကိစ္စပဲ။ ကျုပ်တို့ စီအိုင်ဒီနဲ့အနေသာကြီးပါ။"

"အထင်မစမောနဲ့ အိုင်ပီ။ အဲဒီနေပြည်တော်ပုလိပ်မင်းကြီးက ကချင်ပို့လိုက်လို့ လောပန်တွေနဲ့အဖွဲ့ကြနေပြီတဲ့။ အခုမှရောက်လာတဲ့ နေပြည်တော်ပုလိပ်မင်းကြီးအသစ်က စီအိုင်ဒီကိုအကူအညီတောင်းလို့ စုံထောက်မင်းကြီး မစ္စတာစတီးဝပ်က ကျုပ်နဲ့ခင်ဗျားကို အဆိုင်းလုပ်ပေးထားတယ်။"

"တန်တော့။ ဒါဆိုကျုပ်တို့ကို ညောင်မြစ်တူးခိုင်းတာပေါ့ကိုနှင်းမောင်။ ပုတ်သင်ဥတွေ ထွက်မလာပါစေနဲ့လို့ဆုတောင်းရတော့မှာပဲ။"

"အစဖေါ်ပြီး အမြီးဆွဲထုတ်ခိုင်းတာပေါ့အိုင်ပီရယ်။ ကျားမြီးသွားဆွဲမိလို့ကတော့ သေပြီဆရာပဲ။"

"ဆားပုလင်းနှင်းမောင်.....'သဂရိတ်' တောင် 'အဘားအဘား' အော်ရပြီလားဗျာ။"

"ဆရာမင်းသိင်္ခခေတ်မှာပဲ ဆားပုလင်းနှင်းမောင်ကမင်းသားဖြစ်တာ။ အခုခေတ်ဆားပုလင်းက အသွင်ပြောင်းလာတဲ့အထက်အရာရှိအတွက် ဆက်ကြေးကောက်ပေးရတဲ့ဘဝဆိုတာ အသိသားနဲ့အိုင်ပီရယ်။ ဆလံတွေအခါခါပေးနေရတဲ့တာတောင် အဟောက်ခံရသေး။ အသွင်ပြောင်းထားပေမဲ့ အသွေးအသားက အရင်အတိုင်းရှိနေတော့ ထူးမခြားနားပေါ့။ ဂါဗားမန့်ကလည်း အာဏာမစိုးမိုးတော့ ခက်သားမဟုတ်လားဗျာ။ ဒါတွေအသာထားဦး။ လက်နက်မှုအတွက် ဆက်ကြဦးစို့။"

" ကိုနှင်းမောင်ကရော ဘယ်လိုထင်လို့လဲ။"

"ထင်တာမဟုတ်ဘူးအိုင်ပီရဲ့။ မြင်တာမြင်တာ။"

"အလင်းပြပါကိုနှင်းမောင်ရယ်။ ကျုပ်က ပိန်းတယ်။"

"ဒီလိုလေဗျာ။ အရင်ဝန်ကြီးဟောင်းရဲ့သား သန်းကြွယ်သူဌေးက လက်နက်တွေယူလာပြီး လေယာဉ်စီးဖို့လာတယ်ဆိုတာ ထူးနေတယ်လို့ မထင်မိဘူးလား။"

"အေးလေ။ လေယာဉ်ပေါ်မတက်ခင် အရှာခံရမှာသိရက်နဲ့ လက်နက်တွေယူလာတာ ထူးနေတယ်။"

"သူ့အတွက်က အရှာခံရတာထူးတယ်အိုင်ပီ။ ဒါကြောင့်လည်း ခုလိုဖြစ်ကုန်တာ"

"နားမရှင်းဘူးကိုနှင်းမောင်။"

"ဒီလိုဗျ။ အခုဖြစ်တာ နေပြည်တော်လေဆိပ်။သူကဝန်ကြီးဟောင်းရဲ့သား။ VVIP ပေါ့အိုင်ပီရယ်။ ပုလိပ်တွေအတွက်ဘုရားသခင်ရဲ့သားတော်လိုအဆင့်မျိုး။ ဘယ်ပုလိပ်ကမှမျက်မွေးကျော်လို့ မော်မကြည့်ရဲတဲ့သူမို့ တံခါးမရှိ ဓါးမရှိ ဝင်ထွက်နေကြပေါ့။ ဒီအခေါက်လည်း အရင်လိုပဲထင်ပြီး သယ်လာခဲ့တာ။ လုံခြုံရေးတင်းကျပ်ထာတဲ့အချိန်မှာ အဖွဲ့သစ်နဲ့တိုးပြီး ဂိသွားတာပဲအိုင်ပီရေ။"

"လက်နက်တွေကလည်းထပ်ရှာ ထပ်တွေ့နဲ့ အများကြီးပါလား ကိုနှင်းမောင်ရယ်။"

"အိုင်ပီတို့က အလွန်မေ့လွယ်တာပဲ။ နဝတ၊နအဖတခေတ်လုံးမှာ သူတို့ရဲ့အပေါင်းအပါတွေအားလုံးက ဥပဒေအထက်မှာလေ။ ဘယ်သူကစစ်ဆေးရဲခဲ့လို့လဲ။ သေနပ်တွေကိုင်တာများအဆန်းလုပ်လို့။ ကိုယ်ပိုင်အစောင့်တပ်တွေတောင်ထားကြတာ။ ဒါကြောင့် ဗခကျော်ဘသားတောင် သေနပ်ပစ်မှုဖြစ်ခဲ့တာ မေ့ပြီလား။ အချင်းချင်းထိပ်တိုက်တွေ့ပြီးပစ်ခပ်မှုတွေမဖြစ်ခဲ့တာပဲကံကောင်းလို့မဟုတ်လား အိုင်ပီရယ်။"

"အဲဒါက အရင်ခေတ်ကလေ ကိုနှင်းမောင်။"

"အရင်၊အခုဆိုတာ အချိန်မတူပေမဲ့ ကျုပ်တို့ပုလိပ်တွေအတွက်ကတော့ မင်းနှစ်မင်းကြားက နီးရာဓါးကြောက်ရတာမဟုတ်လားအိုင်ပီ။"

"အဲဒီတော့ကိုနှင်းမောင်က ဘယ်လိုကောက်ချက်ဆွဲမလို့လဲ။"

"ပုလိပ်တွေသိက္ခာကျရမဲ့အမှုတွေများနေပြီမို့ မပြောပါရစေနဲ့အိုင်ပီ။ကျားမြီးလည်းမဆွဲရဲဘူး။ မင်းနှစ်မင်းကြားမှာ အနေအထိုင်မတတ်ရင် ကြားညှပ်နိုင်တယ်လေ။ ဒါကြောင့် စုံစမ်းဆဲလို့သာ အန်ဒါစတွတ်လိုက်တော့။ အလုပ်လုပ်ရတာမောပြီဗျာ။ တရုတ်အဝိန်ဆိုင်မှာ ရေခဲတောင်စီးကရက်လေးခဲ၊ ကြက်ဥခေါက်ဆွဲကြော်လေးဆွဲရင်း အကိတ်လေးတွေကဲတဲ့ မယ်ရွေးပွဲဗီဒီယိုဖိုင်လေးတွေနဲ့ ဖုန်းပွတ်ရင်း နားလိုက်ကြစို့ အိုင်ပီရေ။"