ရွှေပြည်နယ်ကရွှေ
ကျွန်တော်တို့က ရွှေပြည်နယ်(Golden State)က ရွှေတွေပေါ့။ရွှေတွေပီပီ ဘယ်ရောက်ရောက် မသင့်မြတ်ကြတာလေးတွေ၊ အဖွဲ့ကွဲတာလေးတွေတော့ အနည်းအများရှိတာပေါ့။ ဒါပေမဲ့အများအားဖြင့်ကတော့ ကိုယ့်အလုပ်ကိုယ်ရှုပ်ပြီး ရုန်းကန်နေကြရတာမို့ ရန်ဖြစ်ချိန်မရှိကြပါဘူး။ မအားကြပါဘူး။
ကယ်လီဖိုးနီးယားဆိုတဲ့ ရွှေပြည်နယ်ကိုရောက်နေကြတဲ့ ရွှေမြန်မာတွေက အများကြီး။ ကယ်လီဖိုးနီးယားတောင်ပိုင်းL.Aတဝိုက်က ရွှေတွေအများဆုံး။ တစ်သောင်းနီးပါးလောက်ရှိမယ်။ မြောက်ပိုင်းက ဆန်ဖရန်တဝိုက်မှာလည်း ထောင်ချီရှိပါတယ်။
မြန်မာပြည်ပေါက်တွေမို့ လူမျိုးစုံ၊ ဘာသာစုံပေါ့။ ၈၈နောက်ပိုင်းမှာ ရောက်ကြတဲ့သူများလေတော့ လွှတ်တော်အမတ်၊ NLDပါတီဝင်၊ တောခို၊ တပ်မိသားစု၊ ခရိုနီအမျိုး၊ အဘတွေရဲ့လူစသည်နဲ့ ပါလာကြတယ်။ နိုင်ငံရေးတက်ကြွသူနဲ့ နိုင်ငံရေးတက်ကြွသူတွေကို ကြောက်လန့်သူဆိုပြီး ဘက်တွေဖြစ်ကုန်တယ်။ မြန်မာ့နိုင်ငံရေးက ဒီဖက်အထိ ရိုက်ခတ်ခဲ့တာ။
ဆန္ဒပြတဲ့အထဲပါရင် ပြန်လို့မရမှာစိုးလို့၊ နိုင်ငံရေးတက်ကြွသူနဲ့ပေါင်းရင် သံရုံးကသိမှာစိုးလို့ဆိုတဲ့ အကြောက်တရားတွေက သံမှိုစွဲသလိုစွဲခဲ့ကြတော့ ဒီရောက်တဲ့အထိ အကြောက်မပြေကြသေး။ အခုတော့ ရွှေပြည်ကြီးက မြန်မာတွေရဲရင့်လာကြသလို ဒီဖက်ရွှေပြည်နယ်ရောက် မြန်မာတွေလည်း ရဲရင့်လာကြပါပြီ။ မကြောက်တရားတွေ မွေးလာကြပါပြီ။ အားလုံးအဆင်ပြေပြေ ပေါင်းတတ်သင်းတတ်ကြပါပြီ။ အန်တီစုရဲ့အမျိုးသားရင်ကြားစေ့ရေးက ဒီအထိ အလုပ်ဖြစ်တဲ့သဘောပေါ့။
မြန်မာပြည်သား၊ဘာသာရေးကိုင်းရှိုင်းတဲ့လူတွေပီပီ ရောက်တဲ့နေရာမှာ ဘာသာရေးအဆောက်အဦတွေ တည်ထောင်ကြတယ်။ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေပင့်လာကြတယ်။ ဒါမှလည်း မြန်မာတွေအတွက် ရိုးရာဆိုင်တဲ့ ဘာသာရေးအခမ်းအနားတွေမှာ အဆင်ပြေကြမှာပါ။
ဘာသာရေးဆိုင်ရာအဆောက်အဦတွေကို ရှိတဲ့ငွေလေးနဲ့လုပ်ကြရတော့ စည်းကမ်းနဲ့အညီမလုပ်နိုင်ကြတာ အများစု။ ရပ်ကွက်ထဲကအိမ်ဟောင်းလေးဝယ်၊ နည်းနည်းပြင်ပြီး လုပ်ကြရတာများပါတယ်။ ကြာတော့ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနဲ့ပဋိပက္ခတွေ တက်ပါလေရော။
