ကရင်အမျိုးတို့အကြောင်း
တမြေထဲနေတရေထဲသောက်တဲ့ တိုင်းရင်းသားမောင်နှမတွေအကြောင်းရေးခဲ့တာ ရခိုင်၊ ရှမ်း၊ မွန် နဲ့ ကချင်တို့အကြောင်းတွေကို သမိုင်းကြောင်းတွေ ဖလှယ်တဲ့သဘောနဲ့ရေးခဲ့တယ်။ သမိုင်းကြောင်းလေးတွေကိုယ်စီက စိတ်ဝင်စားစရာ။
ဒီအခေါက်ရေးချင်တာက အလွန်ချစ်ဖို့ကောင်းပြီး ရိုးသားလှတဲ့အမိုးနဲ့ ဖထီးတို့အကြောင်းပါ။
"ထီးခေါင် ထီးခေါင် ထီးခေါင်လားဟေ့၊ ဒုံးယိမ်းရဲ့ပွဲမှာ တညလုံးပဲကြင်နာမယ် ပိုးကရင်မလေးရယ်။
ဒုံးယိမ်းတွေရင်ထဲရောက်လာတယ်။ နှလုံးသားထဲဒုံးယိမ်းကနေတယ်။ ရိုးသားတဲ့ကရင်မလေးရယ်။ မေ့ပျောက်လို့မရတော့ဘူးထင်တယ်။"
နာမည်ကျော်သီချင်းလေးတောင် ပြန်ကြားယောင်မိတယ်။ ချစ်စရာကရင်မလေးက သင်တိုင်းအဖြူလေးဝတ်လို့၊ ခေါင်းမှာက ပုဝါဖြူလေးစည်းလို့၊ လက်ထဲမှာက လက်ကိုင်ပုဝါဖြူလေးကို စည်းချက်နဲ့အညီဝှေ့ယမ်းလို့၊ ဖားစည်သံတွေကလည်း မြူးလို့ပေါ့။
မြန်မာတွေက ကရင်ရိုးရာဒုံးအကကို ဒုံးယိမ်းလို့ခေါ်ကြတယ်။ ယိမ်းဆိုတာ ယိမ်းနွဲ့ပြီးကတဲ့အကကိုခေါ်တာပါ။ ကရင့်ရိုးရာဒုံးအကမှာတော့ အားနဲ့မာန်နဲ့ကရတာမို့ ယိမ်းနွဲ့မှုမပါ။ ကရင်ဒုံးအကလို့ခေါ်မှ မှန်ပါလိမ့်မယ်။
ကရင်ဒုံးမှာအဓိကအရေးပါတာက ဖားစည်။ ဖားစည်သံတဒုံးဒုံးနဲ့ ဒုံးကနေကြတဲ့ကရင်မောင်မယ်တွေက အလွန်ကြည့်လို့လှတယ်။ ပြာသိုလဆန်းတစ်ရက်ဟာ ကရင်နှစ်သစ်ကူးမို့ မွေးရပ်မြေမှာ ဖားစည်သံတွေညံနေမှာပဲ။
ကရင်အမျိုးတို့အကြောင်းရေးမိတော့ သတိရမိတာရှိရဲ့။ မောင်လူပေတို့မြို့က ကရင်လူမျိုးတွေအလွန်များတဲ့မြို့ပါ။ သူငယ်ချင်းတွေထဲမှာလည်း ကရင်တွေအများကြီး။ ကရင်မလေးတွေလည်းပါတယ်။ အလွန်ချောပြီး သဘောဖြူတဲ့ကရင်မလေးတွေရဲ့အိမ်တွေက စားအိမ်သောက်အိမ်တွေပေါ့။ အခုလိုကရင်နှစ်သစ်ကူးပွဲအချိန်တို့ ခရစ်စမတ်တို့ဆိုရင် ပျော်မှပျော်။ သူငယ်ချင်းတွေလို ရိုးသားစွာ ခင်ခဲ့ကြတာ ယခုအချိန်အထိ။ သူတို့ကို ဖွင့်မပြောဖြစ်ခဲ့တာကတော့ (ရီးစားစကားမဟုတ်ဘူးဗျ။ တလွဲတွေမတွေးနဲ့ဦး။) မောင်လူပေကိုယ်တိုင်ကလည်း တမတ်သားကရင်သွေးပါသူ ဆိုတာပါပဲ။
