ဗိုလ်ချုပ် အသက်တစ်ရာ ပြည့်ပြီ။
ဗိုလ်ချုပ်ရာပြည့်ပွဲတွေ တိုင်းနိုင်ငံအနှံ့ ချိမ့်သဲစွာ ကျင်းပနေကြပြီ။
ဗိုလ်ချုပ်ရုပ်ထုတွေကို အပြိုင်အဆိုင် တည်ဆောက်နေကြပြီ။

တခါက ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့သီချင်း ( ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ်၊
မော်ကွန်းလည်းထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) နဲ့ သူ့ကို
ဂီတ အဖွဲ့က သီဆိုဂုဏ်ပြုတော့ ပြီးအောင်နားမထောင်ပဲ
ချက်ခြင်းထထွက်သွားပါသတဲ့။
ပြီးတော့ ပွဲစီစဉ်သူတွေခေါ်ပြီး ဒီလို မလုပ်ဖို့ ခေါ်ဆူသတဲ့။ ဗိုလ်ချုပ်က သူ့ကို ဂုဏ်ပြုတာတို့ ဘာတို့ကို အလွန်မုန်းတယ်တဲ့လေ။
တိုင်းပြည်အနှံ့ စည်းရုံးရေးထွက်ရင်လည်း ဘယ်တော့မှ ဂုဏ်ပြုမခံဘူး။ သူပြောချင်တာ ပြောပြီးရင် ပြန်တာပဲ။ တချို့နေရာတွေမှာ သူစီးဖို့ ဇိမ်ခံကားတွေနဲ့ လာကြိုရင်လည်း ဆူလွှတ်လိုက်ပြီး ကားစုတ်လေးနဲ့ပဲ ခရီးနှင်ခဲ့တဲ့ ဗိုလ်ချုပ်ပါလို့ သူ့အကြောင်း ရေးခဲ့တဲ့ စာအုပ်တွေမှာ ဖတ်ဖူးခဲ့တယ်။
သူ့ကို ပြည်သူတွေ ဒီလို ဂုဏ်ပြုနေတာတွေကို သူသာ အသက်ထင်ရှားရှိသေးရင် ကြိုက်မယ်မထင်။ မကြိုက်လည်း သည်းခံပေးပါ ဗိုလ်ချုပ်ရယ်။ ကျွန်တော်တို့ ပြည်သူတွေရင်ထဲက ဗိုလ်ချုပ်ကို နှစ်နှစ်ဆယ်ကျော် ပိတ်ဆို့ဖယ်ရှား ခံခဲ့ရတာမို့ ခုလို အခွင့်သင့်တုန်း ဂုဏ်ပြုပါရစေလို့သာ ဗိုလ်ချုပ်ကို ခွင့်ပန်ချင်ပါတယ် ဗျာ။

No comments:
Post a Comment