Saturday, January 6, 2018

ခရီးသွားမြင်ကွင်းကျယ်(၁)

ခရီးသွားမြင်ကွင်းကျယ်(၁)

တောသားမြို့ရောက်ပေါ့။ ဟိုမော့ဒီကြည့်နဲ့ ရန်ကုန်မြို့ကြီးကို ယောင်လယ်လယ်ရောက်လာပြီးသကာလ ခရီးတွေထွက်ဖြစ်ခဲ့သည်။

ခရီးထွက်သည်ဆိုသော်လည်း ခရီးအသစ်တွေတော့မဟုတ်။ သွားခဲ့တာအကြိမ်ကြိမ်။ ကြိုက်လွန်လွန်းလို့ ထပ်ခါထပ်ခါ သွားဖြစ်နေခြင်းမျှသာ။ ရန်ကုန်မှ တောင်ကြီး၊ တောင်ကြီးမှမန်းလေး၊ မန်းလေးမှ ပြင်ဦးလွင်၊ ပြင်ဦးလွင်မှ ပုဂံဆီသို့။

ရန်ကုန်မှ မနက်စောစောထွက်၊ အမြန်လမ်းမှ ပျော်ဘွယ်လမ်းခွဲ၊ သာစည်ရွှေညောင်လမ်းအတိုင်း တောင်ကြီးသို့အရောက် ဆယ့်နှစ်နာရီခန့်ကြာ၏။ ပျော်ဘွယ်တွင် နေ့လည်စာစားကြသည်။ လမ်းတလျှောက် ထနောင်းပင်တွေအစီအရီ။ နွားတွေကို သုံးဘီးထရပ်ကားငယ်အသွယ်သွယ်ဖြင့် သယ်ယူနေကြတာကလည်း နေရာတိုင်းပင်။ ကားတစ်စီးလျှင် သုံး၊လေးကောင်မျှတင်ဆောင်ပြီး ခရီးနှင်နေကြ၏။ ပျော်ဘွယ်ကား နွားမွေးမြူရေးအတော် အလုပ်ဖြစ်နေပုံရသည်။ ဒီနွားတွေ၏ ခရီးဆုံးကား အခြားအရပ်တွင် ပြန်သုံးဖို့ထက် စားသုံးဖို့သာ ဖြစ်ရန်များသည်။ တရုတ်ပြည်သို့ အကောင်လိုက်ပို့မည်ဟု ခန့်မှန်းရပါ၏။ တရားဝင်ရော တရားမဝင်ပါ ထွက်ခွာသွားကြမည့် နွားချောနွားလှများကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိ၏။

ပျော်ဘွယ်မြို့၏နာမည်ကျော် မုန့်ကျွတ်ကလည်း အရင်အတိုင်း စားလို့ကောင်း။ ကျွတ်တယ်၊ရွတယ်၊မိတယ်၊မိုက်တယ်၊ စူပါရှယ်၊ မတူပါတယ်၊ သူငါတွေအကုန်ကြိုက်တဲ့.. ဟူသော မုန့်ကျွတ်တို့၏ဂုဏ်မဟာကား ရှင်သန်ဆဲ။ အများကြီးလည်း ဝယ်ခဲ့၏။ လမ်းပန်းဆက်သွယ်ရေးတွေတိုးတက်လာသဖြင့် ပျော်ဖွယ်လည်း စည်ကားနေပြီ။

ပျော်ဘွယ်၊သာစည်လမ်းက ကျဉ်းပေမဲ့ သိပ်မဆိုးလှ။ သာစည်မှထွက်၍ တောင်ခြေရောက်သည်မှ လမ်းဆိုးနှင့်ရင်ဆိုင်ရသည်။ ကျောက်ကြမ်းလမ်းအဆင့်၊ လမ်းတွေချဲ့နေသောနေရာတွေက ခပ်များများ။ လမ်းပြင်ဆင်မှုတွေ ပြီးသွားလျှင်တော့ ဒီလမ်းတွေက အလွန်မောင်းလို့ကောင်းမည့်လမ်းတွေပေါ့။ အခုတော့ လှည်းလမ်းကြောင်းမှာ ကားမောင်းနေရသလို။

ယင်းမာပင်လမ်းခွဲမှသည်ကလောအရောက် ဝုန်းဒိုင်းကြဲစွာမောင်းလာခဲ့ရသည်နောက် ကလောအလွန်တွင် လမ်းပြန်ကောင်း၏။ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ တောင်လေးလုံး၊ အေးသာယာ၊ တောင်ကြီး ရောက်ခဲ့ပြီ။

ရှမ်းပြည်မြို့တော်တောင်ကြီးမြို့ကား ခန့်ညားလှ၏။ ယရင်အခေါက်များက ကလောမှာအိပ်၊ အင်းလေး၊ ပင်းတယ လည်ပြီးပြန်မို့ တောင်ကြီးကိုမတက်ဖြစ်ခဲ့။ ခုမှ ရောက်ဖြစ်ခဲ့ရသည်။ မြို့တော်ဂုဏ်နှင့်အညီ စည်ကားနေသောမြို့။ မိုးဖွဲဖွဲရွာနေလို့ထင့်၊ တောင်ကြီးဆောင်းက ထင်သလောက်မအေးလှ။

ရှေးကတော့ တောင်ကြီးသည် ရွာကလေးပေါ့။ ညောင်ရွှေစော်ဘွားကြီးအုပ်စိုးရာ နယ်များထဲမှ ရွာကလေး။ အင်္ဂလိပ်လက်ထက်မှာမှ သူတို့အပန်းဖြေရာ တောင်ပေါ်မြို့ကလေးဖြစ်လာခဲ့သည်။ ခုတော့ စည်ကားလိုက်သည်မှာ ပြောဖွယ်မရှိတော့။ မြို့လည်း ချဲ့ရင်းချဲ့ရင်း အတော်ကြီးသွားခဲ့ပြီ။

နောက်နေ့ ညောင်ရွှေဆင်း အင်းလေးရောက်။ ဒီအခေါက်တော့ အင်းလေးကို နန်းပန်ဖက်မှ ဝင်ဖြစ်သည်။ ညောင်ရွှေမြို့ထဲကနေ တစ်နာရီကျော် ထပ်မောင်းရသည့်လမ်း။ အင်းလေးကို ဘေးမှပတ်ကြည့်သည့်သဘော။ ဝါးများနှင့်တည်ဆောက်ထားသော ပုံဆန်းဆန်းကိုယ်ပိုင် မူလတန်းကျောင်းကလေးကလည်း ဒီလမ်းပေါ်မှာ။ ကလေးတွေကို ကိုယ်ပိုင်ကားကိုယ်စီဖြင့်လာပို့နေကြတာလည်း တွေ့မိ၏။

အချိန်အခါမဟုတ်မိုးကလည်းတဖွဲဖွဲ။ အင်းလေးမှာရွာတဲ့မိုး။ နေကျောက်ခဲ။ ဦးကျော်နှင့် အန်တီခင်သီတာထွန်းတို့၏ နာမည်ကျော်ရုပ်ရှင်ကိုတောင် သတိရမိသေး။

လမ်းတလျှောက်အများဆုံးတွေ့မိသည်က အထွက်တိုးပြောင်းခေါ်နှံစားပြောင်းများပင်။  ဟော်တယ်ဇုံဟုထင်ရသော နေရာများစွာကို ဖြတ်ခဲ့ရပြီး ဆောက်လက်စ ဟော်တယ်များစွာလည်းတွေ့ခဲ့ရ။ နိုင်ငံခြားသားများကတော့ ဟိုတစ်စု ဒီတစ်စု အနည်းငယ်သာ။ ခရီးသွားလုပ်ငန်းလည်း ထင်သလောက် အလုပ်ဖြစ်ပုံမရသေး။

အနော်ရထာဘုရင် တရုတ်ပြည်ကို စစ်ချီစဉ်က ပါလာခဲ့သော မြန်မာတပ်များအနက်မှ တပ်သားအချို့ကို နယ်စောင့်တပ်အနေဖြင့် အင်းအတွင်းရွာလေးရွာ တည်ပြီး ထားခဲ့ရာမှ အင်းလေးဟုတွင်ခဲ့သည်။ ထိုရွာများမှ ပေါက်ဖွားသူတို့ကိုလည်း အင်းသားများဟုခေါ်သည်။ ထို့ကြောင့်လည်း အင်းသားများက ရှေးမြန်မာစကားများကို ဆက်လက်ပြောဆိုနေဆဲ ဖြစ်သည်ဟု အင်းသားဖြစ်သူ သူငယ်ချင်းက ရှင်းပြ၏။

အင်းသားတို့၏စကားသံများက ထားဝယ်သားတို့နှင့်လည်း အတော်ဆင်တူလှသည်။ ရှေးမြန်မာမျိုးဆက်များဖြစ်သည်ကိုတော့ အငြင်းပွားဖွယ်မရှိ။

