Saturday, February 28, 2015

ကျောင်းတော် အလွမ်း

ကျောင်းတော်ကြီးနဲ့ ဝေးခဲ့တာ ၂၈ နှစ် ရှိခဲ့ပါပြီ။

ဒီကျောင်းကြီးမှာ ပျော်ခဲ့သည်။ စာတွေခက်လို့ စိတ်ညစ်ခဲ့သည်။ အတတ်မျိုးစုံလည်း တတ်ခဲ့သည်။ ဗမာပြည်အနှံ့မှ သူငယ်ချင်း ပေါင်းစုံနှင့်လည်း ခင်ခဲ့သည်။

ဖိနပ်ရှပ်တိုက်စီး၊ လုံချည် ခြေဖျားထိဝတ်၊ လွယ်အိပ်ကြိုးထုံး စလွယ်သိုင်းလွယ်၊ တီစကွဲကြီးတကိုင်ကိုင်နှင့် ကားတွယ်စီးတတ်ခဲ့သည်။ ဆလိုက်ရူးထိုးတတ်ခဲ့သည်။ သိပ္ပံ ဂဏန်းပေါင်းစက်လေးတွေ ပေးပြန်တော့ ပေါင်နှံစရာ တိုးရသည်။

အင်းလျှားဆောင်ရှေ့မှာ မူးမူးနဲ့ မွန်းအောင်ရဲ့ ၈/၈၂ အင်းလျှား ကို အခေါက်ခေါက် ဆိုခဲ့ဘူးသည်။ အရက်မူးလွန်နေတဲ့ သူငယ်ချင်းကို ပုဆိုးပုခက်လုပ်ပြီး ဝါးလုံးနှင့် ထမ်းရင်း ကြို့ကုန်းဆောင် ပြန်ခဲ့ဖူးသည်။ ထိုသူငယ်ချင်းပင် ကွယ်လွန်သွားခဲ့ ပါပြီ။

တကယ်တော့ အင်းလျှားက ကိုယ်နှင့် ဘာမှမဆိုင်။ မွန်းအောင်က တညလုံးပဲ အင်းလျှားလမ်းမ ပေါ်မှာလေ ဟု ဆိုထားသဖြင့် အင်းလျှားလမ်းမပေါ်မှာ တညလုံး ထိုင်ဖူးတယ်ရှိအောင် ထိုင်ရင်း ဂစ်တာခေါက် အရူးထခဲ့ခြင်းပင်။

သဇင်ဆောင်ရှေ့မှာ ခြင်ကိုက်ခံ ခြုံတိုးရင် ကိုရဲလွင်ရဲ့ သဇင်ညကို ခဏခဏ သွားအော်ကြသည်။ အတန်းကြီးလို့ ကျောင်းဝင်းထဲရောက်တော့ ဂျီဟောရှေ့ မြောင်းဘေးမှာ ခင်မောင်တိုးရဲ့ ဒီတညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ ဘာညာနှင့် ဆူညံစွာ မညီမညာ အသံဒုက္ခပေးကြသည်။ ဂစ်တာတီးကောင်းသော သူငယ်ချင်းက ခုတော့ ဂစ်တာမကိုင်တော့ပဲ ငွေတွေကိုင်တဲ့ ဘဏ်သူဌေး လုပ်နေလေသည်။

တညလုံး တွမ်တီဝမ်းကြ၊ ရှိုးကြနဲ့ မနက်မှာ မျက်တွင်းဟောက်ပက်နှင့်ပင် ကျူတိုရီရယ် ပြေးတက်လိုက်သေးသည်။ အမြဲတန်း ဝိုင်းကြတဲ့ သူငယ်ချင်းတွေ စာမေးပွဲမှာ တယောက်မှ မကျခဲ့ပါ။ ကျွန်တော်တို့က ကိုလူပေကို ဒီနှစ်တော့ ကျပြီထင်တာ။ ခင်ဗျား အောင်တာ အံ့သြတယ်ဟု လာပြောသူပင် ရှိသေးသည်။ လူမစွမ်း နတ်မတဲ့။ စာတော်သော သူငယ်ချင်းတွေ အခန်းသွားပြီး စာတွေ တယောက်တပုဒ် ရှင်းပြခိုင်းလိုက်လို့ အချိန်တိုနဲ့ စာတွေရခဲ့တာ သူမှ မသိခဲ့တာပဲ။ စာတွေများတဲ့ကြားက ကိုယ့်ကို တကူးတက စာရှင်းပြခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ခုထိ ကျေးဇူးတင်နေရတုန်းပါ။

မိန်းကလေးနည်းတဲ့ ကျောင်းမှာ အရမ်းခင်ခဲ့ရတဲ့ မိန်းကလေး သူငယ်ချင်းတွေလည်း ရှိခဲ့သည်။ အရမ်းသဘောဖြူတဲ့ သူတို့ဆီမှာ အကူအညီတွေလည်း ယူခဲ့ဖူးသည်။ အိမ်အထိ သွားလည်ပြီးလည်း စားသောက်ခဲ့သည်။ သူတို့ကိုလည်း အမှတ်ရသည်။

တပည့်တွေဆိုးသမျှ ခံခဲ့တဲ့ ဆရာတွေ၊ စာမေးပွဲမှာ ခက်အောင် မေးခွန်းထုတ်တတ်ပေမဲ့ သဘောကောင်းတဲ့ဆရာတွေ အားလုံးကို သတိရမိပါသည်။

ရွှေရတုအသက်နဲ့ သူငယ်ချင်းတွေ ပြန်ဆုံနိုင်အောင် နှစ်စဉ် ကန်တော့ပွဲ လုပ်တာ ငါးနှစ်ရှိပြီတဲ့။ အဝေးကပဲ နှုတ်ဆက်လိုက်ပါသည်။

ဆရာများနှင့် သူငယ်ချင်းများ ကျန်းမာ ချမ်းသာကြပါစေ။


မင်းတို့ရဲ့

မောင်လူပေ

 

Thursday, February 26, 2015

ဆေးမီးတို

ဟိုတလောက သည်းခြေအိပ်မှာ ကျောက် ခြေတဲ့နည်းဆိုတဲ့ ဆေးမီးတိုတစ်ခု တွေ့လို့ ရှယ်လိုက်တော့ ငယ်သယ်ရင်းယောက်က မှတ်ချက်ပေးသွားတယ်။

သည်းခြေအိပ်မှာ ကျောက်တည်ရင် ခွဲထုတ်မှ ရမှာပေါ့။ ငါတောင်ခွဲလိုက်ရပြီ။ အိပ်ထဲက ကျောက်က အပြင်ပြန်မထွက်နိုင်တော့ဘူး။ တို့ နိုင်ငံလည်း ဆေးမီးတိုအဆင့်က မတက်သေးပါလား တဲ့။
သူရေးတဲ့ မှတ်ချက်ဖတ်ပြီး စဉ်းစားမိတာ ပြောချင်လို့ပါ။

မောင်လူပေတို့ ဗမာတွေကဆေးမီးတို အတော်ယုံတဲ့လူမျိုးတွေ။ အသည်းဖြစ်ရင် ဟိုအပင် ကျိုသောက်တို့၊ ကျောက်ကပ်ဖြစ်ရင် ဟိုဟာစားတို့၊ ဆေးမီးတိုတွေ အတော် တွေ့ရတယ်။ ကင်ဆာပျောက်ဆေး ဆိုတာတောင် တွေ့သေးရဲ့။ ရောဂါသည်ကို မန်းပေးတဲ့ မန်းဆေးဆိုတာလည်း ရှိသေးတယ်။

ဆေးပညာရှင်မဟုတ်လို့ သိပ်မဝေဖန်ချင်ပေမဲ့ ဒီဆေးမီးတိုတွေ စားရင်း ဘယ်နှစ်ယောက် လူ့လောကထဲက ထွက်သွားခဲ့ရပြီလဲတော့ မသိ။

ခေတ်မှီ ဆေးဝါးတွေ လက်လှမ်းမမှီရှာတဲ့ ပြည်သူအများစုကတော့ ဒါလေးတွေပဲ ဆက်အားထားနေရမှာ ကလည်း အသေအချာ။ ကွမ်းယာဆိုင်က ပေးတဲ့ဆေးနဲ့ နပမ်းလုံးရင်း ရောဂါကြွမ်းမှ ဆရာဝန်ပြတော့ နောက်ကျနေပြီ။ ဆေးမီးတိုစားရင်း ဘဝဆုံးရှာကြတာ။

ပညာရေးလည်း ဒီလိုပါပဲ။ ခေတ်နောက်ကျနေတဲ့ နည်းဟောင်းတွေနဲ့ ကုသဖို့ ကြိုးစားရင်း စုံးစုံးမြုတ်နေရတာ။ ခေတ်အမြင်ရှိတဲ့ လူငယ်လေးတွေက ခေတ်မှီ အဆင့်မှီ ပညာရေးဖြစ်အောင် ပြင်ချင်တယ်။ ခေတ်နောက်ကျတဲ့ အတွေးအခေါ်နဲ့ သူတွေက ဆန့်ကျင်တယ်။
ပိုဆိုးတာက ဘာသာရေးနယ်နဲ့ နွယ်ပြီး တိုက်ခိုက်လာတာပဲ။

