ဘဝ(၁)
ဘကုန်းနဲ့စပြီး ဝလုံးနဲ့ဆုံးတဲ့ 'ဘဝ'။ စာလုံးလေးနှစ်လုံးထဲရှိပေမဲ့ ခရီးရှည်ကြီး ချီတက်နေရတာ 'ဘဝ' ။ ဘဝဆိုတာ အချိုးအကွေ့တွေများ၊ အပြောင်းအလည်းတွေ ခဏခဏ။
'ဘဝ' ဆိုတာ
ပါဠိလိုကတော့ 'ဘဝတီတိ ဘဝေါ။' တဲ့။
ဘဝတိ၊ ဖြစ်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ဘဝေါ၊ ဘဝမည်၏။
ဖြစ်တတ်သောသဘောကြောင့် 'ဘဝ' လို့ခေါ်သတဲ့။
အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့ ကြောင်းကျိုးနိယာမတရားအရစဉ်းစားရင် အရင်ကလုပ်ခဲ့တဲ့အကြောင်းတရားတွေကြောင့် အခုဒီဘဝဆိုတဲ့အကျိုးတရားတွေ ရနေတာ။ ဒီဘဝဆိုတာမှာ လုပ်နေတဲ့အကြောင်းတရားတွေကလည်း နောင်မှာအကျိုးတရားတွေ ဖြစ်လာဦးမှာ။
ဗုဒ္ဓအလိုအရ သံသရာဆိုတာ စက်ဝိုင်းလိုလည်နေလေတော့ အဆုံးအစမရှိတဲ့ အကြောင်း၊အကျိုးတွေကြောင့် ဘဝတွေအများကြီး ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လိမ့်ဦးမည် ပေါ့။ သံသရာဝဋ်ဆင်းရဲတွေ ထပ်ခါထပ်ခါ။ ဝဋ်ဆိုတာ သံသရာ။
'ဘဝ' မှာ
ဝိပါက(အကျိုးတရား)၊
ကမ္မ(ကောင်းတဲ့ကံနဲ့ မကောင်းတဲ့ကံ)၊
ကိလေသာ(မသိခြင်းကြောင့် တပ်မက်ခြင်းဦးစီးနေသော တွယ်ညိမှု)
ဆိုပြီးအပိုင်းသုံးပိုင်းရှိတယ်။
မသိလို့တပ်မက်၊ တွယ်ညိ။
ကောင်းတဲ့ကံ၊ ဆိုးတဲ့ကံတွေပြုမိ။
ဒီအကြောင်းတရားတွေကြောင်း အကျိုးတရားပြန်ဖြစ်။
(ဒီနေရာမှာ ကံဆိုတာ 'စေတနာ' လို့ဘုရားဟောထားတယ်။ဖြစ်စေလိုတဲ့ စေတနာပါမှ ကံမြောက်တာ။ ပြုမိတဲ့အမှုတိုင်း ကံမဟုတ်။)
အဝိဇ္ဇာနဲ့တဏှာဦးစီးတော့ ကိလေသာဖြစ်။ ကိလေသဝဋ်။
ဒုက္ခတွေမှန်းမသိတော့လိုချင်၊အဲဒီအာရုံမှာတွယ်ညိနေရတာလည်း ဝဋ်ပါပဲ။အဲဒါကို ကိလေသဝဋ်လို့ခေါ်တယ်။
လိုချင်တာရအောင် ကျိုးစားအားထုတ်ရတော့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေဖြစ်။ ကမ္မဝဋ်။ ကောင်းတဲ့ကံ၊ မကောင်းတဲ့ကံတွေပြုမိကြတာလည်း ဝဋ်ပဲ။ အဲဒါကမ္မဝဋ်ပေါ့။
ကိလေသာ၊ ကမ္မစတဲ့အကြောင်းတရားတွေကြောင့်ဖြစ်လာရတဲ့ အကျိုးတရားကတော့ ဝိပါက။ အဲဒါ ဝိပါကဝဋ်။
လူအဖြစ်ကိုမသိလို့တပ်မက်၊ တွယ်တာ။ ပြုခဲ့မိတဲ့ကောင်းကံ၊ဆိုးကံတွေကရှိခဲ့။ ဒီဘဝမှာအကျိုးတွေပေး။
ဘဝခရီးလမ်းကို ဘယ်သူကမှ ခင်းပေးခဲ့သည်မဟုတ်။ ဘယ်တန်ခိုးရှင်ကမှ ပို့ပေးခဲ့တာမဟုတ်။ ကိုယ့်အတွေးအမြင်နဲ့ကိုယ်ဖန်တည်းပြီး လျှောက်ခဲ့တဲ့ဘဝလမ်း။ ဒီလမ်းကို ဓမ္မဆိုတဲ့တရားမှုနဲ့သာ သွားရမယ်။(ဓမ္မဆိုတာ တရားမှု၊ အဓမ္မဆိုတာ မတရားမှု)
အဲဒီဓမ္မကိုစိတ်ကပဲဦးဆောင်နေတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားက
" ဓမ္မတို့သည် စိတ်သာလျှင် ရှေ့ကဦးဆောင်၏။ အကြီးအမှူးဖြစ်၏။ မကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်မိပါက ထိုသို့ပြောဆိုပြုလုပ်မိခြင်းကြောင့် လှည်းဘီးသည် နွားခြေရာကို အစဉ်လိုက်သလို ဒုက္ခသည်လည်း ထိုပုဂ္ဂိုလ်သို့ အစဉ်လိုက်နေ၏။" လို့ ဓမ္မပဒ၊ ယမကဝဂ်၊ 'စက္ခုပါလထေရ်ဝတ္ထု' မှာ ဟောထားတယ်။
ဒါကြောင့်ဘဝကို မှန်ကန်တဲ့အတွေး(သမာသင်္ကပ္ပ)နဲ့ မှန်ကန်တဲ့အမြင်(သမာဒိဌိ)ဆိုတဲ့စေတသိတ်များနဲ့စိတ်ကိုဦးဆောင်တည်ဆောက်ကြပါမှ မနက်ဖြန်တို့ရဲ့ဘဝတွေ လှပပါလိမ့်မယ်။
(ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ)
(အရင်ကလည်း ဓမ္မပဒ ဖတ်ပါတယ်။ ပုံပြင်ဖတ်သလို ဖတ်တယ်။ အခုတော့ အတွေးအမြင်နဲ့ဖတ်တယ်။ ဆရာဦးရွှေအောင်ရဲ့ ဓမ္မပဒကို တပုဒ်စီပြန်ဖတ်ရင်း ရခဲ့တဲ့အကြောင်းအရာလေးတွေကို ပြန်ရှယ်တဲ့သဘောပါ။ မူရင်းဝတ္ထုဇာတ်တွေ ဖတ်ချင်ရင် စာအုပ်မူရင်းကို ရှာဖတ်ကြပါ။)
Thursday, February 22, 2018
နောက်ကျတဲ့ဆောင်း
နောက်ကျဆောင်း.. သို့
အလည်လွန်နေတဲ့ဆောင်း
နောက်ကျစွာနဲ့ပဲ
အနောက်အရပ်ဆီ
ရောက်ရှိခဲ့ပြီ။
အေးချမ်းမှုဝတ်ရုံ
လွှမ်းခြုံပေးတဲ့
ဟေမာန်ရေ...
တစ်နှစ်တစ်ခေါက်တော့
ဆက်ဆက်လာပါကွယ်။
နောက်ကျတတ်သူခြင်း
အတင်းစကားမဆို
ငါလည်းမင်းလို
နောက်ကျတတ်သူပါ။
အရောက်နောက်ကျ
အတွေ့နောက်ကျ
အရနောက်ကျ
ဆယ်စုနှစ်တွေ
အများကြီးနောက်ကျ။
မင်းနဲ့ဆုံတွေ့ရတဲ့ခဏ
အားလုံးကိုမေ့ပစ်ရင်း
အေးချမ်းတဲ့ရင်ခွင်မှာ
ခိုလှုံခွင့်ပေးပါကွယ်။
မောင်ရေခဲ
အလည်လွန်နေတဲ့ဆောင်း
နောက်ကျစွာနဲ့ပဲ
အနောက်အရပ်ဆီ
ရောက်ရှိခဲ့ပြီ။
အေးချမ်းမှုဝတ်ရုံ
လွှမ်းခြုံပေးတဲ့
ဟေမာန်ရေ...
