ကျွန်တော်
နိုင်ငံရေးသမား နိင်ငံရေးပါတီဝင်တစ်ဦး မဟုတ်ပါဘူး။ အရင် မဆလပါတီမှာလည်း
တင်းပြည့်တို့ အရန်တို့ဝေးလို့ ပါတီမိတ်ဆွေဆိုတဲ့ အနိမ့်ဆုံးအဆင့်တောင်
မဝင်ခဲ့ဖူးပါ။ မဆလပါတီဟာ စကားလုံးလှလှလေးတွေသုံးပြီး ပြည်သူကို
ညာဝါးနေတယ်လို့ ခံစားသိမြင်ခဲ့ရလို့ဖြစ်ပါတယ်။
ပါတီတစ်ခုရဲ့ပေါ်ပေါက်လာပုံနဲ့ ဆက်လက်ရပ်တည်ချက်များ၊
ပါတီခေါင်းဆောင်များရဲ့ လုပ်ငန်းရပ်များက အဲဒီပါတီရဲ့
အမှန်တရားကိုဖေါ်ပြပါတယ်။ အချိန်က သက်သေခံပါတယ်။
နိုင်ငံရေးဆိုတာ နိုင်ငံတခုရဲ့ အရေးမို့ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်။
လူဆိုတာ နိုင်ငံရေး သတ္တဝါပဲ လို့ ကျွန်တော်တို့ချစ်တဲ့ ဗိုလ်ချုပ်က
ပြောဖူးပါတယ်။
ကျွန်တော်တို့ ဆီမှာကတော့
နိုင်ငံရေးစိတ်ဝင်စားမိရင် ထောင်စော် အချုပ်စော်နံတဲ့သူဖြစ်အောင်
နှစ်ပေါင်းများစွာ စနစ်တကျ ဖိနှိတ်ခဲ့တာမို့ ဝါဒဖြန့်မှိုင်းတွေအောက်မှာ
ပြည်သူတွေ နိုင်ငံရေးစကား မပြောရဲခဲ့တဲ့ နှစ်ပေါင်းများစွာ
ရှိခဲ့ရဖူးပါတယ်။
အခုလို လွတ်လွတ်လပ်လပ် ပြောလို့ရပြီဆိုတောင် ဒီကြောက်စိတ်က မပြောက်သေးပါဘူး။ ကိုယ့်ပါးစပ်ကိုယ် ဆင်ဆာဖြတ်ပြီး ပြောနေကြဆဲပါ။
ကျွန်တော့သူငယ်ချင်း ကားသမားတစ်ယောက်ကတော့ ဘောင်းဘီဝတ်ထားသူမှန်သမျှကို
ကြောက်ပါသတဲ့။ စစ်သား ရဲသားကအစ မီးသတ်အဆုံး ကားသမားမို့
ကြောက်ပါသတဲ့။သာမာန်ပြည်သူတွေဆိုတာလည်းသူနဲ့ မထူးပါဘူး။ ဆရာမောင်ထင်ရဲ့ ငဘတွေချည်းပါပဲ။
ငဘတွေကို ပိပြားနေအောင် အုပ်ချုပ်ခဲ့တဲ့ အဘချုပ်ကြီးရဲ့ လက်ကိုင်တုတ်
ပြည်ခိုင်ဖြိုး အသင်းကြီးက ပါတီနိုင်ငံရေး မလုပ်ဘူး။
အမျိုးသားနိုင်ငံရေးပဲလုပ်မယ်ပြောတုန်းကလည်း
ငဘတွေ ဝေဖန်ခွင့်မရှိပါဘူး။ တခါ ပြောပြီးတဲ့စကား ပြန်ပြင်ပြီး
ပြည်သူပိုင်ငွေတွေနဲ့ တည်ထောင်ခဲ့တဲ့ ဒီအသင်းကြီးကို ပါတီပြောင်းတော့လည်း
ငဘတွေ နှုတ်ဆိပ်ခဲ့ရတာပါပဲ။
၉၂%ကျော်ထောက်ခံတယ်ဆိုတဲ့ ခြေဥကြီးနဲ့
အဘချုပ်တပည့်ကျော်တွေ ပုဆိုးပြောင်းဝတ်ပြီး ပြည်သူ့အစိုးရလုပ်ပြတော့လည်း
မချိပြုံးနဲ့ လက်ခံခဲ့ကြတာပါပဲ။ နင်းပြားငဘတွေ ဘာတတ်နိုင်မှာလဲ။
အခုတော့ ငဘတွေ ဆန္ဒထုတ်ဖေါ်ခွင့်ရပါပြီ။ အဘချုပ်ကြီးများလက်ထဲ ဝကွက်အပ်ထားတဲ့ ခြေဥကို ပြည်သူအများလက်ထဲပြန်ရောက်ရေးအတွက်
ပထမခြေလှမ်း ၄၃၆ ပြင်ရေးကို ဆန္ဒပြုလက်မှတ်ထိုးနိုင်ပါပြီ။ ဒါ နိုင်ငံရဲ့
အရေး နိုင်ငံရေးကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖေါ်ခွင့်ရတာပါ။
ဘယ်ပါတီကဖြစ်ဖြစ် ပြည်သူ့လိုလားချက်ဖြစ်တဲ့ ခြေဥပြင်ရေး
လုပ်ပေးမဲ့လူတိုင်းကို များစွာသော ငဘများထဲက ကျွန်တော်ငဘက
လှိုက်လှဲစွာကြိုဆိုအပ်ပါသည်ခင်ဗျား။
အာရတ်ပုံပြင်တစ်ခုရှိပါတယ်။
တခါက လယ်သမားတစ်ဦးက လယ်တောအိမ်လေးမှာ
မိသားစုတွေတိုးလာပြီး နေရတာ ကျဉ်းကျပ်လွန်းလို့ ပညာရှိကြီးကို ဘာလုပ်ရမလဲလို့ သွားမေးပါသတဲ့။
အဲဒီပညာရှိကြီးက မင်းမွေးထားတဲ့ ဆိတ်သုံးကောင်ကို အိမ်ထဲ ထည့်လိုက်လို့ အကြံပေးသတဲ့။
နဂိုကကျပ်ရတဲ့အထဲ ဆိတ်တွေရောက်လာတော့ ပိုဆိုးပြီး နေမရတော့လို့ ပညာရှိကြီးဆီ သွားမေးပြန်ပါတယ်တဲ့။
ပညာရှိကြီးက အိမ်ပြင်က မင်းရဲ့ ကြက်ငါးကောင်ကို အိမ်ထဲထပ်ထည့်လိုက်လို့ ခိုင်းပြန်ပါသတဲ့။
အိမ်သေးသေးမှာ မိသားစုတွေအပြင် ဆိတ်တွေ ကြက်တွေနဲ့
အိပ်ရုံသာသာပဲနေရာကျန်ပြီး ပိုဆိုးလာတော့ ပညာရှိကြီးဆီ သွားပြီး
အကူအညီတောင်းရပြန်ရောပေါ့။
ဒီတခါလည်း ပညာရှိကြီးက မင်းရဲ့ ကုလားအုပ်ကြီးပါ အိမ်ထဲထည့်လိုက်လို့ ခိုင်းပြန်ပါရောတဲ့။
ပညာရှိကြီး ပြောတဲ့အတိုင်း ဆိတ်တွေ၊ကြက်တွေနဲ့ ကုလားအုပ်ပါ
အိမ်ထဲထည့်ထားရတော့ နေစရာမရှိတော့ပဲ မတ်တပ်ရပ်နေရပြီး အဲဒီ အကောင်တွေကလည်း
ဆူညံနေတာမို့ ပညာရှိကြီးဆီ ထပ်ပြေးပြီး ဆရာပြောတဲ့အတိုင်း ဆောင်ရွက်တာ
မတ်တတ်အိပ်ရတဲ့ဘဝရောက်ပြီး ပင်ပန်းနေပါပြီလို့ ငြီးညူပါသတဲ့။
ဒီအချိန်ကြမှပဲ ပညာရှိကြီးက မင်းရဲ့ အကောင်ပေါင်းစုံကို အိမ်ထဲကပြန်ထုတ်လိုက်တော့လို့ ညွှန်ကြားပါသတဲ့။
