Saturday, January 6, 2018

မဟာတံတိုင်းသွားတောလား

မဟာတံတိုင်းသွား တောလား

ရှင်မဟာရဌသာရတို့လို ရွှေစက်တော်သွားတောလားတော့ မရေးတတ်ပါဘူး။ နို့ပေမဲ့ ခေါင်းစဉ်လေးကိုတော့ မှီငြမ်းပြုခွင့်ပေးပါ။ ပေါက်ဖေါ်တို့တိုင်းပြည်ရဲ့ မဟာတံတိုင်းကြီးကိုသွားခဲ့တဲ့အကြောင်းရေးမှာမို့ မဟာတံတိုင်းသွား တောလားပေါ့။

မြန်မာပြည်ကနေ အမေရိကားကိုအိမ်အပြန်လမ်းမှာ မဟာတံတိုင်းကြီးက တည့်တည့်ရှိနေပေတော့ ရောက်အောင်သွားဖြစ်ခဲ့တာ။ ဇာတ်ရည်လည်အောင် ရှင်းပြရရင်တော့ Air China လို့ခေါ်တဲ့ ပေါက်ဖေါ်ကြီးပိုင် လေကြောင်းလိုင်းနဲ့ အိမ်အပြန်လက်မှတ်ဝယ်ထားမိတယ်။ transit က ပီကင်း(Beijing) မှာ ဆယ်နာရီ နားရမယ်တဲ့။ ဒါနဲ့ပဲ အချိန်ရတာကြောင့် သွားမယ်ဆိုပြီး ရောက်ဖြစ်ခဲ့တာပဲ။ ပီကင်း transit ကိုဆယ်နာရီလောက်အနည်းဆုံးကြာမဲ့သူတွေ သွားသင့်တဲ့ခရီးစဉ်တစ်ခုအကြောင်းဆိုပါတော့။

လေယာဉ်လက်မှတ်ဝယ်ပြီးထဲက online မှာ tour agency ရှာပြီး ဒီခရီးစဉ်ကို ရက်ချိတ်လို့ရတယ်။ group နဲ့ရသလို private tour လည်းရတယ်။ ဈေးသိပ်မကွာလို့ ကျွန်တော်ကတော့ private tour ပဲချိတ်ထားလိုက်တယ်။ကျွန်တော့ရဲ့ မဟာတံတိုင်းကြီးခရီးက နေ့တဝက်ခရီးစဉ်ပါ။  transit မှာ အချိန်ပိုရသူတွေကတော့ မဟာတံတိုင်းအပြင် ဘုရင့်နန်းတော်ဟောင်း (forbidden city) တို့ နွေရာသီစံနန်းဆောင်( summer palace) တို့ ပြည်သူ့ရင်ပြင်(Tiananmen Square) တို့ စသည်ထဲက တစ်ခုခုကို အပိုချိတ်ပြီး လည်ပတ်နိုင်ကြပါတယ်။

တရုတ်ပြည်တစ်ခုကိုပဲ သွားလည်ဖို့အတွက်ဆိုရင်တော့ သက်ဆိုင်ရာနိုင်ငံရဲ့ တရုတ်သံရုံးမှာ ဗီဇာသွားယူထားဖို့လိုပါတယ်။ ကျွန်တော်တို့လို့ ခေတ္တခဏဝင်ရောက်ပြီး အခြားနိုင်ငံကိုခရီးနှင်သူများအတွက်ကတော့ free transit visa ကို လေဆိပ်ရောက်မှ လျှောက်ရပါတယ်။ 24 hrsကနေ 144hrs အထိ ပေးပါတယ်။ နိုင်ငံအလိုက်မတူပါ။ မြန်မာနိုင်ငံသားအတွက် 24hrs ရပြီး ဂျပန်၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေအတွက် 144hrs ထိပေးပါတယ်။ (အရင်က အနောက်နိုင်ငံတွေအများစုကို 72hrs ပေးတယ်။သုံးရက်ပေါ့။ အခုမှ ခရီးသည်တွေပိုလာစေချင်လို့ ရက်ပိုပေးတယ်ထင်ပါတယ်။ )