အင်းသား၊ ဓနု၊ တောင်ရိုး တို့ကို ရှမ်းပြည်နယ်မှာနေသောကြောင့် ရှမ်းစာရင်းထဲသွင်းထားရသော်လည်း မြန်မာမျိုးကွဲများသာ ဖြစ်ကြပါသည်။

ဂေဟစနစ်ပျက်နေပြီဖြစ်သော အင်းလေးကား အတော်ကောနေပေပြီ။ အမှိုက်ပစ်သူကပစ်။ ဆယ်သူကဆယ်။ နုံးဆယ်နေသော ဘတ်ဟိုးအချို့ကလည်း နှစ်ပေါင်းများစွာကျခဲ့ပြီဖြစ်သော အနယ်များကို နိုင်အောင်မဆယ်နိုင်တော့ပြီထင့်။

ချည်ထည်လုပ်ငန်းကို ရိုးရာမပျက်ဆက်လက်ထိမ်းသိန်းရင်း ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နေသောအင်းလေးဒေသ၏ လက်ယက်ထည်များကတော့ လက်ရာတွေ ဒီဇိုင်းတွေ ခေတ်နှင့်အညီ တိုးတက်လာခဲ့ပြီ။ အဆင်ဆန်းတွေ အများအပြား၊ အပြိုင်အဆိုင်။

ဖောင်တော်ဦးဘုရားလှေဆိပ်က ဈေးသည်များကတော့ အရင်ကထက်ပိုများလာပြီး အပြိုင်အဆိုင်ဖြစ်လာကြပြီ။ လှေကပ်သည်နှင့် ခရီးသည်ကို သူတို့၏သားကောင်ပမာ လိုက်ဆွဲကြ၏။ အရင်လို ဘုရားရွှေဆိုင်းကို ကံထရိုက်မပေးတော့ပဲ ကြိုက်ရာရွှေဆိုင်းဖြင့်ကပ်ခွင့်ရသောကြောင့် လှေဆိပ်မှာပင် အပြိုင်အဆိုင် ရောင်းကြသည်။ ခိုစာရောင်းသူ၊ မုန့်ရောင်းသူ၊ ပန်းရောင်းသူတွေ စသည်နှင့် ဈေးသည်တွေအများကြီးက လှေပေါ်ကဆင်းလာသူ လေးငါးဦးကို ဝိုင်းထားကြသည်မှာ ပြေးပေါက်ပင်ရှာမရ။ စည်းကမ်းသတ်မှတ်ပေးသင့်ပြီ။

ဘုရားအောက်မှ အထည်တန်းလေးကတော့ အရင်အတိုင်း ခြောက်ကပ်ကပ်။ ဘုရားအောက်ထပ်မှာ အထည်ဆိုင်တန်းရှိသည်ကို အများစုက သိကြပုံမရ။ ဈေးသည်တွေကလည်း ရိုးသားဆဲ။ အင်းလေးမှာ ဈေးမှန် ပစ္စည်းမှန် ရိုးရာချည်ထည်များ ဝယ်ယူလိုပါက ဘုရားအောက်မှ အထည်ဆိုင်တန်းမှာ အားပေးကြပါကုန်။( အခမဲ့ကြော်ငြာပေါ့ဗျာ။)

အင်းလေးဒေသက ယူနက်စကို၏ သဘာဝရေဝေရေလဲဇုံအဖြစ် အသိအမှတ်ပြုခံရပြီမို့ နောင်အခါမှာ ဒီထက်ပျက်စီးမသွားဖို့တော့ မျှော်လင့်မိပါ၏။ အင်းသားတို့၏ ရိုးရာအမွေအနှစ်များ တည်တံ့ခိုင်မြဲကြပါစေ။

ညပိုင်းမှာတော့ သူငယ်ချင်းက တောင်ကြီးမြို့က တောင်ပေါ်ဘုရားတွေကိုလိုက်ပို့သည်။  မိုးထိုးနေသောတောင်ပေါ်ကဘုရားပေမို့ လေတဖြူးဖြူး၊ ရှုခင်းကတော့ အမိုက်စား။

"တောင်ကြီးမြို့ကို အလည်တစ်ခေါက်ကိုယ်ရောက်တယ်၊ ဆွေသစ်မိတ်သစ် စုံလို့ပါပဲကွယ်။"

(ဓါတ်ပုံမှာ အင်းလေးဒေသ ရိုးရာချည်ထည်လုပ်ငန်းတွင် ဗိုင်းငင်နေစဉ်)

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment