ခရီးသွားမြင်ကွင်းကျယ်(၃)
ပုဂံမနက်ခင်းက လှလွန်းစွ။ ပုဂံမြို့ဟောင်းကားအရင်အတိုင်းခန့်ခန့်ညားညား။ သူငယ်ချင်းကောင်းမှုဖြင့်တည်းခိုရသော ပုဂံဟော်တယ်က မြစ်ကမ်းပါးမို့ မနက်စာစားရင်း ဧရာဝတီကိုငေးမောနိုင်သည်။ မြစ်ထဲမှာ စက်သံတညံညံဖြင့် မော်တော်လေးတွေ ခရီးနှင်နေကြပြီ။ ဟော်တယ်ဝင်းအတွင်းရှိ ရှေးဟောင်းစေတီနှစ်ဆူကိုလည်း ဖူးခဲ့ရသည်။
ပုံဂံမြို့ဟောင်းက အရင်အတိုင်း ခန့်ညားလှ၏။ ဘာမှ ပြောင်းလည်းပုံမရ။ ခရီးသွားရာသီမဟုတ်သေးလို့ထင့်။ ခြောက်ကပ်ကပ်။
မနက်အစကို ထီးလိုမင်းလိုနှင့်စဖွင့်သည်။ ဟော်တယ်နှင့်ကပ်ရက်စေတီ။ ပြီးတော့ ဗူးဘုရားဆိပ်သို့ချီတက်၊ တဖက်ကမ်းရှိ တစ်ဆူတည်းသောစွယ်တော်စေတီဖြစ်သည့် တန့်ကြည့်တောင်ဆီသွားဖို့ မြစ်ဧရာကို မော်တော်ငှား၍ကူးခဲ့၏။
ပုဂံရာဇဝင်အရတော့ ညောင်ဦးဖီးက မြစ်ဧရာကို အသွားအပြန် လက်ပစ်ကူးနိုင်သတဲ့။ နှစ်တစ်ထောင်က ဧရာက ဘယ်မျှကျယ်မည်မသိသော်လည်း ကမ်းပါးပြို သောင်ထွန်းမှုတွေကြောင့် ယခုတော့ အတော်ကောနေပြီ။ အလယ်ကျွန်းကြီးတွေက အခိုင်အမာ။ မကြာခင် မြစ်ကြောင်းပိတ်သွားမှာလားတောင် စိတ်ပူမိသေး။ နာမကျန်းသည့်အိုမိခင်ဧရာဝတီ။
တဖက်ကမ်းရှိ တန့်ကြည့်ရွာမှာ ကားထပ်ငှား၊ တန့်ကြည့်တောင်ပေါ်ရောက်။ တန့်ကြည့်တောင်ကား ပုဂံ၏တဖက်ကမ်းမှာမို့ အလွန်ရောက်ခဲသောစေတီပင်။ စွယ်တော်လေးဆူဝင်။ကျောက်နဂါးဆိုတာကြီးလည်း တွေ့ခဲ့ရ။ နွားနို့ရောင်းသူ၊ပန်းရောင်းသူတွေကဘေးမှာအဆင်သင့်။ နဂါးကြီးကိုတိုက်မည့်နွားနို့က ဖန်ခွက်တစ်ခွက်စာ။ နဂါးကြီးကိုယ်လုံးက ရာဝင်အိုးလောက်ရှိ၊ ဒီနို့လောက်တော့ နံကြားပင် ညှပ်မည်မထင်။
တန့်ကြည့်တောင်ပေါ်မှ မြင်ကွင်းက ရင်သတ်ရှုမောဖွယ်။ တောင်စဉ်တောင်တန်းတွေက တွန့်ခေါက်လိမ်ပတ်လျှက်။ မြစ်ဧရာ၏ ပျက်စီးနေမှုအစုစုကို ကောင်းစွာမြင်ခဲ့ရသည်။ ဧရာဝတီကို ကယ်တင်ကြပါ။
တန့်ကြည့်တောင်ဖက်မှ ပုဂံမြို့ဟောင်းဖက်ပြန်ကူးဖို့ မြစ်ကိုထပ်ဖြတ်၊ လောကနန္ဒာစွယ်တော်စေတီထံခရီးဆက်။ လောကနန္ဒာခြေရင်းရှိ ငါးကြော်၊ ပုဇွန်ကြော်တွေစား၊ နာမည်ကျော် လောကနန္ဒာနွားနို့သောက်။ အရင်လို ဈေးသည်တွေအတင်းမအုံတော့ပြီ။ စည်းကမ်းသတ်မှတ်ပေးထားပုံရ၏။ ဘေးမဲ့ကန်မှာ ငါးစာကျွေး။ သမီးက ဝဖီးနေသော ငါးများအစား ပိန်လှီနေသော လမ်းဘေးခွေးများကို အစာကျွေး၊ နို့တိုက်ခဲ့၏။ ခွေးလေခွေးလွင့်တွေလည်း မနည်းလှ။
အနီးရှိ မနူဟာဝင်ဖူး။ မနူဟာရောက်တိုင်း ငွေကန်တော့နေကြအဖွားအိုကိုထပ်တွေ့၊ ငွေလှူ။ တုရင်တောင်စွယ်တော်စေတီသို့ဆက်သွား။ အနီးအနားမှာ ထန်းလျှက်တွေဝယ်။ ညောင်ဦးသို့ပြန် ရွှေစည်းခုံစွယ်တော်စေတီဝင်ဖူး။ ပုန်းရည်ကြီးဝယ်။ ပြီးတော့ အီးဘိုက်ခ်စီး။
E Bike ကို ပထမဆုံးစီးဖူးခြင်းပင်။ လီဗာမနိုင်ခင် အခက်တွေ့သော်လည်း နိုင်သွားတော့ စီးကောင်းလှ၏။ ထိုစီးတော်ယဉ်ကိုခွ၍ ထုမှာ ဓမ္မရံကြီးသို့ ချီတက်။ နေဝင်ချိန်ကြည့်ဖို့ ရွှေဆံတော်ပေါ်တက်ခွင့်မရတော့ပါ။ ဘုရားတွေပေါ်တက်ခွင့်ပိတ်လိုက်ပြီ။ ကောင်းလေစွ။ ရှေးဘုရားတွေ ရေရှည်ခံဖို့ ဖြစ်သည်။
ဓမ္မရံကြီးမှ အီးဘိုက်ခ်ဖြင့် ညောင်ဦးပြန်။ အီးဘိုက်ခ်ငှားသူတွေလည်းအများအပြား။ စီးနေကြသူ နိုင်ငံခြားသားများလည်းမနည်းလှ။
နောက်နေ့မနက်စောစော မနက်စာစားပြီးနောက် အာနန္ဒာရောက်။ ထုံးတွေဖယ်ထုတ်ထားတဲ့ဘုရားကို အထပ်ထပ်ပတ်။ အနုမှာအာနန္ဒာ။ အနုသုခုမတွေက အခေါက်တိုင်းဖူးမဝ။ ဘုရားဖူးတွေတော့ သိပ်မရှိ။ စောသေးလို့ထင်။
ညောင်ဦးဈေးခဏဝင်။ ဈေးဝယ်။ ပုဂံမှာဈေးဝယ်လိုရင် ဒီမှာဈေးအမှန်ဆုံး။ ယွန်းထည်ကောင်းကောင်းအစစ်လိုချင်လို့ ယွန်းလုပ်ငန်းပင်ရင်းသွား။ ရှေးခေတ်လက်ရာအတိုင်း သဘာဝစစ်စစ်ယွန်းထည်တွေမို့ဈေးကတော့ မသေး။ ဘုရားဈေးကယွန်းထည်တွေလိုမပေါ။ ဒေါ်လာနှင့်ရော မြန်မာငွေနှင့်ပါဝယ်လို့ရသော်လည်း ဒေါ်လာပေးလျှင် မြန်မာ့ထုံးစံအတိုင်း အသစ်သာလက်ခံသည်။ ဒေါ်လာနည်းနည်းဟောင်းလျှင် ငွေလဲနှုန်းတစ်ဆယ်နီးပါးကွာနိုင်ပါ၏။ ခေါက်ရိုးမကျိုးသေးသော ဒေါ်လှအသစ်စက်စက်များသာ ထုံးစံအတိုင်း ယူသွားကြပါကုန်။
ယွန်းထည်တစ်ခုရှေးမူမပျက် သဘာဝအတိုင်းဖြစ်ဖို့အဆင့်တွေအများကြီး။ မြန်မာယွန်းပညာရှင်တွေလည်းနည်းလာချေပြီ။ ဆိုင်ကြီးတစ်ဆိုင်လုံးဈေးဝယ်နေသူ ကိုယ်တစ်ယောက်ထဲ။ အတော်ကြာအောင် ဆိုင်ရှင်နှင့် စကားတွေပြောပြီး ပြန်ခါနီးမှ နိုင်ငံခြားသားနှစ်ဦးရောက်လို့လာ၏။ ညောင်ဦးသားတို့ထုံးစံအတိုင်းနိုင်ငံရေးကို စိတ်ဝင်စားပုံမရသော ဆိုင်ရှင်ကပြောလိုက်သေး၏။ ဒီလိုအရောင်းပါးနေတာ ကြာပြီအကိုရေတဲ့။ ဒီအစိုးရက မလုပ်တတ်ဖူးထင်ပါရဲ့တဲ့။ (အန်တီရေ။ ပြည်သူတွေကတော့ အပြတ်ငြီးနေကြလေရဲ့။)
ပုဂံကိုနှုတ်ဆက်ရဖို့အချိန်ရောက်ပြီ။ ဂွတ်ဘိုင်ပုဂံရေ။ ဆီးယူ နိတ်စတိုင်းပေါ့ကွယ်။
ညောင်ဦးချောက်ကားလမ်းအတိုင်းချောက်ကိုဆင်း။ ဆိုးလိုက်သည့်လမ်း။ စဥ့်ကူကိုဖြတ် ချောက်ကိုအဝင်တွင် စလေစား ဆရာစံက လာစောင့်နေ။ သူ့ကိုယ်ပိုင်ကျောင်းရှိရာသွားဖို့ ဧရာကိုဖြတ်။ အနော်ရထာတံတားဆိုပဲ။ တဖက်ကမ်းက ဆိပ်ဖြူမြို့ကိုဖြတ်။ စလင်းဖက်သို့ခရီးဆက်။ ဆရာစံ၏ကျောင်းရှိရာ တညောင်ဆီရောက်။
အညာမြို့လေးတွေအတော် တိုးတက်နေပြီ။ ဆရာစံကျောင်းမှာကျောင်းအိပ်ကျောင်းစား လေးရာနီးပါး။ ပညာရေးကိုအားပေးနေကြပြီ။ အနာဂတ်သမ္မတကြီးတွေထဲမှာ တညောင်ကျောင်းထွက်တွေမပါနိုင်ဟု မည်သူပြောနိုင်အံ့။ (ဆရာမင်းကျော်လိုပြောကြည့်တာ။)
ဆရာစံကချောက်မှာဧည့်ခံ။ အချိန်မ
တော့လို့ စလေရုပ်စုံကျောင်းသို့ လေ့လာရေးမရောက်လိုက်ရ။ မန်းလေးကရွှေကျောင်းကြီးလို အနုသုခုမတွေပြည့်နေသော ဘုန်းကြီးကျောင်းကြီးပါတဲ့။ နောက်အခေါက်ပေါ့ကွယ်။
ချောက်မှညနေလေးနာရီမှထွက်ခဲ့။ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ အမြန်လမ်း၊ ရန်ကုန်သို့ ညသန်းကောင်နီးမှ ပြန်ရောက်ခဲ့ရ။
လမ်းပန်းဆက်သွယ်ရေးတွေတိုးတက်လာသော်လည်း ပြုပြင်ထိမ်းသိန်းမှုအားနည်းလှသဖြင့်ပျက်စီးနေသောလမ်းများကိုဖြတ်ခဲ့ရ။ BOD စနစ်အရ တံတားဖြတ်ခ၊ လမ်းဖြတ်ခ၊ မြို့ဝင်ကျေး စသည်တို့ကို ပေးရသည့်နေရာများစွာကို ကြုံခဲ့ရ။ လူငယ်တွေအလုပ်မရှိကြ။ လူကြီးတွေညီးညူကြ။ နေရာတိုင်းမှာ ဈေးသည်တွေသာပိုတိုးလာနေပြီး ဈေးဝယ်သူသိပ်မတွေ့။
ခရီးသွားမြင်ကွင်းကျယ်ကား အရင်နှစ်များကနှင့်ယှဉ်သော် သိပ်မထူးလှပါဟုသာ ဆိုပါရစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment