အမေက အောင်လံနယ်သူမို့  အောင်လံ၊ ဝက်ထီးကန် တကျောဟာ အမျိုးတွေ ချည်းပဲတဲ့ ။ မကြာခဏလည်း တောင်ငူကနေ သူ့  ရွာကို ပြန်တယ်။ တောင်ငူကနေ ပျဉ်းမနားထိ ရထားစီး။ပျဉ်းမနားမှာ တောင်တွင်းကြီး၊ ကြေးနီရထားပြောင်းစီးပြီး ဆပ်သွားမှာဆင်း။ အောင်လံကားကို ပြောင်းစီး။ ပြီးမှ သူ့ ရွာကို ခရီးဆက်တယ်။
အောင်လံ၊ ပြလို့ နယ်က နာမည်ကျော် နို့ တစ်လုံးစိန်ဓါးမြဗိုလ် မိန်းမအကြောင်းကတော့ အမေကြီးရဲ့  အိပ်ရာဝင်ပုံပြင်။ နို့ တစ်လုံးစိန်က သေနတ်ပြီးတယ်၊ ဓါးပြီးတယ်။ ထခုန်ရင် ခြောက်တောင်မြင့်တယ်စုံလို့ ပဲ။ နို့ တစ်လုံးက သေနပ်မှန်လို့  ဖြတ်ထားတဲ့ မိန်းမ လူစွမ်းကောင်း ဓါးမြ။
ဝက်ထီးကြီးက ကန်လို့  ဖြစ်လာတဲ့ ရေကန်ကြီးကြောင့် ဝက်ထီးကန်လို
့ခေါ်တယ်ဆိုတဲ့ ပုဂံဘုရင်ပျူစောထီးပုံပြင်က နားထောင်အကောင်းဆုံး။
ဒီလောက်ကြီးတဲ့ ကန်ကြီး ဖြစ်အောင် ကန်တဲ့ ဝက်ဟာ ဂေါ်ဇီလာထက်ကြီးလိမ့်မယ်လို့ 
မှတ်ချက်ပေးမိလို့  အမေကြီးနဲ့  အငြင်းအခုံတွေလည်း ဖြစ်ခဲ့သေး။
မှတ်မိသလောက်ကတော့ ဆပ်သွားမှာ စာကလေးကျော်နဲ့  ဆီထမင်း နာမည်ကျော်တယ်။ ဆပ်သွား ဘူတာရောက်ရင် မစားမဖြစ် စားကြရတဲ့ ဒေသစာ။
အောင်လံကတော့ မြန်မာဘုရင်ခေတ်က မြေထဲလို့ ခေါ်တယ်။ မြေထဲဆိုတဲ့ နာမည်ကတော့ ဗေဒါရီ ပါးစပ်ရာဇဝင်ထဲက လာတာ။ စူလာသန္ဗဝတို့ မဟာ သန္ဗဝတို့ ညီအကိုကို ဘီလူးမက မျက်စိကုပေးလို့  ပြန်မြင်ကြတော့ မိုးကားအဆုံး မြေကားအထဲ ပါလားလို့  ရွတ်ဆိုလို့  အဲဒါကို အစွဲပြုပြီး မြေထဲ ခေါ်ပါသတဲ့။ ပါးစပ်ရာဇဝင်ဆိုတော့ မယုံယင် ပုံပြင်သာ မှတ်ပေါ့။
အမေတို့ က နောက်ဆုံးမြေထဲမြို့ ဝန်ရဲ့  အဆက်အနွယ်တွေ။ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲ ပြီးတော့ အင်္ဂလိပ်စစ်ဗိုလ် မေဂျာ အာလံကို အစွဲပြုပြိး အောင်လံလို့  ပြောင်းခဲ့တယ်။
ကျွန်တော်ကတော့ အောင်လံဆိုတဲ့ နာမည်ကို ပိုကြိုက်တယ်။
အောင်လံက အထက်တန်းပြဆရာကြီး ဦးမြမှန်နဲ့  သူ့  သမီး ဆရာမ မစိုးစိုးတင် ဆိုတာလည်း အမျိုးတွေပဲ။ သူတို့ နဲ့  ဆယ်တန်းကျောင်းသားဘဝမှာ ကျိုက်ထီးရိုးနဲ့  မော်လမြိုင်တခွင် လျှောက်လည်ခဲ့ရတာ။ မမစိုးစိုးတင်က ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူလေးလည်းဖြစ် ချောလည်းချောတော့ ခရီးတလျှောက် ပိုးတဲ့ ပန်းတဲ့ လူတွေ တပုံတပင်။ သူ့မောင် ဆယ်တန်းကျောင်းသား လူပေကလေးက သူ့ အမကို စောင့်ရှောင့်ခဲ့ရ။
အောင်လံမှာ ကျောင်းသားတွေကို ကြိုဆိုကြတဲ့ အခါ မမစိုးရဲ့ မျိုးဆက်သစ်တွေက ကြို ဆိုကြပါလိမ့်မယ်။ အောင်လံကိုလွှင့် အောင်လံကို ကျော်ဖြတ်ရင်း ဘေးရန်ကင်းကြပါစေ။

No comments:
Post a Comment