အဲဒီကြမှပဲ လယ်သမားရဲ့ တဲလေးဟာ အရမ်းကျယ်သွားပြီး လယ်သမားလည်း စိတ်တွေချမ်းသာသွားပါတော့တယ်တဲ့။
ကျွန်တော်တို့တတွေလည်း လယ်သမားနဲ့ ဘာထူးလဲဗျာ။
နဂိုကရှိထားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အကုန်သိမ်း၊
အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အိမ် ကား ဖုန်း အစားအသောက် အလုပ်အကိုင်တွေကို
အကုန်ထိန်းချုပ်ထားလို့ စားဝတ်နေရေး ဆက်သွယ်ရေး
အားလုံးကျပ်တည်းကျဉ်းမြောင်းအောင် အလုပ်ခံခဲ့ရတာလေ။
ခုမှ လယ်သမားအိမ်ထဲမှာ ဒုက္ခပင်လည်ဝေနေတော့မှ ကားဈေးလေးကျလာအောင်လုပ်ပေး၊ ဖုန်းဈေးလေးကျလာအောင်လုပ်ပေးနဲ့ သွင်းထားတဲ့ အကောင်တွေကို ပညာရှိကြီးက တစ်ကောင်ချင်း ပြန်ထုတ်ပေးနေတာ။
ဒါတောင် ပြန်ထုတ်စရာ အကောင်တွေ အများကြီးကျန်နေသေးလို့ ကျပ်နေဆဲပါ။
ဒီလိုနှစ်ကောင်လောက်ပြန်ထုတ်ပြီး
တိုးတက်ချောင်လည်လာပြီလို့ ပြတဲ့ မျက်လှည့်ပွဲမှာ မျက်လှည့်ဆရာ
သမ္မတကြီးနဲ့အဖွဲ့ကို လက်ခုတ်တီးအားပေးတဲ့သူတွေနဲ့ လော်ဘီလုပ်နေတဲ့
ရဟန်းအချို့ကလည်းရှိသေး။
အဲဒီ မျက်လှည့်ပွဲကလေးကွက်ကို
လက်ခုတ်တီးအားပေးတဲ့အထဲမှာ ကျွန်တော်နဲ့ ကျွန်တော့ရဲ့ ရင်ဘတ်တူ
သယ်ချင်းများ မပါဝင်ပါကြောင်း အာမခံပါရစေ ခင်ဗျား။
သန်မတဂျီးအပါအဝင် ဝန်ဂျီးများက လစာ၏ ၂၅%ကို ဆင်းရဲသူများကို လှူပါမည်တဲ့။
သာဓုပါဂျာ။ ပိုပြီး ကုသိုလ်ရအောင် မကြေညာရဲတဲ့ ပိုင်ဆိုင်မှုတွေရဲ့ ၂၅%
တို့၊ လာတ်ငွေ ကန်တော့ငွေ၊ ဂါငွေစသည့် အခြားသော တရားမဝင်ငွေများရဲ့ ၂၅%
တို့ကိုပါ လှူပေးပါလား။ ကုသိုလ်တွေ ပိုရတာပေါ့။
ဆင်းရဲကြသူများကို မုန့်ဖိုးလေးလှူပေးလိုက်။
ဒီနေ့ပျော် နက်ဖြန်ငတ်။
မဆလ ၂၆ နှစ်။ နဝတ၊ နအဖ ၂၃နှစ်။ ဘောင်းဘီချွတ် ၃နှစ်။ ပေါင်း ၅၂ နှစ်။ အချိန်တွေကို နှမျောလိုက်တာ။
ဒီ နှစ် ၅၀ ကျော်မှာ တိုင်းပြည်ကိုကောင်းစွာ ဦးဆောင်နိုင်မဲ့ ခေါင်းဆောင် မပေါ်ခဲ့တာကတော့ သားသားတို့ ကံပေါ့။
ယိုးဒယားကို အလကားနေ သွားစစ်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ အကုသိုလ်ကံတွေ မကုန်သေးလို့နေမှာပါ။
ကြားဖူးတဲံ့ ပုံပြင်လေး ပြောပြချင်ပါတယ်။
မောင်ညီမလေးတို့ရေ........။
တခါက ယိုးဒယားပြည်နယ်တစ်ခုမှာ နယ်စားဗိုလ်ချုပ်ညီအကိုနဲ့ သူတို့ကိုသစ္စာခံတဲ့ တပည့်တွေရှိပါသတဲ့။
တနေ့ကြတော့ ဗမာဘုရင် အလောင်းဖရားရဲ့ စစ်တပ်ကြီးက သူတို့ကို လာတိုက်ပါတယ်တဲ့။
အားလုံးညီညီညာညာခုခံပေမဲံ အင်အားချင်းမမျှလို့
မနိုင်ပဲ အဖမ်းခံရပါသတဲ့။
ဖမ်းမိသူတွေအားလုံးကို မသေမရှင်နှိတ်စက်ပြီးမှ သတ်ဖို့အမိန့်ချပြီး မသတ်ခင် လိုရာဆုတောင်းစေပါတယ်တဲ့။
ဗိုလ်ချုပ်နှစ်ဦးနဲ့ သူတို့ရဲ့ တပည့်အားလုံးက " ဖြစ်လေရာဘဝမှာ ဗမာတွေကို စစ်အင်အားနဲ့ ပြန်အနိုင်ယူနှိပ်စက်နိုင်တဲ့သူဖြစ်ရပါလို၏။ "
လို့ တညီတညာထဲ ဆုတောင်းကြပါသတဲ့။
ပြီးမှ ပြုံးပြုံးလေး အသတ်ခံပါသတဲ့။
သူတို့ဆုတောင်းခဲ့တဲ့ ကုန်းဟာ ဆုတောင်းပြည့်ကုန်း
ဖြစ်နေလို့ ဆုတောင်းပြည့်ပြီး အကိုကြီးဗိုလ်ချုပ်က ဗိုလ်ချုပ်နေဝင်းဘဝနဲ့
ပြန်ဝင်စား၊ ညီဗိုလ်ချုပ်က ဗိုလ်ချုပ်သန်းရွှေဘဝနဲ့ ပြန်ဝင်စား၊
တပည့်များကလည်း လူယုံတပည့်ဗိုလ်ချုပ်များအဖြစ် ပြန်ဝင်စားကြကာ
သူတို့ဆုတောင်းအတိုင်း ဗမာပြည်ကြီးကို စစ်အင်အားနဲ့ ပြန်လည်အနိုင်ယူ နှိတ်စက်ကြပါသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
မောင်ညီမလေးတို့တတွေလည်း ဒီပုံပြင်ထဲက ဗိုလ်ချုပ်ညီအကိုနဲ့ တပည့်များဘေးရန်က ဝေးကွာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။
ကျွန်တော်အလွန်ညံ့ပါတယ်။
နားမလည်တာလေးမေးပါရစေ။
မိတ်ဆွေ သယ်ချင်းများသိရင် ဖြေပေးကြပါ။
အမြန်လမ်းကို သမ္မတကြီး ပထမဆုံးအကြိမ်စစ်ဆေး တယ်တဲ့။
အဲ့လမ်းကြီးက သုံးကြတော့ဆိုပြီး ဖွင့်တာကြာလှပြီပဲ။
လမ်းအပြစ်၊ လူအပြစ်နဲ့ လက်ညိုးထိုးပွဲလုပ်နေကြတာ။
သေတဲ့သူတွေသေပြီးပြီ။ ဘဝပျက်သူတွေလည်းပျက်ပြီးပြီ။
ဘာလို့ သမ္မတကြီးက ခုမှ အလန့်ထညက် ထပြီး စစ်ဆေးတာလဲ။
သမ္မတကြီးက လမ်းဖေါက်တဲ့ အင်ဂျင်နီယာအတတ်တွေ နားလည်လို့လား။
သူသွားပြီးဘာတွေ စစ်ဆေးမှာလဲ။
ကျွမ်းကျင်တဲ့ ပညာရှင်တွေ ငှားရမ်းပြီး စစ်ဆေး အဖြေရှာရမှာ မဟုတ်ဘူးလား။
ဆရာဝန်က ဆေးကုတဲ့ ဆေးရုံတွေ စစ်ဆေး။
အင်ဂျင်နီယာက စက်ရုံ၊လမ်း တံတား၊ဆယ်မြောင်း တာတမံစစ်ဆေး။
စစ်ဗိုလ်တွေက တပ်တွေစစ်ဆေး။
နိုင်ငံရေးသမားက နိုင်ငံရေးတွေ စစ်ဆေး။
ဥပဒေပညာရှင်က ဥပဒေတွေ တရားရေးတွေ စစ်ဆေး။
သူကျွမ်းကျင်ရာ သူ့နယ်ပယ်မှာ စစ်ဆေးမှ အဓိပ္ပါယ် ရှိပြီး ထိရောက်မှုရှိမှာပေါ့။
အရင်ခေတ်တွေလိုပဲ အကြီးအကဲတွေက နေရာတကာ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ မှာစားတဲ့ ခေတ်က မကုန်သေးဘူးလား။
ဒီလို လိုအပ်သည်များမှာစားရင်းနဲ့ပဲ တိုင်းပြည်ကြီးလဲ မွဲလှပါပြီ။
လူမှန်နေရာမှန် မဖြစ်သေးပဲ ကိုတတ်ပတွေ ဆရာလုပ်သင့်တဲ့ အချိန်မဟုတ်တော့ပါ။
ဒီလမ်းကြီးသွားစစ်ဆေးတဲ့ အကြောင်း တကယ်ကို နားမလည်နိုင်လို့ပါ။ သိရင်ပြောပြကြပါဦးဗျာ။
ဒီနေ့ ပဲ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းပါတယ်။
သူ့  ပြည်သူတွေက ကြိုဆိုပါတယ်။
ဘာလို့ လည်းဆိုတော့ စစ်တပ်က နိုင်ငံရေး မလုပ်လို့ ပါ။
အာဏာကို နိုင်ငံတော်လုံခြုံရေးအတွက် ခဏထိန်းထားပြီး ပြန်ပေးလို့ ပါ။
ဒီလိုပဲ အာဏာသိမ်းလိုက် ပြန်ပေးလိုက်နဲ့  ရိုးနေလို့ ပါ။
တပ်ကိုပြည်သူကချစ်တယ်ဆိုတာ ဒီလို ရိုးသားမှုရှိလို့ ပါ။
တပ်ကို ကိုယ်ကျိုးအတွက် လူတစ်စုအတွက် အသုံးမချခဲ့လို့ ပါ။
ဒီလို ပြည်သူချစ်တဲ့ တပ်မတော်တစ်ခု ပြန်ဖြစ်ဖို့  ကျွန်တော်တို့ နိုင်ငံမှာ
ကြိုးစားကြရအောင်လား အခွင့်ထူးခံ
အာဏာရှင် အဘများ ခင်ဗျား။
မနေ့က
မောင်လူပေဆီကို ကြော်ငြာ ပို့စကပ်တစ်ခု ရောက်လာတယ်။
တောင်တန်းပေါ်မှာနေသာနေတဲ့ ရှုခင်းပုံလေးနဲ့။ ရေးထားတာက " ယခုထဲက သင့်ရဲ့
နောက်ဆုံးချိန်ခါကို ပြင်ဆင်ပါ။ င်္သဂြိုလ်စရိတ်တွေ တက်နေပြီ။ ကျန်ခဲ့သူတွေ
ဒုက္ခ မကြုံရအောင် ဈေးသက်သာတုန်း ဝယ်ထား။ သင့်စိတ်တိုင်းကြဖြစ်စေမည်။
ဆက်သွယ်ပါ " တဲ့။
ဟုတ်ပါတယ်။ အမေရိကားရဲ့  သုဘရာဇာ အဖွဲ့တစ်ခုက ကြော်ငြာပို့တာပါ။ အိမ်တိုင်းပို့တာပါပဲ။ သူ့လုပ်ငန်းတိုးချဲ့ရေးပေါ့။ မြန်မာပြည်မှာဆိုရင်တော့ ရိုက်ပေါက်ပါပဲ။
ဒီမှာက သူ့ဘရာဇာတွေက သန်းကြွယ်သူဌေးတွေပါ။ င်္သချိုင်းမြေတွေအများကြီးလည်းပိုင်ကြတယ်။ သူ့ဘရာဇာ ဒါရိုက်တာဖြစ်ဖို့တောင် မလွယ်ဘူး။ စာမေးပွဲတွေ အဆင့်ဆင့်စစ်ပြီးမှ လိုင်စင်ရတာ။
င်္သချိုင်းမှာ င်္သဂြိုလ်ဖို့ မြေရော င်္သဂြိုလ်စရိတ်အတွက်ပါ
ကြိုဝယ်ထားလို့ရတယ်။ မြေကလည်းဈေးအမျိုးမျိုး။ ဝင်ပေါက်နီးတဲ့ အလည်ပိုင်းက
ဈေးအကြီးဆုံး။ ဝေးလေ သက်သာလေပဲ။ လင်မယားဆို တစ်ကွက်ဝယ်ထား ရပြီ။
ဘယ်သူအရင်ရောက်ရောက် နာမည်ရေးတဲ့ အပြားတဝက်မှာ နေရာချန်ထားရုံပဲ။
နောက်တစ်ယောက်လာရင် အရင်လူကအောက် နောက်လူကအထက်ပေါ့။ လင်မယားဆိုတော့ ဘယ်သူ
အပေါ်ကနေနေ အဆင်ပြေကြမှာပါ။
နာမည်ပြားဆိုလည်း
အမျိုးမျိုးရှိတယ်။ ကြေးနီ၊ကြေးဝါ၊သံကျွတ် အစုံပဲ။ အရောင်တောက်တာ နဲ့ 
အရောင်မှိုင်းတာ တွေရွေးလို့ ရတဲ့အပြင် ဒီဇိုင်းမျိုးစုံ ပုံဖေါ်ပေးသေးတယ်။
စိတ်ကြိုက်စာလုံးပုံစံမျိုးစုံနဲ့  ကြိုက်ရာစာတွေ ရွေးနိုင်သေးတယ်။
နေရာမတတ်နိုင်ရင် ဘီဒိုရှိတယ်။ နရံကပ်ဘီဒို နှစ်ပေပတ်လည် ကျောက်ပြားနဲ့
အထပ်လိုက်နေမလား၊ မှန်ဘီဒိုဒေါင်လိုက်တွေထဲက တစ်ပေပတ်လည်လေးတွေမှာ
အထပ်လိုက်နေမလား ရွေးရုံပဲ။ အဲဒါလည်း မျက်စိနဲ့ တန်းနေတဲ့
အထပ်ကဈေးကြီးတယ်။
စိတ်ကြိုက်အခေါင်းလည်းရွေးပါ။
သစ်သားအမျိုးမျိုး သူ့ဈေးနဲ့သူ။ ဒန်ခေါင်း၊ သတ္တုခေါင်း စိတ်ကြိုက်ရွေးပြီး
အပြင်အရောင် အတွင်းအရောင် စိတ်တိုင်းကြစီစဉ်ပေတော့။ မတတ်နိုင်ရင် စက္ကူ
ကပ်ထူခေါင်းရွေးပေါ့။ သစ်ရောင်ဆေးနဲ့ဆိုတော့လည်း သစ်သားအလားပါပဲ။
သစ်ရောင်ဆေးချယ်ထားတဲ့ ကပ်ထူပြားခေါင်းနဲ့ မီးင်္သဂြိုလ်ပြီး
ပင်လယ်ထဲအရောက်သွားမျှောပေးပါသေးတယ်တဲ့။
အခန်းအနားအတွက် အသုဘ ရှုခန်းကလည်း အခန်းအကြီး အသေးဈေးမျိုးစုံ။ ပန်းအတွက်လည်း ကိုယ်ကြိုက်တဲ့ပန်းပြောထားလိုက် စိတ်ကြိုက်ဖြစ်စေရမယ်ပေါ့။
အားလုံးပြီးရင်ဈေးတွက်တော့။ သာမန် လောက်ဆို မြေနဲ့ င်္သဂြိုလ်စရိတ်
နှစ်သောင်းကျော်နဲ့ အထက်လောက်တော့ကြသင့်မယ်။ ဒါကိုလည်း
ဆယ်နှစ်ခွဲပေးနိုင်ပါသေးတယ်။
ကိုယ့်ရဲ့ နောက်ဆုံးခရီးကို လှလှလေးပြင်ဆင်ရင်း ပြုံးပြုံးလေး သွားလို့ရပါပြီ။
ဒါတွေက သူ့ ဝက်ဆိုက်ထဲဝင်ကြည့်ရင်းဖတ်မိတာတွေပါ။
သေရင် သူ့ဝက်ဆိုက်မှာ င်္ပုတွေတင်ပေးတယ်။ မိတ်ဆွေတွေကလည်း
ဝမ်းနည်းကြောင်းကို ဝက်ဆိုက်မှာ ရေးနိုင်ပါသေးတယ်။ တော်တော်ပြည့်စုံတဲ့
ဝန်ဆောင်မှုပါ။
မြန်မာပြည်မှာလည်း င်္သချိုင်းတွေ
လေလံပစ်တဲ့ခေတ်ရောက်ရင် ထုံးစံအတိုင်း ခရိုနီတွေပဲရကြမှာပါ။ ဒီတော့လည်း
အဲဒီ သုဘရာဇာ ခရိုနီတွေဆီမှာပဲ ကိုယ့်ရဲ့ နောက်ဆုံးခရီးကို
ပြင်ဆင်ကြတာပေါ့ဗျာ။
ကျန်းမာချမ်းသာကြပါစေ။ ဒီခရီးနဲ့ ဝေးကြပါစေ။
မောင်လူပေကတော့ အိုးလေးနဲ့ ပင်လယ်ခရီးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ရင်ဘတ်ချင်းတူမယ်ဆိုယင်တော့ ပင်လယ်ပျော်တွေ ဆုံကြဦးမယ်လေ။
ပျော်ပျော်ပါးပါးပေါ့။
မြေပိုင်မှ
စစ်နိုင်ပါတယ်တဲ့။ အဲဒါ တရုတ်စစ်သူကြီး ဆွန်ဇူးပြောတာဆိုပဲ။ ဒီစကားက
ဘယ်နေရာမဆို အသုံးတဲ့လှတယ်။ ဘာလုပ်လုပ် သေချာမှ အောင်မြင်မယ် ဆိုတဲ့
သဘောပေါ့။ မောင်လူပေကတော့ မသေချာသူမို့ ခဏခဏ လွဲတတ်ပါတယ်။
မောင်လူပေတို့ရဲ့ အစိုးရမင်းဆိုသူများကတော့ အလွန်သေချာသူတွေပေါ့။
မပိုင်ရင်ခြင်တောင်မရိုက်ဖူး ဆိုရမဲ့သူတွေလေ။ တပ်မှာထဲက စည်းကမ်းတကျ
သေချာစွာလုပ်တတ်ခဲ့သူတွေမို့ သေချာသလား မေးစရာမလိုထဲက လူတွေပါ။
မဆလခေတ် အသာထားလို့
နအဖဆိုပြီးတက်လာတဲ့ ၁၉၈၈ ထဲက အလုပ်တွေ တောက်လျှောက်လုပ်ပြခဲ့ပြီလေ။
နိုင်ငံတော်စီမံကိန်းကြီးတွေ အကောင်အထည်ဖေါ်ပြီး နေ့မအား၊ ညမနား နဲ့
သေသေချာချာ အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့လို့ ခုဆို နိုင်ငံကြီး
တိုးတက်လာခဲ့ပြီ။ ၂၄နာရီမီးလင်းရေးတို့၊ မြေကြီကရွှေသီးရမည်တို့ဆို
ခုလက်တွေ့ အကောင်အထည်ပေါ်နေပြီ။
ဘာ...။ မောင်လူပေ အာနေတယ် ဟုတ်လား။
မအာပါဘူး။ လက်တွေ့ပြနိုင်ပါတယ်။ နေပြည်တော်မှာ ၂၄နာရီမက မီးတွေ
ထိန်နေတာလေ။ မိတ်ဆွေလဲ ၂၄နာရီမီးမှန်ချင်ရင် နေပြည်တော်ပြောင်းပေါ့။
မြေကြီးတွေ အလကားဈေးနဲ့သိမ်း။ နောက် အကွက်ရိုက်ပြန်ရောင်းနဲ့
သီးလိုက်တဲ့ရွှေတွေလည်း မနဲပဲ။ စိန်တွေ ကျောက်တွေတောင်ပါသေး။
တိုင်းသူပြည်သားတွေမွဲတာကတော့ ကံပေါ့။ ကံညံ့ကြရှာတာကိုး။
ညံမဲ့သာညံ့ရှာတာပါ။ လမ်းထိပ်တိုင်းမှာအလှူခံ၊ ရုံးဌာနတိုင်းမှာ
အလှုခံရှိတဲ့နိုင်ငံ၊ ကမ္ဘာပေါ်မှာ အလှူခံ အပေါများဆုံးနိုင်ငံသားတွေမို့
လှုကြရှာပါတယ်။
ရပ်ကွက်သာရေး နာရေး ဘာသာရေးကအစ သားသမီးတွေ ပညာရေးအဆုံး လှူကြရတာပါ။ ခမျာများ အတိတ်ကံနဲလို့ ဆင်းရဲကြရတာ။
ဒီကနေ့
မောင်လူပေ ဘာဖြစ်နေသည်မသိ။ တနေ့လုံး ဂဏာမငြိမ် ဖြစ်လို့နေသည်။ ဖတ်မိသမျှ
အွန်လိုင်းသတင်းများကလည်း လူမျိုးရေးဘာသာရေး ဆန့်ကျင်ရေး အကြောင်းတွေက
ခပ်များများ။ ကိုယ်ကလည်း စိနသွေးနှောသူ။ မသိရင် ပြည်ကြီပေါက်ဖေါ်အလား။
စကားကလည်း တောင်ငူသားမို့ သနဲ့တ သိပ်မကွဲချင်။ မတော်လို့ ရွာပြန်နေတုန်း
စိနနဲ့ရိုက်ပွဲဖြစ်ရင် ရှေ့ဆုံးက အရိုက်ခံရ
မဲ့သူပေါ့။
စိနသွေးနှောသော ဗမာပေါက်တွေအကြောင်းစဉ်းစားရင်း စိတ်ထဲပေါ်လာတာက သီချင်းတပိုင်းတစပါ။
" တံတာတာ တေးဖွဲ့လို့ တီဆိုမှာပါ။ မောင်မယ်တွေ ပြုံးပန်းနဲ့ ကြိုင်လှိုင်စေရာ"
တောင်ငူမြို့ရဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ နယ်ခံဖြစ်တဲ့ တရုတ်အမျိုးသားများအဖွဲ့ရဲ့ ဖျော်ဖြေနေသံပါ။
ရန်ကုန်မှနာမည်ကျော်တီးဝိုင်းတွေနဲ့ အပြိုင် တီးခတ်တီဆိုနေတာလေ။
ယုံချင်ယုံ မယုံချင်နေ။ တရုတ်တီးဝိုင်းကလည်းသူ့ပရိတ်သတ်နဲ့သူပါ။
ရန်ကုန်ဝိုင်းတွေပါလို့ အားပေးသူမရှိဘူး မထင်နဲ့။
အဓိက အမာခံအင်အားတွေက လူကြီးပိုင်းတွေနဲ့ ကလေးအုပ်စုပေါ့။
လူကြီးနဲ့ကလေးတွေက ရန်ကုန်တီးဝိုင်းတွေကို တိုးမကြည့်နိုင်ဘူး။ အခမဲ့ပွဲတွေဆိုတော့ တနယ်လုံးဆင်းလာတာ လူပင်လယ်ကြီးအလား။
မတိုးဝှေ့နိုင်တော့ လူမတိုးပဲကြည့်ရတဲ့ တရုတ်အသင်းကားက အိုကေတာပေါ့။
မောင်လူပေတို့ ကလေးတသိုက်က ရှေ့ဆုံးမှာ နေရာယူပြီး ဖျော်ဖြေမဲ့
မှတ်တိုင်တိုင်းကိုလိုက်တာပဲ။ ကလေးတွေကို သကြားလုံးလည်းဝေတယ်။
ကားကိုကာထားတဲ့ ကြိုးကိုလိုက်ဆွဲရင် ဒန်ပေါက်တောင်ကျွေးသေး။
ဘယ်လောက်ကောင်းလဲ။ ပွဲလည်းကြည့်ရ ဘိုက်လည်းဝ။
တီဝိုင်းကလည်း ပစ္စည်းစုံပါတယ်။ ဂီတာသုံးလက်၊ ဒရမ်တို့ အပြင်
ထရမ်းပက်၊ဆက်ဆိုဖုန်း၊ကလဲနက် စသည့် လေမှုတ်တူရိယာများပါ ပါသေး၊
ငယ်တုန်းကတော့ အဲ့တာတွေကို မခေါ်တတ်လို့  ဂေါ်ဂီးဂေါ်တွေလို့ ပဲ ခေါ်တာ။ သူတို
့တွေ ဂေါ်ဂီးဂေါ်တွေမှုတ်တာ ကောင်းမှကောင်း။
ဒရမ်မာ
ကိုရွှေသွားကလည်း သူ့ ရွှေသွားတွေပေါ်အောင်ပြုံးရင်း အသကုန်တီးတာပဲ။ ဒရမ်တွေက
သားရည်သားတွေမကောင်းတော့ ဘတ်ဘတ်ဘတ်၊ဘုတ်ဘုတ်ဘုတ်နဲ့  ပဲ အသံထွက်ပါတယ်။
တီးဝိုင်းဆရာတွေကလည်း ပေါ့သေးသေးတွေမဟုတ်ဘူး၊ ဝါသနာအရ မိုက်ခဲတွေမို့ 
မနေနိုင်လို့  တီးဆိုကြတာ။ သူဌေးတွေ။ ဝိုင်းဆရာ ဦးချင်းပိုးဆိုရင်
ဘုရားပွဲနီးတာနဲ့  သူ့ ဆီစက်ကြီးပစ်ထားပြီး သီချင်းပဲ ကျင့်တော့တာ။
ကိုရွှေသွားလည်းအတူတူပဲ။ ဆေးဆိုင် မရောင်းတော့ပဲ ဒရမ်ပဲလှိမ့်တီးနေတာ။
ကိုကြယ်နီကလည်း သူ ပိုးနေတဲ့ မမလေးဆိုမှာမို့  ကားပစ္စည်းဆိုင်ကြီး
ပစ်ထားပြီး တီးဝိုင်းလေ့ကျင့်နေတဲ့နေရာမှာပဲ အောက်ခြေသိမ်း ကူနေတာ။
အခြား အဆိုအတီးပညာရှင်တွေထဲမှာ မှတ်မိသရွေ့ ဆိုရင် အမေရိကန်ရောက် မိစံရဲ့ 
အကို အမတွေ၊ ရွှေသွားညီမ မလှကြည်၊ အလှပဂေး ခင်စန်းဝင်း စတဲ့ မြို့ ပေါ်က
ပိုက်ဆံရှိ ဝါသနာအိုးတွေ။(နောက် မျိုးဆက်သစ် မိစံတို့ တောင် ဝင်ဆိုသေးတယ်။)
တရုပ်မဖြူဖြူချောချောလေးတွေ ဆိုတာမို့  ကိုကိုကာလသားတချို့ ကလည်း ငန်းရင်း
အားပေးကြသေးတယ်။ ရောက်ရာမှတ်တိုင်မှာ အစီအစဉ်မှုး ဦးချင်းပိုးကြီးက
"ယခုအချိန်မှ စပြီး တရုပ် အမျိုးတားများအဖွဲ့ က တေးတံတာများနဲ့ 
တီဆိုဖျော်ဖြေပါတော့မယ် " လို့  အသံဝါကြီးနဲ့  ကြေညာပြီးတာနဲ့ 
အဖွင့်သီချင်း " တံတာတာ တေးဖွဲ့ လို့  တီဆိုမှာပါ" နဲ့  စတာပဲ။
လက်ခုတ်သံရှင်တွေကတော့ ရှေ့ ဆုံးက မောင်လူပေတို့  ကလေးအုပ်နဲ့ 
လူကြီးများပေါ့။
တညလုံးကိုဆိုကြတာပဲ။ မိုးလင်းခါနီး လူလေးငါးယောက်ပဲအားပေးတဲ့  အချိန်ထိကို ဆိုကောင်းနေကြတုန်း။ရန်ကုန်တီးဝိုင်းလောက်တော့ပျင်းတောင်ပျင်းသေး။
"တံတာတာ တေးတံတာ" တွေကို တတ်သလိုဆိုကြတာပဲ။
"ပုလဲများလိုဥတဲ့ မောင့်ရှစ်တူ လေးကိုကွယ်၊ တင်းတင်းပျံ့  ပျံ့  မွှေးမွှေးလေး နာမည်လေး တခုပေးချင်တယ်။ "
" အရှစ်ရယ်၊ မင်းကိုငါ တိတ်ရှစ်တယ်၊ ဝေတံတရာလို အရှစ်မျိုးလေးနဲ့ ပါ"
"ရှစ်တူလာတောညက ငွေလတာပါတယ်"
"ဒါပေမဲ့ တား တယောက်မှာလေ၊ အမေတခု တားတခုမို့  တာပဲလေ။"
" ရရှိမှမဟုတ်ဘူး အရှစ်ဆိုတာ အေးမိစံနားလည်စေတားကွယ်"
စသည်စသည် သီချင်းစုံကို ဆိုကြတီးကြတာ။ တောင်ငူသားက ရှစ်နဲ့  ချစ်ကို
ပီအောင် မပြောနိုင်ကြဘူး။ အချစ်ဆို အရှစ်လို့ အသံထွက်ကြတာပဲ။ ဆိုတဲ
့သီချင်း အများစုကတော့ ဂျင်မီဂျက်တို့  ကန့် ကော်တောမျိုးအောင် တို့ 
သီချင်းတွေ ခေတ်စားချိန်မို့  သူတို့ သီချင်းတွေပေါ့။
တရုတ်အဖွဲ့ မို့  တရုတ်သီချင်းမဆိုဘူးလားမေးရင် တပုဒ်၊နှစ်ပုဒ်လောက်တော့ဆိုပါတယ်။
နင်ဘယ်မှာလဲ လို့  အဓိပ္ပါယ်ရတဲ့  " ကြိုက်နာ့လီ " လောက်ပဲ မှတ်မိတော့တယ်။
ကျန်တာတွေကတော့ ရင်ထဲက ခံစားချက်တွေနဲ့  ဗမာသီချင်းတွေပဲ ဟဲတာပါ။
ဗမာပေါက်တွေပဲ မဟုတ်လား။
"တံတာတာတေးတံတာ" တွေကြောင့်
ကိုကြယ်နီလည်း သူ့ ချစ်ချစ် အဆိုတော်မလေးနဲ့  အကြောင်းပါလို့  ခုဆို သူ
့ကလေးတွေတောင် ကြီးကုန်ပြီ။ ဦးချင်းပိုးတို့  ကိုရွှေသွားတို့ လည်း
အသက်တွေရလာလို့  မဆိုကြ မတီးကြတော့ဘူး။ ဂေါ်ဂီးဂေါ် ဆရာတွေလည်း လေကုန်ပြီး
မမှုတ်နိုင်ကြတော့။ ဒါပေမဲ့  မောင်လူပေ့နားထဲ မှာတော့ သူတို့ တတွေ
ဆိုတီးနေကြဆဲ။ နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲတော်မှာ နွဲပျော်နေဆဲ။ တံတာတာ
တေးတံတာများ လွင့်ပျံနေဆဲ။
ဒီလို တရုတ်၊ဗမာ၊ကုလား
အတူတူနေ။တစ်မြေထဲနေ တစ်ရေထဲသောက်ခဲ့ကြတဲ့ သူတွေအချင်းချင်း
စိတ်ဝမ်းကွဲအောင် ရေးသားပြောဆိုနေတာတွေတွေ့ လို့  စိတ်မချမ်းသာလို့ 
ဒီစာလေးရေးတာပါ။ မောင်လူပေကတော့ အဝေးကနေ ဗမာပြည်သားအပေါင်း
ကျန်းမာကြစေကြောင်း တောင်းဆုပြုပါတယ်။ "တံတာတာ တေးတံတာ"များနဲ့  ဝေဆာကြပါစေ။
ငါနဲ့ ငါ့ရဲ့ပုံပြင်ဟောင်းများ
လွမ်းလိုက်ရတာမြို့လေးရယ်။
မင်းရဲ့ရင်ငွေ့လှုံရင်းကြီးပြင်းခဲ့ရတဲ့ သူပါကွယ်။
အိနြေ္ဒအပြည့်နဲ့ မင်းရဲ့အလှကို ရစ်မူးခဲ့ရသူပေါ့။
စိမ်းမြတဲ့ကန်ရေပြာရယ်။
ကန်ရေပြာကိုတိုက်ခတ်လာတဲ့ လေနုအေးရယ်။
နှစ်ပေါင်းရာကျော်မဲ့ ကုက္ကိုလ်ပင်အိုကြီးတွေရယ်။
ရိုးသားအေးဆေးလှတဲ့ မင်းရဲ့သားသမီးတွေရယ်။
အေးချမ်းလိုက်တာကွယ်။
ငယ်ငယ်ကဆို မင်းအလှကို ဘီးလေးစီးရင်းငေးခဲ့ရတာ။
မမောနိုင်ခဲ့ပါဘူးလေ။
အရှေ့ကကြည့်လည်းလှ၊ အနောက်ကကြည့်လည်းလှ။
တောင်ကကြည့်လည်းလှ၊ မြောက်ကကြည့်လဲလှ။
ဘယ်ကကြည်ုကြည့် ရှုမဝ။
ဘယ်အချိန်ကြည့်ကြည့်လှတဲ့ အပျိုမလေးပေါ့။
မင်းအကြောင်းတွေသိချင်လို့ ဟိုလူ့မေး ဒီလူ့မေးနဲ့
မေးခဲ့ရတဲ့ ကလေးဘဝ။
လှပတဲ့ ဘဝအကြောင်း သိရပြန်တော့
ကြည်နူးမှုတွေနဲ့ ပိုလို့ ချစ်မြတ်နိုးခဲ့ရပြန်ရော။
မင်းရဲ့မနက်ခင်းက သနပ်ခါးအပြည့်နဲ့ မွှေးပြန့်တဲ့ပါးပြင်။
လေနုအေးမှာ ပြန့်လွင့်လာတဲ့ မင်းရဲ့မြေသင်းရနံ့က
ရှင်းသန့်  လိုက်တာကွယ်။
မင်းရဲ့နေ့လည်ခင်းကတော့ အလုပ်များနေတဲ့ အပျိုမပေါ့။
စက်ဘီး ဆိုက်ကား တွေနဲ့ ရှုပ်ပွနေတဲ့ မင်းရဲ့ရင်ခွင်က
ကပိုကရိုလေးနဲ့လှနေပြန်ရောလေ။
မင်းရဲ့ညနေခင်းက ရေချိုးပြီးစ အလှပြင်ထားတဲ့ မိန်းကလေး။
ရှုပ်ပွနေတဲ့ မင်းရဲ့ရင်ခွင်က သားသမီးတွေ အိမ်ပြန်ကြပြီ။
မင်းရဲ့အလှက ကျက်သရေတွေအပြည့်နဲ့ အေးချမ်းလို့။
ညနေဆည်းဆာက မင်းအလှဆုံးအချိန်။
တိမ်တောက်ချိန်မှာ ရွှေရောင်ဖြာတော့
မင်းမျက်နှာ ရွှေရည်ဖြန်းပြီး တည်ငြိမ်စွာနဲ့ လှချင်တိုင်းကို လှနေတော့တာ။
မင်းရဲ့ညကတော့ အနားယူနေတဲ့ မိန်းကလေးပေါ့။
တမြို့လုံးကလည်း တိတ်ဆိပ်ငြိမ်သက်လို့။
လမ်းပေါ်မှာ ရုပ်ရှင်ပြီးလို့ ထွက်လာတဲ့လူတစုရယ်၊
ရထားဘူတာဆင်းမဲ့ လူတချို့ ရယ် တခါတခါ မြင်ရတာကလွဲရင် လူတွေရှင်းပြီး ငြိမ်သက်နေတာ။
လရောင်ဆမ်းတဲ့ မင်းရဲ့နက်မှောင်တဲ့အလှမျက်နှာ
ဘယ်လိုမေ့နိုင်ပါ့မလဲ။
ခုများတော့ မင်းလေးရဲ့ တည်ငြိမ်တဲ့အလှ ရှင်းသန့်တဲ့ကိုယ်ဟန်တွေ ဘယ်ဆီကိုရောက်ကုန်ပြီလဲ။
မင်းရဲ့တည်ငြိမ်တဲ့ရင်ခွင်က ရှုပ်ယှက်ခပ်ပြီး ဆူညံလို့။
မင်းရဲ့ သားသမီးသစ်တွေကလည်း မင်းအလှကို
ဖျက်ဆီးမှုတွေနဲ့ ရက်စက်လို့။
ရင်ခွင်နန်းတော်ကလည်း ညစ်ပတ်ပေရေလို့။
နှစ်ရာကျော်ကုက္ကိုလ်ပင်ကြီးတွေလည်း တပင်မှမကျန်တော့။
ကျုံးရေစိမ်းစိမ်းကလည်း နောက်ကျိလို့။
ကျုံးဘေးက ကလေးကစားကွင်းနေရာဟောင်းမှာလည်း
ဘုရင်ရူးတွေရဲ့ ဘုရင်ရုပ်ထုသစ်တွေ နေရာယူလို့။
ကားဟွန်းသံ၊ ဆိုင်ကယ်သံ လူသံဆူညံစွာနဲ့
ညလည်းနေ့လို နေ့လည်းညလို
ဘာတွေမှန်းကို မသိနိုင်တော့ပါလားကွယ်။
မင်းရဲ့ စိမ်းမြသစ်တောတွေလည်းတောင်ကတုံးတွေဖြစ်။
မင်းရဲ့ရင်ခွင်ကြီးလည်း ဟင်းလင်းပြင်ဖြစ်။
မင်းရဲ့ကန်တော်မဟာလည်း အကျဉ်းသားဖြစ်။
မင်းရဲ့အလှတွေလည်း ပုံပြင်တစ်ပုဒ်ဖြစ်။
ဘာပဲဖြစ်ဖြစ်ပါလေ...။
မင်းရဲ့ ရင်ခွင်ဟောင်းပုံပြင်လေးကတော့
ငါ့ရဲ့ရင်ထဲမှာ
ငါ့ရဲ့ အသည်းထဲမှာ
ငါ့ရဲ့ နှလုံးသားထဲမှာ
ထာဝရ တည်ရှိနေမှာပါ။
မင်းရဲ့ အကြောင်းလေးတွေကို
တခုတ်တရ ပြောပြနေဦးမှာပါ။
မင်းကိုချစ်မြဲ ဆက်ချစ်နေဦးမှာပါ။
ဘာလို့လည်းဆိုတော့
ငါဆိုတဲ့ ငါက
အဟောင်းတွေထဲမှာပဲ ပျော်တတ်တဲ့ လူသားဟောင်းတဦး ဖြစ်နေမိခဲ့တာလေ။
အိပ်မက်ထဲမှာလည်း ပုံပြင်ဟောင်းတွေမက်။
အတွေးထဲမှာလည်း ပုံပြင်ဟောင်းတွေမြင်။
ခွင့်ပြုပါတော့ မြို့လေးရယ်။
မင်းရဲ့ပုံပြင်ဟောင်းတွေကို ငါ့ရင်ထဲမှာ ထာဝရ သိမ်းထားခွင့်ကိုပေါ့။
ခွင့်ပြုလိုက်ပါတော့ကွယ်။
( မွေးရပ်မြေမှအပြန် ခံစားခဲ့ရတာလေးတွေကို အခုမှပဲ
ရင်ဘတ်ချင်းတူမဲ့ သူငယ်ချင်းများဆီကိုမျှဝေဖြစ်ပါတယ်။ ရင်ခုန်သံချင်းညီမျှလို့ ခံစားနိုင်ကြပါစေ။ )
ဘာမှမကြာလှသေးတဲ့ တရံရောအခါဆီက
တောင်ငူဆိုတဲ့မြို့လေးမှာ မြို့ကျက်သရေဆောင်
ကန်တော်ကြီးနဲ့ အပန်းဖြေစရာ ဥယျာဉ်သာတို့
ရှိခဲ့ဖူးပါတယ်။
ဘယ်ရာသီဖြစ်ဖြစ် ကြည်လင်အေးမြနေတဲ့ ရေကန်သာနဲ့ ပန်းခြံမဟာလေးပါ။
ရေကန်သာကိုဖြတ်သန်းတိုက်ခတ်လာတဲ့
လေနုအေးလေးကို တခိုက်တမက်ရှုရှိက်ရင်းနဲ့
အဝေးမှာ လှမ်းမြင်နေရတဲ့ ရွှေဆံတော်စေတီတော်မြတ်ကို လှမ်းပြီး ကြည်ညိုနိုင်ပါတယ်။
ပန်းခြံထဲမှာ ကလေးကစားကွင်းလေးလည်း
တပါတည်း တည်ရှိနေတာမို့
ချစ်စဖွယ် ကလေးငယ်များရဲ့ ပျော်ပျော်ပါးပါး
ဆော့ကစားနေသံများကလည်း
ကြားရသူစိတ်ဘဝင်ကို သာယာစေပါသေးတယ်။
မိသားစုလိုက်သစ်ပင်အောက်မှာ ပျော်ပွဲစားထွက်ရင်း
ပူပြင်းလှတဲ့ နွေရာသီမှာ အပူရှောင်စရာ အိုအေစစ်
နေရာလေးဆိုလည်း မမှားပါ။
ကျွန်းငယ်လေးကိုဆက်သွယ်ပေးထားတဲ့ သစ်သားတံတားငယ်ပေါ်မှာ လက်ချင်းချိတ်ရင်း
လမ်းလျှောက်နေကြတဲ့ စုံတွဲလေးတွေအတွက်ဆို
ဒီကန်မဟာက ချစ်သူ့နန်းတော်ပေါ့။
သစ်ပင်အောက်မှာတီတီတာတာ ချစ်ခွန်းသီမလား။
ရေကန်သာထဲမှာ လှေငှားစီးရင်း အချစ်သီချင်းဆိုမလား
သူတို့အတွက်တော့ချစ်သူတို့ပျော်ရာနားခိုရာမြေပေါ့။
ဝါသနာရှင် ချောင်းကိုကိုများကလည်း ဒီအတွဲလေးတွေက သူတို့အတွက် ဖျော်ဖြေရေး
အစီအစဉ်ကောင်းလေးမို့ နေရာကောင်းက ရှုစားနိုင်ရေးအတွက် စောစောထဲက သစ်ပင်ပေါ်တက်သူတက် ခြုံနဲ့မဝေးတဲ့ မြင်ကွင်းသာမဲ့
နေရာလေးတွေမှာ အသက်ဖြေးဖြေးရှုရင်း
ဝါသနာအလျှောက် ချောင်းကြည့်ပြုံးပြန် လုပ်နိုင်ပါသေးတယ်။
တခါတခါလဲ စတိတ်ရှိုးစီစဉ်သူရှိရင် မြကျွန်းသာရဲ့
ညနေခင်းလေးက သီချင်းသံတွေနဲ့ သာယာလို့။
မများလှတဲ့ဝင်ကြေးလေးပေးရုံနဲ့ နိုင်ငံကျော် အဆိုတော်များကို အရှင်လတ်လတ်မြင်ရမယ်။
နဲနဲရဲတဲ့သူဆို စင်နောက်သွားပြီး အဲဒီအဆိုတော်များနဲ့
စကားတမြည်ပြောရင်း လေဖောလို့တောင်ရသေး။
မောင်လူပေ အပြောကောင်းလို့ မင်းတို့တောင်ငူက
ကန်တော်မဟာကို လှမ်းလာချင်စိတ်တွေ ဖြစ်နေပြီလား။
စိတ်လျှော့လိုက်ပါသူငယ်ချင်း။ တခါတုန်းကလို့
စကားခံထားတယ်လေ။
မင်းတို့ကန်တော်ကြီးက အရှင်လတ်လတ် မြေရှိုးမိုးပျံသွားလို့လားမေးရင်တော့
မဟုတ်ပါဘူး ရှိပါတယ်လို့ပြောရမှာပါ။
သို့သော်လည်းပေါ့လေ။ အဲဒီ ပြည်သူများအပန်းဖြေတဲ့
ကန်တော်မဟာဘေးမှာ တောင်ငူသားအမည်ခံ
ခရိုနီကိုကိုက ဟော်တယ်တော်မြတ်ကိုတည်ဆောက်ပြီး
အဲဒီ မဟာကံသာကို သံစူးကြိုးခတ်ကာ သူဝယ်လိုက်ပါပြီဆိုပြီး အပိုင်စီးသွားပါသဖြင့်
မည်သူမျှ အပန်းဖြေခွင့် မပြုတော့ပါတဲ့။
ထို့ပြင်တဝ ဒီကန်တော်မှာ ငါးတော်များပါမွေးမြူထားပါသတဲ့။
သူ့ဟေယ်တယ်တည်းခိုသူများ လတ်ဆတ်သောငါးများ
စားစေနိုင်ရန် စီစဉ်ထားဟန်ရှိပါရဲ့။
ဒိထက်ဆိုးတာက မနေ့က ကန်တော်ကြီးနဲ့ ကပ်ရက်ရပ်ကွက် မီးလောင်တော့
မီးသတ်ကားကို ဒီရေကန်ကရေ ပေးမစုတ်ဖူးဆိုပဲ။
လူနေအိမ်တွေထက် ငါးကတန်ဖိုးကြီးပေတာကိုး။
ဒီလိုဖြစ်နေတာတွေကြားနေရတဲ့ မောင်လူပေလည်း
ဒေါသပွားမိရုံမှတပါး ဘာမှမတတ်နိုင်တဲ့ဘဝမို့
သွေးကျဆေးသောက်ရင်း
သဗ္ဗေသတ္တာ ကမ္မသကာလို့ ဥပက္ခာ ဒေသနာသာ ပွားနေရပါကြောင်း သူတော်ကောင်း အပေါင်းတို့။
စာကြွင်း
ငယ်သူငယ်ချင်း ခရိုနီကိုကို ချမ်းသာနေတာကို မုဒိတာပွားပါတယ်။
သူလည်း
ရန်ကုန်မှာနေတာမို့  ဒီအကြောင်းတွေ သိချင်မှသိမှာပါ။
သို့ သော်လည်း သူ
့တပည့်ကျော်များက နောင်ကိုမီးလောင်တိုင်း ကန်တော်ကြီးရေ ပေးမသုံးရင်
တောင်ငူမြို့ လေး ပြာကျသွားမှာစိုးပါတယ်။
တောင်ငူဈေးကြီးကလည်း ဒုတိယံပိ
မီးဘေးကြောင့် ကုန်ပါပြီ။
ဒါကြောင့် နောင်ကို မီးဘေးကြုံရင် ကန်တော်ကြီးရေ
ပေးသုံးရေးအတွက်
သူနဲ့  အဆက်အသွယ်ရှီသူများ သူ့ကိုပြောပေးကြပါ။
ကျွန်တော်နဲ
့ကတော့ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်ပါကြောင်း။
မေလ
တစ်ရက်နေ့ကို နိုင်ငံအများစုက မေဒေးနေ့ (သို့) အလုပ်သမားနေ့ သတ်မှတ်ပါတယ်။
အားလပ်ရက် ရပါတယ်။ မြန်မာပြည်မှာလဲ အလုပ်သမားနေ့ က ရုံးပိတ်ရက်မို့
အားလပ်ရက်မှာ ပျော်ရွှင်ကြ၊ လျှောက်လည်ကြ လုပ်ကြပါတယ်။
ငယ်ငယ်ကဆို
ဒီနေ့ရောက်ရင် " မောင် တကယ်အလုပ်သမားဆိုရင် ပျိုကပင်စတင် ချစ်ချစ်ပါရစေ။
အနားမှာ တိုးတိုးကပ်လို့ ပါးချင်းအပ်ကာ ပြောချင်ပါသည်။ တိုင်းပြည်အတွက်
ကုန်ပစ္စည်းပိုမိုထွက်အောင် ဆောင်ရွက်စမ်းပါလို့အတည်...။ အလုပ်သမားနေ့ကို
မမေ့နိုင်ပါပြီ။ သူနဲ့ကိုနဲ့ တွေ့ရတာဝမ်းသာလှသည်။ တသက်တာချစ်ဖို့အရေး
အလုပ်သမားထဲက ရွေးရွေးတော့မည်။ " ဆိုတဲ့ သီချင်းကို မြန်မာ့အသံကနေ
တနေကုန်ကိုလွှင့်နေတော့တာ။
ခလေးသာသာ မောင်လူပေကလည်း ရေဒီယိုထဲက
ချစ်စပယ်နဲ့အပြိုင် လိုက်ဟဲတာပဲ။ ကိုယ်နဲ့လိုက်မှန်းမသိ မလိုက်မှန်းမသိ
အာပြဲနဲ့ ချစ်စပယ်အသံကိုကျော်အောင် လွှတ်အော်တာ ။ အမေက တော်ပါတော့သားရယ်။
အမေ့နားတွေ ပူနေပြီ။ သီချင်းကောင်းကောင်း နားထောင်ပါရစေလို့ ပြောမှ
အဆိုရပ်တာ။ အဲ့တုန်းက ကာလာအိုကေတွေ မပေါ်သေးလို့ အိမ်မှာ ရေဒီယိုကသီချင်းပဲ
လိုက်အော်ရတာလေ။
ပြောရင်းနဲ့ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။
ပြောချင်တာက အခုဒီနေ့က မေလ တစ်ရက်နေ့၊ မေဒေးနေ့။ ဒါပေမဲ့ အလုပ်သမားကြီး
မောင်လူပေ အလုပ်သွားရတယ်။ အလုပ်မပိတ်ဘူး။ အလုပ်သမားနေ့လဲ မဟုတ်ဘူး။
မောင်လူပေ ရောက်နေတာ အမေရိကလို့ခေါ်တဲ့ အရင်းရှင်နိုင်ငံ။ မေဒေးမရှိ။
အလုပ်သမားနေ့တော့ရှိတယ်။ စက်တင်ဘာလရဲ့ ပထမ တနလာင်္နေ့ကို သတ်မှတ်တယ်။
ဆိုတော့ကာ မေဒေးနေ့မှာ အဝတ်ပြာဝတ်ပြီး ချစ်စပယ်သီချင်းဆိုကာ
ကလေးဖတ်စာထဲကလို " ကိုဖိုးမောင်အလုပ်သမား ကုန်ထုတ်လုပ်ဖို့သူကြိုးစား"
လုပ်နေရတယ်။ အလုပ်ဆင်းနေရတယ်။
ဒါမေမဲ့ သိပ်မဆိုးဘူး။
အလုပ်သမားကြီကိုဖိုးမောင် တဖြစ်လဲ မောင်လူပေ အလုပ်ဆင်းရတာပျော်ပါတယ်။
နာရီစားမို့ ထိုက်သင့်တဲ့ လစာရတယ်။ နှစ်နာရီလုပ် ၁၅ မိနစ်နားနဲ့
ရှစ်နာရီလုပ် ၊ နေ့လည်စာစားချိန် နာရီဝက် ပေးတယ်။ အချိန်ပိုဆို တစ်ဆခွဲ၊
ရုံးပိတ်ရက် ဆင်းရင် နှစ်ဆ။ ဒါပဲ။ ရှင်းတယ်။ ဘယ်သူ့မှလည်း ဖားဘို့မလို။
မန်နေဂျာလည်းပျာနေအောင် မကြောက်ရဘူး။ အလုပ်ရှင်အိတ်လဲ ပြေးဆွဲဖို့မလိုဘူး။
ရိုးရိုးသားသားနဲ့ရတဲ့ ငွေလေးနဲ့ အိမ်လေး၊ ကားလေး အကြွေးဝယ်ပြီး
လစဉ်ပြန်ဆပ်တယ်။ သမီးကိုကောလိပ်ပို့တယ်။ အများကြီးမပိုပေမဲ့လုံလောက်တယ်။ လိပ်ပြာသန့်တယ်။ ဖြူစင်တဲ့ငွေလေးနဲ့လှူတန်းမှုပြုတယ်။ ရိုးသားတဲ့ဘဝထဲမှာ ပျော်အောင်နေတယ်။
ငယ်တုန်းကသင်ဖူးတာက အရင်းရှင်နိုင်ငံတွေမှာ အရင်းရှင် နဲ့ အလုပ်သမား ဘဝတွေ ကွာတယ်တဲ့။ အရင်းမဲ့ ကျောမွဲတွေကိုခေါင်းပုံဖြတ်သတဲ့။
တကယ်တော့ သိပ်ကွာလှတာမတွေ့ပါဘူး။ အလုပ်သမားလည်း လူတန်းစေ့နေရတာပါပဲ။
ချမ်းသာတာနဲ့ဆင်းရဲတာ လူတန်းစေ့နေရရင် သိပ်မသိသာလှပါဘူး။
စီးတဲ့ကားနဲ့နေတဲ့အိမ် ထမင်းစားဖို့အလုပ်တခု အဆင်ပြေရင် ပြီးတာပဲလေ။
နေတတ်ရင်ကျေနပ်စရာပဲမဟုတ်လား။
မေဒေးနေ့ အလုပ်ဆင်းရရောဘာဖြစ်လဲ။
ပေးစရာ ဘေ (Bill) တွေအတွက်၊ မဒန်ပေအတွက်၊ သမီးကောလိပ်အတွက် ......တွေအတွက်
မေဒေးနေ့မှာ အလုပ်ဆင်းရင်း သီချင်းလေးဆိုလိုက်ဦးမယ်။
" တသက်တာချစ်ဖို့အရေး အလုပ်သမားထဲက ရွေးရွေးတော့မည်။ "
(လယ်တီသိမ်တော် အဖျက်ခံရတဲ့ သတင်းကြောင့် ညစ်နေတဲ့ စိတ်တွေပြေသွားအောင် ရေးလိုက်မိတာပါ။
ဗမာပြည်မှာတော့ အလုပ်သမားနေ့ ညသန်းကောင်။ ဒီမှာတော့ မေဒေးနေ့ နေ့လယ်။ အလုပ်နားတုန်းရေးတာပါ။)