ဘာသာရေးစာသင်ကြာမှုနဲ့ ခေတ်မှီပညာရေးသင်ကြားမှု ပုံစံခြင်း မတူတာကို လိုက်ညှိဖို့ ကြိုးစားနေကြတယ်။

ခေတ်မှီ ပညာရေးစနစ်ကို ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရေးနယ်ထဲက လူတွေ၊ ကျောင်းသားတွေ ပြောဆို ငြင်းခုန်ကြတာ လက်ခံနိုင်ပေမဲ့ မဆိုင်တဲ့နယ်ပယ်က ဝင်ရောက်ပြောဆို အကြံပေး စွက်ဖက်တာကတော့ လက်ခံနိုင်ဖွယ်မမြင်ပါ။

ပိုဇာတ်ရှုပ်လာလို့ မပြီးနိုင်ပဲ ပေရှည်နေရင်တော့ ကျောင်းသားတွေ ရန်ကုန်ဝင်လာပြီး ပြသနာတွေ ရှုပ်ကုန်မှာကိုသာ မြင်ယောင်နေပါကြောင်း။

Wednesday, February 25, 2015

နားကို မလယ်

မောင်လူပေက ပိန်းချက်က ၉ လောက်ရှိမယ်ဆိုတဲ့ လူမျိုးပါ။ ခဏခဏလည်း ပလတ်ကျွတ်ပြီး အတွေးတွေ တိုင်ပတ် တတ်ပါတယ်။

မေးချင်တာလေးတွေ ရှိလို့ သိရင် ပြောပြကြပါလား။

အရင် ၈၈၈၈ တုန်းက လက်နက်မဲ့ ဆန္ဒပြနေတဲ့ လမ်းပေါ်ကလူတွေ၊ ရွှေဝါရောင်မှာ ဘုန်းကြီးတွေကို စိတ်တိုင်းကြ ပစ်ခတ်ခဲ့တဲ့ ကိုကိုတွေနဲ့ အခု ရှစ်ကန့်အပေါင်းတစ် ဆိုတဲ့နေရာမှာ ပစ်ခတ်နေကြတဲ့ ကိုကိုတွေ အတူတူလားဟင်။

ရှစ်ကန့်အပေါင်းတစ်တွေက သူတို့ဆရာကြီးတွေနဲ့ လက်တွေတွဲပြီး ပြုံးရယ်နေကြတာတွေ သတင်းစာထဲမှာ တွေ့ဖူးပါတယ်။
ခုမှ ဘာလို့ ပြန်ရန်ဖြစ်ကြတာလဲ။

တော်ကြာ လယ်ပင်းဖက်လိုက်၊ တော်ကြာ ရန်ပြန်ဖြစ်လိုက်နဲ့ အထက်ကဆရာတွေ ကစားပွဲနွှဲနေတာလားဟင်။

တသက်လုံး အားကိုးခဲ့ရတဲ့ ပေါက်ဖော်ကြီးကို ခုမှ ဘာလို့ မထိတထိ သွားစ နေတာလဲ။ သူ့ ပစ္စည်းတွေသုံးပြီး သူ့ကို ပြန်ချနိုင်မယ် ထင်လို့လား။ ပေါက်ဖေါ်ကြီး အသာထားလို့ သူ့ မွေးစားသား ဝဆိုလား ပိန်ဆိုလား ကိုတောင် အလွယ်နဲ့ နိုင်မယ် ထင်လား။

အင်အားတစ်ထောင်ဆိုတဲ့ ရှစ်ကန့်ကိုတောင် လေယာဉ်တွေ၊ သောင်းချီ အင်အားတွေနဲ့ တွယ်နေရတာ ခုထိ မနားရသေး။ ဝလို သုံးသောင်းကျော်ကို ဘယ်လို တိုက်ကြမှာလဲ။ ကီးဘုတ်နဲ့ စစ်တိုက်ခိုင်းနေတဲ့ အွန်လိုင်းက ကိုကိုတွေ ဖြေကြည့်ပါလား။

Friday, February 20, 2015

မြို င်သာဆိုတဲ့ မြို့  အကြောင်း

မြိုင်သာဆိုတာ မြို့တမြို့ ဆိုပါတော့။ မြိုင်သာကို မြို့အုပ် ကိုဖိုးခင် အုပ်ချုပ်တယ်။ မြိုင်သာသားတွေကို သူ့ရဲ့ ခါးပိုက်ဆောင်တပ်နဲ့ အပြတ်နိပ်ကွပ်ထားတယ်။

အဲဒီ မြိုင်သာရဲ့ အစွန်နားမှာ လေးအိမ်စုဆိုတဲ့ ရွာလေးရှိတယ်။ မြိုင်သာသားတွေနဲ့ အမျိုးအနွယ်တော့မတူဘူး။အဲဒီရွာလေးက တောစပ်မှာလည်းဖြစ် မြို့နဲ့လည်းဝေးတော့ ဘိန်းစိုက်ကြတယ်။ ဘိန်းရောင်းတော့ ချမ်းသာတယ်။ အဲဒါ လေးအိမ်စုရွာရဲ့ အစဉ်အဆက် အသက်မွေးမှုပဲ။ မြို့အုပ်ကလည်း မြို့နဲ့ ဝေးလို့ လေးအိမ်စုရဲ့ ကာကွယ်ရေး အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်မစွက်နိုင်ဘူး။ ဒါကြောင့် လေးအိမ်စုသားတွေက ရွာကာကွယ်ရေးအဖွဲ့ ကိုယ့်ဟာကိုယ်ဖွဲ့ထားတယ်။ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က သူကြီးပဲဆိုပါတော့။ သူ့နာမည်က မောင်ရှင်တဲ့။

မောင်ရှင်က မြိုင်သာမြို့အုပ်တို့ကို အမြဲ ထောက်ပံ့ခဲ့တဲ့သူပါ။ မြို့အုပ်မောင်ခင်ကို ပုန်ကန်ခြားနားခဲ့တဲ့ ဗိုလ်ကျော်တို့ ဘက်မှာ အရင်က ပါခဲ့ပေမဲ့ နောက်ပိုင်းကြတော့ ဗိုလ်ကျော်အဖွဲ့ကနေ ခွဲထွက်ပြီး မြို့အုပ်တို့ဖက်ကပဲ ပါခဲ့တယ်။ မောင်ခင်တို့ ငွေကြေးအကျပ်အတည်းတွေ့ရင်လည်း သူပဲ အမြဲထောက်ပံ့တယ်။

ဒီလို ကျေးဇူးတွေရှိလို့ မြို့အုပ်က လေးအိမ်စုခေါင်းဆောင် မောင်ရှင်ကို အထူးအခွင့်အရေးတွေ ပေးခဲ့တယ်။ လေးအိမ်စုရွာဖက်ကို သူ့ရဲ့ ခါးပိုက်ဆောင်တပ်ကို မလွတ်ဖူး။ ကိုယ့်ရွာကိုယ် လွတ်လပ်စွာ အုပ်ချုပ်စေတယ်။ အထူးအခွင့်အရေးအနေနဲ့ မြို့ပေါ်မှာ စီးပွားရေးလည်း ပေးလုပ်တယ်။ ဒီလိုနဲ့ လေးအိမ်စုရွာလေးဟာ မောင်ရှင်ရဲ့ ကြိုးစားမှုကြောင့် မြိုင်သာထက်တောင် သာလွန်ကောင်းမွန်လာပြီး မြို့လေးတစ်မြို့လို စည်ကားလာတော့တယ်။

ပြသနာက မြိုင်သာမြို့အုပ်မောင်ခင် ပြုတ်သွားတော့မှ စတာ။ နောက်တက်လာတဲ့ မြို့အုပ်က လေးအိမ်စုသားတွေကို ကြည့်မရတဲ့သူ။ အရင်က မောင်ကျော်တို့ ပုန်ကန်စဉ်က မောင်ရှင်တို့ ပါခဲ့တာကို အစာမကြေဘူး။ ဒီတော့ လေးအိမ်စုရွာသားတွေထဲက မောင်ရှင်ကို မကြိုက်တဲ့သူတွေကို မြှောက်ပေးပြီး စည်းရုံးတယ်။ မောင်ရှင်တို့ ရွာကာကွယ်ရေးအဖွဲ့ကို သူတို့ လက်အောက်ဝင်ခိုင်းတယ်။ မောင်
ရှင်တို့ ဘိန်းစိုက်တာ လောင်းကစားလုပ်တာကို တသက်လုံး လွတ်ပေးထားပြီးမှ ပြသနာထရှာတယ်။

ဒီလိုနဲ့ လေးအိမ်စုခေါင်းဆောင် မောင်ရှင်တို့နဲ့ မြို့အုပ်ရဲ့တပ်တွေ တိုက်ကြရတော့ အင်အားမမျှတဲ့ မောင်ရှင်လည်း သူ့လူယုံနည်းနည်း ခေါ်ပြီး ထွက်ပြေးရတော့တယ်။ ဒီတော့မှ မြို့အုပ်သစ်က သူ့ရဲ့လူကို ရုပ်ပြ ရွာခေါင်းဆောင် အသစ်ခန့်တယ်။ သူ့ရဲ့ ခါးပိုက်ဆောင်တပ်ကိုလည်း လေးအိမ်စုရွာမှာ အခိုင်အမာ တပ်စွဲလိုက်တော့တယ်။

အရင် လေးအိမ်စုရဲ့ ခေါင်းဆောင်ဟောင်း မောင်ရှင်က သူဌေးမို့ တခြားမှာ သွားပုန်းအောင်းနေရင်း လူစုတယ်။ လက်နက်စုတယ်။ ဒီရွာဟာ သူစိတ်ကြိုက် အုပ်ချုပ်ခဲ့တဲ့ရွာ၊ သူပြုစု ပျိုးထောင်ခဲ့တဲ့ရွာ၊ သူ့ကြောင့် စည်ကားတိုးတက်လာကာမှ လေးအိမ်စုကို မြိုအုပ်တို့ တပ်က အသာလေး ဝင်သိမ်းပြီး အုပ်စိုးနေတယ်လို့ ယူဆတယ်။

သူအင်အားကောင်းလာတဲ့အခါ လေးအိမ်စုကို ဝင်တိုက်တော့တယ်။ သူနဲ့ မျိုးနွယ်တူတဲ့သူတွေရဲ့ အကူအညီတော့ ပါတာပေါ့။

အဲဒီကိစ္စကို ဘယ်လို လုပ်ကြမလဲ။

Wednesday, February 18, 2015

တပေါင်းလအကြောင်း

ဒီနှစ် တရုတ်နှစ်ဆန်းက တပေါင်းလဆန်းနဲ့လည်း တိုက်ဆိုင်နေတယ်။

တပေါင်းဆိုတာ မြန်မာနှစ်ရဲ့ နောက်ဆုံးလ။ နှစ်ဟောင်းကုန်မဲ့လပါ။ ထန်းပေါင်းသောလမို့ ထန်းပေါင်းလလို့ ခေါ်ရာက တပေါင်းရယ်လို့ တွင်ရပါသတဲ့။

မြန်မာတွေက ထန်းဖိုရည်ကို ပေါင်းပြီး ထန်းလျှက်(ထညက်) ချက်ကြပြီပေါ့။

 ထန်းလျှက်ဆိုတာ မြန်မာတွေရဲ့ ချော့ကလက်ပါ။ထမင်းစားပြီးရင် ထန်းလျှက်ခဲလေး မြုံ့ရင်း အချိုတည်းလိုက်ရမှ အာသာပြေတဲ့ လူမျိုးကိုး။ ထန်းလျှက်က မြန်မာမုန့်တွေ လုပ်ရာမှာလည်း မရှိမဖြစ်ပါပဲ။

ထန်းလျှက်ကို ခေတ်မှီအောင် ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်ဝင်အောင် ပို့ဖို့ ကြံဆသူလည်းရှိတယ်။ ဒါပေမဲ့ ထန်းသမားတွေ ရှားလာလို့ လက်တွေ့ မလုပ်နိုင်သေးပါတဲ့။ ထန်းလျှက်ချက်ရောင်းရတာ မကိုက်ကြလို့ လုပ်တဲ့သူတောင် အတော်နည်းလာနေပါပြီ။ ခေတ်ကလေးတွေကလည်း နိုင်ငံခြားဖြစ် ချော့ကလက်ကိုသာ ခုံမင်စွာ ဈေးကြီးပေးပြီး ဝယ်ယူစားသောက်ကြလို့ ကြာရင် ရိုးရာ ထန်းလျှက်ပေါင်းချက်တဲ့ လုပ်ငန်းတောင် တိမ်ကော ပပျောက်နိုင်ခြေ ရောက်နေပါပြီ။

နွေမိန်တပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကြ မြေခခဲ့ပြီကွယ်။
တို့ရွာသူ ပျိုဖြူတသင်းမယ် သီချင်းသံပြိုင် သီကာရယ် လက်ပံပွင့်ကောက် အရောက်လာမယ်။
ရွာဓလေ့မို့ မွေ့ပျော်ဖွယ်.... နဲ့ လက်ပံပွင့်ကောက် သီချင်းလေးကတော့ လေမှာလွင့်ပျံနေဆဲ။ မိန်ရာသီ တပေါင်းလမှာ လက်ပံပွင့် နီနီလေးတွေကလည်း လေအဝှေ့မှာ ကြွေကြနေဆဲ။ စိန်ပန်းနီတွေလည်း ဝေနေဆဲပါ။

ငယ်တုန်းကတော့ တပေါင်းဆို သိပ်ပျော်တာပဲ။ အတန်းတင် စာမေးပွဲလည်း ပြီးပြီ။ စာမကျက်ရတော့ဘူး။ အပျော်ဆုံးက တပေါင်းပွဲပေါ့။

မြတ်စောညီနောင်လို့ အမည်ရတဲ့ ဘုရားရဲ့ တပေါင်းပွဲက လွှတ်စည်ကားတာ။ အနယ်နယ်ကလာကြတာ လူပင်လယ်ကြီး။ ညီတော်ကနေ နောင်တော်စေတီထိ စောင်းတန်းတလျှောက် လူတွေ ကြိတ်ကြိတ်တိုးပဲ။ အနီးအနားရွာတွေက လှည်းတန်းကြီးတွေနဲ့ လာကြတယ်။ မောင်လူပေတို့ကတော့ လူပဒေသာကားနဲ့ သွားကြတာ။ လူပဒေသာကားဆိုတာကတော့ ဂျစ်ကားတို့ ဒပ်ဆန်းကားတို့မှာ ပဒေသာပင်သီးထားသလို လူတွေ ပြည့်ညှပ်နေလို့ တင်စားတာပါ။ ကားခေါင်မိုးရော၊ ကားဘောနပ်ရော၊ ကားနောက်မီးရော လူတွေ ပြည့်နေတဲ့ကားက မီးခိုးတွေအံထုပ်ပေးရင်း ဘုရားအရောက်ပို့ရှာတယ်။

ဘုရားဖူးပြီးရင် ဘုရားဘေးမှာ စီးဆင်းနေတဲ့ သောက်ရေခပ်ချောင်းမှာ ရေဆော့ကြတယ်။ ဒူးခေါင်းလောက်ပဲ အနက်ရှိတဲ့ သဲချောင်းလေးက ကြည်အေးလို့။ ရှောက်သီးခြံထဲက အရိပ်မှာ တရေးတမောလည်း အိပ်နိုင်သေးတယ်။ ဒါတွေက ငယ်စဉ် တပေါင်းလရဲ့ ပုံရိပ်တွေပါ။

တပေါင်းလရဲ့ ရာသီပန်းက သရဖီပန်းပါတဲ့။ အင်ကြင်း သရဖီ စတဲ့ မြန်မာတို့ရဲ့ ရာသီပန်းတွေလည်း ရှားပါးလာပါပြီ။

နေ့ပူလို့ ညချမ်းတဲ့ တပေါင်းလ လသရမ်းမှာ မိတ်ဆွေ သူငယ်ချင်းအပေါင်း နေထိုင်ကောင်းပြီး စီးပွား လာဒ်လာဘများလည်း တိုးတက်ကြပါစေ။

ကျွန်တော် မောင်လူပေပါ။


ချစ်ခြင်းအားဖြင့်

မောင်လူပေ

တရုတ်နှစ်ကူး အမှတ်တရ

ငယ်တုန်းကတော့ တရုတ်နှစ်ကူးဆို လွှတ်ပျော်ပဲ။

အံပေါင်းပိုက်ဆံရတယ်။ အင်္ကျီ လုံချည် အသစ်ရတယ်။ ထမင်းဟင်းတွေ အလျှံပယ်စားရတယ်။ အညာသူအမေက ခေါက်ဆွဲကျော်ပြီး ရပ်ကွက်ထဲက အသိအိမ်တွေ လိုက်ဝေခိုင်းတယ်။

အဖေက တရုတ်သွေးပေမဲ့ ဗုဒ္ဓဘာသာ သက်ဝင်သူမို့ အိမ်မှာ တရုတ်လို ကန်တော့တာ မလုပ်ဖူး။ ဘုန်းကြီးကျောင်းကို ဆွမ်းစားချိန်အမှီ ဟင်းတွေသွားကပ်ရတယ်။ တရုတ်နှစ်ကူးကို ဗမာနည်းနဲ့ ကူးတယ်ပေါ့။

နှစ်သစ်ကူးနေ့မှာ တရုတ်ဘုရားကျောင်းသွားတယ်။ တည်ထားခဲ့တာ နှစ်ပေါင်းရာကျော်နေပြီဖြစ်တဲ့ ဘုရားကျောင်းကြီးက သစ်တွေကို သံမပါပဲ ထုတ်တန်းတွေဆွဲထားတာ လှမှလှ။ အထဲမှာတော့ ဘာမှန်းမသိတဲ့ အရုပ်တွေအပြည့်။

ကွမ်ယင်မယ်တော်နဲ့ ဗုဒ္ဓကျောက်ဆင်းတု ကိုယ်တော်တို့ တမိုးအောက်မှာ သတင်းသုံး စံပ္ပါယ်တော်မူကြတယ်။ အခြားတရုတ်နတ်ဘုရားတွေလည်း ဝိုင်းရံလို့ပါ။

တရုတ်နတ်ဘုရားတွေထဲမှာ မိုးပေါ်နတ်လို့ခေါ်တဲ့ သကြားမင်းနဲ့ ထော့ထီကုန်းလို့ ခေါ်တဲ့ မြေနတ်မင်းတို့ကို အရိုအသေ ပေးရသေးတယ်။ ပြီးရင် ကွမ်ယင်မယ်တော်မှာပူဇော်ရင်း စာချဗေဒင်မေး။ ဗုဒ္ဓကျောက်ဆင်းတုကိုယ်တော်ကို ပန်းကပ်။ အပြင်က ရွှေစက္ကူမီးရှို့တဲ့နေရာမှာ မီးနည်းနည်းသွားရှို့ ။ သူများလုပ်တာ လိုက်လုပ်တာပါပဲ။

ဘုရားကျောင်းထဲမှာ အမွှေးတိုင်ရဲ့ မီးခိုးငွေ့တွေ မွှန်ထူနေတာမို့ ကြာကြာတောင် မနေနိုင်ပဲ အပြင်ပြန်ထွက်ရတယ်။ လူတွေ ကြိတ်ကြိတ်တိုးနေလို့ ပူလောင်အိုက်စပ် နေတာလည်းပါတာပေါ့။

သူများတွေကတော့ နှစ်သစ်ကူးတဲ့ညသန်းကောင်မှာ မိုးပေါ်ဘုရား သကြားမင်းကို ကန်တော့တယ်ဆိုပြီး ဘုရားကျောင်းသွားကြတယ်။ အအိပ်မက်တဲ့ မောင်လူပေကတော့ သန်းကောင်ကန်တော့ပွဲကို တခါမှ မနွှဲဖူးခဲ့။

တရုတ်နတ်ဘုရားရုပ်တွေက အများကြီးပါ။ ကျားကြီးကို ခြေနဲ့နင်းထားတာလည်းပါတယ်။ ဘာမှန်းမသိတဲ့ လက်နက်ကြီးတွေ ကိုင်ထားတာလည်းပါတယ်။ မောင်လူပေက ခပ်ညံ့ညံ့မို့ ဘာမှမသိ။ သူငယ်ချင်းတွေ မေးတော့လည်း မသိကြ။ တရုတ်လူကြီးတွေကြတော့လည်း မမေးရဲနဲ့ ခုထိ မသိခြင်းများစွာနဲ့ ပလတ်ကျွတ်နေတုန်း။

တရုတ်ရဲ့ ယဉ်ကျေးမှုသမိုင်းက နှစ်ငါးထောင်ကျော်မို့ အရမ်းကို ကျယ်ဝန်းလှပါတယ်။ ကိုးကွယ်ယုံကြည်မှု အယူအဆကလည်း နေရာနဲ့လိုက်ပြီးကွဲပြားပါသေးတယ်။ ဗဟုသုတ အားနည်းတဲ့ ကိုယ့်ကိုကိုယ်သာ မချင့်မရဲ ဖြစ်ရတာပါပဲ။ တရုတ်စာနဲ့ စကားပြောကို မသင်ခဲ့ရတာကလည်း တပမ်းရှုံးတာပေါ့။ ခုဆို သူများတွေက တရုတ်ထင်ပြီး တရုတ်လို လာလာပြောတိုင်း မတတ်ပါကြောင်း အပြုံးလေးနဲ့ ငြင်းဆိုရတာ အသားတောင် ကြနေပါပြီ။ သူတို့ကတော့ နီစပ်စပ်နဲ့ တရုတ်ပုံစံထွက်နေတဲ့ သူက တရုတ်စကာနဲ့ ဝေါ်ပွတ်ရောက် ကျန်ခိုးရီ ( ငါတရုတ်စကား မတတ်ပါ။) လို့ ငြင်းဆိုတာကို တအံ့တအော ကြည့်ကြလို့ ဒီလို အကြည့်ခံရတာလည်း ရိုးနေပြီ။ တကယ်က အဲဒီ တကြောင်းထဲ အလွတ်ကျက်ထားလို့ ပြောတတ်တာလေ။

ခုတော့ အဝေးရောက်နေလို့ တရုတ်နှစ်သစ်ကူးနေ့မှာ ဘုရားကျောင်းလည်း မရောက်ဖြစ်တော့ပါ။ ဒီအနီးအနားမှာ ဗီယက်နန်တရုတ် ဘုရားကျောင်းတွေရှိပေမဲ့ နှစ်ကူးနေ့မှာ မရောက်ဖြစ်ခဲ့။ ငယ်စဉ်တုန်းကလို တရုတ်ဘုရားကျောင်း သွားချင်စိတ်လည်း မရှိတော့။ ထေရဝါဒ ဗုဒ္ဓဘာသာဝင် စင်စစ် ဖြစ်သွားလို့လား၊ အသက်ကြောင့်လားတော့ မပြောတတ်။

ဘာပြောပြော တရုတ်နှစ်ကူးတိုင်းတော့ ပျော်ခဲ့ရတာပါပဲ။ ကားပိုင်တဲ့ သူငယ်ချင်းတွေနဲ့ ကပ်လိုက်ရင်း ၁၃မိုင်က ပသိချောင်းမှာ ရေဆော့ကြ၊ ကရင်ခေါင်ရည်လေး မော့ကြနဲ့ ပျော်စရာတွေ ထပ်တိုးရသေးရဲ့။ ငယ်သူမို့ တရုတ်မအပျိုချောလေးတွေ တွေ့ရင် ငမ်းကြတာတွေတော့ ထည့်မရေးတော့ပါဘူး။

ဒီအပျိုချောတွေလည်း အချိန်ဆိုတဲ့ ဒီရေနဲ့ မျောပါရင်း ရွှေရတုမမကြီးတွေ ဖြစ်ကုန်ကြပြီ။ ကိုယ်တွေလိုပဲ အိုပယ်ဖြစ်ဖို့ သိပ်မလိုကြတော့။

ဘယ်သူတွေ ဘယ်လိုအိုအို အချိန်တန်ရင်တော့ နှစ်သစ်ကူးနေ့ရောက်လာမြဲပါ။ အဲဒီအချိန်မှာတော့ မျိုးဆက်သစ်လေးတွေက ဆက်လက်ပျော်ရွှင်နေမှာပါ။ မောင်လူပေကတော့ ဘေးကကြည့်ရင်း ပြုံးလို့ပေါ့။

တရုတ်နှစ်သစ်ကူးနေ့မှာ မိတ်ဆွေ သူငယ်ချင်းအပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


ချစ်ခြင်းအားဖြင့်

မောင်လူပေ

Saturday, February 14, 2015

ကျောင်းသားသပိတ်နှင့် ပတ်သက်သောစာ

သပိတ်မှောက်ကျောင်းသားတွေ တင်ပြတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအချက်တွေကို ၁၆ ရက်နေ့ မျာ လွှတ်တော်ကို တင်ပြပေးမယ်လို့  သိရတယ်။

သပိတ်စထဲက ကျောင်းသားတွေတောင်းဆိုတာ မှန်တယ်ဆိုပြီး ထောက်ခံခဲ့ပါတယ်။ အများပြည်သူထဲက လူတယောက်အနေနဲ့ အားပေးမှုတွေလည်း ပြုခဲ့တယ်။

ပြည်သူထောက်ခံမှု အပြည့်ရခဲ့တဲ့ ကျောင်းသားတွေဟာ လမ်းတလျှောက်လုံးမှာ ဆူပူအကြမ်းဖက်မှုတွေ မဖြစ်အောင်တားဆီးရင်း အောင်မြင်စွာ ချီတက်လာခဲ့တာ ရန်ကုန်တိုင်းနားရောက်ပါတော့မယ်။

ရန်ကုန်ကို ဝင်ဖို့  နီးလာတဲ့  ကျောင်းသားသပိတ် စစ်ကြောင်းတွေကို လည်း ရန်ကုန် အဝင်မခံဖို့  ပြင်နေပြီလို့  လည်း သိရတယ်။

ရန်ကုန်မှာ ကျောင်းသားတွေနဲ့ အတူ လယ်သမား အလုပ်သမားသပိတ်တွေ ပေါင်းမိပြီး အထွေထွေ သပိတ်ကြီး ဖြစ်သွားမှာ မလိုလားဘူးလို့ လည်း အသံတွေကြားရတယ်။

ရန်ကုန်တိုင်းထဲမဝင်သေးဘဲ ရောက်ရာနေရာတွေကနေ သပိတ်နားရင်း ခေတ္တ စောင့်ကြည့်သင့်တယ်လို့  ထင်တယ်။

တောင်းဆိုချက်တွေကို လွှတ်တော်က ဘယ်လို တုန့် ပြန်မယ်ဆိုတာ စောင့်စေချင်တယ်။ မလိုအပ်ပဲ ကျောင်းသားတွေ သွေးထွက်သံယိုဖြစ်တာမျိုး မဖြစ်စေချင်ပါ။

လွှတ်တော်က အတည်ပြုပေးတယ်ဆို သမ္မတက လက်မှတ်ထိုးပြီးရင် အတည်ဖြစ်တယ်။ လွှတ်တော်က လက်မခံရင်တော့ ဆက်ပြီး ချီတက်ရမှာပေါ့။

သမိုင်းဝင် ကျောင်းသားသပိတ်ကို ပြည်သူတွေက တခဲနက်အားပေးထောက်ခံကြတာ မျက်မြင်ပဲမို့  လွှတ်တော်ကလည်း ထောက်ခံမယ်လို့  ယုံကြည်ပါတယ်။သူတို့ တွေလည်း အကျပ်အတည်းတွေ ပတ်လည်ရိုက်နေချိန်မို့  အချိန်ဆွဲနေမယ် မထင်ပါ။

ကျောင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ ပညာရေးဥပဒေဟာ လက်တကမ်းကို ရောက်နေပါပြီ။ ဒီအချိန်မှာ သပိတ်ရပ်ဖို့  မဖြစ်နိုင်ဘူး ဆိုပေမဲ့ ထိပ်တိုက်ရင်ဆိုင်မတွေ့ ပဲ အားဖြည့်ရင်း နားနေစောင့်စားကြဖို့  သင့်တယ် ထင်မြင်မိတယ်။

ကျောင်းသားသပိတ်ကို အနီးကပ် စောင့်ရှောက်အားပေးနေကြတဲ့ ရဟန်းတော်များ၊ပညာရှင်ကြီးများ၊ အများရိုသေလေးစားခံရတဲ့ လူပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။

( အမြင်မတူလို့  လက်မခံဘူး ဆိုလည်း ဝေဖန်နိုင်ပါတယ်။ ကျွန်တော့ရဲ့  ပုဂ္ဂလိကအမြင် တခုကို တင်ပြခြင်းသာ ဖြစ်ပါကြောင်း။ )

သာယာတဲ့ ဗာလင်တိုင်းဒေး

ရွှေတံခါးနဲ့ ကောင်းကင်ပြာ ( Golden Gate and Blue Sky)
သာယာသလားတော့ မမေးနဲ့။

 ဆောင်းကိုတောင် မေ့နေတယ်။

အမြဲမှုန်ရီနေတဲ့ မြို့က လင်းလက်တောက်ပလို့။

အရှေ့ဖက်ကမ်းမှာတော့ နှင်းမုန်တိုင်းတွေမွှေလို့ နှင်းတွေကျုံးရင်း ဒုက္ခကို အရောင်ဆိုးနေကြ။

မတရာလိုက်ပုံများ။ ရာသီဥတုကတောင် မျက်နှာလိုက်တယ်။ အနောက်ဖက်ကမ်းကြတော့ မျက်နှာသာ ပေးလို့။

မြန်မာပြည်သားအပေါင်းလည်း ဒီအနောက်ဖက်ကမ်းက ဆန်ဖရန်မြို့လေးရဲ့ ရာသီဥတုလို သာယာကြပါစေ။

Happy Valentine's Day to all of my friends.

ဗိုလ်ချုပ်ဆိုတာ

ဗိုလ်ချုပ်လို့ ခေါ်သံကို ပြည်သူတွေကြားရင် သူလို့ပဲ နားလည်တယ်။

သူ့နာမည် ပြောစရာမလို။

ဗိုလ်ချုပ်ပြောခဲ့တဲ့ နိုင်ငံ ဖြစ်တော့မယ်၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့တပ်၊ ဗိုလ်ချုပ်သမီး နဲ့ပဲ ပြောကြတယ်။

ဗိုလ်ချုပ်လို့ ခေါ်ရင် သူ့ကိုပဲ ပြေးမြင်တယ်။

သူဟာ ဗိုလ်ချုပ်မှူးကြီး မဖြစ်ခဲ့ဘူး။ သမ္မတကြီးလည်း မဖြစ်ခဲ့ဘူး။

နိုင်ငံရေးလုပ်ဖို့ တပ်ကထွက်ခဲ့တယ်။

ဦးအောင်ဆန်းဘဝနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်။

အငြိမ်းစားဗိုလ်ချုပ် ဘဝနဲ့ အသက်စွန့်သွားတယ်။

ဇာတာထဲက မောင်ထိန်လင်း။ အောင်သန်းရဲ့ညီထွေး အောင်ဆန်း။ တပ်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်တေဇ။

အငြိမ်းစား ဗိုလ်ချုပ် အသက်ရာကျော် ရှည်စေသောဝ်။ ။

Thursday, February 12, 2015

သူ့ တာဝန်နဲ့  သူ

ဆရာက စာသင်တယ်။ သူ့အလုပ်။

ဆရာဝန်က ဆေးကုတယ်။ သူ့အလုပ်။

ဈေးသည်က ဈေးရောင်းတယ်။ သူ့အလုပ်။

တက္ကစီသမားက ကားမောင်းတယ်။သူ့အလုပ်။

စစ်သားက စစ်တိုက်တယ်။ သူ့အလုပ်။

ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ယူ။

စစ်တိုက်တယ်ဆိုတာ ကိုယ်က အရင်သတ်ရင်သတ်၊ မသတ်နိုင်ရင် သူများသတ်တာခံ ဒါပဲ။

စစ်ပွဲမှာ ကျဆုံးရင် ထိုက်သင့်တဲ့ ဆုတံဆိပ်တွေ ချီးမြှင့်ငွေတွေ ရမယ်။

ဒါဏ်ရာနဲ့ ထွက်ရရင်လည်း ထိုက်သင့်တဲ့ ခံစားမှု ရမယ်။

တပ်ကထွက်ရင် အကျိုးခံစားခွင့် ဆုငွေရမယ်။ အလုပ်လျှောက်ရင် စစ်ပြန်ခံစားခွင့် အမှတ် ရမယ်။ ပညာသင်ခွင့် ရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုရမယ်။

ငါအသက်စွန့်တိုက်နေရတယ်လို့ ဘယ် စစ်သားကမှ မကြွေးကြော်ဘူး။ သူ့အလုပ် သူလုပ်တာပဲ။
သူတို့ကို ပြည်သူတွေက မင်းရဲ့ အလုပ်အတွက် ကျေးဇူးတင်တယ် လို့ ပြောတာနဲ့ လုံလောက်ပြီ။
တကယ့် စစ်သားကောင်းတွေက ဘယ်တော့မှ အသံထွက်ပြီး မအော်ဘူး။ နာမည်လည်း မယူဘူး။ သူ့အလုပ် သူလုပ်တယ်လို့ပဲ ခံယူတယ်။

အသံကောင်းဟစ်နေတာ အဘဘောမ တွေပါ။ ဖတ်မိတာတွေမှာ မဆီမဆိုင် ကျောင်းသားတွေကို လောက်ကိုင်ပို့လိုက် ဘာညာနဲ့ ရေးနေတာဖတ်မိလို့ စိတ်အချဉ်ပေါက်ပြီး ရေးလိုက်တယ်။

တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူသွားပါကြောင်း လို့တောင် နာရေးမှာ ဖေါ်ပြခွင့် မရခဲ့ရှာတဲ့ ကျဆုံး အရာရှိ၊ ရဲဘော်၊ ရဲမေများအတွက်တော့ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။

နောင်ဘဝမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ ကင်းကြပါစေ။

ဗိုလ်ချုပ် ရာပြည့်ပြီ

ဗိုလ်ချုပ် အသက်တစ်ရာ ပြည့်ပြီ။

ဗိုလ်ချုပ်ရာပြည့်ပွဲတွေ တိုင်းနိုင်ငံအနှံ့ ချိမ့်သဲစွာ ကျင်းပနေကြပြီ။

ဗိုလ်ချုပ်ရုပ်ထုတွေကို အပြိုင်အဆိုင် တည်ဆောက်နေကြပြီ။

တခါက ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့သီချင်း ( ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်းထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) နဲ့ သူ့ကို ဂီတ အဖွဲ့က သီဆိုဂုဏ်ပြုတော့ ပြီးအောင်နားမထောင်ပဲ ချက်ခြင်းထထွက်သွားပါသတဲ့။
ပြီးတော့ ပွဲစီစဉ်သူတွေခေါ်ပြီး ဒီလို မလုပ်ဖို့ ခေါ်ဆူသတဲ့။ ဗိုလ်ချုပ်က သူ့ကို ဂုဏ်ပြုတာတို့ ဘာတို့ကို အလွန်မုန်းတယ်တဲ့လေ။

တိုင်းပြည်အနှံ့ စည်းရုံးရေးထွက်ရင်လည်း ဘယ်တော့မှ ဂုဏ်ပြုမခံဘူး။ သူပြောချင်တာ ပြောပြီးရင် ပြန်တာပဲ။ တချို့နေရာတွေမှာ သူစီးဖို့ ဇိမ်ခံကားတွေနဲ့ လာကြိုရင်လည်း ဆူလွှတ်လိုက်ပြီး ကားစုတ်လေးနဲ့ပဲ ခရီးနှင်ခဲ့တဲ့ ဗိုလ်ချုပ်ပါလို့ သူ့အကြောင်း ရေးခဲ့တဲ့ စာအုပ်တွေမှာ ဖတ်ဖူးခဲ့တယ်။

သူ့ကို ပြည်သူတွေ ဒီလို ဂုဏ်ပြုနေတာတွေကို သူသာ အသက်ထင်ရှားရှိသေးရင် ကြိုက်မယ်မထင်။ မကြိုက်လည်း သည်းခံပေးပါ ဗိုလ်ချုပ်ရယ်။ ကျွန်တော်တို့ ပြည်သူတွေရင်ထဲက ဗိုလ်ချုပ်ကို နှစ်နှစ်ဆယ်ကျော် ပိတ်ဆို့ဖယ်ရှား ခံခဲ့ရတာမို့ ခုလို အခွင့်သင့်တုန်း ဂုဏ်ပြုပါရစေလို့သာ ဗိုလ်ချုပ်ကို ခွင့်ပန်ချင်ပါတယ် ဗျာ။


Wednesday, February 11, 2015

ပြည်ထောင်စုနေ့  ၂၀၁၅

ညီနောင်တစ်စု တည်ထောင်ပြုတဲ့ ပြည်ထောင်စုနေ့တဲ့။

၆၈ နှစ်တောင် ရှိခဲ့ပြီ။

 ပင်လုံကနေ ပေါက်ဖွားခဲ့တဲ့ ပြည်ထောင်စုကြီးကတော့ သေနပ်သံတွေ ဝေဆာနေဆဲ။

တိုင်းရင်းသားတွေ ဘယ်တုန်းထဲက ဒီမြေမှာ နေခဲ့တာလဲ သိချင်လို့ လေ့လာမိတယ်။

ပထမဆုံး အခြေချခဲ့တာက မွန်၊ ပလောင်၊ ပျူ၊ ကမ်းရံ။ နောက်တော့ ချင်း၊ ကဒူး၊ သက်၊ ကယန်း၊ ကရင် တွေ ရောက်လာတယ်။ ရခိုင်ပြည်ကလည်း ခေတ်ပြိုင်ပေါ်နေပြီ။ နောက်မှ မြန်မာတွေ အလုံးအရင်းနဲ့ ဝင်လာပြီး ၁၁ရာစုမှာ ပထမမြန်မာနိုင်ငံ တည်နိုင်တယ်။ ရှမ်းက ၁၄ရာစုလောက်မှာ အများကြီး ဝင်လာသလို ကချင်ကလည်း အာသံဖက်ကနေ မရှေးမနှောင်း ဝင်လာပါတယ်လို့ ဆရာကြီး ဒေါက်တာသန်းထွန်းကဆိုတယ်။ ဂြွမ်းတို့ ဂုံတို့ တရုတ်တို့ ကသည်းတို့ စတဲ့ လူနည်းစုတွေကလည်း မြန်မာဘုရင်ဆီမှာ အမှုထမ်းကြပါသတဲ့။

မြန်မာပြည်တည်ထောင်ပုံက အမေရိကန်ပြည် တည်ထောင်ပုံနဲ့ ဆင်နေတယ်။ ရောက်ပြီးသား လူမျိုးစုငယ်တွေကို အလွယ်တကူ တိုက်ခိုက် သိမ်းပိုက်တာ တူနေတယ်။
မတူတာကတော့ လူမျိုးစုတွေနဲ့ ခုထိ ငြိမ်းချမ်းရေး မရသေးတာပါပဲ။

ပင်လုံမှာ သာတူညီမျှအခွင့်အရေးရရေး လက်မှတ်ထိုးပြီး မကြာခင် ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတာက ဗမာပြည်သမိုင်းကို ပြောင်းလည်းစေခဲ့တာ။

ဗမာပီပီ ကွဲကြတော့ သူလို ဝင်ထိမ်းပေးနိုင်မဲ့ ခေါင်းဆောင်မရှိခဲ့။ ဒီအကွဲအပြဲမှာ တပ်က အင်အားကြီးမားစွာနဲ့ အာဏာရှင်စနစ်ကို ပုံမျိုးစုံ သွန်းလုပ် အုပ်ချုပ်ပြီး တိုင်းရင်းသားတွေနဲ့ တိုက်လိုက် အပစ်ရပ်လိုက် လုံးခြာလည်ဇာတ်က ခုထိ မပြီးသေး။

အဲဒီထဲမှာ မြေဇာပင်အသက်ပေါင်း သိန်းသောင်းချီ စတေးခဲ့ရ ပြီုးပြီ။
ခုနောက်ဆုံး ကိုးကန့်နယ်က ပွဲတွေမှာ စတေးခဲ့ရတဲ့ အသက်တွေအထိပေါ့။

တရုတ်မှာ တပ်နီတော်က တိုက်ထုတ်လိုက်တော့ ယူနန်တကျောက ကူမင်တန်တပ်တွေ ဗမာပြည်ထဲ ဝင်လာ။အဲဒီတရုတ်တပ်တွေက ကိုးကန့်၊ ဝ တွေရဲ့ လုံခြုံရေးတပ်တွေအဖြစ် အသွင်ပြောင်း။ နောက်တော့ ဗကပနဲ့ ပေါင်း။ တရုတ်နောက်ခံအားနဲ့ တပ်တွေချဲ့ ဘိန်းနဲ့ ကြီးပွား။

ဘိန်းဘုရင် လော်စစ်ဟန်တို့ ခွန်ဆာတို့က ကိုးကန့်စော်ဘွားအောက်မှာ ကိုးကန့်တွေဖြစ်။ ပေါက်ယူချမ်းတို့က ဝတွေဖြစ်နဲ့ သိန်းနဲ့ချီမဲ့ တရုတ်ကူမင်တန်တပ်တွေ အသွင်ပြောင်းပြီး တိုင်းရင်းသားတွေ ဖြစ်ကုန်တော့ပါတယ်။

ဗကပက တရုတ်ထောက်ခံမှု မရတဲ့အခါ အားနည်းလာပြီး ကိုးကန့်နဲ့ ဝတွေ ခွဲထက်။ တသက်လုံး ဘိန်းလုပ်နေတဲ့သူ အချင်းချင်း ယိုင်းပင်းတဲ့အနေနဲ့ လော်စစ်ဟန်ရဲ့ စည်းရုံးမှုကြောင့် ဖုန်ကြားရှင် ဖုန်ကြားဝေတို့ ဖုန်ညီအကို ဘိန်းဆရာတွေ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ နဝတ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက်။ နောက်တော့ ပေါက်ယူချမ်းတို့ ခွန်ဆာတို့ပါ ပါလာ။
အမေရိကန်က မူးယစ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ဒီ ဘိန်းရာဇာတွေကို တရုတ်တွေမို့ တရုတ်နောက်ခံအားနဲ့ အကာအကွယ်ပေးခဲ့တာ စစ်အစိုးရ အဆက်ဆက်။

မန်းလေးမြို့ကြီး ယဉ်ကျေးမှုမြို့တော်ဘဝကနေ ဟောင်ကောင်ဘဝပြောင်း ခဲ့ရတာ ဒီလူတွေ ဘိန်း၊ ကျောက်ရောင်းတဲ့ တရားမဝင်ငွေတွေနဲ့ အဘတွေကိုအိပ်ထဲထည့်ုပြီး ဝင်ခဲ့လို့ပဲလေ။

ဖုန်ကြားရှင်တို့ ဘိန်းရာဇာတွေ အဘအဆက်ဆက်ကို ဘယ်လောက်ဆက်သခဲ့တယ် ဆိုတာကတော့ ကာယကံရှင်တွေပဲသိမယ်။

ပြည်ထောင်စုသား တိုင်းရင်းသား ညီအကိုတွေ စည်းလုံးကြဖို့ကတော့ လာမည်ကြာမည်ပါပဲ။ ကချင်နဲ့ ငြိမ်းတော့ ကရင်နဲ့တိုက်။ အခု ကရင်နဲ့ ငြိမ်းပြန်တော့ ကချင်နဲ့ ပြန်တိုက်။ တရုတ်တွေ ကြီးစိုးတဲ့ ဝကလည်း ပြည်နယ်တောင်း။ ကိုးကန့်တရုတ်က နှစ်ချမ်းကွဲ။ အပစ်ရပ် လက်မှတ်မထိုးနိုင်လို့ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး စာချုပ်ဆိုပြီး ပြောင်းထိုးမယ် လုပ်ရတဲ့အထိ။

ဒီလို ဖျားနာချိနဲ့နေတဲ့ ပြည်ထောင်စုကြီးကို အသက်ရာပြည့်မဲ့ အဖိုးဗိုလ်ချုပ်များ သက်ရှိထင်ရှားရှိသေးရင် ငါပြောခဲ့တဲ့ ဟိုလူလာ မျက်နှာချိုသွေးရ ဒီလူလာမျက်နှာချိုသွေးရတဲ့ ဖာနိုင်ငံကြီး ဖြစ်နေပြီ မဟုတ်လားလို့ ဟုတ်လားတွေ သွင်သွင်သုံးပြီး ပြောနေတော့မှာ အသေအချာပါပဲ ဗျာ။

Saturday, February 7, 2015

အောင်လံ

သပိတ်မှောက်ကျောင်းသားလေးတွေ ဆပ်သွားကို ကျော်လာပြီ။ အောင်လံကို ရောက်တော့မယ်နဲ့  သတင်းတွေ ဖတ်ရတော့ ငယ်ဘဝကိုတောင် လွမ်းသွားမိတယ်။

အမေက အောင်လံနယ်သူမို့  အောင်လံ၊ ဝက်ထီးကန် တကျောဟာ အမျိုးတွေ ချည်းပဲတဲ့ ။ မကြာခဏလည်း တောင်ငူကနေ သူ့  ရွာကို ပြန်တယ်။ တောင်ငူကနေ ပျဉ်းမနားထိ ရထားစီး။ပျဉ်းမနားမှာ တောင်တွင်းကြီး၊ ကြေးနီရထားပြောင်းစီးပြီး ဆပ်သွားမှာဆင်း။ အောင်လံကားကို ပြောင်းစီး။ ပြီးမှ သူ့ ရွာကို ခရီးဆက်တယ်။

အောင်လံ၊ ပြလို့ နယ်က နာမည်ကျော် နို့ တစ်လုံးစိန်ဓါးမြဗိုလ် မိန်းမအကြောင်းကတော့ အမေကြီးရဲ့  အိပ်ရာဝင်ပုံပြင်။ နို့ တစ်လုံးစိန်က သေနတ်ပြီးတယ်၊ ဓါးပြီးတယ်။ ထခုန်ရင် ခြောက်တောင်မြင့်တယ်စုံလို့ ပဲ။ နို့ တစ်လုံးက သေနပ်မှန်လို့  ဖြတ်ထားတဲ့ မိန်းမ လူစွမ်းကောင်း ဓါးမြ။ 

ဝက်ထီးကြီးက ကန်လို့  ဖြစ်လာတဲ့ ရေကန်ကြီးကြောင့် ဝက်ထီးကန်လို့ ခေါ်တယ်ဆိုတဲ့ ပုဂံဘုရင်ပျူစောထီးပုံပြင်က နားထောင်အကောင်းဆုံး။ ဒီလောက်ကြီးတဲ့ ကန်ကြီး ဖြစ်အောင် ကန်တဲ့ ဝက်ဟာ ဂေါ်ဇီလာထက်ကြီးလိမ့်မယ်လို့  မှတ်ချက်ပေးမိလို့  အမေကြီးနဲ့  အငြင်းအခုံတွေလည်း ဖြစ်ခဲ့သေး။

မှတ်မိသလောက်ကတော့ ဆပ်သွားမှာ စာကလေးကျော်နဲ့  ဆီထမင်း နာမည်ကျော်တယ်။ ဆပ်သွား ဘူတာရောက်ရင် မစားမဖြစ် စားကြရတဲ့ ဒေသစာ။

အောင်လံကတော့ မြန်မာဘုရင်ခေတ်က မြေထဲလို့ ခေါ်တယ်။ မြေထဲဆိုတဲ့ နာမည်ကတော့ ဗေဒါရီ ပါးစပ်ရာဇဝင်ထဲက လာတာ။ စူလာသန္ဗဝတို့ မဟာ သန္ဗဝတို့ ညီအကိုကို ဘီလူးမက မျက်စိကုပေးလို့  ပြန်မြင်ကြတော့ မိုးကားအဆုံး မြေကားအထဲ ပါလားလို့  ရွတ်ဆိုလို့  အဲဒါကို အစွဲပြုပြီး မြေထဲ ခေါ်ပါသတဲ့။ ပါးစပ်ရာဇဝင်ဆိုတော့ မယုံယင် ပုံပြင်သာ မှတ်ပေါ့။

အမေတို့ က နောက်ဆုံးမြေထဲမြို့ ဝန်ရဲ့  အဆက်အနွယ်တွေ။ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲ ပြီးတော့ အင်္ဂလိပ်စစ်ဗိုလ် မေဂျာ အာလံကို အစွဲပြုပြိး အောင်လံလို့  ပြောင်းခဲ့တယ်။
 ကျွန်တော်ကတော့ အောင်လံဆိုတဲ့ နာမည်ကို ပိုကြိုက်တယ်။

 အောင်လံက အထက်တန်းပြဆရာကြီး ဦးမြမှန်နဲ့  သူ့  သမီး ဆရာမ မစိုးစိုးတင် ဆိုတာလည်း အမျိုးတွေပဲ။ သူတို့ နဲ့  ဆယ်တန်းကျောင်းသားဘဝမှာ ကျိုက်ထီးရိုးနဲ့  မော်လမြိုင်တခွင် လျှောက်လည်ခဲ့ရတာ။ မမစိုးစိုးတင်က ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူလေးလည်းဖြစ် ချောလည်းချောတော့ ခရီးတလျှောက် ပိုးတဲ့ ပန်းတဲ့ လူတွေ တပုံတပင်။ သူ့မောင် ဆယ်တန်းကျောင်းသား လူပေကလေးက သူ့ အမကို စောင့်ရှောင့်ခဲ့ရ။

အောင်လံမှာ ကျောင်းသားတွေကို ကြိုဆိုကြတဲ့ အခါ မမစိုးရဲ့ မျိုးဆက်သစ်တွေက ကြို ဆိုကြပါလိမ့်မယ်။ အောင်လံကိုလွှင့် အောင်လံကို ကျော်ဖြတ်ရင်း ဘေးရန်ကင်းကြပါစေ။

Friday, February 6, 2015

ကလေးအတွက် အတွေး

စာမတတ်ပဲ ဆိပ်ကျောင်းရင်း မိဘကို လုပ်ကျွေးနေရတဲ့ ၁၃ နှစ် သမီးငယ်လေးရဲ့ မှတ်တမ်းကားတိုလေးကို အွန်လိုင်းမှာ ကြည့်လိုက်ရတယ်။

အခမဲ့ မူလတန်း ပညာရေးတောင် မသင်ခဲ့ရတဲ့ ကလေးမလေးက ညောင်ဦးနားမှာ သူ့မိသားစုနဲ့ နေတယ်။ မွေးချင်းလေးဦးမှာ သူက အကြီးဆုံး။ သူ့မှာ မိဘစုံညီရှိပေမဲ့ အမြဲမူးပြီး သောင်းကျန်းနေတဲ့ အဖေကြောင့် ကျောင်းတောင် မနေခဲ့ရရှာ။

သူ့အဖေက ကလေးတွေ ပညာတတ်ရင် သူ့ကိုရောင်းစားသွားမှာ စိုးလို့ ပညာမသင်ပေးတာပါတဲ့။
သူမကတော့ ကိုယ့်အဖေကို ဘယ်သူကရောင်းမယ်တဲ့လဲ။ ရောင်းလို့ရရင်တောင်မှ ဘယ်သွားရောင်းရမယ် မသိပါဘူးတဲ့။ ရောင်းလို့ရရင်တော့ ဒီအဖေမျိုး သူမလိုချင်လို့ ရောင်းချင်ပါတယ်တဲ့။


ဒေါ်အောင်ဆန်းစုကြည်ဆီမှာ သူလိုတဲ့ အိမ်ဝိုင်း၊ ဆိပ်အုပ်၊ နွားအုပ်တွေ သွားတောင်းရင်ရမယ် လို့လဲ ထင်နေရှာတယ်။ ဒီမိုကရေစီရရင် အားလုံးချမ်းသာပြီလို့ ထင်မှတ်နေတယ်။ ဒေါ်စုကို ကယ်တင်ရှင်လို့ ထင်နေကြသူတွေထဲမှာ သူမလည်း ပါတယ်။

ဆင်းရဲပြီး ပညာအားနည်းကြရှာတဲ့ ကျေးလက်နေ ပြည်သူအများစုက ဒီလိုပဲ ထင်နေကြတာပါပဲ။

ဒီမှတ်တမ်းတင် ကားတိုလေး ကြည့်ုရင်း တွေးမိတာလေးရှိတယ်။
ဒီလို အပြစ်မဲ့ ကလေးတွေကို လူ့လောကထဲ ဆွဲသွင်းလာပြီး မိဘတာဝန် မကြေတဲ့ သူတွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ။

အိမ်ထောင်ပြုမဲ့သူတွေကို အိမ်ထောင်သယ်တာဝန်များ ဆိုတဲ့ သင်တန်းတက်ခိုင်း။ သင်တန်းမှာ စာတွေ့ လက်တွေ့သင်ပေး။ ငွေကြေး အခြေအနေ စစ်မေး။ အားလုံး အောင်မှတ်ရမှ ကလေးယူခွင့်လက်မှတ် ထုတ်ပေး။ မအောင်ရင် မင်္ဂလာဆောင်ခွင့်ပဲရှိတယ်။ ကလေးယူမယ်ဆို ဖမ်းဆီးခံရမယ်ပေါ့။
ဒီလို အောင်ကြူကြူအတွေးတွေ ခေါင်းထဲဝင်လာတာ။

နောက်တခုတွေးမိတာက အမျိုးစောင့်ဥပဒေဘာညာနဲ့ ဘယ်လောက်လုပ်လုပ်၊ ဒီလိုဘဝတွေကို တိုးတက်အောင် မလုပ်ပေးနိုင်ရင် အလကားဖြစ်မှာပါပဲ။

ဘဝဆိုတာ ပျောက်ဆုံးနေတဲ့ ဒီလိုကလေးမလေးတွေဟာ သူတို့ ဘဝပြောင်းလည်းဖို့ အတွက်ဆို ဘာပဲလုပ်ရလုပ်ရ လုပ်ကြမဲ့ သူတွေက အများစုပဲ ဖြစ်မှာပါ။

ဗမာပြည်အနှံ့ က အမှိုက်ပုံတွေမှာ ကလေးတွေ ရှိနေသ၍၊လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ကလေးတွေ စားပွဲထိုးနေသ၍ ၊ ကျောင်းနေအရွယ်ကလေးတွေ လယ်ထဲ လုပ်ငန်းခွင်ထဲမှာ လုပ်နေရတာ မြင်နေရသ၍ ဘာ ဥပဒေနဲ့မှ တားလို့ ရနိုင်မယ်မထင်။

ဒီအလေးတွေကို ဘဝပျက်သွားအောင် နိပ်စက်ခဲ့တဲ့ စနစ်ဆိုးကြီးကို ပြင်နိုင်တဲ့ နေ့တနေ့တော့ မကြာခင်မြင်ရ ပါလိမ့်မယ်။

အဲဒီကြရင်တော့ ဘာဥပဒေမှမလိုပဲ ဒီကလေးတွေ အမျိုးစောင့်ရင်း စာသင်ခန်းထဲမှာ ပျှော်ရွှင်နေကြပါလိမ့်မယ်။

အဲဒီနေ့ကတော့...,,,, ။

သာဂိတို့  ရပ်ကွက်ထဲမှာ.. ဗျာ။ (၄)

သာဂိတို့ ရပ်ကွက်ထဲမှာ... ဗျာ။ (၄)

ခုတလော သာဂိ စိတ်ညစ်နေတယ်။

စိတ်ညစ်ရတာက မူလတန်း ကလေးအုပ်ကြောင့်ပေါ့။ ကြည့်လေ။ ရပ်ကွက်ထဲက မူလတန်းကလေးတွေ ထကြွနေတာ အရမ်းပဲ။

ရပ်ကွက် ငြိမ်ဝတ်ပိပြားရေးမှာ ကလေးအုပ်ခေါင်းဆောင် သာဂိလည်း တာဝန်ရှိတယ် မဟုတ်လား။ ဒါကြောင့် မူလတန်းသမဂ္ဂဖွဲ့တန်း မကစားရလို့ တားမြစ်ချက်ထုတ်တာကို မလိုက်နာကြဘူး။

မလိုက်နာရုံမကပဲ ကိုကိုကျော်ဆိုတဲ့ မူလတန်းကလေးက ဦးဆောင်ပြီး ရပ်ကွက်ထိပ် မန်းလေးလမ်းကနေ ရန်ကုန် ခေါက်ဆွဲဆိုင်အထိ ချီတက်ကြတယ်။ သာဂိကို ဆန့်ကျင်တယ်ဆိုတာကို တွေ့သမျှ ကလေးတွေကို ပြောတယ်။ စည်းရုံးတယ်။ ဒီတော့ မူကြိုကလေးတွေပါ ဒီ သပိတ်မှောက်တန်း ကစားတဲ့အထဲ ပါကုန်တော့တယ်။

မူလတန်းနဲ့ မူကြိုကလေးတွေ သပိတ်မှောက်တန်း ကစားနေတာကို သာဂိ ဂရုမစိုက်ပါဘူး။ ကလေးတွေ လမ်းလျှောက်နေတာ ခြေညောင်းရင် ရပ်သွားမယ် ဆိုပြီး လွှတ်ပေးထားတာ။
အဲဒီ တာတေ သပိတ်မှောက် ကလေးတွေက ရပ်ကွက်အလယ် မကွေးဆံသ နားထိ ရောက်လာတော့မှ သာဂိ နည်းနည်း ကြောက်လာတယ်။

ရန်ကုန်ခေါက်ဆွဲဆိုင်ဆိုတာ ဈေးနားမှာ။ ရပ်ကွက်ရဲ့ အစည်ဆုံးနေရာလည်း ဖြစ်တယ်။ ဒီကလေးအုပ်ကလည်း လမ်းက လူကြီးတွေက မုန့်တွေကျွေး အချိုရည်တွေတိုက်ဆိုတော့ ပျော်နေပြီ။ ရန်ကုန်ခေါက်ဆွဲဆိုင် နားအထိ ရောက်အောင် သွားမဲ့ ကလေးတွေကို ရအောင် တားရမယ်ဆိုပြီး သူ့ လူယုံ မင်းအောင်လေးကို ခိုင်းရတော့တယ်။

မင်းအောင်လေးကလည်း သပိတ်မှောက်တန်း ကစားနေတဲ့ ကလေးတွေကို ချော့ပါသေးတယ်။ သူလုပ်နေကြအတိုင်း နားထောင်ရင် စက်ဘီး ဝယ်ပေးမယ်၊ ဖုန်းဝယ်ပေးမယ် ဘာညာနဲ့ပေါ့။
ဒါပေမဲ့ အရှိန်ရနေတဲ့ ကလေးအုပ်က မလျှော့ပဲ ရန်ကုန်ခေါက်ဆွဲဆိုင်ထိ လမ်းလျှောက်မယ် ချည်းပဲ လုပ်နေတော့ တားမရဘူးပေါ့။

ရန်ကုန်ခေါက်ဆွဲဆိုင် ပိုင်ရှင် ကိုအဝိန်ဆိုတာ သာဂိကို အဓိက ထောက်ပန့်နေတဲ့သူ။ သူ့ကျေးဇူးတွေ သာဂိမှာ ဆပ်မကုန်ဘူး။

ပြီးတော့ ကိုအဝိန်တို့ရဲ့ ဆွေမျိုးအုပ်က သာဂိတို့ရပ်ကွက်ဘေးမှာ နေကြတာ။ သူတို့ကိုလည်း သာဂိ ကြောက်ရတယ်။

ဒါကြောင့်လည်း ရပ်ကွက်အစွန်က ကိုရခိုင်ကြီးတို့ရဲ့ စူပါရေသန့်ကို သာဂိတို့ ရပ်ကွက်အလယ်ကဖြတ်ပြီး ကိုအဝိန်တို့ ဆွေမျိုးတွေဆီအရောက် ဆက်ထားတဲ့ ရေလိုင်းကို သာဂိက ခွင့်ပြုခဲ့ရတာ။
ဒီ ချာတိတ်လေးတွေ ရန်ကုန်ခေါက်ဆွဲဆိုင်နား ရောက်အောင်သွားပြီး အဝိန်ဆန့်ကျင်ရေးတွေ သွားလုပ်မိရင် သာဂိ မျက်နှာပျက်ရမယ်။

ရီမုတ်နဲ့ကစားတဲ့ လေယဉ်ပျံတို့ တင့်ကားတို့ ဝယ်ဖို့ ချေးထားတဲ့ အကြွေးတွေကလည်း ကိုအဝိန်တို့ကို ခုထိ မဆပ်ရသေးဘူး။

ဒီလို ဒီလို အကြောင်းတွေကြောင့် စိတ်ညစ်ရတာ။ ရှိသမျှ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါတွေ ထုပ်ရတော့တယ်။

ရပြီ။ အကြံကောင်းတခု။
ဒါကလည်း သာဂိ သုံးနေကြ နည်းတခုပါပဲ။

ရပ်ကွက်စွန်က ရခိုင်လေးတို့နဲ့ မွတ်တားတို့ အုပ်စုက ရန်ဖြစ်ထားတဲ့သူတွေပဲ။ အဲတော့ သာဂိရဲ့ နောက်လာမဲ့ ကလေးခေါင်းဆောင် ရွေးပွဲမှာ မွတ်တားတို့ကို ဝင်ပါခွင့်ပြုမယ်လို့ ကြေညာလိုက်တော့တယ်။

မွတ်တားတို့ကို မြှောက်ပေးလိုက် နှိပ်ကွပ်လိုက်နဲ့ လုပ်နေကြ နည်းဟောင်းကြီးက အတော် အလုပ်ဖြစ်တာ။ ရခိုင်လေးတို့ ကလေးအုပ်ကိုလည်း ထိမ်းပြီးဖြစ်သွားတယ်။ တခြားကလေးတွေကလည်း မွတ်တားတို့ကို ခွင့်မပြုနဲ့တို့ ဘာတို့နဲ့ အရှိန်တက်လာတော့ ရန်ကုန်ခေါက်ဆွဲဆိုင်ကို လမ်းလျှောက်နေတဲ့ ကိုကိုကျော်ရဲ့ မူလတန်းနဲ့ မူကြိုကလေးအုပ် အကြောင်းကလည်း ငြိမ်သွားတယ်။

ကဲ တကောင်ပြပြီး နှစ်ကောင်စားတဲ့ သာဂိအကွက် မလှလား။

ဒါကြောင့် ပြောတာပေါ့။ သာဂိက အိမ်မပိုင်ပဲ ဂေါ်လီ မလုပ်ပါဘူးလို့။ လက်ယားနေတဲ့ ဂွကိုင်မျက်မှေးတို့ သူ့ဘေးမှာ ရှိနေသရွေ့ ဘယ်သူ့ကိုမှ မကြောက်ရေးချ မကြောက်။