အဖွားဖက်ကပါခဲ့တဲ့ကရင်သွေးတမတ်သားကြောင့်ထင်ပါရဲ့။ သင်တိုင်းစွတ်လိုက်ရင် ကရင်နဲ့ခွဲမရအောင်တူတယ်လို့ ခဏခဏအပြောခံရဖူးတယ်။ တောင်ပေါ်ကရင်လည်းမဟုတ်၊ တောင်အောက်ကရင်လည်းမဟုတ်တဲ့ ကတုန်ကရင်ကပြောပြမဲ့ ကရင်အမျိုးတို့အကြောင်းပေါ့လေ။
ကရင်လူမျိုးတွေဟာ တိဘက်မြန်မာစကားပြောအုပ်စုထဲက လူမျိုးစုတစ်ခုပါပဲ။ မြန်မာနိုင်ငံထဲကို ရှေးဦးမြန်မာတွေဝင်ခဲ့တဲ့လမ်းကြောင်းကပဲ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က မြန်မာတွေနဲ့မရှေးမနှောင်းမှာ ဝင်ရောက်ခဲ့ကြတယ်လို့ သမိုင်းပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းက ယူဆပါတယ်။ ကရင်လူမျိုးတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်လောက်ထဲက ရောက်နှင့်ခဲ့တာလို့ သူတို့ကိုယ်သူတို့ ယုံကြည်ကြတယ်။
မနုသဗေဒပညာရှင်တွေကတော့ ကရင်တွေရဲ့မူလမြေဟာ မွန်ဂိုလီးယားဒေသဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ မွန်ဂို မျိုးနွယ်စုတစ်ခုဟာ ရွှေ့ပြောင်းရင်းက တိဘက်ရောက်၊ ယူနန်ကုန်းမြင့်ကိုဖြတ်ပြီး မြန်မာပြည်ထဲကို ရှမ်းပြည်ဖက်က ဝင်လာတာလို့ဆိုတယ်။ သူတို့အယူအဆက ဒေါက်တာသန်းထွန်းခန့်မှန်းတာနဲ့တူနေတယ်။ ဝင်လာတဲ့ခုနှစ်အပေါ်မှာပဲ သဘောမတူကြတာ တွေ့ရတယ်။
ကရင်လူမျိုးများရဲ့ယုံကြည်မှုအရပြောရရင်တော့ ကရင်တို့ရဲ့ဖခင်ကြီး' ထော့မဲပ ' က စရလိမ့်မယ်။ ထော့မဲပအဖေကြီးက တောဝက်ကြီးတစ်ကောင်ကို အမဲလိုက်ရင်းရခဲ့သတဲ့။ တောဝက်စွယ်ပိတ်ကို ခေါင်းဖီးတဲ့ဘီးလုပ်ပြီးဆောင်လိုက်တာ ဝက်စွယ်ရဲ့မှော်အစွမ်းကြောင့်အမြဲနုပျိုသွားတယ်။ အသက်မကြီးပဲနုပျိုနေရင်း မိသားစုတွေပွားလာလိုက်တာ မူရင်းဒေသမှာ နေစရာမြေမကျန်တော့ဘူး။ ဒါနဲ့ပဲ နေရာသစ်ရှာဖို့ ထွက်လာကြရတာ။ သဲတွေစီးဆင်းနေတဲ့မြစ်ကြီးကိုဖြတ်ခဲ့ရတာ မဆုံးနိုင်ဘူးတဲ့။ အဖေတွေက အရင်ထွက်လာပြီး အမေတွေကနောက်မှထွက်လာကြသတဲ့။ အဖေနဲ့အတူပါသွားသူတွေက'စကော'၊ အမေနဲ့အတူနောက်ကလိုက်လာသူတွေက'ပိုး' ဆိုပြီးကွဲသွားကြတာတဲ့။ ကရင်စကားပြောသူတွေထဲမှာ စကောနဲ့ပိုးက လူများစု။ လူနည်းစုက ဘွဲ၊ဂေခို၊ ဂေဘား၊ ပကူး၊ ဘရက်၊ ယင်းဘော်၊ ယင်းတလဲ၊ လထာ စကားတွေပြောကြတယ်။
ရိုးရာအယူအဆအရ နတ်ကိုးကွယ်ကြတယ်။ သာသနာပြုသူတွေကြောင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်တွေဖြစ်ကုန်တယ်။ရှေးဟောင်းအယူအဆဖြစ်တဲ့ ရသေ့ကိုးကွယ်သူတွေလည်းရှိတယ်။ ဖိုးတခေတ်လိုအဖွဲ့တွေပေါ့။ မြေပြန့်ကရင်တွေဟာပိုးကရင်၊ တောင်ပေါ်ကရင်က စကောကရင်လို့ အလွယ်မှတ်လည်းရတယ်။
ရှမ်းပြည်နယ်ထဲမှာအများစုနေထိုင်ပြီးပဲခူးတိုင်းနဲ့မွန်ပြည်နယ်မှာလည်းနေထိုင်ကြတဲ့ပအို့ဝ်လူမျိုးစကားဟာလည်း ကရင်စကားမျိုးကွဲတစ်ခုပါ။ ရှမ်းပြည်မှာနေကြပေမဲ့ ရှမ်းမဟုတ်။ ကယားလို့ခေါ်တဲ့ ကယန်းတွေကလည်း မူလက ကရင်နီလို့ခေါ်ခဲ့ကြတဲ့ ကရင်မျိုးကွဲတစ်ခုပါ။ သူတို့တွေအားလုံးဟာ မွန်ဂိုဒေသက စတင်ခဲ့ကြပြီး ရေကြည်ရာမျက်နုရာကို ပြောင်းခဲ့ကြရာက မြန်မာပြည်ထဲရောက်ခဲ့ကြတဲ့ ကရင်လူမျိုးစုတွေပေါ့။
ကျိုက်ထီးရိုးဘုရားရောက်ဖူးသူတိုင်းရွှေနန်းကျင်ကိုသိကြမှာပါ။ ကျိုက်ထီးရိုးသမိုင်းနဲ့ဆက်စပ်နေတဲ့ကရင်မလေးပေါ့။မယ်မြန်မာဘွဲ့ရ နော်လွီဇာဗင်ဆင်က(Miss) တွေရဲ့ဖွားဖွားကြီး။ မန်းဝင်းမောင်ကတော့ သမ္မတကြီးတွေရဲ့ဘိုးအေ။ စောဘဦးကြီးဆိုတာလည်း တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ဖိုးဖိုးကြီး။ ဗိုလ်ချုပ်တီစမစ်တို့ ဗိုလ်ချုပ်စောကြာဒိုးတို့ဆိုတာကလည်း တပ်ချုပ်တို့၏အဘ။ ရှေးက ကရင်လူမျိုးဆယ်လီတွေ အများကြီး။
အမျိုးတွေမို့အချင်းချင်းတွေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်။ အခုတော့KNU,DKBA ဖထီးတွေလည်း NCAကြီးကို လက်မှတ်ထိုးပြီးအပစ်ရပ်နေပါပြီ။ အမုန်းတွေသင်ပုန်းချေနိုင်ကြပါစေလို့ ဆုတောင်းရင်း ကရင်တမတ်သားမောင်လူပေရဲ့ဆောင်းပါးကို နိဂုံးချုပ်ပါတယ်။ မြန်မာပြည်သားညီအကိုမောင်နှမ တိုင်းရင်းသားလူမျိုးများအားလုံး အေးချမ်းသာယာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment