ခရီးသွားမြင်ကွင်းကျယ်(၂)
တောင်ကြီးရောက်ခိုက် ဟိုပုန်းဖက်ရှိ ထန်ဆန်းဂူသို့ရောက်ဖြစ်ခဲ့သည်။ ဟိုပုန်းကား ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။ အရင်ထက် အများကြီးစည်ကားနေပြီ။ ငြိမ်းချမ်းရေး၏အသီးအပွင့်များပင်။ ထန်ဆန်းဂူမှာ ဟိုပုန်းကိုရင်လေးဟုကျော်ကြားသည့် ကိုရင်လေးတစ်ပါး တွေ့ရှိခဲ့ရာ သဘာဝထုံးကျောက်ဂူ။ ဟိုပုန်းမြို့ကိုကျော်ပြီး (၁၂)မိုင်ခန့်သွားရသေးသည်။
တောင်ကြီး၊ ကျိုင်းတုံလမ်းကား တောင်ပေါ်လမ်းတို့ထုံးစံအတိုင်း ကျဉ်းသောကြောင့် ချဲ့နေဆဲ။ မြွေလိမ်မြွေကောက်လမ်းမို့ အကွေ့တွင် တဖက်ကားကို မမြင်ရ။ ဟွန်းတီးကာတစ်မျိုး၊ အတက်ကားကို ဦးစားပေးကာတဖုံ သွားရသည့်လမ်း။ ရွာများတွင် လမ်းဘေးဆိုင်လေးတွေက အစီအရီ။ ရှမ်းရိုးရာ ထမင်းလုံးကြော်နှင့် မုန့်လက်ကောက်ကွင်းလေးတွေကလည်း ဗန်းကလေးတွေနှင့် စားချင်စဖွယ်။
ဂူမရောက်ခင် ဟိုပုန်းကိုရင်လေး၏ကျောင်း၊ သူတည်ထားနေသည့် ရွှေတိဂုံပုံစံတူစေတီတော်တို့ကို တွေ့ခဲ့ရသည်။ ထန်ဆန်းဂူကလည်း ကားလမ်းနံဘေးနားတွင်ပဲရှိပါသည်။
ထန်ဆန်းဂူပေါက်တွင် စောင့်နေသည့်လုံခြုံရေးက ပြည်သူ့ရဲမဟုတ်။ ပအို့ဝ်တပ်မှ တပ်သားတွေ။ ပအို့ဝ်ဖြူခေါ် ဦးအောင်ခန်းထီတပ်မှ လူငယ်လေးတွေပင်။ ဂူထဲဝင်ရောက်လိုသူများ မလုံခြုံစွာ ဝတ်စားထားပါက ပြန်ဝတ်ခိုင်းပေမည်။ ဂူဘေးတွင် စမ်းချောင်းလေးတစ်ခုကလည်း အရှိန်ပြင်းစွာ စီးဆင်းလျှက်။ သစ်ပင်တွေက ပတ်လည်ဝိုင်းလို့။
ဂူအတွင်းတွင် အတော်ကျယ်၏။ မီးတွေထွန်းထား၏။ သဘာဝကျောက်ခက်ပန်းဆွဲတွေက မျက်စိတစ်ဆုံး။ ထိုပန်းဆွဲများကို ဖြတ်တောက်ပြီး ပုံတွေထု၊ စေတီတွေအများကြီး တည်ထားပြီးကြပြီ။ သဘာဝအတိုင်း လက်ရာမပျက်ထိမ်းသိန်းရမည့်အစား သဘာဝတန်ဖိုးတွေပျက်အောင် ဖျက်ပြီးသွားကြပြီ။
တဖက်ကတွေးမိပြန်၏။ ဒီဂူကြီးကို သဘာဝအတိုင်းထိမ်းထားမည်ဆိုပါက မည်သူတွေ လာကြမည်လဲ။ အလှူငွေ ရနိုင်မည်လား။ ယခုလို ဘုရားတည်လိုက်တော့ အလှူငွေရ၊ ဘုရားဖူးများလာတော့ ရွာနီးချုပ်စပ်က နယ်ခံတွေဈေးရောင်းရ၊ စီးပွားရေးအဆင်ပြေ၊ စသည်စသည်...။ ဘုရားမြင်လျှင် လှူချင်ကြသော မြန်မာတို့အတွက် ဘုရားကိုမှီခိုစားသောက်ရသောစီးပွားရေးလုပ်ငန်းတမျိုးအကောင်အထည်ဖေါ်ခြင်းသည်လည်း မြန်မာ့နည်းမြန်မာ့ဟန် SME ပါပဲ။
ထန်ဆန်းဂူကတော့ သူ့ရဲ့နောင်တော် ပင်းတယဂူနောက်သို့ လိုက်နေပေပြီ။
ဟိုပုန်းမှတောင်ကြီး၊ မိတ္ထီလာ၊ မန်းလေးသို့ခရီးဆက်ပြန်၏။ မန်းလေးကား သူ၏ဝိသေသနှင့်အညီ ဆိုင်ကယ်သံတညံညံနှင့် ကြိုလင့်သည်။ ညာဖက်ယာဉ်ကြော လမ်းကြားထဲမှ ထွက်ထွက်လာကြသော ထိုထိုဆိုင်ကယ်အပေါင်းကိုရှောင်ရင်းတိမ်းရင်း သွားရတာလည်းရင်ဖိုရ၏။ မီးပွိုင့်မရှိ၊ stop sign မရှိသော လမ်းဆုံများတွင် ဦးရာလူစနစ်ဖြင့် တန်းစီတိုးနေကြသောကားတန်းကြီးကလည်း ကြောက်စရာကောင်း၏။ စောင့်နေသော သူငယ်ချင်းနှင့်တွေ့၊ ညစာစား။
မန်းလေး၏ အညာမနက်ခင်းကလည်း မအေးပါ။ သူငယ်ချင်းနှင့်မနက်စာစားပြီး မန်းလေးတောင်ခြေရောက်၊ ရွှေကျောင်းကြီးမှာ ဓါတ်ပုံတွေရိုက်။ ရွှေကျောင်းကြီး၏ အနုအလှတွေက ပြောမပြနိုင်အောင် လှဆဲ။ ရုပ်သေးရုပ်လေးတွေတွေ့တော့ ဇော်ရုပ်လေးဝယ်ခဲ့။ ဇော်က ကနေသည်။
ဦးပိန်နှင့်တောင်တမန်ရောက်တော့ နေအတော်ပူနေပြီ။ တောင်တမန်သစ္စာသီချင်းသံက လွင့်ပျံလို့။ (မနောရေ မင်းသီချင်းထဲက ခပ်ချောချော ဈေးသည်ကောင်မလေးလည်း တံတားပေါ်မှာ မတွေ့ပါလားကွာ။) အင်းထဲရှိ သစ်ခြောက်ပင်ကြီးတစ်ပင် မရှိတော့။ နေဝင်ချိန် ထိုသစ်ပင်ကြီးနှင့် ဓါတ်ပုံတွေ ရိုက်ခဲ့ဖူးသည်။ ဦးပိန်ပေါ်တွင် ဈေးသည်တွေအပြင် ခိုကိုးရာမဲ့ အဖိုးအဖွားတွေ တောင်းစားနေကြသည်မှာလည်း မနည်းလှ။ ရေကလည်းးသိပ်မရှိတော့သဖြင့် လှေစီးသူလည်း နည်းလှသည်။
တောင်တမန်ကပြန်တော့ မေမြို့သို့မဟုတ်ပြင်ဦးလွင်ဆီသို့။ ကျောက်ချောအလွန်လမ်းပြင်နေသဖြင့်တဖက်စီဖွင့်ပေးစနစ်ကြောင့် တစ်နာရီခန့် ကြာ ထိုနေရာကို ဖြတ်ရသည်။ ကားတွေက ဖြတ်တက်၊ တိုးဝင်၊ ခေါင်းထိုးထည့်၊ စည်းကမ်းကို မေ့ထား၊ ငါ အရင်ရောက်ရေး အဓိက။
ပြင်ဦးလွင်ရောက်တော့ မြေးထိမ်းနေသော သူငယ်ချင်းနှင့်တွေ့။ ကန်တော်ကြီးပန်းပွဲတော်ဆီသို့ ခဏရောက်၊ ပြင်ဦးလွင်မှ ပုဂံသို့ ပြန်ဆင်း။
တံတားဦး၊ နွားထိုးကြီး၊ မြင်ခြံ၊ ညောင်ဦး လမ်းအတိုင်းလိုက်ခဲ့သည်။ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်မှေးကျေးရွာ၊ ဦးဆိတ်၊ ဒေါ်ခွေး သား မောင်ကြက်ဖ တို့၏ နယ်တွေ ဖြတ်ခဲ့သည်။ လမ်းပြင်နေသော်လည်း ကားရှင်းသဖြင့်ခရီးတွင်သည်။ လမ်းဘေးတလျှောက် သစ်ပင်တွေက အုပ်မိုးလို့။ အလွန်လှသည့်လမ်း။ ထိန်းသိမ်းထားသူများကို ကျေးဇူးတင်ပါ၏။ တလောက ထိုအပင်တွေခုတ်ပြီးလမ်းချဲ့မည့်အစီအစဉ်ကို ဒေသခံတွေ ကန့်ကွက်သဖြင့် ချမ်းသာရာရခဲ့ရသည်။
ပုဂံမြို့ဟောင်းကိုညပိုင်းရောက်ခဲ့ပြီ။ ပေါက္ကံရာမရင်ငွေ့ကို ခိုမိပြီ။ အိုဘဲ့ပုဂံ။ အသင့်မိတ်ဆွေဟောင်းကြီး ရောက်ခဲ့ပြန်ပေါ့။
မောင်လူပေ
No comments:
Post a Comment