သည်းခြေအိပ်မှာ ကျောက်တည်ရင် ခွဲထုတ်မှ ရမှာပေါ့။ ငါတောင်ခွဲလိုက်ရပြီ။ အိပ်ထဲက ကျောက်က အပြင်ပြန်မထွက်နိုင်တော့ဘူး။ တို့ နိုင်ငံလည်း ဆေးမီးတိုအဆင့်က မတက်သေးပါလား တဲ့။
သူရေးတဲ့ မှတ်ချက်ဖတ်ပြီး စဉ်းစားမိတာ ပြောချင်လို့ပါ။
မောင်လူပေတို့ ဗမာတွေကဆေးမီးတို အတော်ယုံတဲ့လူမျိုးတွေ။ အသည်းဖြစ်ရင်
ဟိုအပင် ကျိုသောက်တို့၊ ကျောက်ကပ်ဖြစ်ရင် ဟိုဟာစားတို့၊ ဆေးမီးတိုတွေ အတော်
တွေ့ရတယ်။ ကင်ဆာပျောက်ဆေး ဆိုတာတောင် တွေ့သေးရဲ့။ ရောဂါသည်ကို မန်းပေးတဲ့
မန်းဆေးဆိုတာလည်း ရှိသေးတယ်။
ဆေးပညာရှင်မဟုတ်လို့ သိပ်မဝေဖန်ချင်ပေမဲ့ ဒီဆေးမီးတိုတွေ စားရင်း ဘယ်နှစ်ယောက် လူ့လောကထဲက ထွက်သွားခဲ့ရပြီလဲတော့ မသိ။
ခေတ်မှီ ဆေးဝါးတွေ လက်လှမ်းမမှီရှာတဲ့ ပြည်သူအများစုကတော့ ဒါလေးတွေပဲ ဆက်အားထားနေရမှာ ကလည်း အသေအချာ။ ကွမ်းယာဆိုင်က ပေးတဲ့ဆေးနဲ့ နပမ်းလုံးရင်း ရောဂါကြွမ်းမှ ဆရာဝန်ပြတော့ နောက်ကျနေပြီ။ ဆေးမီးတိုစားရင်း ဘဝဆုံးရှာကြတာ။
ပညာရေးလည်း ဒီလိုပါပဲ။ ခေတ်နောက်ကျနေတဲ့ နည်းဟောင်းတွေနဲ့ ကုသဖို့ ကြိုးစားရင်း စုံးစုံးမြုတ်နေရတာ။ ခေတ်အမြင်ရှိတဲ့ လူငယ်လေးတွေက ခေတ်မှီ အဆင့်မှီ ပညာရေးဖြစ်အောင် ပြင်ချင်တယ်။ ခေတ်နောက်ကျတဲ့ အတွေးအခေါ်နဲ့ သူတွေက ဆန့်ကျင်တယ်။
ပိုဆိုးတာက ဘာသာရေးနယ်နဲ့ နွယ်ပြီး တိုက်ခိုက်လာတာပဲ။
ဘာသာရေးစာသင်ကြာမှုနဲ့ ခေတ်မှီပညာရေးသင်ကြားမှု ပုံစံခြင်း မတူတာကို လိုက်ညှိဖို့ ကြိုးစားနေကြတယ်။
ခေတ်မှီ ပညာရေးစနစ်ကို ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရေးနယ်ထဲက လူတွေ၊ ကျောင်းသားတွေ ပြောဆို ငြင်းခုန်ကြတာ လက်ခံနိုင်ပေမဲ့ မဆိုင်တဲ့နယ်ပယ်က ဝင်ရောက်ပြောဆို အကြံပေး စွက်ဖက်တာကတော့ လက်ခံနိုင်ဖွယ်မမြင်ပါ။
ပိုဇာတ်ရှုပ်လာလို့ မပြီးနိုင်ပဲ ပေရှည်နေရင်တော့ ကျောင်းသားတွေ ရန်ကုန်ဝင်လာပြီး ပြသနာတွေ ရှုပ်ကုန်မှာကိုသာ မြင်ယောင်နေပါကြောင်း။

No comments:
Post a Comment