တစ်နှစ်တစ်ခေါက်တော့
ဆက်ဆက်လာပါကွယ်။
နောက်ကျတတ်သူခြင်း
အတင်းစကားမဆို
ငါလည်းမင်းလို
နောက်ကျတတ်သူပါ။
အရောက်နောက်ကျ
အတွေ့နောက်ကျ
အရနောက်ကျ
ဆယ်စုနှစ်တွေ
အများကြီးနောက်ကျ။
မင်းနဲ့ဆုံတွေ့ရတဲ့ခဏ
အားလုံးကိုမေ့ပစ်ရင်း
အေးချမ်းတဲ့ရင်ခွင်မှာ
ခိုလှုံခွင့်ပေးပါကွယ်။
မောင်ရေခဲ
ငယ်ငယ်က တရုတ်နှစ်ကူး
ငယ်ငယ်တုန်းက တရုတ်နှစ်ကူး
တရုတ်နှစ်ကူးပြန်ပေါ့။ တနှစ်ကိုသုံးခါတိတိ နှစ်သစ်ကူးတဲ့ မောင်လူပေအတွက် ဒုတိယအကြိမ် Happy New Year ပါ။ ပထမအကြိမ်က အင်္ဂလိပ်နှစ်သစ်ကူး။ နောက်ဆုံးနှစ်ကူးက မြန်မာနှစ်သစ်ကူး။ ဒါတောင်ကရင်နှစ်သစ်ကူးတွေဘာတွေမပါလို့ ။
ဒီနှစ်တရုတ်နှစ်ဆန်းတစ်ရက်နေ့က ဖေဖေါ်ဝါရီလ(၁၆)ရက်နေ့။ကြက်နှစ်ကုန်လို့ ခွေးနှစ်သစ်ကိုရောက်ပြီ။
နှစ်ဆန်းတစ်ရက်မတိုင်ခင်နေ့(၁၅)ရက်နေ့ကတော့ ဝါးတီးဆွဲတဲ့နေ့။ ရိုးရာယုံကြည်မှုအရ ကွယ်လွန်သူ မိဘဆွေမျိုးတွေကိုဖိတ်ပြီး ကျွေးမွေးကြတဲ့နေ့။ မိသားစုအစုံအလင်နဲ့ အားပါးတရ စားကြသောက်ကြတဲ့နေ့။
ငယ်ငယ်ကဆို ဒီလိုနေ့ရောက်ရင် အမေကခေါက်ဆွဲကြော်တွေ ဒယ်အိုးကြီးနဲ့ နှစ်အိုးသုံးအိုးကြော်ပြီပဲ။ ပြီးရင် ဘုန်းကြီးကျောင်းပို့၊ ဘေးအိမ်တွေဝေပေါ့။ ကွယ်လွန်သူတွေဖိတ်ပြီး ကန်တော့တဲ့ရိုးရာတော့ မလုပ်ဖူး။ အမေက မြန်မာဆိုတော့ တရုတ်နှစ်ကူးကို မြန်မာဆန်ဆန် အလှူလေးနဲ့ ကူးလိုက်တာပဲ။
ခေါက်ဆွဲကြော်အပြင် သူတတ်သလောက်ချက်ထားတာတွေလည်း အများကြီးပေါ့။ ပါပါးက ဟုတ်ကျူးဟင်းကြိုက်တော့ ဟုတ်ကျူးဟင်းတွေခပ်များများ။ ဟုတ်ကျူးမကြီးတွေဆီကသင်ထားတဲ့ အမေ့လက်ရာဟုတ်ကျူးဟင်းတွေက မူလလက်ရာထက်မညံ့။
ငါးဖယ်လုံးဟင်းချိုဆို ဟုတ်ကျူးလက်ရာက ငါးဖယ်လုံးထဲမှာ ဝက်သားအဆာသွတ်ထားသေးတာ။ သိပ်သောက်လို့ကောင်းပဲ။
ဟုတ်ကျူးဟင်းတွေမှာပဲ ပါတတ်တဲ့နောက်တစ်မျိုးက အနီရောင်ဟင်းအနှစ်လေးတွေ။ အရက်နဲ့စိမ်ထားတဲ့ဒီလိုအနီဖတ်လေးတွေနဲ့ချက်ထားတဲ့ ဝက်သားဆို နူးအိပြီး ချိုစိမ့်နေတာရယ်။ ဘယ်လူမျိုးမှာမှ ဒီလက်ရာမရှိဘူး။ ဟုတ်ကျူးတွေပဲ ချက်တဲ့စတိုင်။ အဲဒီအနီရောင်အဖတ်လေးတွေက ဘာလဲဆိုတာ အမေ့ကိုမမေးဖြစ်ခဲ့လို့ ခုထိမသိခဲ့။
ဒီလိုဟင်းအစုံနဲ့ ဘိုက်ခွေးနမ်းအောင် အမုန်းဆွဲပြီးရင်တော့ ပါပါးက အန်ပေါင်းပေးတယ်။ ငါးကျပ်၊တစ်ဆယ်၊နောက်တော့နှစ်ဆယ်ထိ ပေးတယ်။ အဲဒီခေတ်က နှစ်ကျပ်ရှိရင် ထမင်းစားလို့ရလေတော့ ငါးကျပ်တစ်ဆယ်ဟာ မနည်းလှတဲ့ငွေတွေပေါ့။ ငယ်လည်းငယ်သေးတော့မသုံးတတ်တာလည်း ပါမယ်။ ဘုံကျောင်းမှာလှူ၊ ရုပ်ရှင်ကြည့်ပြီးရင်တော့ ကုန်တာပါပဲ။
ညကြရင်တော့ ဘုရားကျောင်းမှာ မိုးပေါ်ဘုရားရှစ်ခိုးတယ်ဆိုပြီး ညသန်းကောင်သွားတတ်ကြတယ်။ အအိပ်မက်တဲ့လူပေကတော့ တစ်ခါမှမရောက်။ Jade empire လို့သူတို့ခေါ်တဲ့ ကောင်းကင်စောင့်နတ်ကြီး (မြန်မာလို သကြားမင်းနဲ့ခပ်ဆင်ဆင်) ကို နှစ်သစ်ကူးအစ သန်းကောင်ကျော်မှာ ရှိခိုးကြတာတဲ့။
နှစ်ကူးနီးလာရင် ချုပ်ပေးတဲ့အင်္ကျီအသစ်လေးကတော့ နှစ်သစ်ကူးနေ့မှာ ရှိုးပြဖို့ပေါ့လေ။ ဒီတော့ နှစ်သစ်ကူးနေ့မှပဲ အင်္ကျီသစ်လေးဝတ်ပြီး ဘုရားကျောင်းကို မနက်ပိုင်းရောက်ဖြစ်တယ်။ လူတွေကျိတ်ကျိတ်တိုးပေါ့။ တောင်ငူမှာတော့ ဟုတ်ဝမ်ဘုရားကျောင်းလို့ခေါ်ကြတဲ့ဘုရားကျောင်းကြီးပါ။
ဘုရားကျောင်းက နှစ်တစ်ရာကျောင်းကြီးပေမဲ့ သေသေချာချာထိမ်းသိန်းထားတော့ သိပ်မဟောင်းလှသေးဘူး။ တရုတ်ဗိသုကာလက်ရာတေ့ဆက်တွေ၊ နဂါးပျံ၊ ခြူးပျံတွေနဲ့။ဘုရားအရုပ်တွေကလည်းအများကြီး။ ကွမ်အင်ဘုရားကျောင်းမို့ ကွမ်အင်မယ်တော်က အလယ်မှာပေါ့။ ဗုဒ္ဓဘာသာဝင် တရုတ်တွေမို့ ဗုဒ္ဓရုပ်ထုလည်းပါတယ်။ အထဲကအရုပ်တွေက သူ့ခေတ်နဲ့သူ လူစွမ်းကောင်းတွေပါပဲ။ သူတို့ရဲ့နောက်လိုက်တွေက ခေါင်းဆောင်တွေသေလွန်တဲ့အခါ ဆက်ပြီးကိုးကွယ်ထားတာလို့ လူကြီးတွေပြောကြတယ်။ မြန်မာ(၃၇)မင်းနဲ့ခပ်ဆင်ဆင်။
ရွှေစက္ကူ ငွေစက္ကူတွေမီးရှို့နေသူတွေက အပြင်မှာ။ ဘုရားကျောင်းရဲ့အထဲမှာက အမွှေးတိုင်အနံ့တွေမွှန်ထူ၊ ဖရောင်းတိုင်တွေအရမ်းထွန်းကြတော့ပူ။ လူတွေအများကြီးကပြိုင်ထွန်းကြသလို ဖြစ်နေတော့ အသက်တောင်မရှူနိုင်ဘူး။ အထဲကိုအမြန်ဝင်၊ ဘုရားရှိခိုး၊ အမြန်ထွက်ပဲ။ အဲဒီနေ့မှာ ကွမ်အင်ဗေဒင်မေးချင်ရင်တော့ အကြာကြီးစောင့်ရလိမ့်မယ်။
ကွမ်အင်ဗေဒင်မေးတယ်ဆိုတာက လွယ်ပါတယ်။ ကိုယ်မေးချင်တဲ့မေးခွန်းတစ်ခုကို စိတ်ထဲမှာမေး။ ကွမ်အင်ရုပ်ထုရှေ့က တုတ်တိုင်လေးတွေထည့်ထားတဲ့ဝါးကျည်တောက်ကိုခလောက်ပေး။ တုတ်တံလေးတစ်ခုထွက်လာရင်ရပြီ။ ပြီးရင် သစ်သားပြားနှစ်ခုကိုအပေါ်မြှောက်၊ပက်လက်နဲ့မှောက်ခုံ စုံနဲ့မဆိုရင် ဒီတုတ်တံက အဖြေပဲ။ စုံနဲ့မ မဟုတ်ပဲ မှောက်ခုံတွေ ပက်လက်တွေချည်းဖြစ်နေရင်တော့ တုတ်တံပြန်ထည့်၊ ပြန်ခေါက်ပေါ့လေ။
တုတ်တံမှာက နံပါတ်ကိုရေးထားတာ၊ ဒီတုတ်တံကို ဘုရားကျောင်းလူကြီးကိုပြလိုက်ရင် သူက စာအုပ်လှန်ကြည့်ပြီး အဖြေပြောပြပါလိမ့်မယ်။ တရုတ်စာတွေရေးထားတဲ့ အဖြေစာရွက်လေးလည်းပေးလိုက်သေးတယ်။
အဖြေကလည်း ပုံပြင်လေးတွေနဲ့ဗျ။ ပုံပြင်လေးကဒီလို၊ ဒါကြောင့် ဘာဖြစ်နိုင်တယ်နဲ့ဘုရားကျောင်းလူကြီးက ဘာသာပြန်ပေးတဲ့အဖြေကို နောက်ပိုင်းကြတော့ စာအုပ်ထဲမှာ မြန်မာလိုရေးထားလိုက်ကြတယ်။ ကိုယ့်ဟာကိုယ် စာအုပ်လှန်ပြီးဖတ်ပေတော့ပဲ။ တရုတ်စာနဲ့ရေးထားတဲ့စာရွက်က ဘယ်သူမှလည်းမဖတ်တတ်ကြတော့ နောက်ပိုင်းမှာ မပေးတော့ဘူး။ မြန်မာပြည်ပေါက် တရုတ်တွေလေ။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး တရုတ်ကျောင်းတွေပါ ပြည်သူပိုင်သိမ်းပြီးမှ လူဖြစ်လာကြသူက ခပ်များများမို့ မြန်မာစာပဲ ဖတ်တတ်တော့တယ်။
တရုတ်နှစ်ဆန်းတစ်ရက်နေ့ကတော့ အလွန်ပျော်ပေါ့။ ဘုရားကျောင်းကအလှူရှင်တွေကျွေးတဲ့သက်သတ်လွတ်ကြာဆံကြော်တွေ အဝစား၊ ပြီးရင် ဘုရားကျောင်းလာကြတဲ့ တရုတ်မဖြူဖြူချောချောလေးတွေကို မျက်စိညောင်းအောင်ကြည့်ပေတော့။ သူတို့တွေကလည်း မှုန်နံ့သာချယ်ကာသပြီး သူ့ခေတ်နဲ့သူ ရှယ်ပြင်ထားကြတော့ အလွန်လှပေါ့ဗျာ။ အင်္ကျီလုံချည်အသစ်လေးတွေနဲ့ သစ်လွင်တောက်ပနေတဲ့ တရုတ်ဘုရားကျောင်းရဲ့မြင်ကွင်းက ဘယ်ပန်းချီရေးလို့မမှီပါပဲ။
ပြီးရင်တော့ အဖေါ်တွေစုကြပြီး (၁၃)မိုင်လို့ အလွယ်ခေါ်ကြတဲ့ သံတောင်မြို့သစ်က ပသိချောင်းဆီချီတက်ကြ၊ ရေကစားကြ၊ ပျော်ပွဲစားကြ၊ ခေါင်ရည်သောက်ကြပေါ့။ အလွန်ပျော်ခဲ့ရတဲ့ တရုတ်နှစ်ကူးတွေရယ်ပါ။
အခုတော့.... နှစ်တွေလည်းကြာခဲ့ပါပြီ။ ကောင်လေးလို့အခေါ်ခံရတဲ့မောင်လူပေလည်း ဘကြီးအခေါ်ခံရတဲ့အထိ ရာထူးတွေ တက်ခဲ့ပြီလေ။ ထိပ်တွေ နဖူးတွေလည်းပြောင်ကုန်ပြီ။ သူငယ်ချင်းတွေလည်း ကိုယ်လိုပဲ ပြောင်ကြီးတွေ ပြောင်လေးတွေ ဖြစ်နေကြပြီ။ အမေတို့ ပါပါးတို့တွေလည်း လူ့လောကကြီးမှာမရှိကြတော့လို့ အန်ပေါင်းပေးမဲ့သူ မရှိတော့ဘူး။ကိုယ်ကပဲ သမီးကို အန်ပေါင်းပေးရတဲ့အရွယ်ရောက်ခဲ့ပြီ။ ကိုယ်တွေ မျက်စိစားပွဲထိုင်ခဲ့တဲ့ အပျိုမလှလှလေးတွေလည်း သားသမီးတွေကိုယ်စီနဲ့အန်တီကြီးတွေဖြစ်ကုန်ပြီ။ တချို့တွေဆို အန်းကုန်း၊အန်းမဖြစ်ကြပြီး မြေးတွေချီလို့ ဘဝခရီးရှည်ကို ချီတက်နေကြပြီ။
ဒါပေမဲ့ လူ့စိတ်ဆိုတာ ခက်သားကလား။ ပစ္စုပ္ပန်ကိုတည့်တည့်ရှုနေရက အတိတ်ကို ပြန်ပြန်ရောက်သွားတတ်တယ်။ အကြောင်းတွေတိုက်ဆိုင်လာရင်ပေါ့။ ဟိုရောက်ဒီရောက်နဲ့ ဖမ်းရခက်တဲ့စိတ်။ ဒါကြောင့်လည်း ငယ်ဘဝ တရုတ်နှစ်သစ်ကူးနေ့ကို ပြန်ရောက်၊ အန်ပေါင်းတွေပြန်အမှတ်ရ၊ ဟုတ်ကျူးဟင်းတွေ ခေါက်ဆွဲကြော်တွေ ပြန်အမှတ်ရပေါ့။
သူငယ်ချင်းမိတ်ဆွေတွေလည်း တရုတ်နှစ်သစ်မှာ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

မင်္ဂလာပါ
မြန်မာတွေတွေ့ရင် ဘယ်လိုနှုတ်ဆက်ရလဲလို့ အမေရိကန်သူငယ်ချင်းကမေးတယ်။ သူတို့က How are you ? ရှိသကိုး။ 'မင်္ဂလာပါ' လို့နှုတ်ဆက်ရတယ်လို့ ထုံးစံအတိုင်း ဖြေဖြစ်တယ်။ သူက မပီကလာနဲ့ မင်္ဂလာပါ လို့ ပြန်ပြောတယ်။
ချိုင်းနိစ်တွေက နီဟောင်၊ အိန္ဒိယတွေက နမတ်စတေ့၊ ရခိုင်ကတော့ ရခိုင်သံနဲ့ သာလီစွ လို့နှုတ်ဆက်တယ်လို့ ရခိုင်မလေးတစ်ယောက်ဆီကကြားဖူးခဲ့တယ်။ သာယာပါစ လို့ အဓိပ္ပါယ်ရမယ်ထင်တယ်။ မြန်မာလိုနှုတ်ဆက်စကားကတော့ ဘယ်သူ့မေးမေး မင်္ဂလာပါ လို့ပဲ ဖြေကြမှာပဲ။
တကယ်တော့ မင်္ဂလာဆိုတာ ပါဠိစကားမို့ မြန်မာစကားမဟုတ်ဖူးဆိုတာ မင်္ဂလသုတ်ကိုကြားဖူးသူတိုင်းသိပါလိမ့်မယ်။ ဒါဆိုရင် မြန်မာစကားစစ်စစ်နဲ့နှုတ်ဆက်ရမဲ့အစား ဘာလို့ပါဠိစကားငှားထားရပါသလဲ။
မင်္ဂလာပါလို့နှုတ်ဆက်မှုကို စတင်အသုံးပြုသူက ထွန်းနေ့စဉ်သတင်းစာတိုက်ပိုင်ရှင် သတင်းစာဆရာကြီးဦးထွန်းဖေ(၁၉၀၀-၁၉၇၄) ပါတဲ့။ ဒါဆိုရင်တော့ ၁၉၀၀ ပြည့်နှစ်မတိုင်ခင်က မြန်မာ့နှုတ်ဆက်စကားက မင်္ဂလာပါ မဟုတ်တာသေချာပြီပေါ့။
သေသေချာချာလေ့လာလိုက်တော့ ကျွန်တော်တို့မြန်မာလူမျိုးမှာ နှုတ်ဆက်စကား တိတိကျကျမရှိပါဘူးတဲ့။ လူချင်းတွေ့လို့ပြုံးပြတာလည်းနှုတ်ဆက်တာပဲ။ လက်ပြတာလည်း အတူတူပဲ။ နေကောင်းရက်ကြီးတွေ့ရက်နဲ့ နေကောင်းလားမေးတာလည်း နှုတ်ဆက်တာပဲ။ ဈေးသွားမလို့လား၊ ဈေးကပြန်လာလားနဲ့ သိသိကြီးမေးနေတာလည်း နှုတ်ဆက်တာပါပဲလို့ဆိုတယ်။
မြန်မာစကား မြန်မာစာမှာ နှုတ်ဆက်စကား တိတိပပမရှိလို့ ပါဠိစကားငှားသုံးပြီးတီထွင်ခဲ့တဲ့ မင်္ဂလာပါကတော့ မြန်မာနှုတ်ဆက်စကားအဖြစ် တွင်နေပါပြီ။ မင်္ဂလာရှိရာ မင်္ဂလာ လာတယ်လို့ အတိတ်တွေ နမိတ်တွေယုံတဲ့ မြန်မာတွေအတွက် မနက်မိုးလင်းရင် မင်္ဂလာပါလို့ နှုတ်ဆက်လိုက်မှ မင်္ဂလာပိုရှိသွားသလို ခံစားရတယ်။
မြတ်စွာဘုရားရှင်ကတော့ မင်္ဂလာတရား(၃၈)ပါးရှိသတဲ့။မင်္ဂလာတရားတွေအားလုံးနဲ့ပြည့်စုံတဲ့မင်္ဂလာနံနက်ခင်းလေးက ဗာလင်တိုင်းဒေးဆိုတဲ့ ချစ်ခြင်းမေတ္တာနေ့လေးနဲ့လည်း တိုက်ဆိုင်နေလေတော့ ပိုပြီးအဓိပ္ပါယ်ရှိသွားပါရော။
သူငယ်ချင်းမိတ်ဆွေတွေအတွက် မင်္ဂလာရှိသောနေ့လေးမှာ ချစ်ခြင်းမေတ္တာတွေနဲ့လွှမ်းခြုံတဲ့ အေးချမ်းမှုတွေပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ပြည်ထောင်စုနေ့
ပြည်ထောင်စုနေ့
ညီနောင်တစ်စု
တည်ထောင်ပြုတဲ့
ပြည်ထောင်စုနေ့... ရောက်ပြန်ပေါ့။
စစ်မှန်တဲ့ပြည်ထောင်စုစနစ်တစ်ခုကို အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ကြပါစေ။
ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကြားက အမုန်းတရားတွေကင်းစင်ပြီး ချစ်ခြင်းမေတ္တာတွေ ဝေနိုင်ကြပါစေ။
စစ်မီးတောက်နေတဲ့ ပြည်နယ်တွေလည်း ငြိမ်းချမ်းကြပါစေ။
စစ်ဘေးရှောင်တွေလည်း အမြန်အိမ်ပြန်နိုင်ကြပါစေ။
ဒီလိုဒီလို ဆုတွေလည်းတောင်းမိရဲ့။
မြန်မာပြည်(ဗမာပြည်)။ ဒီပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိတယ်။ ဘာသာမျိုးစုံကိုးကွယ်ယုံကြည်ကြတယ်။ ဘာသာစကားတွေမတူကြဘူး။ ဒါပေမဲ့ အားလုံးဟာမြန်မာပြည်သားတွေ။ မြန်မာ့မြေမှာမွေးတဲ့ We are Myanmar. တွေ။
အင်္ဂလိပ်လက်အောက်ကလွတ်မြောက်ဖို့ တော်လှန်ကြစဉ်က ဘာသာလူမျိုးမခွဲခဲ့ကြ။တစိတ်တဝမ်းထဲ။ နောက်ပိုင်းတော့ သဘောထားတွေကွဲ။ တိုက်ကြ၊ သတ်ကြ၊ သေကြ။ ဘယ်သူသေသေ ဝမ်းမသာနိုင်။ အားလုံးဟာ မြန်မာနိုင်ငံသားတွေပဲမို့ မြန်မာပြည်အတွက် ကြီးစွာသော ဆုံးရှုံးမှုပါပဲ။
လက်ရှိပြည်ထောင်စုကြီးရဲ့ အနာဂတ်က ဝေဝေဝါးဝါး။ ဒုတိယပင်လုံအတွက် ဆက်လက်ဆွေးနွေးဖို့တောင်မရေရာတဲ့အခြေ။
ကမ္ဘာပေါ်မှာ တတ်မတော်တွေအများဆုံးနိုင်ငံ၊ တပ်ချုပ်တွေအများဆုံးနိုင်ငံ၊ပြည်တွင်းစစ်အရှည်ဆုံနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ပြည်ထောင်စုသားတိုင်းရင်းသားတွေ စစ်မှန်တဲ့ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီး တည်ထောင်နိုင်ပါစေလို့ လှိုက်လှဲစွာတောင်းဆုပြုပါတယ်။
ပြည်ထောင်စုသားတွေ ကျန်းမာချမ်းသာကြပါစေ။
We are Myanmar....!!!!!!!

ခွဲခြားဆက်ဆံမှု
ခွဲခြားနှိမ်ချမှု(Discrimination and Harassment) ဟူသည်
ရွှေပြည်ကြီးက ပါတီကြီးတစ်ခုရဲ့အမတ်ဟောင်းက ကိုမင်းကိုနိုင်ကို စင်ပေါ်တက်ပြီး ချိုးချိုးဖဲ့ဖဲ့တွေ ရိုင်းရိုင်းစိုင်းစိုင်းတွေသုံးပြီး နှိမ်ချတိုက်ခိုက်သွားတာကို စစ်တပ်ထောက်ခံပွဲလို့အမည်တတ်ထားတဲ့ပွဲတစ်ခုမှာ တွေ့လိုက်တယ်။
ပြည်တွင်းစစ်အတွင်း တပ်နှစ်ဖက်တိုက်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်ကြရတဲ့ကလေးတွေအတွက် သရုပ်ဖေါ်တဲ့ သရုပ်ပြကွက်တစ်ခုကို တပ်ကကန့်ကွက်ခဲ့တာ၊ တပ်ကလွတ်လပ်ရေးကိုယူပေးခဲ့တာမဟုတ်ဘူးဆိုတဲ့ပြောဆိုချက်ကို မကြေလည်တာ စတဲ့အကြောင်းတွေကြောင့်ဆိုရင် မကြေလည်တဲ့အကြောင်း၊ မကြိုက်တဲ့အကြောင်း၊ အဖြစ်မှန်က သည်လိုဖြစ်ကြောင်းစသည်နဲ့ လူကြီးလူကောင်းပီသစွာ ရှင်းပြရမဲ့အစား တဖက်သားရဲ့အားနည်းချက်ကိုနင်းပြီး ရိုင်းပြစွာပြောသွားသူအတွက် ယိုသူမရှက်၊ မြင်သူရှက်လည်းဖြစ်ရတယ်။
ဗုဒ္ဓဘာသာဝင်တွေများတဲ့နိုင်ငံမှာ အပြောအဆိုတွေ တစ်နေ့တစ်ခြားရိုင်းစိုင်းလာနေတာ ကောင်းတဲ့အလားအလာမဟုတ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လူလူချင်းနှိမ့်ချခွဲခြားသူများအတွက် နေရာမရှိ။
နိုင်ငံတကာကလက်မခံကြတဲ့ ခွဲခြားခြင်းနဲ့နှိမ်ချခြင်း( Discrimination and Harassment) ဆိုတာလေးကို နည်းနည်းပြောပြပါရစေ။
တပါးသူတစ်ဦးရဲ့ ကျားမလိင်(Sex) အပေါ်ခွဲခြားနှိမ့်ချမှု၊ 'ကြက်မတွန်လို့မိုးမလင်းဘူး'၊ စတဲ့ အမျိုးသမီးများကို နှိမ်ချခြင်းများပေါ့။
လူမျိုး(race)အပေါ်ခွဲခြားနှိမ်ချမှု၊ 'တရုတ်၊ကုလား စသည် ခေါ်ဆိုမှုများပေါ့။
အသက်အရွယ်(age)ကိုနှိမ်ချမှု၊ 'အဖွားကြီး၊ အသက်ကြီးပြီး နားမလည်ဘူး၊' ပြောဆိုမှုများပေါ့။
ကိုးကွယ်ယုံကြည်မှု(religion) ကိုနှိမ်ချမှု၊ သူတပါးဘာသာကို မသိပဲဝေဖန်ဆဲရေးမှုပေါ့။
အသားအရောင်(color) ကိုနှိမ်ချမှု၊ 'အသမဲမ၊ ငမဲ၊ မီးသွေးခဲကအဖေခေါ်ရမဲ့ကောင်' စသော အသုံးအနှုံးများပေါ့။
ထိုသူရဲ့မူလနိုင်ငံ(national origin) ကိုနှိမ်ချမှု၊ ' မင်းတို့နိုင်ငံမင်းတို့ပြန်ကြတော့ ဟူသော စကားလုံးများပေါ့။
ဆွေစဉ်မျိုးဆက်(ancestry)ကို နှိမ်ချမှု၊ ' အမျိုးမသန့်ဘူး'၊ စတဲ့ပြောစကားများပေါ့။
ခန္ဓာကိုယ်ချို့ယွင်းချက်(physical disability)ကို နှိမ်ချမှု၊ ခြေကျိုး၊ ထော်ကြီး၊ ခေါကြီး၊ အထစ်၊ ဂျပု၊ ဖက်တီး၊ လောရှည်၊ ဂျပိန် စသည့်အခေါ်အဝေါ်များပေါ့။
စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်(mental disability) ကို နှိမ်ချမှု၊ 'သောက်ရူး၊ ငပေါ' စသော အသုံးအနှုံးများပေါ့။
ကျန်းမာရေးချို့ယွင်းချက်( medical condition)ကို နှိမ်ချမှု၊ 'ရှူနာရှိုက်ကုန်း၊ အေကိုက်ထားတဲ့အကောင်' စသော အသုံးအနှုံးများပေါ့။
မျိုးရိုး(genetic information)ကို နှိမ်ချမှု၊ ' မျိုးမစစ်၊ မျိုးရိုးမကောင်းဘူး' စတဲ့ အခေါ်အဝေါ်တွေပေါ့။
အိမ်ထောင်ရေး(marital status)ကိုနှိမ်ချမှု၊ ' တခုလပ်မ၊ မုဆိုးဖို၊ မုဆိုးမ' စတဲ့အသုံးတွေပေါ့။
လိင်အခြေအနေ(sexual orientation, gender, gender identity, gender expression) လိင်စိတ်ခံစားမှုကို နှိမ်ချမှု၊ 'အခြောက်မ၊ လင်ပန်းခြင်းပွတ်ချင်သူ' စသော အသုံးများပေါ့။
တပ်နှင့်ဆိုင်ရာ( military and veteran status)ကို နှိမ်ချမှု၊ 'တပ်ထွက်၊ ဗိုလ်ပြုတ်' စသော အသုံးတွေပေါ့။
ဒါတွေအားလုံးကို ခွဲခြားနှိမ်ချခြင်းများလို့ခေါ်ပြီး ပြည်နယ်ဥပဒေ၊ ဗဟိုအစိုးရဥပဒေတွေနဲ့ အမေရိကားမှာလည်း တားမြစ်ထားပါတယ်။ ဒီလိုဆက်ဆံခြင်းကို အထူးသဖြင့် အစိုးရဌာန၊ရုံး၊ ကျောင်းများမှာ လုံးဝခွင့်မပြုပါ။ ပြုလုပ်ရင် ချက်ခြင်းတိုင်ကြားနိုင်ပါတယ်။
နောက်ကြုံမှပဲ အမေရိကားရဲ့ ခွဲခြားဆက်ဆံမှုကို ဥပဒေနဲ့တားမြစ်ချက်များအား အသေးစိတ်ရေြး့ပပါဦးမယ်။
လူအချင်းးချင်း ခွဲခြားနှိမ်ချမှုများမှ ကင်းလွတ်ကြပါစေ။

မြင်တိုင်း မယုံနဲ့
Seeing is not always believing.
မြင်သမျှဟာ အမြဲတန်း မယုံရပါ။
ဒီစကားစုလေးက လူ့အခွင့်အရေးတိုက်ပွဲခေါင်းဆောင်မာသင်လူသာကင်း(ဂျူနီယာ)ရဲ့ စကားစုလေးပေါ့။ အကြောင်းအရာတစ်ခုကို အစအဆုံးမလေ့လာပဲ လိုရာဆွဲပြီး ဖြတ်ညှပ်ကပ်လုပ်ထားတာလေးကိုဖြန့်ဝေရင်း ဟုတ်တယ်ထင်ကြသူက အများစု။ ပတ်ဝန်းကျင်ကြောင့်အထင်မှားအမြင်မှားဖြစ်တတ်တဲ့ပညာရပ်က သပ်သပ်ပေါ့လေ။ အဲဒါက အမြင်လှည့်စားခြင်းပညာတဲ့။
အမြင်လှည့်စားခြင်းပညာ(Optical Illusion) ကို မျက်လှည့်ပညာမှာပဲ တွေ့ရတာမဟုတ်ပါ။ လက်တွေ့လောကထဲက mysterious places တွေမှာလည်း တွေ့နိုင်ပါတယ်။ လူရဲ့မျက်လုံးကို လှည့်စားနေတဲ့အမြင်တွေဖြစ်တဲ့အတွက် မြင်တိုင်းမယုံသင့်သော အရာများပေါ့။ အဲဒီထဲက တချို့တဝက်သောပုံတွေကို ဝေမျှပါရစေ။
(ပုံတွေကို လက်နဲ့ထောက်ပြီး ပုံကြီးချဲ့ကြည့်ကြပါရန်။)
(၁)ယုံလား၊ဘဲလား၊ ဘယ်နဲ့ညာ အားစိုက်ကြည့်ရင် ဘဲဖြစ်လိုက်၊ ယုံဖြစ်လိုက်ပေါ့။
(၂)ပူးပေါင်းနေသော ခုံတန်းများ။ စိုက်ကြည့်ပေးရင် တစ်ခုနဲ့တစ်ခု ပေါင်းလိုက်ကွာလိုက်ဖြစ်နေတယ်။
(၃)ကာနစ်ဇတြိဂံ။ အဖြူရောင်လိုင်းနဲ့ တြိဂံမြင်နေရပေမဲ့ ဘာမျဉ်းမှ မဆွဲ။
(၄)မျဉ်းထောင် မျဉ်းလျှား။ မျဉ်းထောင်ကပိုရှည်တယ်ထင်ရပေမဲ့ တကယ်က အလျှားအတူတူပဲ။
(၅)ပွန်န်ဇို။ အဝါရောင်မျဉ်းတူနှစ်ကြောင်းပေမဲ့ အောက်မျဉ်းက တိုနေသလို။
(၆)အရောင်ရင့်နု။ အလယ်ကိုတစ်ရောင်ထဲဆွဲထားပေမဲ့ နောက်ခံကြောင့် အရောင်အရင့်အနုမြင်နေရတယ်။(နောက်ခံကို လက်နဲ့ကာကြည့်မှ တစ်ရောင်ထဲမှန်းသိရမယ်။)
(၇)အတ်ပင်ဟော့။ ဘေးပတ်လည်က စက်ဝိုင်းတွေကြောင့်အရွယ်တူ အဝါရောင်စက်ဝိုင်းနှစ်ခုကို အသေးအကြီး မြင်နေရတယ်။
(၈)အလျှားလိုက်မျဉ်းပြိုင်တွေကို ရွှဲ့စောင်းနေတယ်လို့ မြင်နေရတာ။
(၉)အကွာအဝေးတူ အစိမ်းရောင်အလုံးလေးတွေကို မညီမညာထင်နေရတယ်။
(၁၀)စက်ဝိုင်းတွေသီးခြားစီ ရှိနေတာကို စက်ဝိုင်းခြင်းဖြတ်နေကြသလို ထင်ရတယ်။
(၁၁)မာရီလင်မွန်ရိုးလား။ အိုင်စတိုင်းလား။
(၁၂)ဖုန်းကို အနီးအဝေးလုပ်ပြီး ပြောင်းကြည့်ရင် စက်ဝိုင်းတွေလည်နေတယ်။
ဒါတွေကတော့ အမြင်လှည့်စားမှုတွေထဲက တချို့တဝက်ပေါ့။
ပတ်ဝန်းကျင်မြင်ကွင်းတွေရဲ့လှည့်စားမှုကြောင့် ကုန်းဆင်းကို ကုန်းတက်သဖွယ်ထင်တတ်တဲ့နေရာတွေရှိတယ်။ အဲဒီနေရာတွေထဲမှာ နေပြည်တော်ကလမ်းတစ်ခုလည်းပါရဲ့။
ပွန်ဇိုလှည့်စားခြင်းလို့ခေါ်တဲ့ မျဉ်းစောင်းတွေကြောင့် အနိမ့်အမြင့်တွေလွဲမှားစွာမြင်ရခြင်း၊ အရှည်အတိုတွေမြင်နေရခြင်းတွေကိုတော့ အံသြဖွယ်အိမ်(mystery house) တွေမှာ ဖန်တည်းတယ်။ မောင်လူပေတို့နားက Santa Cruz mystery House ဟာ ဒီနည်းကိုသုံးပြီး လှည့်စားထားတာပဲ။ ဒီလိုလှည့်စားတည်ဆောက်ထားတဲ့အိမ်တွေ အမေရိကားမှာ အများကြီးရှိတယ်။ အဲဒီအိမ်တွေအားလုံးရဲ့တူညီချက်ကတော့ အိမ်တွေအားလုံးဟာ ရွဲ့စောင်းနေတယ်။ ကုန်းဆင်းမှာတစောင်းကြီးဖြစ်အောင် တည်ထားတယ်။ ဒါဟာ မျဉ်းစောင်းတွေနဲ့ အမြင်ကိုလှည့်စားခြင်းပါပဲ။
(၁၃)အိမ်ကိုဒီလို ၂၀ံလောက်စောင်းထားကြတယ်။
(၁၄)အထဲကလူတွေကို အပြင်ကကြည့်ရင် ပထမပုံလိုမြင်ရပေမဲ့၊ အထဲကအမြင်မှာတော့ ဒုတိယပုံလိုမြင်နေရမယ်။ လူရဲ့ဦးနှောက်က အမြင်အားလုံးကို အတည့်ဖြစ်အောင်လိုက်ညှိတဲ့အတွက် ဒီလိုတွေမြင်ရတာ။ ကြာကြာကြည့်နေရင် မူးလာတာလည်း ဒါကြောင့်ပါပဲ။
(၁၅) ရေက အပေါ်ကိုစီးတယ် ထင်ရတယ်။
မျက်လှည့်မှာအခြေခံတဲ့ အမြင်လှည့်စားခြင်းတွေကို သိသမျှ ဝေမျှရင်း တချို့အရာတွေမှာ မြင်သမျှဟာ မယုံရပါလို့သာ။
နိုင်ငံရေး၊စီးပွားရေးတွေလိုက်ဖတ်ရင်းခေါင်းရှုတ်လာလို့ ပျော်စရာ စိတ်ဝင်စားဖွယ်လေးတွေ လိုက်ဖတ်ရင်း မျှဝေလိုက်ပါတယ်။
မိတ်ဆွေသူငယ်ချင်းတွေကျန်းမာကြပါစေ။

တရုတ်နှစ်သစ် ခွေးနှစ်
ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း
ချိုင်းနိစ်နှစ်သစ်ရောက်တော့မယ်။ ချိုင်းနိစ်ဗေဒအလိုအရ နှစ်တိုင်းကို အကောင်ဆယ့်နှစ်ကောင်နဲ့ သတ်မှတ်ချက်အရ ဒီနှစ် ၂၀၁၈ကတော့ သစ္စာရှိတယ်လို့နာမည်ကြီးတဲ့ ခွေး နှစ်ကိုကြရောက်ပါတယ်။ မြေကြီးဓါတ်ကိုရတဲ့ခွေး( Earth Dog year) ပါတဲ့။ အတိအကျပြောရရင်တော့ ၂၀၁၈ ဖေဖေါ်ဝါရီလ ၁၆ရက်(ချိုင်းနိစ်နှစ်သစ်ကူးနေ့)ကနေ ၂၀၁၉ ဖေဖေါ်ဝါရီလ ၉ရက်နေ့ကြားမွေးသူများဟာ ခွေးနှစ်မွေးသူများပါလို့ ဆိုလိုပါတယ်။
ချိုင်းနိစ်နှစ်ကူးအပြီး ၁၉၃၄၊၁၉၄၆၊၁၉၅၈၊၁၉၇၀၊၁၉၈၂၊၁၉၉၄၊၂၀၀၆၊၂၀၁၈၊၂၀၃၀ မှာမွေးသူတွေဟာ ခွေးနှစ်မှာမွေးသူတွေပေါ့။ ရွှေ၊သစ်၊ရေ၊မီး၊မြေ ရယ်လို့ ဓါတ်ကြီးငါးပါးနဲ့ခွဲခြားတဲ့အခါ ဒီနှစ်ဟာ မြေဓါတ်ရတဲ့ခွေးနှစ်ဖြစ်သွားတယ်။
ခွေးနှစ်မှာမွေးသူတွေအတွက်
ကံကောင်းတဲ့နံပါတ်တွေက ၃၊၄၊၉။
ကံကောင်းစေတဲ့အရောင်က အနီ၊အစိမ်း၊ခရမ်းရောင်။
ကံကောင်းစေတဲ့ပန်းက နှင်းဆီ၊ သစ်ခွပင် (cymbidium orchid)။
ကံကောင်းစေတဲ့နေ့တွေက ချိုင်းနိစ်လရဲ့(၇)ရက်မြောက်နေ့နဲ့ (၂၈)ရက်မြောက်နေ့။
ကံကောင်းစေတဲ့လတွေက ချိုင်းနိနှစ်ရဲ့ ၆လမြောက်၊ ၁၀လမြောက်၊ ၁၂လမြောက် လတွေ။
ကံကောင်းစေသောအရပ်များက အရှေ့အရပ်၊ တောင်အရပ်၊ အရှေ့မြောက်အရပ် တို့ဖြစ်ပါတယ်။
ချိုင်းနိစ်ရိုးရာဗေဒအရ ဓါတ်ကြီးငါးပါးနဲ့ခွဲခြားတဲ့အခါ
(၁)၁၉၃၄၊၁၉၉၄ မွေးသူများဟာ သစ်သားခွေး(Wood Dog) ဖြစ်လို့ ကြင်နာတတ်သော၊ ယုံကြည်ရသော၊ စဉ်းစားချင့်ချိန်တတ်သော၊နားလည်တတ်သော၊စိတ်ရှည်တတ်သော သူများဖြစ်တယ်။အင်္ဂလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဝင်စတန်ချာချီ၊ ရော့ခ်အင်ရိုးဂီတဘုရင် အဲလ်ဗစ်ပရက်စလေ၊ လူငယ်တို့အသဲစွဲ ဂီတသမား ဂျပ်စတင်ဗီဘာတို့ဟာ သစ်သားဓါတ်ရ ခွေးနှစ်သမားပါ။
(၂)၁၉၄၆၊၂၀၀၆ မွေးသူများဟာ မီးလျှံခွေး(Fire Dod) ဖြစ်လို့ ဉာဏ်ပညာကြီးသူ၊အလုပ်ကြိုးစားသူ၊ကြင်နာတတ်သူ ဖြစ်တယ်။ အမေရိကန်သမ္မတတွေဖြစ်တဲ့ ဘေလ်ကလင်တန်၊ ဂျော့ခ်ျဘွတ်ဂျူနီယာနဲ့ ဒေါ်နယ်ထရန့် တို့အပြင် နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာစတီဗင်စပီးဘတ်တို့ဟာ မီးလျှံဓါတ်ရ ခွေးနှစ်သမားပါ။
(၃)၁၉၅၈၊ ယခုနှစ်၂၀၁၈ မွေးသူများဟာ မြေဓါတ်ခွေး(Earth Dog)တွေဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်သူ၊ တကယ်ကိုစိတ်ပါဝင်စားသူ၊အလုပ်အပေါ်တာဝန်ယူနိုင်သူတွေ ဖြစ်တယ်။ ဂီတကြယ်ပွင့်တွေဖြစ်ကြတဲ့မက်ဒေါနားနဲ့မိုက်ကယ်ဂျပ်ဆင်တို့ဟာ မြေဓါတ်ရ ခွေးနှစ်သမားပါ။
(၄)၁၉၁၀၊၁၉၇၀ မွေးသူများဟာ ရွှေ(သို့)သတ္တုခွေး( Gold/Metal Dod) ဖြစ်လို့ ရှေးရိုးဆန်သူ၊စိတ်ဓါတ်ပြင်းထန်သူ၊ ဂရုစိုက်တတ်သူ၊ တဖက်သားကိုအမြဲကူညီလိုသူတွေဖြစ်ကြတယ်။ ဂရုဏာရှင် ကက်သလစ်သီလရှင်ကြီးမာသာထရီစာဟာ သတ္တုဓါတ် ခွေးနှစ်သမားပါ။
(၅)၁၉၂၂၊၁၉၈၂ မွေးသူများကတော့ ရေဓါတ်ခွေး(Water Dog) ဖြစ်လို့ ရဲရင့်တတ်သူ၊ တကိုယ်ကောင်းဆန်တတ်သူ၊ငွေရေးကြေးရေးကိစ္စတွေမှာကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။
ခွေးနှစ်သမားတွေအတွက်
ကံမကောင်းစေမဲ့အရောင်များက အပြာရောင်၊အဖြူရောင်၊ ရွှေရောင်။
ကံမကောင်းစေမဲ့နံပါတ်များက ၁.၆,၇။
ကံမကောင်းစေမဲ့အရပ် အရှေ့တောင်အရပ်။
ကံမကောင်းစေမဲ့လများက ချိုင်းနိလရဲ့ ၅လပိုင်းနဲ့ ၈လပိုင်းဆိုပါတယ်။ဂရုစိုက်ပေးပါ။
ခွေးနှစ်မှာမွေးဖွားသူများရဲ့အမူအကျင့်တွေကိုပြောရရင်တော့ ရိုးသားသူ၊သစ္စာရှိသူ၊ ဂရုစိုက်တတ်သူ၊နိုးကြားတတ်သူတွေဖြစ်သလို ရိုးသားမှုနဲ့သစ္စာရှိမှုအခြေခံကြောင့်ပဲ မိမိအနေနဲ့အရေးပါသူလို့ယုံကြည်သူအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ပေးဖို့ ဝန်မလေးတတ်သူတွေဖြစ်ကြပါတယ်။
ခွေးနှစ်မွေးသူတွေရဲ့ အားနည်းချက်ကတော့ တပါးသောသူတွေနဲ့ဆက်ဆံရေးပါပဲ။ သူတို့ရဲ့ထင်မြင်ချက်တွေကိုလည်း တပါးသူသိအောင် ထုတ်ပြဖို့ ခက်ခဲတတ်ကြတယ်။ ဒါကြောင့်လည်း အလွန်ကိုခေါင်းမာသူတွေနဲ့ ဝေးဝေးရှောင်လေ့ရှိပါသတဲ့။
ကောင်းမွန်တဲ့အမူအကျင့်နဲ့မွေးဖွားသူများပီပီ ရာဇဝတ်မှုတို့ မရိုးသားမှုနဲ့စီးပွားရှာခြင်းတို့ကို မလုပ်လိုကြပဲ မိသားစုတွေနဲ့အေးချမ်းတဲ့ဘဝလေးမှာနေလိုသူတွေဖြစ်ကြတယ်။
အေးချမ်းစွာနေလိုသူတွေမို့လည်း သူတို့တွေရဲ့ တွေးခေါ်မှုတွေက ကမ္ဘာကြီးဟာ မကောင်းမှုတွေနဲ့ပြည့်နှက်နေတယ်၊ရှုတ်ထွေးမှုတွေများလွန်းတယ်၊ ဒါကြောင့် ခပ်ကင်းကင်းနေတာအကောင်းဆုံးပဲ လို့ ထင်မြင်ယူဆတတ်ကြပါတယ်။
ခွေးနှစ်မှာမွေးသူများဟာ အများအားဖြင့် ပျော်ပျော်နေတတ်သူများပီပီကျန်းမာကြတယ်။ အားကစားလုပ်ရမှာကြိုက်နှစ်သက်ကြလို့ သာမန်အအေးပတ်တာ ချောင်းဆိုးတာလောက်ကို မှုသူများမဟုတ်ကြ။
အလုပ်အလွန်များသူတွေ၊ လူမှုရေးတွေအလွန်များသူတွေအတွက်တော့ လုံလောက်တဲ့အနားယူမှုလိုအပ်သလို ပြည့်စုံတဲ့လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် စိတ်နဲ့ကိုယ်ခန္ဓာအတွက် ခွန်အားသစ်တွေရစေပါတယ်။ ခွေးနှစ်သမားတွေဟာ အများအားဖြင့် ငွေနဲ့အာဏာကို မက်မောသူများမဟုတ်ကြပဲ စိတ်ဖိစီးမှုနဲစေမဲ့အလုပ်များကိုသာ လုပ်လိုကြပြီး အိမ်ပျော်သူတွေ ဖြစ်ကြပါသတဲ့။
ခွေးနှစ်မွေးသူတွေဟာ သစ္စာရှိမှုအခြေခံကြောင့် တပါးသူအတွက် အလုပ်လုပ်ရခြင်းကို မွေ့လျှော်ကြတယ်။အလုပ်ကိုလည်း ရင်လှိုက်သည်းလှိုက်ကို ချစ်မြတ်နိုးသူတွေဖြစ်တယ်။ ဒါကြောင့် ရဲအရာရှိ၊ သိပ္ပံပညာရှင်၊ အကြံပေးအရာရှိ၊အိမ်အတွင်းဒီဇိုင်းဆင်သူ၊ တက္ကသိုလ်ပါမောက္ခ၊နိုင်ငံရေးသမား၊ ခရစ်ယာန်ဘုန်းကြီး၊ သူနာပြု၊ရုံးအမှုထမ်း၊ တရားသူကြီးစတဲ့အလုပ်တွေနဲ့ သင့်တော်ပါတယ်။
ခွေးနှစ်မှာမွေးဖွားသူများအတွက် ယခုလာမဲ့နှစ်ဟာ ခွေးနှစ်ပြန်ရောက်မှာဖြစ်တဲ့အတွက် ချိုင်းနိစ်ဗေဒအရ ကံမကောင်းမှုတွေတွေ့တတ်တယ်။ ယင်နဲ့ယန်သဘောတရားအရ အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင်တလှည့်စီကြရောက်မှာကိုကြိုသိထားရင် သတိထားလို့ရပါတယ်။ စီးပွားရေးသမားတွေအတွက်ကတော့ အိမ်ခြံမြေရောင်းဝယ်ရေး၊ အပူနှင့်ဆိုင်သောလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေက အမြတ်အစွန်းတွေရနိုင်တယ်။
အချစ်ရေးမှာလည်းကံခေမှုတွေကြုံရတတ်တယ်။ ဒါပေမဲ့ လုံးဝကံဆိုးမှာမဟုတ်ပါ။ ယောက်ျားလေးတွေဆိုရင် ကိုယ်ချစ်တဲ့သူအတွက် ပိုပြီးလုံ့လစိုက်ပေးရမယ်။ ဂရုစိုက်ပေးသင့်တယ်။ မိန်းကလေးတွေဆိုရင်တော့ ကိုယ့်ရဲ့မာနနဲ့သိက္ခာတရားကိုဂရုစိုက်နေရတာကြောင့် အချစ်ရေးမှာ ရှေ့ဆက်ဖို့ခက်နေတတ်ပါတယ်။ဒါကြောင့်မို့ ကမ်းနားမှာဖြစ်စေ၊ ပန်းခြံမှာဖြစ်စေ လမ်းလျှောက်အပန်းဖြေရင်း မိမိတို့ရဲ့အချစ်ရေးကို လေ့လာဆန်းစစ်ကြသင့်ပါတယ်။
ကျန်းမာရေးအပိုင်းမှာလည်း လက်နဲခြေထောက်တွေမှာ ဒါဏ်ရာရမှုတွေရှိတတ်တယ်။ ဒါဏ်ရာရပြီးသွေးထွက်လွန်တတ်တယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာတွေလည်း သတိပြုသင့်တယ်။ စိတ်အေးအေးထားပြီး ပန်းခြံ၊ ကမ်းခြေတို့မှာ လမ်းလျှောက်ပေးပါ။
ခွေးနှစ်သမားတွေအတွက် အသင့်တော်ဆုံး အိမ်ထောင်ဖက်က ယုံနှစ်မွေးသူများဖြစ်ပြီး မသင့်တော်ဆုံးကတော့ နဂါးနှစ်၊ ဆိတ်နှစ်နဲ့ ကြက်ဖနှစ်မွေးသူတွေပါပဲတဲ့။ကျန်နှစ်မွေးသူတွေကတော့ သာမန်ပါပဲတဲ့။
အချုပ်အားဖြင့်ဆိုရရင်တော့ ခွေးနှစ်မွေးသူများနဲ့ သူငယ်ချင်းမိတ်ဆွေဖြစ်လိုတယ်ဆိုရင် အချိန်နည်းနည်းတော့ယူရပါတယ်။ သူတို့ရဲ့ရှေးရိုးဆန်မှုနဲ့အရာရာကိုသတိထားတတ်မှုကြောင့်ဖြစ်ပါတယ်။ သူတို့ကယုံကြည်သွားပြီဆိုရင်တော့ အလွနိသစ္စာရှိသူမိတ်ဆွေတစ်ဦးရရှိသွားပြီလို့သာမှတ်လိုက်ပါ။
ခွေးနှစ်မွေးသူများနဲ့အချစ်ရေးမှာဆက်သွယ်ချင်ရင်လည်း ဒီအတိုင်းပါပဲ။ သူတို့တွေဟာလူတစ်ဦးကို အလွယ်တကူ ချစ်သွားတတ်သူတွေမဟုတ်ပါဘူး။ အချိန်တစ်ခုစောင့်ရပါ့မယ်။ သူတို့ကချစ်မိပြီဆိုရင်လည်း သူတို့ချစ်သူတွေအပေါ်မှာ သစ္စာရှိရှိနဲ့ခိုင်မြဲစွာ လက်တွဲလိုသူတွေပါ။ ဒါပေမဲ့သူတို့တွေရဲ့ ခံစားချက်တွေက တက်လွယ်ကြလွယ်ဖြစ်တတ်တာကိုတော့ နားလည်ပေးတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကျွန်တော်တတ်လွန်းလို့ ဟောပြောနေတာမဟုတ်ရပါ။ ခွေးနှစ်သစ်အတွက် လေ့လာရင်းတွေ့ရှိချက်တွေကို ဝေမျှပေးရခြင်းသာ ဖြစ်ပါတယ်။
တရုတ်နှစ်သစ်ဖြစ်တဲ့ ခွေးနှစ်မှာ မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
မှန်ထဲကလူ
မှန်ထဲကလူ
မှန်အောင်ကြိုးစားရင်း၊
ခဏခဏမှားခဲ့ရသူ။
အတ္တတံခွန် မလွှင့်ခဲ့၊
မာနတွေလည်း
ခဝါချရလွန်းလို့ 
အရောင်တွေလွင့်နေသူ။
တစ်ခါတစ်လေ
ဘု..ကျတတ်တာကလွဲရင်၊
ဘုံဆိုင်... မထိုင်၊
ပချုပ်ဆိုင်..ဝေးဝေးရှောင်၊
နှစ်လုံးသုံးလုံး..မလုပ်
ဘောပွဲ..မလောင်း၊
အဘ တွေနဲ့ လည်း..မပေါင်း၊
မငတ်ရုံ နေထိုင်မှုမှာ
ပျော်မွေ့နေသူ။
အလန်းလေး အတွက်
စပွန်ဆာဖိုးမရှိ၊
စီးစရာလည်း
မာစီဒီးမရှိ၊
အများငေးရမဲ့
တိုက်ကြီးမပိုင်၊
မရှိမဲ့ရှိမဲ့
သိက္ခာလေး ဖုန်သုတ်ရင်း
ကြည်နူးနေတတ်သူ။
လူဂုဏ်တန် လို့ 
အခေါ်မခံရပေမဲ့၊
မုဒိတာကို စိတ်မှာမွေး
ရင်ဘတ်တူသူတွေနဲ့ပျော်နေသူ။
ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ 
လွတ်လပ်စွာနေထိုင်ရင်း၊
ကမ္ဘာမြေတစ်နေရာမှာ
ပျော်ရွှင်စွာခေါင်းချချင်သူ။
သူ..သူ...သူ..သူ
မှန်ထဲကလူ။ ။
၅-၁-၂၀၁၃
(ကိုယ်တိုင်ရေး အထုပ္ပတ္တိကဗျာလေးကို ပြန်လည်တင်ပြပါတယ်။)

Subscribe to:
Posts (Atom)