ဒီနိုင်ငံမှာ အစစကို လုပ်ချင်သလို လုပ်ခွင့်မရှိပါ။ စည်းကမ်းနဲ့မညီရင်ပြသနာရှိပါတယ်။ ရပ်ကွက်ထဲကအိမ်ဆိုပါတော့။ လူတွေအများကြီးစုမိလို့ ဆူညံနေရင်၊ ကားတွေကို စည်းကမ်းမဲ့ရပ်ထားရင်၊ အမှိုက်တွေကို တွေ့ရာစွန့်တယ်ဆိုရင်၊ မကြေနပ်လို့ ရဲတိုင်ပြီဆိုရင် ပြသနာတွေတက်ပါရော။ နောက်ပြသနာက အဆောက်အဦတိုးချဲ့မှု။ ကိုယ့်ခြံထဲမှာကိုယ် ထင်သလိုဆောက်ခွင့်မရှိတဲ့အတွက် ရဲကလာစစ်လို့တွေ့ရင် ပြန်ဖျက်ပေးရတော့ ငွေတွေဆုံး၊ အချိန်တွေကုန်၊ အလှူရှင်တွေလည်း စိတ်ဆင်းရဲကြ။
စည်းကမ်းတကျ တည်ထောင်ထားတဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ လူသိပ်မရှုပ်၊ ပတ်ဝန်းကျင်ရဲ့မျက်စိနောက်မှုသက်သာပြီး အတိုင်အတောမခံရလို့ ပြသနာမရှိတဲ့ အဆောက်အဦတွေပဲ ကြာရှည်ဖွင့်နိုင်ကြတယ်။ ပြသနာတက်တဲ့နေရာတွေက ပြောင်းရရွှေ့ရမို့ အတော်ဒုက္ခရောက်ကြရတယ်။
မြန်မာကွန်မြူနတီအတွက် စုဝေးရာနေရာကလည်း ဒီလိုဘာသာရေးအဆောက်အဦတွေပါပဲ။ ခရစ်ယာန်က သူတို့ဘုရားကျောင်းမှာစုဝေးကြတယ်။ မွတ်စလင်က ဗလီမှာစုကြတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘုန်းကြီးကျောင်းမှာစုကြတယ်။ဘာသာရေးပွဲတွေ၊ လူမှုရေးပွဲတွေလုပ်ကြတယ်။ ဆူညံ၊ညစ်ပတ်၊ စည်းကမ်းမဲ့အဖြစ်တွေက ဒါကြောင့်ဖြစ်ပေါ်ရတာ။
ဘာသာရေးနဲ့နွယ်တဲ့ယဉ်ကျေးမှုဆိုင်ရာတွေ မတိမ်ကောသွားရေးလည်း ဒီလိုဘာသာရေးအဆောက်အဦတွေမှာပဲ ဝိုင်းဝန်းဆောင်ရွက်နေကြရတယ်။ မြန်မာမှု မြန်မာ့ဓလေ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာလေးတွေကို နောင်မျိုးဆက်အတွက် တတ်နိုင်သမျှ ဝေငှပေးနေကြတယ်။ နိုင်ငံရပ်ခြားရောက်မှ မြန်မာ့ယဉ်ကျေးမှုကို ပိုလို့ထိမ်းသိန်းဖြစ်နေကြတယ်လို့ ပြောရင်လည်းရမယ်ထင်ပါရဲ့။
ရွှေတွေက ရွှေမြေကထွက်လာပြီး ရွှေပြည်နယ်မှာ အခြေချရင်း ဘဝအတွက် ရုန်းကန်နေကြတယ်။ ဒီကြားထဲက ဘာသာရေး၊ လူမှုရေးတွေရှိရင်လည်း ဝိုင်းကြဝန်းကြတယ်။ ယဉ်ကျေးမှုဆိုင်ရာပွဲတွေမှာလည်း ပါဝင်ဆင်နွဲကြတယ်။ ဒါ ချစ်စရာမြန်မာဓလေ့ပါ။ ကိုယ်နဲ့မဆိုင်သလို ကွန်မြူနတီနဲ့ဝေးဝေးနေပြီး ဘာပွဲမှမလာတဲ့ရွှေတချို့လည်းရှိပေမဲ့ များသောအားဖြင့်ကတော့ ကိုယ်သန်ရာသန်ရာမှာ တတ်နိုင်သလောာက်ပါဝင်ကူညီနေကြပါတယ်။ ရွှေပြည်နယ်မှရွှေများသာ ဒီလိုမဟုတ်ပါ။အမေရိကားသာမက တကမ္ဘာလုံး နေရာအနှံ့ကရွှေတွေ ဒီအတိုင်းပါပဲ။
ရွှေတွေရောက်လာကြတာတဖွဲဖွဲ။ ရောက်စတော့ ဒုက္ခရောက်ကြတာပေါ့။ နောက်တော့လည်း အမေရိကားရဲ့လူနေမှုပုံစံထဲမှာ အံဝင်သွားပြီး ပျော်သွားကြတာပါပဲ။ အမေရိကားရဲ့လူနေမှုပုံစံက ရှင်းပါတယ်။ အလုပ်လုပ်ပါ။ ရတဲ့ငွေကိုသုံးပါ။ များများသုံးနိုင်အောင် ငွေချေး။ ကိုယ်တွေကလည်း လိုအပ်ချက်ကများ၊ ခရက်ဒစ်တွေအရမ်းရတော့ ဝယ်လို့လည်းကောင်း၊ ကြာလာတော့ အကြွေးတွေပတ်လည်ရိုက်။ အကြွေးဆပ်ဖို့ အလုပ်ပိုလုပ်၊ အကြွေးထပ်ပေး အလုပ်ပိုလုပ်၊ ဒါပဲ။ အကြွေးများမှဂုဏ်ရှိတဲ့သူတွေ။ အများကြီးအကြွေးယူတာ အများကြီးဝင်ငွေရှိကြလို့ပေါ့။ ပြန်မဆပ်နိုင်ရင် ခရက်ဒစ်ပျက်ရင် အမေရိကားမှာ ဘဝပျက်တာနဲ့အတူတူ။
အရမ်းချမ်းသာသူတွေအတွက်တော့ အမေရိကားရဲ့ရွှေပြည်နယ်က ပျော်စရာဖြစ်မယ်မထင်။ မြန်မာပြည်မှာ ခိုင်းစရာလူတလှေကြီးရှိပေမဲ့ ဒီမှာက ကိုယ်ထူကိုယ်ထစနစ်။ ဟိုမှာ ထိုင်နေရင်းငွေတွေဝင်နေပေမဲ့ ဒီမှာက အလုပ်ကို အလုပ်နဲ့တူအောင်လုပ်မှ ငွေရတဲ့စနစ်။ ဟိုမှာဆရာကြီးလုပ်လို့ရပေမဲ့ ဒီမှာက ဆရာကြီးတွေများလို့မတိုးနိုင်။ ဟိုမှာငွေနဲ့ရှင်းလို့ရပေမဲ့ ဒီမှာမဖြစ်နိုင်။ ဒီလိုလူတွေကတော့ ရွှေပြည်နယ်မှာ အလည်လာရုံကလွဲလို့ နေနိုင်စရာမရှိ။
ကျွန်တော်တို့လို သာမန်မရှိမရှားသမားတွေအတွက်ပဲ ရွှေပြည်နယ်က ရွှေလိုတန်ဖိုးရှိမှာပါ။ လူကိုလူလို တန်ဖိုးထားခံရမှုရှိတဲ့၊ ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊ လူနေမှုစနစ် အားလုံးအဆင်ပြေပြေရှိတဲ့ ရွှေပြည်နယ်မှာ ရွှေတွေပျော်ကြပါတယ်လို့ ရွှေတွေနေတဲ့ ရွှေပြည်နယ်အကြောင်းလေး လက်တို့ပြီးတော့ ပြောလိုက်ပါတယ်။
ရွှေပြည်တော်(Golden Land)က ရွှေသူငယ်ချင်းမိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ(ခ)မောင်ရေခဲ
No comments:
Post a Comment