Saturday, February 28, 2015

ကျောင်းတော် အလွမ်း

ကျောင်းတော်ကြီးနဲ့ ဝေးခဲ့တာ ၂၈ နှစ် ရှိခဲ့ပါပြီ။

ဒီကျောင်းကြီးမှာ ပျော်ခဲ့သည်။ စာတွေခက်လို့ စိတ်ညစ်ခဲ့သည်။ အတတ်မျိုးစုံလည်း တတ်ခဲ့သည်။ ဗမာပြည်အနှံ့မှ သူငယ်ချင်း ပေါင်းစုံနှင့်လည်း ခင်ခဲ့သည်။

ဖိနပ်ရှပ်တိုက်စီး၊ လုံချည် ခြေဖျားထိဝတ်၊ လွယ်အိပ်ကြိုးထုံး စလွယ်သိုင်းလွယ်၊ တီစကွဲကြီးတကိုင်ကိုင်နှင့် ကားတွယ်စီးတတ်ခဲ့သည်။ ဆလိုက်ရူးထိုးတတ်ခဲ့သည်။ သိပ္ပံ ဂဏန်းပေါင်းစက်လေးတွေ ပေးပြန်တော့ ပေါင်နှံစရာ တိုးရသည်။

အင်းလျှားဆောင်ရှေ့မှာ မူးမူးနဲ့ မွန်းအောင်ရဲ့ ၈/၈၂ အင်းလျှား ကို အခေါက်ခေါက် ဆိုခဲ့ဘူးသည်။ အရက်မူးလွန်နေတဲ့ သူငယ်ချင်းကို ပုဆိုးပုခက်လုပ်ပြီး ဝါးလုံးနှင့် ထမ်းရင်း ကြို့ကုန်းဆောင် ပြန်ခဲ့ဖူးသည်။ ထိုသူငယ်ချင်းပင် ကွယ်လွန်သွားခဲ့ ပါပြီ။

တကယ်တော့ အင်းလျှားက ကိုယ်နှင့် ဘာမှမဆိုင်။ မွန်းအောင်က တညလုံးပဲ အင်းလျှားလမ်းမ ပေါ်မှာလေ ဟု ဆိုထားသဖြင့် အင်းလျှားလမ်းမပေါ်မှာ တညလုံး ထိုင်ဖူးတယ်ရှိအောင် ထိုင်ရင်း ဂစ်တာခေါက် အရူးထခဲ့ခြင်းပင်။

သဇင်ဆောင်ရှေ့မှာ ခြင်ကိုက်ခံ ခြုံတိုးရင် ကိုရဲလွင်ရဲ့ သဇင်ညကို ခဏခဏ သွားအော်ကြသည်။ အတန်းကြီးလို့ ကျောင်းဝင်းထဲရောက်တော့ ဂျီဟောရှေ့ မြောင်းဘေးမှာ ခင်မောင်တိုးရဲ့ ဒီတညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ ဘာညာနှင့် ဆူညံစွာ မညီမညာ အသံဒုက္ခပေးကြသည်။ ဂစ်တာတီးကောင်းသော သူငယ်ချင်းက ခုတော့ ဂစ်တာမကိုင်တော့ပဲ ငွေတွေကိုင်တဲ့ ဘဏ်သူဌေး လုပ်နေလေသည်။

တညလုံး တွမ်တီဝမ်းကြ၊ ရှိုးကြနဲ့ မနက်မှာ မျက်တွင်းဟောက်ပက်နှင့်ပင် ကျူတိုရီရယ် ပြေးတက်လိုက်သေးသည်။ အမြဲတန်း ဝိုင်းကြတဲ့ သူငယ်ချင်းတွေ စာမေးပွဲမှာ တယောက်မှ မကျခဲ့ပါ။ ကျွန်တော်တို့က ကိုလူပေကို ဒီနှစ်တော့ ကျပြီထင်တာ။ ခင်ဗျား အောင်တာ အံ့သြတယ်ဟု လာပြောသူပင် ရှိသေးသည်။ လူမစွမ်း နတ်မတဲ့။ စာတော်သော သူငယ်ချင်းတွေ အခန်းသွားပြီး စာတွေ တယောက်တပုဒ် ရှင်းပြခိုင်းလိုက်လို့ အချိန်တိုနဲ့ စာတွေရခဲ့တာ သူမှ မသိခဲ့တာပဲ။ စာတွေများတဲ့ကြားက ကိုယ့်ကို တကူးတက စာရှင်းပြခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ခုထိ ကျေးဇူးတင်နေရတုန်းပါ။

မိန်းကလေးနည်းတဲ့ ကျောင်းမှာ အရမ်းခင်ခဲ့ရတဲ့ မိန်းကလေး သူငယ်ချင်းတွေလည်း ရှိခဲ့သည်။ အရမ်းသဘောဖြူတဲ့ သူတို့ဆီမှာ အကူအညီတွေလည်း ယူခဲ့ဖူးသည်။ အိမ်အထိ သွားလည်ပြီးလည်း စားသောက်ခဲ့သည်။ သူတို့ကိုလည်း အမှတ်ရသည်။

တပည့်တွေဆိုးသမျှ ခံခဲ့တဲ့ ဆရာတွေ၊ စာမေးပွဲမှာ ခက်အောင် မေးခွန်းထုတ်တတ်ပေမဲ့ သဘောကောင်းတဲ့ဆရာတွေ အားလုံးကို သတိရမိပါသည်။

ရွှေရတုအသက်နဲ့ သူငယ်ချင်းတွေ ပြန်ဆုံနိုင်အောင် နှစ်စဉ် ကန်တော့ပွဲ လုပ်တာ ငါးနှစ်ရှိပြီတဲ့။ အဝေးကပဲ နှုတ်ဆက်လိုက်ပါသည်။

ဆရာများနှင့် သူငယ်ချင်းများ ကျန်းမာ ချမ်းသာကြပါစေ။


မင်းတို့ရဲ့

မောင်လူပေ

 

No comments:

Post a Comment