အဲချိုင်းနား(Air China) ကြီးက ဈေးသက်သာပြီး စီးလို့အဆင်ပြေပေမဲ့ လေဆိပ်မှာ transit အချိန်တွေက ကမောက်ကမ။ မြန်မာပြည်အသွားမှာ transit အချိန်တစ်နာရီထဲမို့ ပြေးလိုက်ရတာ ဖတ်ဖတ်မောပဲ။ နှေးနေလို့ကျန်ခဲ့ရင် ပြသနာ။ လေယာဉ်တံခါးပိတ်ခါနီးကွက်တိရောက်သွားပေလို့ တော်တော့တယ်။ ပီကင်း လေဆိပ်ဝန်ထမ်းတွေကတော့ စံပါပဲ။ အင်္ဂလိပ်လိုနားမလည်သူက အများစု။ ပြန်ဖြေတာလည်း အပေါက်အလမ်းမတည့်။ တရုတ်စကားမတတ်တဲ့ ကိုယ့်အပြစ်လို့ပဲခံယူပါတယ်။ လေဆိပ်ထဲမှာ တဝဲလည်လည်ဖြစ်နေလို့ကတော့ မြန်မာအသွားလေယာဉ်လွတ်မှာ အသေအချာပဲ။ မောင်လူပေ့သူငယ်ချင်းအချို့လည်း transit အချိန်မလောက်လို့ ပီကင်းလေဆိပ်မှာကျန်ရစ်ခဲ့ကြတာ အများအပြားရှိတယ်။ မြန်မာပြည်တစ်ခုထဲ transit အချိန်နည်းတာမဟုတ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာကိုသွားမဲ့ ခရီးသည်တွေလည်း ကိုယ်တွေလိုပဲ လေယာဉ်ပြောင်းချိန် တစ်နာရီထဲမို့ ပြေးလွှားကြရပါတယ်။ တန်းစီနေတဲ့လူတန်းကြီးကိုတောင်းပန်ပြီး ရှေ့ကရောက်အောင် ကြံဖန်ရပါတယ်။

မြန်မာပြည်အသွား transit အချိန် တစ်နာရီထဲရပေမဲ့၊ အမေရိကန်အပြန် transit ကြတော့ ဆယ်နာရီတောင် ကြာတယ်။ ဒီလိုကြာလို့လည်း မဟာတံတိုင်းကြီးလိုနေရာကိုသွားဖို့ အချိန်ရပါတယ်။ သူ့နိုင်ငံထဲမှာလည်ပတ်လိုသူတွေအဆင်ပြေအောင်၊ တနည်းအားဖြင့် ခရီးသွားလုပ်ငန်းနဲ့ သူ့နိုင်ငံသားတွေ ငွေရှာနိုင်အောင် တမင်ကို အကြာကြီးအချိန်တွေကွာဟထားတယ်လို့ ထင်မှတ်ရပါတယ်။ ကိုယ်တွေသာမကပဲ အခြားသောအနောက်တိုင်းပြည်များကို transit လုပ်မဲ့ခရီးသည်များလည်း အနည်းဆုံး ၉နာရီ၊ ၁၀နာရီအထိ စောင့်ကြရလို့ပါပဲ။

အချိန်တွေအများကြီးပါဆိုပြီး မပေါ့လိုက်ကြပါနဲ့။ ပီကင်းလေဆိပ်ကိုရောက်ပြီဆိုတာနဲ့ free visa လျှောက်ရမဲ့နေရာကို အမြန်ဆုံးရောက်အောင် သွားဖို့လိုပါတယ်။ ကိုယ့်လိုဗီဇာလျှောက်လိုသူတွေတောင်လိုပုံနေပေမဲ့ ဗီဇာစီစစ်ပေးမဲ့အရာရှိက တစ်ဦးကနေ အများဆုံးသုံးဦးအထိသာ ရှိပါတယ်။ တစ်ဦးစစ်ဆေးပြီး ဗီဇာတုံးထုပေးတဲ့အထိကိုပျမ်းမျှအားဖြင့် ငါးမိနစ်ခန့်ကြာပါတယ်။ ဒါကြောင့် တစ်နာရီကို ဆယ့်နှစ်ဦး၊ အများဆုံး ဆယ့်ငါးဦး လောက်ပဲ ပြီးစီးပါတယ်။ ကိုယ့်ရှေ့မှာ လူပေါင်းနှစ်ရာကျော် သုံးရာနီးပါးလောက်ဆိုရင်တော့ သေပြီဆရာပါပဲ။ ဒီလူတန်းကြီးကို ကျော်ခွပြီး ရှေ့ကရောက်အောင်လုပ်ဖို့ကလည်း အတော်မျက်နှာပြောင်မှ ဖြစ်နိုင်ပါတယ်။

ပီကင်းရောက်လို့လေယာဉ်ကထွက်ပြီဆိုတာနဲ့ ‘ Exit, Baggage Claim’ ဆိုတဲ့မြားအတိုင်းလိုက်ရမယ်။ အတော်လျှောက်မိရင် ‘China Inspection and Quarantine ‘ ဆိုတာတွေ့မယ်။ အဲဒီလမ်းအတိုင်းဆက်လျှောက်ပါ။ ' 24/72 hr international transfer (Apply for Leaving Airport) ‘ ဆိုတဲ့နေရာကိုရောက်ပါ့မယ်။ ဆိုင်းပုဒ်က အပြာရောင်အောက်ခံ အဖြူရောင်စာလုံးတွေနဲ့ရေးထားတယ်။ ဒီကောင်တာဘေးမှာ အခြား Airline တွေရဲ့ Boarding Pass လဲလှယ်ပေးရာကောင်တာလည်းရှိပါတယ်။

( မှားတတ်တာကတော့ လမ်းမှာ LED မီးအနီတွေနဲ့ ဒီဆိုင်းပုဒ်ပုံစံတူတစ်ခုရှိပြီး ကောင်တာပိတ်ထားတာတွေ့ရင် ယောင်မှားပြီး တန်းမစီမိပါစေနဲ့။ ဆက်လျှောက်ပါ။ ' Exit and Entry Certificate Service Office ' တို့ ' Transit for International Flights within 24 hrs ' တို့ တွေ့ရင်လည်း မလိုက်သွားမိဖို့ ဂရုပြုပေးပါ။ အလွန်ဝေခွဲရခက်စေတဲ့ လမ်းညွှန်တွေဖြစ်ပါတယ်။ ဒီလိုမှားဝင်သွားမိရင်တော့ ပြန်ထွက်ရန်လမ်းစမရှိတော့ပါ။ ပီကင်းလေဆိပ်ဟာ ဒီလိုလမ်းညွှန်ဆိုင်းပုဒ်တွေကြောင့် လမ်းတွေမှားပြီး လေယာဉ်လွတ်တတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။)

Free visa ထုတ်ပေးတဲ့နေရာဖြစ်တဲ့ 24/72 hr international transfer (Apply for leaving airport)  ကောင်တာမှာ free visa ရယူပြီးရင်တော့ Immigration ကိုဖြတ် စက်လှေကားနဲ့အောက်ထပ်ကိုပြန်ဆင်းလိုက်ရင် ရထားတစ်ခုတွေ့ရမယ်။  အခုရောက်နေတဲ့နေရာက T3E တဲ့။ T3C ရောက်အောင် ရထားဆက်စီးရတယ်။ (ရထားက T3E- T3D- T3C သုံးနေရာထဲကို လွန်းပျံပြေးနေတဲ့ လျှပ်စစ်ရထားငယ်လေးပါ။)

T3C ရောက်ရင်တော့ Exit အတိုင်းလိုက်သွားပြီး Exit B ကနေ ထွက်လိုက်ပါ။ အပြင်မှာစားသောက်ဆိုင်တွေအများကြီးတွေ့ပါမယ်။ ကိုယ်နဲ့ချိတ်ထားတဲ့ tour guide က ကြိုနေပါလိမ့်မယ်။

မောင်လူပေတို့လေယာဉ်က မနက်ခြောက်နာရီမှာရောက်မှာမို့ tour guide နဲ့မနက်ရှစ်နာရီမှာ စားသောက်ဆိုင်တန်းက Starbucks coffee shop ရှေ့မှာတွေ့ဖို့ချိန်းထားတယ်။ တကယ်တွေ့ကြတော့ မနက်ဆယ်နာရီရှိသွားပြီ။ free visa ရဖို့တန်းစီရင်းကြာသွားတဲ့အတွက် နောက်ကြရတဲ့အဖြစ်။ ဒါတောင် လူတန်းကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ကျော်ခွပြီး ရှေ့ကရောက်ခဲ့လို့ အခုလိုထွက်နိုင်တာ။ လူတန်းအတိုင်း တန်းစီနေလို့ကတော့ အချိန်မှီထွက်နိုင်စရာမမြင်။

ချိန်းထားတဲ့အချိန်ထက် နောက်ကျနေလို့ ကိုယ့်ရဲ့ tour guide နဲ့ ဆက်သွယ်ချင်ရင်တော့ အလွန်ခက်ပါတယ်။ ပီကင်းလေဆိပ်မှာ free WiFi ရှိပေမဲ့လက်တွေ့သုံးလို့မရ။ ကမ္ဘာတစ်ခုလုံးသုံးကြတဲ့  Google တို့ Facebook တို့ Instagram တို့လည်း တရုတ်ပြည်က ပိတ်ထားလေတော့ အလုပ်မဖြစ်။ ကိုယ့်ဖုန်းမှာ International data ရှိမှပဲ ဆက်သွယ်လို့ရမှာပါ။

ကော်ဖီဆိုင်မှာ ထိုင်စောင့်နေတဲ့ tour guides တွေက တလှေကြီးပဲ။ သူတို့ရဲ့ လူတွေက ထွက်မလာကြသေး။ ကိုယ်တွေထွက်လာတော့ tour guide ကတောင် အံ့သြလို့။ ကိုယ့်လေယာဉ်ထက် တစ်နာရီစောရောက်တဲ့လေယာဉ်ကလူတွေတောင် ထွက်မလာနိုင်သေးဘူးတဲ့။ ဘယ်လိုလုပ်ပြီး ထွက်လာသလဲတဲ့။ မေးခွန်းတွေမေးနေသေးရဲ့။

ပီကင်းလေဆိပ်ကြီးက မြို့ပြင်မှာဖြစ်ပြီး အဝေးပြေးလမ်းမကြီးတွေနဲ့ဆက်ထားတာကြောင့် သွားရတာအလွန်အဆင်ပြေပါတယ်။ မဟာတံတိုင်းကြီးတည်ရှိရာက မြို့ပြင်တောလမ်းမို့ နာမည်ကျော် ပီကင်း traffic jam နဲ့လည်း တိုးစရာမရှိ။ လေဆိပ်နဲ့ မဟာတံတိုင်းကြီးရှိရာကို တစ်နာရီလောက်ကားမောင်းရင် ရောက်ပါတယ်။

မဟာတံတိုင်းကြီးက မိုင်ထောင်ချီရှည်လျှားလေတော့ အပိုင်းလိုက်ကို ဒေသနာမည်တွေနဲ့ ခွဲခြားခေါ်ကြပါတယ်။
မောင်လူပေတို့ရောက်ရှိသွားတဲ့ မဟာတံတိုင်းကြီးရှိရာနေရာက မူတီယမ်းယူ( Mutianyu Great Wall of China) မဟာတံတိုင်းကြီးလို့ခေါ်တယ်။ ကမ္ဘာလှည့်ခရီးသည်တွေအများဆုံးရောက်ရှိရာနေရာမို့ ခရီးသွားတွေ သိပ်မများလှ။ ( သူတို့နိုင်ငံသားတွေကတော့ ဥက္ကဌကြီးမော်စီတုံးသွားရောက်ခဲ့ရာနေရာဖြစ်တဲ့ ဘဒလင်း (Badaling Great Wall of China) ဖက်ကိုသွားကြတယ်။ အဲဒီဖက်ပိုင်းကတော့ လူအလွန်များလို့ သွားရတာ အဆင်မပြေဖြစ်တတ်ပါသတဲ့။ )

မဟာတံတိုင်းရှိရာဆီခရီးနှင်ရင်း ပီကင်းမြို့ပြင်ရဲ့ အလှအပတွေကိုခံစားနိုင်ပါတယ်။ တောလမ်းလေးပေါ်က မော်တော်ကားစက်ရုံတွေ၊ ရွာငယ်လေးတွေရဲ့ အိမ်ဟောင်းလေးတွေ၊ ချစ်စရာ လယ်တောလေးတွေ အများအပြားရှိတယ်။ သစ်တောတွေမရှိတော့လို့ အစားထိုးစိုက်ထားတဲ့စိုက်ခင်းတွေရဲ့ အပင်ငယ်လေးတွေက တညီတညာကြည့်လို့ကောင်းတယ်။ တောင်စောင်းတစ်ခုကို ရေတံခွန်ကရေတွေခဲနေဟန်ပြုလုပ်ထားပြီး ဒီရေခဲရေတံခွန်နဲ့ဓါတ်ပုံရိုက်လိုသူတွေထံက ပိုက်ဆံကောက်တဲ့ စီးပွားရေးလုပ်ငန်းလည်းရှိရဲ့။

ပီကင်းရဲ့ဆောင်းရာသီက အတော်အေးပါတယ်။ မနက်ပိုင်းဆိုရင် အပူချိန်က သုံညအောက်မှာမို့ ရေကန်လေးတွေရေခဲနေတာလည်း တွေ့ခဲ့ရတယ်။ နှင်းမကျတာတော်သေးရဲ့။

Tour guide ကောင်မလေးရယ်၊ ကားမောင်းသမားရယ်၊ မိသားစုသုံးယောက်ရယ်စုစုပေါင်းငါးဦးထဲမို့ minivan လေးထဲမှာ အတော်လေးချောင်ချောင်ချိချိရှိပါတယ်။ ကားထဲမှာ အနွေးထည်အထူကြီးတွေပါတာမို့ ကိုယ့်အနွေးထည်မလုံလောက်ရင် သူတို့အနွေးထည်ကြီးတွေ ကောက်စွတ်လိုက်ရုံပါပဲ။

မဟာတံတိုင်းကြီးကို လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ခုနှစ်ရာခန့်ကစတင်တည်ဆောက်ခဲ့တယ်။ ဒီအပိုင်းအစတွေကို ယခုခေတ်ထိ မြင်တွ့နိုင်တယ်။ အပိုင်းပိုင်းတည်ဆောက်ခဲ့တဲ့ နေရာတွေကို တဆက်တည်းဖြစ်အောင် တည်ဆောက်ခဲ့သူက တရုတ်ပြည်ကြီးကို တစ်ခုတည်းဖြစ်အောင် စုစည်းနိုင်ခဲ့သူ စီမင်းဆက် (Qin dynasty)ကိုတည်ခဲ့တဲ့ ပထမစီဘုရင်ပါပဲ။ မင်းဆက်တွေအများကြီးက ဒီတံတိုင်းကြီးကို ပြုပြင်တည်ဆောက်ခဲ့ကြတယ်။ အခုမြင်တွေ့ရတဲ့ ခိုင်မာနေဆဲတံတိုင်းကြီးရဲ့နေရာများကတော့ လွန်ခဲ့တဲ့နှစ်ခြောက်ရာကျော်က မင်မင်းဆက် ( Ming dynasty)  ရဲ့ လက်ရာတွေပါပဲ။ စပြီးတည်ဆောက်စဉ်က မွန်ဂိုတွေရဲ့ရန်ကိုကာကွယ်ဖို့ဆောက်ခဲ့ကြတယ်။ ပြည်သူတစ်သန်းနဲ့စစ်သည်နှစ်သိန်းအားကိုယူခဲ့ရတယ်။ ဒီလူအားဟာ အဲဒီအချိန်က တရုတ်ပြည်ရဲ့စုစုပေါင်းလူဦးရေခြောက်ပုံတစ်ပုံလောက်ရှိပါသတဲ့။ ရာသီဥတုဒါဏ်၊ အလုပ်ဒါဏ်တွေကြောင့်သေဆုံးခဲ့သူတွေလည်း သိန်းချီရှိခဲ့ပါတယ်။ သူတို့တွေရဲ့အရိုးတွေဟာ မဟာတံတိုင်းကြီးအောက်မှာ ရှိနေဆဲပါ။

ကားပေါ်ကဆင်းလိုက်တာနဲ့ တောင်ထိပ်ပေါ်က မဟာတံတိုင်းကြီးကို မှုန်ပျပျမြင်နိုင်ပါပြီ။ တောင်ခြေကနေ မဟာတံတိုင်းးကြီးအထိ တောင်တက်လမ်းကနေ ခြေလှမ်းမှန်မှန်တက်နိုင်ရင် မိနစ်လေးဆယ်ကနေတစ်နာရီကြား ကြာနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အလွန်ပင်ပန်းနေပြီမို့ ခြေလျှင်တက်ဖို့မရွေးပဲ စက်ကြိုးနဲ့တက်ဖို့ရွေးကြပါတယ်။ ဒီအတွက်လူတစ်ဦးကို ဒေါ်လာနှစ်ဆယ်စီထပ်ပေးရပါတယ်၊

အပေါ်မတက်ခင် ဆာလောင်နေတဲ့ဘိုက်ကို အရင်ဖြည့်ကြရတယ်။ တောင်ခြေမှာ စားသောက်ဆိုင်တစ်ဆိုင်ပဲဖွင့်ထားတယ်။ Sabway sandwich နဲ့ တရုတ်စာ တွဲရောင်းတယ်။ ကျွန်တော်တို့ကတော့ တရုတ်စာစားခဲ့တယ်။

တောင်ပေါ်တက်တဲ့စက်ကြိုးက လူနှစ်ယောက်ထိုင်နိုင်တဲ့ခုံလေးတွေအစီအရီ။ စက်ကြိုးကမရပ်ပဲလည်နေတာမို့အတက်နဲ့အဆင်းမှာအလွန်သတိထားရပါတယ်။ အမြန်တက်၊ အမြန်ဆင်းမလုပ်နိုင်ရင် ရွေ့နေတဲ့ခုံနဲ့တိုက်မဲ့အခြေအနေမျိုးပေါ့။ ဒီစက်ကြိုးနဲ့တက်ရင်တော့ ငါးမိနစ်လောက်နဲ့တောင်ပေါ်ရောက်သွားပါတယ်။ တောင်ပေါ်ကနေတောင်အောက်ကိုမြင်ရတဲ့ရှုခင်းကတော့ ရင်သတ်ရှုမောဖွယ်ပေါ့။ တောင်စဉ်တောင်တန်းကြီးက မဆုံးနိုင်ဖွယ်အထပ်ထပ်။ ဒီတောင်စဉ်တောင်ကြောကြီးပေါ်မှာ မဟာတံတိုင်းကြီးက မြွေကြီးတစ်ကောင် တွန့်လိမ်နေသည့်အလား အလျှားလိုက် တည်ရှိနေတာပါ။

မဟာတံတိုင်းပေါ်တက်ပြီး ဓါတ်ပုံတွေရိုက်ကြ၊ လမ်းလျှောက်ကြပါတယ်။ လူသိပ်မများလို့ အဆင်ပြေတယ်။ မူတီယမ်းယူ(Mutianyu) မဟာတံတိုင်းအပိုင်းက ကင်းစောင့်မျှော်စင် (Watch tower) အမှတ်တစ်ကနေ နှစ်ဆယ်အထိ မြင်ရတယ်။ ဒီမျှော်စင်တစ်ခုကနေ တစ်ခုအကြားကလည်း အရှည်ကြီးပါပဲ။ အတက်အဆင်းတွေကလည်းများ။ အနောက်နိုင်ငံသားအချို့ကတော့ မျှော်စင်အမှတ်တစ်ကနေ နှစ်ဆယ်အထိ လမ်းလျှောက်ကြသတဲ့။ ကျွန်တော်တို့ကတော့ အချိန်မရလို့ မိနစ်သုံးဆယ်လောက်ပဲလမ်းလျှောက်ခဲ့တယ်။ (အချိန်ရသည့်တိုင် လျှောက်နိုင်ဖွယ်မမြင်။)

မဟာတံတိုင်းကြီးပေါ်ကပြန်အဆင်းမှာတော့ စက်ကြိုးနဲ့ပြန်မဆင်းပဲ အမေရိကန်သမ္မတအိုဘားမားရဲ့ကတော် မစ်ရှဲလ်အိုဘားမားကို အားကြလို့ စတီးလျှောကနေ လျှောစီးပြီးဆင်းခဲ့တယ်။ ငယ်ငယ်က လျှောစီးရတဲ့အရသာကို လွမ်းတာလည်းပါရဲ့။ စတီးလျှောကြီးထဲမှာ စွတ်ဖားလိုအပြားကြီးပေါ်ထိုင်လိုက်ရုံပဲ။ မောင်းတံကိုဆွဲလိုက်ရင်ဘရိတ်၊ ရှေ့ကိုတွန်းရင် ရွေ့သွားတယ်။ တစ်ဦးစီ ကိုယ့်အရှိန်ကိုယ်ထိမ်းပြီး ရှေ့ကဆင်းနေတဲ့သူကိုမတိုက်မိအောင် ခပ်ခွာခွာလေးနေပေးဖို့တော့လိုပါတယ်။ မြွေလိမ်မြွေကောက်လျှောကြီးထဲမှာ လျှောဆင်းပြီးသွားရတဲ့အရသာကလည်း တစ်မျိုးခံစားလို့ကောင်းပါတယ်။ အန္တရာယ်မရှိသလို ကြောက်စရာလည်းမလိုပါဘူး။

အပြန်ခရီးတစ်နာရီကြာကားမောင်းလိုက်တော့ လေဆိပ်ကိုပြန်ရောက်တယ်။ လေဆိပ်ရဲ့ Departure အဝင်ဝကနေ ကိုယ်စီးမဲ့လေယာဉ်ဂိတ်ပေါက်အထိ တစ်နာရီလောက်ပဲကြာပါတယ်။ လေယာဉ်လွတ်သွားမှာမပူရတော့ဘူး။

ဒီမဟာတံတိုင်းခရီးစဉ်ကို ပီကင်းလေဆိပ်မှာ နားရမဲ့အချိန်ဆယ်နာရီလောက်အနည်းဆုံးရှိသူတွေသာ သွားသင့်ပါတယ်။ free visa ရဖို့ တန်းစီရတာအလွန်ကြာလွန်းတဲ့အတွက် အချိန်မလောက်မှာ စိုးလို့ပါ။ နာရီနှစ်ဆယ်လောက် layover အချိန်ရရင်တော့ တစ်နေ့စာယူပြီး နန်းတော်ဟောင်းတို့ နွေရာသီစံနန်းတို့ ပြည်သူ့ရင်ပြင်တို့ဖက် ခရီးဆက်ကြပေါ့။

လမ်းကြုံလို့ရောက်ခဲ့ရတဲ့မဟာတံတိုင်းသွားတောလားကတော့ ဒီလောက်ပါပဲ။ ခရီးသွားအတွေ့အကြုံအချို့ကို ဝေမျှခြင်းမျှသာပါ။

ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment