Friday, April 24, 2015

ကိုးကန့် မှာ တိုက်ကြပြန်တော့...

ကိုးကန့်တပ်ကို တပ်မ၃၃ အောက်က တပ်ရင်း၆ ရင်း လောက်သုံးပြီး တိုက်တယ်။ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ ခုထိ အခိုင်အမာ ခြေကုတ်စခန်းကြီးတွေကို မသိမ်းနိုင်သေး။

ခလရ၁၁၁ က တပ်ရင်း တစ်ရင်းလုံးနီးပါး အကျအဆုံးနဲ့ ဒါဏ်ရာတွေ ရကြသတဲ့။ စိတ်မကောင်းလိုက်တာ။ နှစ်ဖက်လုံးမှာ ကျဆုံးမှုရှိတယ် ဆိုပေမဲ့ မြန်မာတပ်က အများကြီး ကျဆုံးရတဲ့ အကြောင်းကတော့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ စခန်းကြီးတွေကို သွားတိုက်
ရတာမို့ သတ်ကွင်းထဲဝင်ရ မိုင်းကွင်းထဲဝင်ရ၊ တောင်ပေါ်က ပစ်ချတော့ အတုန်းအရုံးကျ၊ မိုင်းတွေနင်းပြီးကျဆုံး။
ထိခိုက်ဒါဏ်ရာရတဲ့လူ တက်ဆွဲရင်းကျဆုံး။ အလောင်းတက်ဆွဲရင်း ကျဆုံး နဲ့ နည်းမယ်မထင်။

ကရင်နဲ့ အသည်းအသန် တိုက်နေတုန်းကလည်း ထိုနည်းလည်းကောင်း။ စခန်းတစ်ခုရဖို့ ပေးလိုက်ရတဲ့ အသက်တွေ မနည်းမနော။ အိမ်ရှေ့မှာ နေသွားတဲ့ ဒေါ်တုတ်ဆို သားလေးယောက်လုံး ကရင်ပြည်နယ်မှာ အသက်ပေးခဲ့ရတယ်။ တနှစ်ကျော်ကျော်အတွင်း သားတွေ အကုန် ကျဆုံးကုန်တာမို့ သူ့မှာ အရူးတပိုင်းပဲ။

မော်ဖိုးကေတို့ မဲလတို့ ဝမ်ခသစ်တို့ ဝမ်ခဟောင်းတို့ ရဖို့ တပ်က အသက်ပေါင်း ထောင်ချီ စတေးခဲ့ရတယ်။ ငပွေးတွေရဲ့သတ်ကွင်းမှန်း သိပေမဲ့ အမိန့်နဲ့တက်ခိုင်းတော့ တက်ကြရ၊ သေကြရပေါ့။ စခန်းတကြော မိုင်းပေါမှန်း သိသိနဲ့ အမိန့်ပေးတော့သွားကြရ။ မိုင်းထိပြီး ရှောကြ၊ ပြတ်ကြရ။ မှတ်မိသမျှဆိုရင် အရင်တုန်းက တပ်မတော်နေ့ ချီတက်ပွဲတွေမှာ စစ်ရေးပြမှူးကြီးလုပ်ခဲ့ပြီး ထောက်လှမ်းရေးနဲ့ ပြသနာတက်လို့ ပြုတ်သွားတဲ့ ဗိုလ်မှူးကြီး ခင်အောင်ဗလရဲ့ သား ဗိုလ်ကြီးဝဏ္ဏလည်း မိုင်းနင်းမိလို့ ကျဆုံးခဲ့ရ။ မာနယ်ပလောတစ်ခုပဲ ဒီကေဘီအေ ခွဲထွက်တွေ ကူညီလို့ လွယ်လွယ်ရခဲ့တယ်။

အခုတော့လည်း ဖထီးတွေနဲ့ ချစ်လိုက်ကြပြန်ပြီ။ အဲဒီလို ချစ်ကြမယ်ဆိုလည်း စောစောထဲက ချစ်ကြရင် သိပ်ကောင်းမှာ။ ဒေါ်တုတ်လည်း သားလေးယောက်လုံး မဆုံးရ။ ဝဏ္ဏလည်း မကျဆုံးရ တော့ဘူးပေါ့။

တိုင်းရင်းသားတွေ ဘက်ကလည်း ပေးဆပ်ခဲ့ရတာ မနည်းပါ။ ရွာတွေပြောင်းရ။ တောထဲမှာ ရွာပုန်းတွေဖြစ်။ နှစ်ဖက်ထောင်ထားတဲ့ မိုင်းတွေနင်းမိပြီး ပြတ်ကြ သေကြရတာပဲ။

ကိုးကန်းက တရုတ်ဆိုပေမဲ့ ဗမာနယ်ထဲမှာ နေတဲ့ တရုတ်တွေ။ တရုတ်သမ္မတကလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးနေပြီ။ ပန်ဆန်း တိုင်းရင်းသားညီလာခံမှာလည်း ကိုးကန့်ကို ဖိတ်ထားတာမို့ တချိန်မှာ ငြိမ်းချမ်းရေးဆိုပြီး ပြန်ချစ်လာကြရင်တော့ ပေးဆပ်ခဲ့ရတဲ့ အသက်တွေကို နှမြောလိုက်တာလို့ ပြောရုံမှတပါး..... ။

(ဗမာပြည် တပြည်လုံး ငြိမ်းချမ်းပါစေ။ )



 

Thursday, April 23, 2015

ချစ်လို့ ပြောတယ် မှတ်ပါ

သမ္မတကြီး ခင်ဗျား။

သမ္မတကြီးရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာကို သိလိုက်ရလို့ လေးစားပါတယ်။

အသက်၇၀ ကျော်၊ နှလုံး မကောင်းနဲ့ အနားယူလိုတဲ့ ကြားက မနားနိုင်ပဲ လုပ်နေရတယ် ကြားရတော့ သမ္မတကြီးကို သနားမိတယ်။

ကျွန်တော်တို့ ပြည်သူတွေက သမ္မတကြီးရဲ့ သန့်ရှင်း ကောင်းမွန်တဲ့ အစိုးရသစ်ကြီးရဲ့ လုပ်ဆောင်ချက် လှိုင်းလုံးတွေကို သိမြင်ခံစားရခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတကြီးဟာ တိုင်းပြည်အတွက် အစွမ်းကုန် တာဝန်ကြေခဲ့ပြီလို့ ပြည်သူအများက သတ်မှတ်ပါတယ်။ သမ္မတကြီးရဲ့ ကျန်းမာရေး ဆက်လက်ကောင်းမွန်ရေးအတွက် နားသင့်နေပါပြီ။ ပြည်သူတွေအတွက် နောက်ဆံတွေ မတင်းပဲ အေးအေးလူလူ အနားယူရင်း ကိုယ့်ကျန်းမာရေးအတွက်ပဲ ဂရုစိုက်ပါ။ တရား ဘာဝနာများ လုပ်ကိုင်ပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတကြီးကို ဘယ်လို အကြံကောင်းတွေ ပေးခဲ့တယ် မသိပေမဲ့ သမ္မတကြီးရဲ့ အကြံကောင်းတွေကိုတော့ သမ္မတကြီးရဲ့ မျိုးဆက်တွေက လိုချင်မှ လိုမှာပါ။ မသေခြာတဲ့ အနာဂတ်တွေအတွက် စိတ်ပူနေခြင်းဟာ သမ္မတကြီးရဲ့ နှလုံးရောဂါကို ပိုမိုဆိုးဝါးစေပါ လိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ပူစရာမလိုပါ။ ပြည်သူလူထုက အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြား တတ်နေကြပါပြီ။ လာမဲ့ ရွေးကောက်ပွဲက သက်သေခံပါလိမ့်မယ်။

အကောင်းဆုံးကတော့ မိဘပြည်သူများကို ဦးထိပ်ထားတဲ့ သမ္မတကြီးအနေနဲ့ မိဘပြည်သူများရဲ့ ဆန္ဒကို ဦးထိပ်ထားပြီး အနားယူပေးဖို့ကိုသာ အလေးထားစဉ်းစားပေးပါရန် ပြည်သူတစ်ဦး အနေနဲ့ အကြံပေး တင်ပြ အပ်ပါတယ်။

( သမ္မတကြီးကို ချစ်သော ပြည်သူတဦး )
 
 

နှုတ်ဆက်ခြင်း အနုပညာ

လူ့ယဉ်ကျေးမှုမှာ လူအချင်းချင်း တွေ့ကြတဲ့အခါ လေးလေးစားစား နှုတ်ဆက်ကြရပါတယ်။ တချို့က လက်အုပ်ချီတယ်။ တချို့က လက်ဆွဲတယ်။ တချို့က ဖက်တယ်။ တချို့က ခေါင်းချင်းထိတယ်။ ဒါ ယဉ်ကျေးတဲ့ လူတိုင်း လိုက်နာရမဲ့ အစဉ်အလာပဲ။

လူကို လူလို့ပဲ မြင်တတ်ဖို့လိုတယ်။ မုတ်ဆိတ်ကြီးနဲ့ ဖြစ်ဖြစ်၊ ကတုံးနဲ့ ဖြစ်ဖြစ်၊ ဆံရှည်နဲ့ ဖြစ်ဖြစ် ဘယ်လူမျိုး ဘယ်ဘာသာဝင် ဖြစ်ဖြစ် လူမှန်ရင် လူ့တန်ဘိုးကို နားလည်တတ်ရမယ်။

ဒလိုင်လားမားနဲ့ တွေ့ဆုံပွဲတွေ ကြည့်ဖူးတယ်။ စင်ပေါ်တက်လာရင် လက်အုပ်ချီပြီး ပရိတ်သတ်ကို နှုတ်ဆက်တယ်။ ပြန်ဆင်းသွားရင်လည်း လက်အုပ်ချီပြီးမှ ဆင်းတယ်။ ဘာသာပေါင်းစုံက လာတွေ့ကြတဲ့ သူတွေကိုလည်း လက်အုပ်ချီပြီး စကားပြောတယ်။ မေတ္တာ ကြီးမားသူတွေဟာ လူသားအားလုံးကို လေးလေးစားစား ဆက်ဆံတတ်တဲ့ သဘောပါပဲ။

ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွေမှာလည်း ဘာသာရေးခေါင်းဆောင်တွေ လက်အုပ်ချီပြီး တစ်ဦးကိုတစ်ဦး အရိုအသေ ပေးကြတာ မကြာခဏ တွေ့ဖူးပါတယ်။

လက်အုပ်ချီပြီး အရိုအသေပြုတဲ့ အမူအကျင့်ကို ထိုင်းတို့ လာအိုတို့ ကမ္ဘောဒီးယားတို့လို ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ တွေ့ရတယ်။ အပြန်အလှန် လက်အုပ်ချီကြတယ်။ပြန်ပြီး အရိုအသေ ပေးတဲ့သဘောပေါ့။

မြန်မာပြည်မှာတော့ တပ်က ခေါင်းဆောင်တွေကို ပြည်သူတွေက လက်အုပ်ချီပြီး ကြိုနေကြတဲ့ သတင်းဓါတ်ပုံတွေ မကြာခဏ တွေ့ဖူးပေမဲ့ အဲဒီ ခေါင်းဆောင်တွေက ပြန်ပြီး လက်အုပ်ချီ အရိုအသေပေးတာ တွေ့ခဲပါတယ်။

မောင်လူပေတို့ ဗမာတွေရဲ့ ယဉ်ကျေးမှုမှာ ဘယ်လို နှုတ်ဆက်ရမယ်လို့ မသတ်မှတ်ထားပါ။ နှုတ်ဆက်စကားလည်း အတိအကျ မရှိ။ တွေ့ရင် မင်္ဂလာပါ။ နေကောင်းလား နဲ့ ပြောတတ်ပေမဲ့ တိတိကျကျ သတ်မှတ်မထား။

ဘိုတွေက ဟိုင်း။ တရုတ်က နီးဟောင်။ ကုလားက နမတ်စတေ။ ယိုးဒယားက ဆဝါဒီခပ် စသည်ဖြင့် သတ်မှတ်ထားတာ။ ဗမာကတော့ ပြုံးပြရင် လုံလောက်ပါသတဲ့။

ဘာပဲဖြစ်ဖြစ် လူလူချင်း ကြီးငယ်မဟူ တွေ့ကြတဲ့အခါ အရိုအသေပေးကြတဲ့ အစဉ်အလာလေးတခု မြန်မာပြည်မှာ ဆက်လက်တည်တံ့ပါစေ။

( ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပွဲကို တက်ရောက်ကြတဲ့ ဘာသာပေါင်းစုံက လူတွေကို ရိုရိုသေသေ နှုတ်ဆက်ဂါရဝပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်အား လေးစားလျှက်။)

Sunday, April 19, 2015

လကဆုန်


ကဆုန်လတောင် ရောက်ပြန်ပေါ့။ ကဆုန်ဆို ညောင်ရေသွန်းပွဲကို ပြေးမြင်တာပါပဲ။

ကဆုန်ဆိုတာ ကုဆုန်က လာပါသတဲ့။ ကုဆိုတာရေ၊ ဆုန်ဆိုတာ သွန်းလောင်းခြင်း၊ဒီတော့ ရေလောင်းတဲ့လလို့  အဓိပ္ပါယ်ရတယ်။

ဒီလမှာ အရမ်းပူတယ်။ မြတ်စွာဘုရား ပွင့်တော်မူတဲ့ဗောဓိညောင်ပင်ကို ပွားယူထားကြပြီး ပူဇော်ကြတာမို့  ဒီသစ်ပင်ကို မသေသွားအောင် ရေလောင်းကြတဲ့ပွဲ လုပ်ကြတဲ့ လပေါ့။

ဒီလရောက်ရင် ကဆုန်ညောင်ရေသွန်းပွဲကို လွမ်းတာ မောင်လူပေ တစ်ယောက်တည်း မဟုတ်ပါ။ မဲဇာတောင်ခြေ၊ သဲသာသောင်ခြေ၊ ပွဲကာညောင်ရေ အစချီ ရတုပိုက်စုံကို ရေးခဲ့တဲ့ လက်ဝဲ သုန္ဒရ အမတ်ကြီး ဦးမြတ်စံလည်း ပါတယ်။ သူက သူ့ အရှင်ရှိတဲ့ အင်းဝက ရေသွန်းပွဲကို မဲဇာကနေ လွမ်းတာ။ ကိုယ်က ချစ်တဲ့သူတွေနေခဲ့တဲ့ ကေတုမတီ မြို့ ရွှေပြည်ကို အဝေးကနေ လွမ်းတာ။ လွမ်းတာခြင်းတော့ တူသပေါ့လေ။

တောင်ငူမှာ ဒီလဆို ရွှေဆံတော်ဘုရားပွဲစပြီ။ လဆန်း ၃ရက်လောက်ကနေ လပြည့်ထိ လွှတ်စည်တဲ့ပွဲတော် ရယ်။ ပွဲဈေးတန်းကြီးက ဟီးထလို့ ။ ၁၂ပွဲဈေးသည်တွေကလည်း စုံ
။ လယ်ယာသုံးယူမလား၊ အိမ်ထောင်သုံး ယူမလား အလှကုန် ရှာမလား လိုတာရတဲ့ ပွဲဈေးတန်းကြီး။ အနီးအဝေး အရပ်ရပ်က ဈေးဝယ်တွေ ပွဲလာသူတွေ ကြိတ်ကြိတ်တိုး။ မုန့် သိုင်းခြုံ တို့  ရေမုန့် သည်တို့ လိုအစားအသောက်ရောင်းတဲ့ ဆိုင်တွေဆို တန်းစီပြီး ဝယ်ရတဲ့အထိ။ သူတို့ တွေလည်း မျက်နှာတွေရွှင်လို့ ပေါ့။

ဇာတ်ရုံကြီးမှာက ရွှေမန်းသဘင်နဲ့ မြို့တော်သိန်းအောင်က အပြိုင်။ အဲဒီခေတ်က ဖိုးချစ်တို့  စွမ်းတို့ တောင် လူဖြစ်သေးရဲ့ လား မသိ။ အပြင်ရုံမှာက ဦးမောင်မောင် ဆပ်ကပ်နဲ့  မစ္စတာရှင်းလင်း မျက်လှည့်ကအပြိုင်။ နောက်ဆုံးတော့ သူတို့ တတွေ မိုးကြိုးငှက်ငယ်တွေကို အရှုံးပေးရတယ်။ စောနန္ဒာတို့  ဇာဇာရတနာတို့ ဆိုတဲ့ ခေတ်ဦး အလှဖန်တည်းရှင်တွေရဲ့  အလှနဲ့ အကကို အားပေးလိုက်ပုံများ ရုံတောင်ပွင့်တဲ့အထိ။

တောပရိတ်သတ်က တစ်ဘာသာ အားပေးတယ်။ ရုပ်ရှင်ပြစက် အသေးလေးတွေနဲ့  ပိတ်ကားထောင်ပြီး ဂေါ်ဇီလာတို့  ဒေးဗစ်တချမ်းတို့  ဘရုတ်စလီတို့ ပါတဲ့ ကားတွေကို သုံးကားတကျပ်နဲ့  ပြတဲ့ တုံချမ်းချမ်း ရုံမှာ သူတို့ တွေက အပြည့်။ အဲဒီကားတွေကလည်း ကောင်းခန်းလေးတွေ ဖြတ်ညှပ်ကပ်ထားတာ။ ဟိုရောက်ဒီရောက်နဲ့ သုံးကားက တစ်နာရီတောင်မကြာ။
ဘာမှနားမလည်တော့လည်း မြန်မြန်ပြီးတာတောင် ကောင်းသလိုပဲ။ ကြော်ငြာတဲ့ သူကည်း အခုပဲ ဂေါ်ဇီလာကြီး ဘုရားပွဲ ရောက်လာတော့မလို အပြောကောင်းတော့ လူတွေလှိမ့်ဝင်ပေါ့။

ကဆုန်လပြည့်မှာတော့ ဘုရားရင်ပြင်က ဗောဓိပင်မှာ ရေသွန်းပွဲတော်စပြီ။ ဗုဒ္ဓနေ့ လို့ လည်း ယုံကြတယ်။ မွေးနေ့ ၊ တောထွက်နေ့ ၊ ဘုရားဖြစ်တဲ့နေ့  နဲ့  ပရိနိန္ဗာန် စံဝင်တဲ့နေ့  ပါတဲ့။ ဘုရားရင်ပြင်မှာ ခြေခြဖို့ တောင်မလွယ်။ ညောင်ရေအိုးလေးတွေမှာ သပြေပန်းလေးတွေထိုးပြီး ညောင်ရေလောင်းပွဲမှာ ပျော်ကြ၊ ကုသိုလ်တွေယူကြ။ ကျောင်းကန်တွေမှာလည်း ဥပုတ်သီတင်း ဆောက်တည်ကြသူတွေနဲ့  ပြည့်လို့ ။

ဒီလရဲ့  ရာသီပန်းက စကားပန်းပါ။ စကားဖြူ နဲ့  စကားဝါ ရှိပေမဲ့  ပုပ္ပါးက စကားဝါကို ပိုနှစ်သက်တယ်။ စကားဝါမြေကိုမှာလည်း စကားဝါပန်းရနံ့ တွေနဲ့  ထုံသင်းနေတော့မယ်။

လွမ်းတတ်တဲ့ အသည်းကို မဲဇာပို့ ဖို့  ကြိုးစားပေမဲ့ မဲဇာက အမတ်ကြီးတောင် အလွမ်းမပြေလေတော့.......။
 
 
 

Friday, April 17, 2015

သကြားမင်းနှင့် စကားပြောခြင်း

သင်္ကြန်ပြီး၍ နှစ်သစ်ကူးပြီ ဖြစ်ပါသော်လည်း ခေတ်ဟောင်း ခေတ်ဆွေးမှာသာ ပျော်တတ်ပြီိး ရင်ထဲမှာ အမြဲ သင်္ကြန်ကျနေတတ်သော မောင်လူပေကား ခေတ်ဆွေးသီချင်း တူးပို့တူးပို့ ဖွင့်ကာ နားထောင်နေသည်။

ပေသမီးတို့အရွယ်တွေရဲ့ ဝါးတားသင်္ကြန် ရေသင်္ကြန် သီချင်းတွေကို နားမဝင်လှ။ ဘာတဲ့.. ဗြန်းကနဲပက်တဲ့။ ပျွတ်တဲ့။ အမွန်းတို့ ဂျေမီးတို့ ဘော်ဘီတို့ နီနီတို့ ခုန်ပေါက်ဆူညံနေတာပဲ တွေ့မိသည်။ ဒီဂျေတွေပွတ်ပြီး ဆူညံလှသော သီချင်းတွေ ဟုသာထင်သည်။ ဒါကြောင့်လည်း အန်းတိတ် မောင်လူပေ ဖြစ်နေခြင်းပင်။

သူများတွေ မော်ဒယ် အသစ်ကလေးတွေ စီးပြီး လန်းနေချိန်မှာ သူကတော့ အနှစ်နှစ်ဆယ် အန်းတိတ်ကြီးနှင့်ပင် ခရီးဆက်နေသည်။ မော်ဒယ်သစ်လေးတွေက လှသည်။ မြန်သည်။ သို့သော် ဈေးကြီးလှ၏။ ရေရှည်လည်း မခံ။ မွန်းမံစရိတ်ကလည်း မသေး။ ဗျူတီပါလာ ဖိုးပင် နည်းမည်မဟုတ်။ ပရာဒါတို့ ဂူချီတို့ လူးဝီဗတွန်းတို့ လိုက်ရလျှင်ဖြင့် မလွယ်။ အိမ်က အမ်းတိတ်ကြီးက မွန်းမံစရိတ် သိပ်မရှိ။ ဒါက သူပြောနေကြ အကြောင်းပြချက်ပင်။ ဘုရားလည်း ကြိုက်တယ်။ အေလည်း မကိုက်ဘူးတဲ့။

ထိုကဲ့သို့ တူးပို့နှင့် ညိမ့်ကောင်းနေစဉ် တံခါးခေါက်သံကြားရသည်။ ဖွင့်ကြည့်လိုက်တော့ ဇာတ်ထဲက သကြားမင်း အဝတ်တွေ ဝတ်ထားသော ပျိုးပျိုးပျက်ပျက် အရောင်လက်နေသည့် လူတစ်ယောက်ကို တွေ့လေသည်။

" မိတ်ဆွေ အိမ်မှားလာပြီထင်တယ်။ ဒါ ဇာတ်ကတဲ့အိမ် မဟုတ်ဘူး"
"မမှားပါဘူး ကိုလူပေ။ ခင်ဗျားဆီပဲ လာခဲ့တာ"

"ဟင်.. ဒါဆို ခင်ဗျားက ဘယ်သူလဲ။"
"သကြားမင်း"

"သကြားက ပြန်တက်သွားပြီ။ နှစ်ဆန်းတရက်တောင် ရှိပေါ့။"
"မပြောချင်ပါဘူး ကိုယ့်လူရယ်။ မနေ့က ပြန်တက်ဖို့ ဗမာပြည်မှာ စောင့်နေတာ။ မာတလိ နေမကောင်းလို့ လူစားဆင်းတဲ့ ဒရိုင်ဘာက မှားပြီး ဒီနိုင်ငံမှာ စောင့်နေသတဲ့။ ဒါနဲ့ ထပ်မှားမှာစိုးလို့ အဲဒီမှာပဲ စောင့်၊ ငါလာခဲ့မယ် ဆိုပြီး မှီရာ လေယဉ်နဲ့ လိုက်ခဲ့ရတာ။ ခုမှ ဒီရောက်တာပဲ။"

"အထုတ်တွေကလည်း များလှချည်လား။"
"ဟုတ်တယ်။ မိန်းမ လေးယောက်ကို မျှအောင် ဝယ်ရတာ မလွယ်ဘူး။ စပွန်ဆာလေးတွေ အတွက်ပါ ထည့်ဝယ်ရတော့ ပိုများသွားတာ။"

"သကြားလည်း စပွန်ဆာ ရှိတာပဲလား။"
"ရှိတာပေါ့။ သုဇိတာတို့ သုမာလာတို့ ညီအမ လေးဦးက အမ်းတိတ်တွေ ဖြစ်သွားပြီလေ။ အဲဒီတော့ နောက်မှ ရောက်လာတဲ့ အလန်းလေးတွေကို စပွန်ဆာပေးပြီး ထိန်းထားရတာ။"

"ပျော်စရာကြီးပေါ့။"
"မထင်နဲ့ ကိုယ့်လူ။ ညီအမ လေးဦးကို ကျေနပ်အောင် ထားဖို့တင် မလွယ်ဘူး။ ခုဆို အွန်လိုင်းကနေ နောက်ဆုံးပေါ် အိပ်တွေ၊ အဝတ်တွေ၊ ဖုန်းတွေ အမှာများလို့ ငါ့ အသုံးစရိတ်က အနှုတ်တောင် ပြနေတာ။ လာမဲ့ နတ်သဘင်ညီလာခံမှာ ဘတ်ဂျက် တိုးတောင်းရဦးမယ်။"

"သကြားလည်း ဘတ်ဂျက်ရှိတာပဲလား။"
"ရှိတယ်။နတ်သဘင် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ချပေးသလောက်ပဲ သုံးရတာ။ ဒါပေမဲ့ မပူပါဘူး။ အဲဒီ ကိုယ်စားလှယ်တွေက ငါ့တပည့်တွေပဲ ခန့်ထားတာမို့ ငါတိုးတောင်းရင် သဘောတူမှာပါ။"

"သကြားက ပိုင်လှချည်လား"
"ဒီလို ပိုင်လို့ ငါ အာဏာ မပြုတ်တာပေါ့။ အမြင်လှအောင် ညီလာခံခေါ်။ ပြီးရင် တပည့်တွေကို ပြောလိုက်ရုံပဲ။ ဂါမဲ့လူတွေက အိမ်ပေါက်ဝမှာ အဆင်သင့်။"

"သကြားတို့ ဆီမှာလည်း ဂါရတာပဲလား။"
" သကြားလည်း ပါးစပ်ပါတယ်လေ။ ဂါရမှ အဆင်ပြေတာပေါ့။ မဂါတဲ့သူ ငတ်၊ ဂါတတ်သူ စား ပေါ့ကွာ။"

"ဒီမှာလည်း ဒီလိုပဲ။ အသိဗိုလ်မှူးကတော်ဆို ဂါဝင်ရုံမက အိမ်မှာပါ အိမ်ဖေါ်လို သွားကူလုပ်ပေးရတာ။ ဒါပေမဲ့ ကံဆိုးတော့ သူတို့ဂါနေတဲ့ အဘက ပြုတ်သွားရော။ သူ့ယောက်ျားလည်း အရပ်ဖက် ပြောင်းလိုက်ရတယ်။"
" အဲဒါပေါ့။ ဂါတာလည်း လူရွေးတတ်ရတယ်။ ကိုယ်ရွေးတဲ့သူ ပြုတ်ရင် ဂါက ပြန်မရကိန်းဆိုက်ပဲ။"

"ဒါနဲ့ စကားမစပ် သကြားက ကျွန်တော့ဆီ ဘာလို့ လာတာလဲ။"
"မင်းက ငါ့ကို အတာအိုးနဲ့ မကြိုလို့ ဝင်လာတာ။"

"ဘာဆိုင်လို့လဲ။"
"ဆိုင်တယ်။ ငါ့ကိုကြိုတဲ့ သူတွေက အတာအိုးမှာ ဟိုဟာပေးပါ ဒီဟာပေးပါနဲ့ တောင်းကြတယ်ကွ။ ငါ့မှာလည်း ပေးစရာ ဘာမှမရှိဘူး။ မိန်းမတွေအတွက် ပေးဖို့တောင် အနိုင်နိုင်ရယ်။ ဒါကြောင့် ဘာ အတာအိုးမှ မထိုးပဲ ဘာမှ မတောင်းတဲ့ မင်းဆီ ဝင်လာတာ။ ငါ့ ဒရိုင်ဘာကို မင်းအိမ်လိပ်စာ ပြောထားတာမို့ ခဏနေ လာတော့မှာပါ။"

"သကြားအတွက်ရော ဘာတွေ ဝယ်လာသေးလဲ။"
"ငါ့အတွက်က ဂါတွေများလို့ ဆိုင်တောင် ပြန်သွင်းရတယ်။ အိုင်ဖုန်းဆစ်က် တွေဆို တစ်လကို လေးငါးလုံး ရနေလို့ အိုင်ဖုန်းအစား မုန့်ပုံးပဲ ပေးဖို့ မာတလိကတဆင့် ပြောခိုင်းရတယ်။"

"ဒီမှာ အိုင်ဖုန်းတွေ ဈေးကျနေတာ သကြားရဲ့ဖုန်းတွေ ဝင်နေလို့ ဖြစ်မယ်။"
"ငါက တော်ပါသေးတယ်။ ငါ့ထက်မြင့်တဲ့ သုတိသာတို့ ရာမာတို့ကအုပ်မှူးတွေဆို မုန့်ပုံးက လွဲပြီး လက်မခံဘူး။ သူတို့ အခြွေအရံတွေကလည်း များပေတာကိုး။"

"မုန့်ပုံးပဲယူတာဆိုတော့ တော်သေးတာပေါ့။"
"မင်းကလည်း ပိန်းပြန်ပြီ။ အထဲမှာကတော့ ဟိုအချောင်းတွေ ပေါ့ကွာ။ မင်းတို့ဆီမှာ လိုပဲပေါ့။"

"သကြားက အရင် နှစ်များစွာထဲက အုပ်ချုပ်နေတာ နတ်တွေက ဆင်းပေးဖို့ ဆန္ဒမပြဖူးလား။"
"ခွင့်ပြုမိန့်မရပဲ ဆန္ဒပြရင် တာဝန်လက်ပတ်စာ မိပြီး နတ်သက်ကြွေမှာ ကြောက်လို့ မပြကြပါဘူး။"

"သကြားက တော်တယ်နော်။ အုပ်ချုပ်တတ်လိုက်တာ။"
" ဗမာပြည်ကို မကြာခဏ ဆင်းနေတာပဲ။ တော်မှာပေါ့။ တနှစ်ဆင်းရင် တခါ လေ့လာသွား။ ဟိုရောက်ရင် အဲဒီနည်းအတိုင်း ပြန်သုံးတာပဲ။ ခုတောင် ငါ့ယောက္ခမ အသူရာနဲ့ စစ်ပြေငြိမ်းရေး စာချုပ်အတွက် နည်းနာတွေ ရလာသေးတယ်။"

" ဘာ နည်းတွေ ရခဲ့သေးလဲ။"
" ဒီလိုလေကွာ။ ငါက အသူရာရဲ့ သမီးကို ခိုးလာတာမဟုတ်လား။ ယောက္ခမကြီးက စိတ်ဆိုးပြီး စစ်ခင်းတော့ မတိုက်ချင်ပဲ ပြန်တိုက်နေရတာ ကြာပြီလေ။ ခုတော့ အပစ်ရပ်ကြပြီး အာဏာ ခွဲဝေကြဖို့ သူ့ကို ကမ်းလှန်းထားတယ်။ အဲဒီအတွက် အမ်ပီစီထဲက အပစ်ရပ်မူကြမ်းတွေတောင် ကော်ပီကူးလာသေးတယ်။ ဟိုရောက်ရင် အသူရာကြီးကို ပြလို့ရအောင်။"

"ဒါဆို သမက်နဲ့ ယောက္ခမ ဘောက်ကျလို့လဲ အားမရနိုင်ပါ။ အုံ့ကာလေတဖွဲဖွဲ ရွာလေ တသည်းသည်း ဆိုတဲ့ သီချင်းလို စစ်မခင်းတော့ဖူးဆိုရင် မိုးမရွာ။ မိုးမရွာရင် လူတွေ ဒုက္ခတွေ့ကြတော့မှာပဲ။"
"မပူပါနဲ့ကွာ။ တသက်လုံး တိုက်လာတဲ့သူတွေပဲ။ ညှိရင်းနဲ့ တိုက်နေဦးမှာပါ။ မိုးခေါင်နေရင် ငါတို့ အပစ်ရပ်ထားလို့၊ မိုးများနေရင် အပစ်ရပ် စာချုပ်ကို နှစ်ဖက်လုံးက ချိုးဖေါက်နေလို့ လို့သာ မှတ်ပေတော့။"

သကြားနှင့် စကားကောင်းနေစဉ် ယဉ်ပျံတစ်စီး အိမ်ရှေ့ မျက်ခင်းသို့ ရောက်လာလေသည်။

" ငါ့ကို လာကြိုနေပြီဟေ့။ သူ့ဇိတာတို့တွေလည်း ငါအိမ်ပြန် နောက်ကြနေလို့ မျှော်ရော့မယ်။ သွားပြီကွာ။ မင်းကံကောင်းလို့ သာဝတိံသာ ဗီဇာရရင်တော့ ဆုံကြဦးမယ်။ အဲဒီကြရင် ငါ့ကို ဂါဖို့ မမေ့နဲ့။ အ,တီး အ,တနဲ့ မဂါတတ် မဝင်တတ်ရင်တော့ ခုလိုပဲ သာမန်နေရမယ်။ ဓါတ်ရှင်ထဲက အိမ်ကြီးတွေမှာ ဇိမ်ခံမယ်ဆိုရင်တော့ ဂါတတ်ဖို့ လိုမယ်။ "

ဟူ၍ မောင်လူပေကို မှာကြားရင်း သကြားမင်းကြီး ယဉ်ပျံလည်း ပျောက်ကွယ်သွားတော့သည်။
အော်။ သွတ်ပြားတွေလို စပွန်စာမရှိ။ ဓါတ်ရှင်ထဲကလို အိမ်ကြီးမရှိ။ ထားစရာမရှိအောင် ပစ္စည်းတွေ ငွေတွေမရှိ ရခြင်း အကြောင်းကို ခုမှ သိရသည်။ မဂါတတ် မဝင်တတ် မထွက်တတ်ပဲ အ,ခဲ့ မိလို့ ဖြစ်သည်။ ၅ ထိပ်စည်း ပြောင်းမှ ဒီနည်းတွေ သိတာမို့ နောက်ကျခဲ့ပြီ။ နောက်ဘဝ သကြားနဲ့ တွေ့မှပဲ အပြတ်ဂါလိုက်မည်။ အခွင့်အရေးတွေ တောင်းမည်။ လက်လွှဲရောင်းမည်။ ပြီးလျှင် ဓါတ်ရှင်ထဲကလို အိမ်ကြီးတွေ အများကြီးဆောက်မည်။ မဒန်ပေက တစ်လုံး၊ စပွန်ဆာ လေးတွေက တစ်လုံးစီ။ အခြေအရံတွေနှင့် ဘလူးလေဘယ်ဖွင့်ရင်း ဇိမ်ယူ... ယူ...။

" ဘာတွေ ယူနေတာလဲ ကိုလူပေ။"

မဒန်ပေ လာနှိုးမှပဲ နိုးတော့သည်။ သင်္ကြန်သီချင်း နားထောင်ရင်း အိပ်မောကျကာ သကြားကို အိပ်မက်နေတာကိုး။

ဘာပဲဖြစ်ဖြစ် ကံကောင်းလို့ တာဝတိံသာ ဗီဇာရရင် သကြားကို ဂါဖို့တော့ မေ့မည်မထင်တော့ပါ။

ဂါများမှ လာထားမယ် သယ်ရင်တို့။

Thursday, April 16, 2015

၁၃၇၇ နှစ်သစ်ဆုတောင်း

တချို့တွေက တရားဓမ္မ ( ရိပ်သာတွေမှာ)
တချို့တွေက မအားကြ ( အလုပ်ကခွင့်မရ) ။
တချို့တွေက အပီံ.. ကဲ ( ကဲနေကြတာ)
တချို့တွေက အပီ.. ဆွဲ ( စားမှာပဲတဲ့) ။
တချို့တွေက အမှန်မြတ်ဖို့ ( မဏ္ဏပ်မှာ ညှိနေကြပြီ)
တချို့တွေက အန်ဖတ်ဆို့ (သောက်တာ များသွားလို့) ။
တချို့တွေက ရေပါတီ ( ရေပက်ဖို့ပဲ သိတာ)
တချို့တွေက ဖေါ်ပါသည် ( လှကြောင်း သူများတွေသိအောင်)။
တချို့တွေက အိုးမဲသုတ် (တော သဘာဝ လေး)
တချို့တွေက ချိုး.. ဖဲထုတ်
(ဝါသနာက တားမရ)။

တချို့တွေက လိုက်ဆဲ (ဟတ်ထိတဲ့ သူလေးနောက်ကို)။
တချို့တွေက မိုက်ခဲ (တပုဒ်ပြီး တပုဒ် ဟဲမှာ)။

ဘာပဲဖြစ်ဖြစ်
ချစ်စရာ သင်္ကြန်
ကျန်ရစ်ခဲ့ပြီ။

မြန်မာနှစ်ဆန်း
စိတ်ရွှင်လန်းလို့
ကျန်းမာကြစေ
ဆုမွန်ခြွေတယ်
သူငယ်ချင်းအပေါင်း
ရောင်းရင်းတတွေ
မာကြပါစေ

သာကြစေဗျား......။

 

သင်္ကြန်အတက် ရေနဲ့ ပက်

မြန်မာ့ရိုးရာ သင်္ကြန်ခါရဲ့
အတာဓလေ့ အတက်နေ့မှာ
မေ့မရသေးတဲ့ ချစ်သူ ခင်သူ မိတ်ဆွေ သူငယ်ချင်း ရောင်းရင်း အပေါင်းအား ဖေ့ဘုတ်ကြီးမှတဆင့် သင်္ကြန်ရေချမ်း သွန်းဖြန်းလိုက်ပါတယ်။ နှစ်ဟောင်းက အညစ်အကြေးများ ကင်းစင်လွင့်ပျောက်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ အစစ အဆင်ပြေကြပါစေ။ စိန်ရွှေ ရတနာများလည်း အော်တို နှစ်ဆ တိုးကြပါစေ။ ရုပ်ရည် ရူပကာများလည်း အလွန်လန်းနိုင်ကြပါစေ။

အချစ်ရေး ကံခေနေကြသူများလည်း ဟတ်ထိသူများနဲ့ ရွှေလက်တွဲနိုင်ကြပါစေ။

( ရေခွက်ရှာမတွေ့လို့ ရေပုံးလိုက်ပဲ လောင်းလိုက်တယ်။ ဗွမ်း..........။ )


 

Tuesday, April 14, 2015

ယိမ်းသမလေးတွေ


သင်္ကြန်ရောက်တော့ ဖေ့ဘုတ်သင်္ကြန်နှင့် ပျော်ရပြန်သည်။

ဖေ့ဘုတ်ကြီးကား ကျေးဇူးကြီးစွ။ ရန်ကုန်၊ မန်းလေး၊ တောင်တွင်း၊ မကွေး မြန်ပြည်အနှံ့မှ သင်္ကြန်ပုံရိပ်တွေ ကြည့်ရ မြင်ရသည်။ အရင်လို တမာရွှေကျေး သယ်လာပေးမဲ့ စာကလေးကိုလည်း မျှော်ရန်မလိုတော့။ အချိန်နှင့်တပြေးညီ ရေးတင်နေကြသော ပို့စ်တွေ ဖတ်ရသည်။

ဂလိုတွေ မြင်တွေ့ ကြားသိနေရတော့ သင်္ကြန်ဒိုးသံ တူးပို့ တူးပို့ က တမှေးအိပ်နေသော သင်္ကြန်ပိုးကို လှုပ်နိုးနေသလိုပင်။

ကိုယ်တိုင်က ချိုမိုင်မိုင်ပင် ဖြောင့်အောင် မကနိုင်သူ။ သီချင်းတပုဒ်ကို ဖြောင့်အောင် မဆိုတတ်သူ။ကီးကြောင်ဖြင့်သာ နားကလောအောင် ဆိုတတ်သူ။ ကီးဘုတ်ဖြင့် သီချင်းတပုဒ်ကို အစအဆုံး မတီးတတ်သူ။ ထို့ကြောင့် ကိုယ်ကျွမ်းကျင်သည့် လက်ခုတ်တီး ပညာဖြင့်သာ အားပေးသူအဖြစ် ရပ်တည်ကာ သင်္ကြန်ဖျော်ဖြေပွဲများကို အားပေးခဲ့သည်။

သင်္ကြန်ညပိုင်း အကအလှ သံချပ်ကားတွေ လိုက်ကြည့်။မဏ္ဏပ်တွေက ယိမ်းသမလေးတွေ အားပေး။ ဝတ်စုံဆင်တူ အရောင်အသွေးညီ ကကွက်တူညီ ယိမ်းသမ လေးတွေရဲ့ သင်္ကြန်ယိမ်းက အလှဆုံးအကဟု ထင်ခဲ့ဖူးလေသည်။

အခုလို ၅ထိပ်စီးကို ပူပူနွေးနွေး လက်ခံရရှိခဲ့သော သင်္ကြန်ချိန်တွင် သင်္ကြန်ယိမ်းကား ညပိုင်းမဟုတ်တော့။ နေ့ခင်းဖြစ်သွားပြီ။ ယိမ်းသမလေးတွေကလည်း လှသွေးကြွယ်တဲ့ အပျိုမလေးတွေ မဟုတ်တော့။ ချစ်စရာ ကလေးငယ်လေးတွေသာ ဖြစ်သည်။ မူကြို၊၊ သူငယ်တန်းမှ စ၍ လေးငါးတန်းထိ အရွယ် ကလေးငယ် ယိမ်းသမလေးတွေ။

သူတို့ကနေတဲ့သီချင်းကလည်း ယိမ်းသမလေးတွေ တဲ့။ "ဟေ့ဟေ့ဟေ့ ယိမ်းသမလေးတွေရယ်။ ဘယ်ညာ ဘယ်ညာ ယိမ်းလို့ မခို့တရို့ကနေတယ်။ "တဲ့။

ကလေးတွေကတော့ မညီမညာ ကတတ်သလို ကပြနေကြသည်။ အငယ်က အကြီးကို ကြည့်ကသည်။ ယိမ်းသမ ပိစိလေးတွေ ကတတ်သလို ကပြ နေကြတာကလည်း ကြည့်လို့ကောင်းလှပါ၏။ သူတို့လေးတွေရဲ့ မိဘတွေကလည်း ပီတိတွေ ဖြာရင်း ဓါတ်ပုံတွေရိုက်၊ ဗွီဒီယိုတွေရိုက်နှင့် အလုပ်တွေ ရှုပ်နေကြရှာသည်။

ကလေးငယ် ယိမ်းသမလေးတွေရဲ့ သင်္ကြန်ယိမ်း အဆုံးမှာတော့ လက်ဝါးနှစ်ဖက်ကို တဖြောင်းဖြောင်းမည်အောင် တီးရင်း အားပါးတရ ဟစ်အော်လိုက်မိပါသည်။

"သင်္ကြန်ဆိုရင် ဘယ်သူကက လှတာပါပဲ"...... လို့။
 
 
 

Thursday, April 9, 2015

ဆင် ကင်မွန်းတပ်ပွဲ


ဆင်မပေါက်ကလေးရဲ့ အရေပြားတွေက ရောဂါကြောင့် ခရုသင်းလို အဖြူကွက်တွေ ဖြစ်လို့။ ခေတ်ပညာတတ် ဆြာဝံ ဒု သမ္မတကြီးက ဆင်ဝံ ရာထူးတိုးပြီး ခရုသင်း ဆင်ပေါက်လေးကို သီရိမာလာ ဆိုပြီး ကင်မွန်းတတ်ပွဲ နွဲလို့။

ယူနီဖေါင်း အပြည့်နဲ့ ဆင်ဦးစီးကြီး မှာလည်း ချွန်းကြီးကိုင်ပြီး ဆင်ထိမ်းဘဝ ပြောင်းလည်းနေရလို့။

အတော် အူကြောင်ကြောင် နိုင်တဲ့ ဆင် နာမည်ပေးပွဲကို ဝံကြီး တွေကလည်း အရေးပါတဲ့ နိုင်ငံတာဝန်တွေကို စွန့်ပြီး လာပြီး တက်ကြလို့။

ခရုသင်းစွဲနေရှာတဲ့ ဆင်မလေးရေ။ တို့ ဝံကြီးတွေ သမ္မတဆိုသူတွေကို စိတ်မဆိုးနဲ့နော်။ သူတို့တွေလည်း ခိုင်းတဲ့တာဝန်မို့ ကြောက်လို့ လုပ်ရရှာတာပါ။ ဒုသမ္မတ ဆိုတဲ့ ဆြာဝံကြီးက ပိုသိမှာပေါ့။ ခေတ်မှီ ဆေးပညာတွေ သင်ထားတာပဲ။ အရေပြားရောဂါတို့ ခရုသင်းအကြောင်းတို့ကို သူက ပိုနားလည်သပေါ့။

ဒါပေမဲ့ ကြိုးမဲ့လက်တွေက ခိုင်းနေလေတော့ သူလည်း ဆြာဝံပညာတွေ ဘေးချိတ်ပြီး ဖြူပါတယ် ခင်ဗျ လုပ်နေရရှာတာပါ။

စိတ်ဆိုး အပစ်တော် တင်မယ်ဆိုရင်တော့ မင်းရဲ့ အရေပြား ရောဂါကိုသာ အပစ်တင်ပေတော့။ ဒီရောဂါကြောင့်လည်း တောထဲက လွတ်လပ်တဲ့ဘဝလေးကို ဆုံးရှုံး ခဲ့ရပြီး ထူးခပ် ချုပ်နှောင် နှိတ်စက် ခိုင်းစေ ခံခဲ့ရတာပဲလို့ မှတ်လေတော့။ မင်းရဲ့ မိဘဆွေမျိုးတွေကတော့ တောထဲမှာ မင်းအတွက် ပူဆွေးနေကြမှာပဲ။

မင်း အရေပြားတွေ ပြန်ကောင်းအောင်တော့ ကုသပေးမယ် မထင်ဘူး။ သူတို့က ဒီ အရေပြားမကောင်းတာကို ဂုဏ်ပြုနေတာကွ။

နောင်ဘဝမှာ ဒီလို အရေပြား ရေဂါနဲ့ ကင်းဝေးပါစေကွာ။
 
 

သဘာဝ ပတ်ဝန်းကျင်

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဘုတ်အုပ်ထဲမှာ ထားရစ်ခဲ့။

မြင်ရတဲ့အတိုင်း အင်းလေးရဲ့ အခြေအနေက ရင်လေးစရာ။

ရေဝေရေလဲ တောတွေပါမချန် အပြောင်ရှင်းလိုက်တော့ ရာသီဥတုက ဖေါက်ပြန်။

နိုင်ငံတော်ရဲ့ သယံဇာတတွေကို ထင်သလို ရိုက်စားလုပ်ခဲ့တဲ့ သူအပေါင်းက နန်းတော်ကြီးတွေထဲမှာ အဲကွန်းတွေနဲ့ ဇိမ်ကြကြ နေနိုင်ပေမဲ့ ပြည်သူအများကတော့ ကျောကော့အောင် ပူတဲ့အပူအောက်မှာ ငါးခြောက်လှမ်းထားသလို။

မြေအောက်ရေဆိုတာလည်း သစ်ပင်တွေနဲ့ ဆက်သွယ်နေတာမို့ သစ်ပင်ရှားတော့ မြေအောက်ရေရှား။

မြေအောက်ရေ မြေပေါ်ရေ ရေကောင်းရေသန့် ရှားပါးလာတဲ့ နေရာဒေသများရဲ့ ရှေ့ရေးကလည်း ရင်လေးစရာလို့ ဒီပုံလေးက ပြောနေသလိုလို။


 

ဆင်စိတ်ညစ်တယ်


ဆင်စိတ်ညစ်တယ်ကွာ။

သူ့ဟာသူ တောထဲနေတဲ့ အရေပြားဝေဒနာရှင် ဆင် ပန်းရောင် လေးကို ဆင်ဖြူတော်ဆိုပြီး ဖမ်းလာ။ ဒုသမ္မတဆိုတဲ့ ဆြာကြီးက ဆင်ဝံလုပ်ပြီးကြိုဆို။

ဖဒို မူတူးတို့ ခွန်ဥက္ကာတို့ နိုင်ဟံသာတို့ ကိုဂွမ်မော်တို့ အမ်ပီစီတို့ ကြောင့် ရတဲ့ ပစ်ရပ်မူကြမ်းကလည်း ဒီဆင်ပန်းရောင်ကြောင့် ရတာလိုလိုရေးကြ၊ ပြောကြ။

အရင် ဆင်ဖြူအဘတွေ နိဂုံးမလှခဲ့တာလည်း မမှတ်ကြ။

ဒါကို ကာတွန်းဆရာက ဒီလို ရေုးပြတယ်။
 
 

ယုံရမှာလား

နေပူတော်မှာ ၄၈ပွင့် ဆိုလား လုပ်နေပြီတဲ့။

ခြောက်ပွင့်က ဆယ်ရက်နေ့တဲ့။

လေးပွင့်က မလုပ်ဖြစ်တော့ပါတဲ့။

တွေ့ဆုံ၊ ဓါတ်ပုံရိုက်၊ လက်ဆွဲနှုတ်ဆက်ပြ၊ ငါးမိနစ်လောက် စိတ်ကြေနပ်အောင် ပြောခွင့်ပေးတဲ့ ရုပ်ပြအပွင့်တွေပဲ ဖြစ်လာမြဲ။

ခုတော့ သမ္မတကြီး ကမ်းတဲ့လက်က လေထဲမှာ။ လေစွမ်းအင်သုံး သမ္မတကြီးနဲ့ အန်တီစုတို့ရဲ့ ၂၀၁၅ ဇာတ်လမ်းကို ဆရာအော်ပီကျယ်က ဒီလို တင်ပြထားတယ်။


 

သပိတ်မှောက် ကျောင်းသားများအား ဂုဏ်ပြုခြင်း

သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကို ပြည်သူ့လွှတ်တော်မှာ တောင်းဆိုချက်(၁၁)ချက်လုံးကို အနည်းငယ်သာ ပြင်ဆင်ပြီး အတည်ပြုလိုက်ပါပြီ။ ကျောင်းသားတွေ တာဝန်ကျေခဲ့တယ်။ အစိုးရရဲ့ စိတ်ကြိုက်ဆွဲထားတဲ့ ဥပဒေကို ရိုက်ချိုးနိုင်ခဲ့ပြီ။

ဖမ်းဆီးခံထားရသူ အားလုံးကိုလည်း ချွင်းချက်မရှိ ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုအပ်ပါတယ်။

ကျောင်းသားလှုပ်ရှားမှုအား ဦးညွှတ် ဂုဏ်ပြုပါတယ်။

ကျောင်းနံရံတဝိုက် ဒေါင်းအလံပြန်စိုက်နိုင်မဲ့တနေ့ ငါတို့,,,,, (မင်းကိုနိုင်)


 

Tuesday, April 7, 2015

ကံ့ကော်အကြောင်း

ကံ့ကော်ပန်းဆိုတာ တန်ခူးလရဲ့ ရာသီပန်းပါ။

လတန်ခူးမှာ အလှထူးတဲ့ ခူးချင်စရာ ပိတောက်ပန်းကို ရာသီပန်း မရွေးပဲ ကံ့ကော်ကို ပေးခဲ့တာ မဆန်းနေဘူးလား။

ပိတောက်က ပင်မြင့်စံပန်း။ ပြီးတော့ သင်္ကြန်မိုးလေး ပက်ဖြန်းပေးမှ ပွင့်တဲ့ပန်း။ လှတယ် မွှေးတယ်။ ဒါပေမဲ့ ကြာရှည် မခံဘူး။ ခဏနဲ့ အလှပြယ်တယ်။

ကံ့ကော်က သည်လိုမဟုတ်။ အပင်သေးမို့ တန်ချူလေးရှိရင် ရပြီ။ မိုးရွာရွာ နေပူပူ သူ့ အချိန်ဆို ပွင့်တယ်။ လှတယ် မွှေးတယ်။ ကြာရှည်လည်း ခံတယ်။ ခဏနဲ့ အလှမပြယ်ပဲ ပန်သူ့ ဆံဖျားမှာ ကြာရှည်နားခိုတယ်။

အထူးခြားဆုံးကတော့ ကံ့ကော်ပန်းက ဆေးဖက်ဝင်ပါ သတဲ့။ ကံ့ကော် ဝတ်ဆံခြောက်လေးတွေကို ရှုရှိက်ပေးရင် အမူးအမော် ပြေစေတယ်။ သွေးဆေးဖေါ်တဲ့ နေရာမှာလည်း ကံ့ကော် ဝတ်ဆံကို ထည့်ကြတယ်။

ဒါကြောင့် ရှေး မြန်မာကြီးတွေက ရာသီပန်းရာထူးကို ပန်းကံ့ကော်အား မြှောက်စားခဲ့ပုံရတယ်။ အညာဆိုတော့ မိုးနည်းတယ်။ ပိတောက်ပင်ရှားတယ်။ ပိတောက်ပွင့်ဆိုတာ မြင်ရခဲမယ် ထင်တယ်။
ငယ်တုန်းကတော့ အလှပန်းလေးတွေ ပွင့်ရာ မြကျွန်းညို ကံ့ကော်တောမှာ သာမောခဲ့ဖူးတယ်။

စွယ်တော်မြေမှာ နေပေမဲ့ နှစ်လွှာတစ်ရွက် စွယ်တော်ခက်က အပင်သေးလို့ အရိပ်မရ မအေးမြလို့ ထင်ခဲ့တာ။

ခုတော့လည်း စွယ်တော်ရော ကံ့ကော်ပါ မပွင့်တဲ့ ချယ်ရီမြေမှာ ရောက်နေပြန်ရော။

ကံ့ကော်မြေက ချစ်ဆွေအပေါင်း နွေဦး သင်္ကြန်နဲ့အတူ ချမ်းမြေ့သာယာ ကြပါစေ။


 

Saturday, April 4, 2015

သပန ရဲ့  အဖြစ်စုံ

သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန (သပန) ရဲ့  ရာထူးတိုးရေးမူတွေ ရာထူး အပြောင်းအရွှေ့ တွေကြောင့် ခံစားနေရတဲ့ သယ်ရင်းတွေရဲ့  ရင်ဖွင့်သံတွေ ဖတ်နေကြားနေရတယ်။

ခုမှ ဘွဲ့ ရတဲ့  ဒေါက်တာ ပေါက်စတွေကို ဆွဲတင်ဖို့  အတွက် RIT ကျောင်းဆင်း လုပ်သက်ရင့်ဆရာတွေကို ချောင်ထဲပို့ ထားတယ်တဲ့။ လုပ်သက်ရင့် စီနီယာတွေကို ခွေထားပြီး ဂျူနီယာတွေကို ဌာနမှူးပေးတယ်တဲ့။ အဝေးကျောင်းတွေကို လွင့်နေရတဲ့ စီနီယာဆရာတွေ YTU ပြန်လာချင်လို့ ဆန္ဒပြုပေမဲ့လည်း ခွင့်မပြုဘူးတဲ့။

အဆိုးဆုံးကတော့ ကျောင်းဆရာတွေရဲ့  ဒေတာတွေ တောင်းပြီးတော့မှ သူတို့ စိတ်ကြိုက် ရာထူးတိုးရေးမူကို ရေးဆွဲ လိုက်တာပါပဲတဲ့။ ဘားဆုံးက ၂၅ နှစ်တဲ့။ B.E နဲ့  M.E ဘွဲ့ ရ ဆရာတွေရဲ့  ဘားဆုံးက ကထိကတဲ့။ B.Sc ကြတော့ ညွှန်မှူးထိတဲ့။ ပြောလိုတဲ့ သဘောကတော့ မင်းတို့  လုပ်ချင်ရင်လုပ် မလုပ်ချင်ရင်ထွက်ပေါ့။ ဒါပါပဲ။

ဒီလို ကိစ္စတွေက ဌာနတိုင်းနည်းပါးမှာ ဖြစ်နေတာ ကြာလှပါပြီ။ စီနီယာတို့  ဘာတို့ ထက် လူကြီးနဲ့  နီးစပ်ဖို့ က ပို အဓိက ကြပေတာကိုး။ အမျိုးတော် နဲ့  အဖားတော် တွေပဲ ရာထူးတက်ပြီး ပင်ကိုယ်တော်တွေ မြောင်းထဲပို့ ထားတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီလေ။

နိုင်ငံသားတိုင်းမှာ ညီမျှသော တန်းတူ အခွင့်အရေးရှိတယ် ဆိုတာ ဘုတ်အုပ်ထဲမှာပဲ ထားခဲ့ရမဲ့ ခေတ်။ ရေလောင်း ပေါင်းသင် ဂါများများဝင်တဲ့ သူတွေ ပန်းပန်တဲ့ခေတ်။ သမာဒေဝ နတ်ကောင်း နတ်မြတ်တွေ အိပ်မောကျနေတဲ့ ခေတ်။ ကောသလမင်း အိပ်မက်ထဲက မြေခွေးကို သားကောင်အပေါင်းက ခစားရတဲ့ ခေတ် ပေကိုး။ မောင်လူပေလည်း ဒီခေတ်ရေစီးထဲမှာ စီးမြောရင်းနဲ့ ပဲ အံမဝင် ဂွင်မကျတော့တာကြောင့် လှိုင်းပုတ်ရိုက်ခတ်ခံရပြီး ရေစီးကနေ ဝေးရာကို လွင့်ခဲ့သူပါ။

ခေတ်ကို လူက ဖန်တည်းတာလို့  ဘုတ်အုပ်တစ်ခုမှာ ဖတ်ဖူးတယ်။ ဒါဆို ဒီခေတ်ကို မောင်လူပေတို့  ဖန်တည်းခဲ့တာလား။ မဟုတ်ရပါဘူး။ ဒီခေတ်ကို လူတစ်စုက သူတို့ အကျိုးအတွက် ဖန်တည်းခဲ့ရာက အမွေရခဲ့တာပါ။

ခေတ်ကို စနစ်တခုက ဦးဆောင်တယ်ဆိုရင် မောင်လူပေတို့ က ဒီစနစ်ဆိုးရဲ့  သားကောင်လေးတွေပေါ့။ ရဟန်းရှင်လူ ပြည်သူတွေ၊ ဝန်ထမ်းတွေ အားလုံး ဒီစနစ်အောက်မှာ ပြားပြားဝတ်ခဲ့ရတာ။ ဘဝရှင် မင်းတရားကြီးတွေ၊ မင်းတရားလေးတွေ ထင်ရာလုပ်သမျှ ၊ လိုအပ်သည်များကို မှာကြားသမျှ ပညာရှင်တွေက ခေါင်းလေးတွေငုံ့  လက်အုပ်လေးတွေချီပြီး နေခဲ့ကြရတာ ကြာပြီပဲ။

ပညာရှင်တွေထဲက အသုံးချလို့ ရမယ်ထင်တဲ့သူကို မြှောက်စား ရာထူးတွေပေးပြီး ဒီလူကို ပညာရေးနယ်ထဲ ပြန်ထဲ့ အသုံးချတဲ့ နည်းကတော့ ထိရောက်မှု အရှိဆုံး။ မခံနိုင်တဲ့  တတ်သိပညာရှင်တွေ ထွက်ကုန်တော့ ပိုကြိုက်။ နောက်ဆုံးတော့ ပညာရေး တစ်ခုလုံးလည်း လက်ရွေးစင်စိတ်ကြိုက်တွေပဲ ကျန်ခဲ့တာပါပဲ။

သပနကို ၁၉၉၆မှာ ပညာရေးအောက်က ဆွဲထုတ်ပြီး တစ်စင်ထောင်ခဲ့တာက ဗမကဦးသောင်း။ RIT ကို သူပုန်ကျောင်းကြီးဆိုပြီး ပိတ်။ သူ့ လူတွေမွေး။ နယ်တွေမှာ TU တွေ ဖွင့်ပြီး B.E တွေ မွေးထုတ်လိုက်တာ ခုတော့ B.E ရုံးအကူ B.E ကားမောင်း အလုပ်ခေါ်စာတွေ တွေ့ နေရတဲ့ ထိ B.E တွေ ဖောင်းပွနေပါပြီ။ ပညာရေးကို အားပေးချက်ကလည်း ကမ်းကုန်။ သင်ထောက်ပစ္စည်းလုံလောက်မှု မရှိပဲ ဖွင့်ထားတဲ့ အနယ်နယ်အရပ်ရပ် ကျောင်းတွေက လူမနီးတဲ့ တောမှာ။ ကျောင်းသားတွေက ကျူရှင်နဲ့  နှစ်ပါးသွား။ ဆရာတွေသင်နေရတာက နှစ်များစွာက သင်ရိုးဟောင်း။ ပေါင်းလိုက်တော့ ဒီအဆင့် ရောက်ပေါ့။

အခု RIT တဖြစ်လည်း YTU ကလည်း ကိုယ့်အားကိုယ်ကိုး အဆင့်နဲ့  ချီတက်နေရတာပါပဲ။ ကျောင်းအခွံ အဆွေးကြီးကို ပြန်ပေးတယ်။ ဒါပဲ။ ကျန်တာတွေက အလှူရှင်တွေ အကူအညီနဲ့  အသက်ဆက်နေရတာပါ။ဘယ်လောက် အခြေအနေဆိုးလည်းဆိုရင် ဖွင့်စက ကျောင်းမှာ ပုံဆွဲခုံတွေတောင် မရှိလို့  နိုင်ငံခြားက RIT ကျောင်းဆင်းတွေကို အရေးပေါ် အကူအညီတောင်းရရှာတယ်။ အရင်ရှိပြီးသား ပုံဆွဲခုံဟောင်းတွေကတော့ ဘယ်ဆီဘယ်ဝယ်မှာ ခိုနားနေပြီမသိတော့။

YTU နဲ့ MTU ကို အဆင့်မြင့် နည်းပညာတက္ကသိုလ် လုပ်မယ်ဆိုတော့ နယ် TU ကလေးတွေက သူတို့ က အဆင့်နိမ့်လားဆိုပြီး မကြေနပ်ကြ။ YTU နဲ့  MTU မှာပဲ B.E ပေးတော့မယ်၊ နယ် TU တွေမှာ B.Tech ပဲ ပေးမယ် ဆိုပြန်တော့ နယ်ကျောင်းသားလေးတွေ ပေါက်ကွဲကြ။ ကျောင်းသားတွေ သွေးကွဲအောင် နည်းလမ်းစုံနဲ့ ဖန်တည်းနေသလားတောင် ထင်ခဲ့ရတယ်။ ခုတော့လည်း B.E ပဲ ပေးမယ်ဖြစ်ပြန်ရော။ ဒါဆိုရင်တော့ YTU က ရတဲ့ B.E ဆိုရင် B.E (Yangon) ။ MTU က ရတဲ့ B.E ဆိုရင် B.E ( Mandalay) လို့  ရေးရမဲ့ ပုံပဲ။ ဒါမှမဟုတ် အဆင့်မြင့် နည်းပညာကျောင်းဆင်းမို့  B.E ( Center of Excellence ) လို့  ရေးရမှာလား မသိ။

ပညာရေးကို ဦးစားမပေးတဲ့ ပညာရှင်တွေကို ဘေးဖယ်ထားတဲ့ ခေတ်မှာ ဝန်ထမ်းဖြစ်နေရတဲ့ သပနက ဆရာဆရာမတွေ ကိုယ်စား မခံနိုင်လွန်းလို့ ဒီစာကို ရေးပါတယ်။ လွန်တာရှိက ဝန္တာမိပါ။ မှားတာရှိလည်း ပြင်ပေးနိုင်ပါကြောင်း။

 

ရှက်စရာ တို့ ရွာ အကြောင်း

ပြောရဦးမယ် ကိုရင်ချက်ကေ။

ကျုပ်တို့ ရွာအကြောင်းကတော့ ရယ်လည်းရယ်စရာကောင်း၊ ရှက်လည်း ရှက်စရာကောင်းပါရဲ့ဗျာ။
တောသူတောင်သားတွေမို့ ရိုးလည်းရိုး အလည်းအ ပေတာကိုး။ ဒီကြားထဲ မြို့က ကိုယ်တော်တချို့က ဆေးလာလာထိုးလေတော့ မျိုးချစ်စိတ်တွေက အော်တိုနှစ်ဆ တက်နေတာရယ်။
ကိုယ်တော်တွေပြောတဲ့ မုန်းစရာ လူတွေကလည်း ရွာမယ် တစ်ယောက်မှ မရှိလေတော့ တက်နေတဲ့ မျိုးချစ်ရေချိန်ကို ဖောက်ထုတ်ဖို့ အကွက်ကောင်း စောင့်နေတာ။

မကြာပါဘူး။ ရွာမှာ ဖုန်းတစ်လုံးနဲ့ အိမ်သာနက်တက်ရင်း လပ်ယားလပ်ယား လုပ်နေတဲ့ သာမောင်က သတင်းပေးတယ်။ စိနပြည်ကို ဝါးရင်းတုတ်နဲ့ တက်သိမ်းတော့မယ် အဆက်သင့်ပြင်ထားတဲ့။

သာမောင်ကတော့ အတိအကျကို ပြောတာ။ ကြက်ဥကြော်တွေဆိုလား အများကြီးကို သူသိသတဲ့။ နယ်စပ်မယ် ကိုကန့်ဆိုတဲ့သူတွေနဲ့ စစ်တိုက်ရာမှာ ပေါက်ဖေါ်ကြီးတွေက ကိုကန့်တို့ ဖက်က ဝင်ပါပေးသတဲ့။ မတရားချက်ကတော့ ကမ်းကုန်ပဲ။ ဗမာက လေယာဉ်နဲ့ ဗုံးကျဲလို့ သူ့လူတွေသေတယ် ဆိုပြီးလည်း မတရားစွပ်စွဲသတဲ့။ အဲဒီနေ့က ဗမာလေယာဉ် ထွက်တောင်မထွက်ပါဘူးတဲ့။ ကိုကန့်တွေက ပစ်လိုက်တဲ့ ကျည်ဆံတွေပဲ တွေ့တာတဲ့။ ဒီလို မတရား စွတ်စွဲတာ မခံနိုင်ဘူး။ ဖြေရှင်းမယ်။ လက်မခံရင် ဝါးရင်းတုတ်နဲ့ ပေါက်ဖေါ်ပြည်ကို တက်သိမ်းပစ်မယ်နဲ့ အိမ်သာနက်မှာ သေသေချာချာ ရေးထားတာဆိုပဲ။

ဟယ် ဒီလို အနိုင်ကျင့်လို့တော့ ဘယ်ခံလိမ့်မလဲ။ အနော်ရထာလက်ထက်တော်က ရွှေဖျဉ်းညီနောင် ဦးဆောင်ပြီး ဦးတည်ပွားဆီ ဆံတော်တောင်းထွက်ခဲ့တဲ့ ရာဇဝင်က နတ်ပွဲထဲ က, နေကြတာမို့ ကြားဖူးပြီးသား။ ပေါက်ဖေါ်ကြီးကို ဒုတိယံပိ ဆုံးမရေးအတွက် ဝါးရင်းတုတ် တပ်မတော်အတွက် အဆင်သင့် ဖြစ်စေရမဟေ့။ အော်တိုနှစ်ဆတိုးနေတဲ့ မျိုးချစ်စိတ်တွေ ဖေါက်ထုတ်ပစ်ဖို့ ပွဲတွေ့ပြီဟေ့ ရယ်လို့ ကြွေးကျော်ပစ်တော့တာပေါ့ ကိုရင်ရယ်။

ရွာထဲက မြန်မာမှု ထိမ်းထားတဲ့ ဖိုးရွှေခင်တောင် အနှစ်နှစ် အလလက ထိမ်းသိန်းထားခဲ့တဲ့ သူ့ယောင်ထုံးကြီးကို ဖြတ်ပစ်တော့တာ။ ဝါးရင်းတုတ် တပ်ထဲ သူလည်းပါမတဲ့။
ဖက်ဆစ်တော်လှန်ရေးတုန်းက ငယ်လို့ မပါခဲ့ရသမျှ ပေါက်ဖေါ်တော်လှန်ရေးမှာ ပါလိုက်မဟဲ့ပေါ့။
ရွာထဲက ကာလသားတွေက ရွာစပ်မှာရှိတဲ့ ဝါးရုံတောကြီး အကုန်ခုတ်။ ရိုက်ကောင်းတဲ့ အရွယ်လေးတွေ ဖြတ်။ အရောင်တွေတောက်အောင် ဆီနဲ့ပွတ်နဲ့ ဝါးရင်းတုတ်တပ် ချီလာရင် အဆင်သင့် ဖြစ်အောင် ပြင်ထားကြတာ။

အပျိုတွေက လယ်တောက ရွှံ့တွေ သွားခူးပြီး လောက်စာတွေ လုံးကြတာ တောင်ပုံရာပုံ။ လေးခွက အိမ်တိုင်းရှိတာဆိုတော့ ကျည်ဆံသာ လိုတယ်မဟုတ်လား။ မနက်ကြီးကနေ ညနေမိုးချုပ်ထိ ထင်းခုတ်ရေခပ်တောင် မလုပ်ကြတော့ပဲ ဝါးရင်းတုတ်တပ်ကြီး ချီလာမှာကို မျှော်ကြတာ။
ရွာက ကျောင်းဆရာလေးကတော့ ပြောသား။ ခင်ဗျားတို့မို့ အလုပ်မရှိ အဝှာသန်းရှာကြတယ်။ လာပဲလာပါစေဦးတဲ့။

လာမှာ ဆရာလေးရဲ့။ အိမ်သာနက်မယ် တကယ်ကို ကြိမ်းမောင်းနေတာ။ မဟုတ်ပဲ စွတ်စွဲတာမို့ မခံ ပြန်ချမယ် တပ်ပြင်နေပြီနဲ့ ပြောရင်းကို မျိုးချစ်စိတ်က အော်တို နှစ်ဆ တက်လို့။

ခုတော့... ကိုရင်ရေ။ ကျုပ်တို့ နိုင်ငံခြားဝံက ပေါက်ဖေါ်တို့ပြည်သွားပြီး မှားပြီး လုပ်မိပါတယ်လို့ တောင်းပန်လိုက်ပြီတဲ့။ ရော်ကြေးတောင် ပေးဦးမတဲ့။ ကောင်းကြသေးရဲ့လား။ သူတို့ပဲ ပြောတာ။ လေယာဉ်မထွက်ဘူးဆို။ ကိုကန့်က ပစ်တဲ့ ကျည်ဆံတွေပဲ တွေ့တာဆို။ ဂျိုးပြောမိုးပြောနဲ့ ပြောတာကို ယုံမိပေတာကိုး။

ကျုပ်တို့မှာတော့ ဖိုးရွှေခင် ယောင်တစ်လုံးဆုံး၊ ရွာစပ်က ဝါးတောကြီးပြောင်။ လောက်စာနဲ့ ဝါးရင်းတုတ်တွေ တောင်လိုပုံနဲ့ အလုပ်အကိုင်ပျက်တာ အဖတ်တင်တယ်။ ဝါးရင်းတုတ်တပ်ကို ဦးစီးမဲ့ အိမ်သာနက်ပေါ်က ရဲဘော် ဘယ်နှစ်ကျိပ်မှန်းမသိကလည်း ဓမ္မစေတီ ခေါင်းလောင်းသတင်းလို ပေါ်မလာဇာတ်ခင်းကြပြီလေ။

ဝါးရင်းတုတ်တွေကိုတော့ ဆောင်းရောက်မှ ကောက်ညှင်းကျီတောက် လုပ်ရောင်းရင်း ကုန်အောင်သုံးရမှာ။ လောက်စာတွေကတော့ လယ်ထဲပြန်ကြဲပေါ့ ကိုရင်ရယ်။

ဖိုးရွှေခင်ကတော့ ယောင်ဆုံးသွားလို့ ခေါင်းကို တဘက်ပတ်ထားရင်း ကြိမ်ဆဲနေလေရဲ့။ နောက်ကို ဘယ်တော့မှ လာမခေါ်နဲ့ ကမ္ဘာပျက်တောင် မလိုက်တော့ဘူး သေနာလေးတွေရဲ့ တဲ့။

အဖြစ်စုံ သနစ်ပုံကတော့ အဲဒါပဲ ကိုရင်ချက်ကေ။

သင့်ရဲ့

ကိုရင် လူပေ


 

Thursday, April 2, 2015

ယောမင်းကြီးသာ ရှိမယ်ဆို

ရှေးဘုရင်ခေတ်တွေမှာထဲက မင်းနားကပ်ဖားပြီး မင်းအလိုလိုက် မင်းကြိုက်ဆောင်ရတဲ့ မင်းခစားတွေသာ များခဲ့တာတွေ လေ့လာမိတယ်။

ဘုရင်ပြောသမျှ သင့်မြတ်လှကြောင်းပါဘုရား။ အမိန့်တော် ဦးထိပ်မှာ ပန်ဆင်ပြီးကြောင်းပါဘုရား နဲ့ ဟုတ်ကဲ့လိုက်ကြ။ နိုင်ငံရဲ့ အခြေအနေမှန်ကို မတင်ပြရဲကြတော့ ဘုရင်ကမေးတိုင်း ရွှေဘုန်းတော်ကြောင့် ရွှေတွင်းငွေတွင်း ပယင်း ဒုတ္တာ ရတနာ ခုနှစ်ပါး ပေါကြွယ်ဝပြီး ပြည်ထောင်အတွင်း ဝပြောစည်ပင်ရှိပါသဖြင့် တိုင်းသူပြည်သားအများ ပျော်ရွှင်သာယာ ချမ်းမြေ့နေကြကြောင်း သံတော်ဦး တင်အပ်ပါသည်ဘုရား နဲ့သာ ညာခဲ့ကြတဲ့ မင်းခစားတွေ များခဲ့တယ်။

ဒီလိုနဲ့ ပုဂံပြည်ကြီးပျက်၊ ဟံသာဝတီပြည်ကြီးပျက်၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ မန်းလေး ကုန်းဘောင်မင်းဆက်တွေ ပျက်နဲ့ သူ့ကျွန်ဘဝရောက်ခဲ့ရတာ။

အဲဒီထဲမှာ ရှားရှားပါးပါး မင်းလိုလိုက် မင်းကြိုက်မဆောင်ခဲ့တဲ့ မင်းခစားတစ်ဦး တွေ့မိပါတယ်။ ယောအတွင်းဝန်ဦးဖိုးလှိုင်ပါ။

ရာဇဓမ္မသဂ္ဂဟ ဆေးကျမ်းကြီးကို ပြုစုခဲ့တဲ့
ယောမင်းကြီးက မန်းလေးမြို့တည် မင်းတုန်းမင်းရဲ့ လူယုံ အမတ်မို့ ဘုရင်က သက်တော်ရှည်အမတ်ကြီးဘွဲ့ ပေးပါသတဲ့။ သက်တော်ရှည်ဘွဲ့ဆိုတာ မင်းပစ်မင်းဒဏ်နဲ့ မသေစေရလို့ အဓိပ္ပာယ်ရတယ်။ ဘုရင်က စိတ်ဆိုးလို့ သတ်စေ အမိန့်ပေးလို့ မရတော့ဘူး ဆိုတဲ့သဘော။

ဒီဘွဲ့ကြောင့်လား သူ့ရဲ့ ပင်ကိုယ်ရဲရင့်ပြီး အမှန်ကို မြတ်နိုးမှုကြောင့်လားမသိ၊ ဘုရင်လုပ်သမျှ မမှန်ကြောင်းတွေ ခဏခဏ လျှောက်တင်မိလို့ မကြာခဏ အရာချ ခံခဲ့ရတယ်။ ရာထူးကျလည်း ခဏပါပဲတဲ့။ လူတော်မို့ အသုံးလိုရင် ပြန်ခေါ်ရတာပါပဲ။

သီပေါမင်းလက်ထက်မှာလည်း လက်သုံးတော်ကြီး ( ဘုရင်ရဲ့ လက်မရွံ့ လူသတ်သမား) တွေ ဝိုင်းနေတဲ့ကြားကပဲ ဘုရင်နဲ့မိဘုရားဟာ အသုံးအစွဲကြမ်းလွန်းတယ်။ ပြည်သူ့ဘဏ္ဏာငွေဆိုတာ အဖေ့အမွေမဟုတ်လို့ ခြွေတာ သုံးတော်မူပါလို့ လျှောက်တင်ပါသတဲ့။

အလွန်ဒေါသကြီးတဲ့ စုဖုရားလတ်က စိတ်ဆိုးပြီး ဘုရင်လုပ်ရတာ ငလှိုင်ပေးသမျှ သုံးရမယ်တဲ့လား။ ဒီလိုဆိုရင် တို့များ ဘုရင် မလုပ်ပေါင်လို့ သူ့လင် သီပေါမင်းကို ပြောလို့ ဘုရင်ကလည်း မယားဖက် ခပ်ပါပါမို့ အရာချခံလိုက်ရတာ သေတဲ့ထိ ရာထူးပြန်မရတော့ ပါဘူး။

သူ့ ဖခမည်းတော်လက်ထက်က သက်တော်ရှည်ဘွဲ့ရ အမတ်မို့ ဒီလောက်နဲ့ ပြီးသွားတာပါတဲ့။ သူ့အဖေပေးခဲ့တဲ့ဘွဲ့ကို ပြန်မရုတ်သိမ်းချင်လို့ သက်သာတာ။ နို့မို့ဆို လက်သုံးတော်ကြီးတွေ လက်ချက်နဲ့ နောက်နေ့ နေထွက်တာကို မြင်ရဖွယ်မရှိလို့ ဆိုကြတယ်။

ယောမင်းကြီးရဲ့ အပေါင်းအသင်းအမတ်တစ်ဦးက ဘုရင့်ကွယ်ရာမှာ မောင်လှိုင်ကလည်း ရဲလွန်းတယ်ကွယ်။ ကိုယ့်ကိုကိုယ် မင်းခယောက်ျား ကမ်းနားသစ်ပင် ဆိုတာလည်း မမေ့နဲ့။ ဘုရင့် အလိုလိုက်ရင် ပြီးတာပဲကွယ်။ လို့ ပြောတော့ ဒီလို မင်းမျှောင်တွေကြောင့် ပြည်ပျက်ရတယ်ဆိုပြီး နောင်လာနောက်သားတွေ ပြောကြမှာ မခံနိုင်လို့ လျှောက်တင်ရတာဖြစ်ကြောင်း၊ သတ်လို့သေလည်း ပြည်ပျက်အောင်လုပ်သူတွေထဲမှာ မပါသူမို့ သေရဲပါကြောင်း ပြန်ပြောတယ်လို့ မှတ်သားဖူးတယ်။

အခုလို အချိန်မှာ အဘတွေ ဘာလုပ်လုပ် သြဘာတွေပေး မြှောက်စာတွေရေး နဲ့ မင်းမြှောင်တွေ အတော်တွေ့နေရတော့ အဲဒီ ယောမင်းကြီးအကြောင်းသာ အမှတ်ရနေမိပါတော့တယ်ဗျာ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Wednesday, April 1, 2015

ငြိမ်းချမ်းရေး(မူကြမ်း) တဲ့လား

မောင်လူပေတို့ အိမ်မှာ လက်နက်ကိုင်တွေ အပစ်အခပ် ရပ်စဲရေး (မူကြမ်း) ကို လက်မှတ်ထိုးတယ်။

မောင်လူပေတို့ တစ်အိမ်လုံး လက်နက်ကိုင်တွေ ချည်းပဲ။ မောင်လူပေရဲ့ လက်နက်က ဝက်အူလှည့်၊ မဒန်ပေရဲ့ လက်နက်က အသားခုတ်တဲ့ဓါး၊ ပေသမီးရဲ့ လက်နက်က ခဲတံချွန်တဲ့ဓါး။

လက်နက်ကိုင်တွေ ဆိုတော့ လက်နက်အားကိုးနဲ့ ဗိုလ်ကျဖို့ပဲ ပြင်နေတာ။ မဒန်ပေက လက်နက်အားသာ လူအားသာ ( သူ့အမျိုးတွေက ဒီအနီးအနားမှာ အများကြီးရှိတယ်။) နဲ့ ဦးဆောင်တယ်။ မောင်လူပေက မိတ်ဆွေတွေ အားကိုးနဲ့ မကြောက်။ ပေသမီးကလည်း သူ့ သူငယ်ချင်းတွေ အားကိုးနဲ့ မဖြုံ။
ဂလိုနဲ့ပဲ အိမ်တွင်းစစ်မီးက ကြာရှည်လာခဲ့တာ။

ခုတော့ အိမ်ထဲရှိသမျှလည်း ပျက်စီး။ အမြဲဆူညံနေတဲ့ အိမ်မို့ ပတ်ဝန်းကျင်ကလည်း ပြောလှပြီမို့ အိမ်တွင်းစစ် ရပ်စဲရေးအတွက် မဒန်ပေက ဦးဆောင်ပြီး ပြောလာလို့ ဆွေးနွေးကြတာ။

တသက်လုံး ရန်ဖြစ်လာတဲ့သူတွေ ပြန်ချစ်ဖို့ဆိုတာ ဘယ်လွယ်မှာလဲ။ ဒီတော့ အပစ်ရပ်ရေး ဟုတ်ပေါင်ယောင်လို့ လက်နက်မကိုင်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် မနည်းကို ညှိကြရတယ်။ ဖက်ဒရယ် အိမ်ထောင်စုစနစ်ကို မဖြစ်မနေ ထူထောင်မည် လို့ မောင်လူပေက စာချုပ်ထဲ ထည့်ချင်တယ်။ မဒန်ပေက ဖက်ဒရယ်အိမ်ထောင်စု စနစ် တည်ဆောက်ရေး ကြိုးပမ်းမည်လို့ အဆိုပြုတယ်။ မောင်လူပေ လိုချင်တာက must have. မဒန်ပေ အဆိုပြုတာက will try. အဲဒါကိုပဲ သဘောထားကွဲပြီး ညှိမရတာ အကြာကြီး။

ပြီးတော့ အိမ်တွင်း ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးပြီးရင် လက်နက်မကိုင်ရလို့ မဒန်ပေက ဆိုပြန်တယ်။ သူကတော့ မီးဖိုချောင်ပိုင်သူမို့ ထမင်းဟင်း ချက်ရေးအတွက် အသားခုတ်ဓါးကို ဆက်ကိုင်ထားမယ်တဲ့။ သူ့မှာ အရွက်လှီးဓါးတွေ အသားခုတ်ဓါးတွေက နည်းတာမဟုတ်ဘူး။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့ အကျင့်က ပါနေဆဲ။ မောင်လူပေနဲ့ ပေသမီးက အဲဒီအဆိုကို လုံးဝ ပယ်ချတယ်။ လက်နက်ကိုင်ထားလို့ ဒီလောက်ထိ ပြောဆိုခွင့်ရတာ၊ လက်နက်မကိုင်ရင် သူ့လက်ခုပ်ထဲကရေ ဖြစ်သွားမှာပေါ့။ အဲလို ဟာတွေ ညှိနေရလို့ ဂလောက်ကြာသွားတာ။

ခုတော့ အတော်လေး အဆင်ပြေလာလို့ ငြိမ်းချမ်းရေးစာချုပ်(မူကြမ်း) ကို လက်မှတ်ထိုးတဲ့ထိတော့ တိုးတက်လာပြီ။

ဒါပေမဲ့ မူကြမ်းပဲ ရှိသေးတာနော်။ သိပ်လည်း အကောင်းမြင် မနေကြနဲ့။ ဒီမူကြမ်းကို ယူသွားပြီး မောင်လူပေက မိတ်ဆွေတွေနဲ့ ဆွေးနွေး၊ ပေသမီးက သူငယ်ချင်းတွေနဲ့ တိုင်ပင် ကြရဦးမှာ။
အားလုံးသဘောတူကြမှ ငြိမ်းချမ်းရေးစာချုပ်ကို တရားဝင် လက်မှတ်ထိုးနိုင်မှာ။ တစ်ယောက်ယောက်က မူကြမ်းကို နည်းနည်းပြန်ပြင်ချင်တယ်ဆိုရင် ပြန်ပြင်ဖို့ ညှိကြရဦးမယ်။

ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးဖြစ်မှ အိမ်တွင်း ဖက်ဒရယ်အတွက် မူဘောင်တွေချ ဆွေးနွေးကြနဲ့ အတော်ကြာဦးမယ့် သဘောပဲ။ အမျိုးသားညီလာခံလို ၁၄နှစ်ကျော် မဖြစ်သွားရင်ကံကောင်း။

လက်နက်ကိုင်ရင်းနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးထားကြတာ ဆိုတော့လည်း လက်နက်အားကိုးနဲ့ စိတ်အခန့်မသင့်ရင် အရင်လိုပဲ ထချကြမဲ့ ပွဲတွေလည်း ဖြစ်လာနိုင်တယ်။ သဘောတူစာချုပ်ကို သူကစဖေါက်တယ် ငါက စဖေါက်တယ်နဲ့ လက်ညှိုးတွေ ထိုးကြရင်း ဆွေးနွေးပွဲပျက်ပြီး အရင်လိုပဲ ဆူညံပူညံ မောင်လူပေတို့အသံ လည်း ဖြစ်နိုင်တာပဲ။ ဘာလို့ ဒီလို ပြောနိုင်တာလည်းလို့တော့ မမေးနဲ့။ အရင်လည်း ဒီလိုပဲ ဖြစ်ဖူးတယ်လေ။ အိမ်တွင်း ငြိမ်းချမ်းရေးက လက်မှတ်ထိုးလိုက် ပျက်လိုက် ပြန်ရန်ဖြစ်လိုက်နဲ့ ဂျာအေး သူ့အမေရိုက် ဖြစ်နေတာ ကြာလှပေါ့။

လောလောဆယ်တော့ မူကြမ်းအဆင့်လောက်နဲ့ပဲ ကြေနပ်ကြဦး။ မောင်လူပေနဲ့ မဒန်ပေ ငြိမ်းချမ်းရေးမူကြမ်း လက်မှတ်ထိုးပြီးပြီမို့ ဒီနှစ်အတာ သင်္ကြန်မှာ ပျော်ရွှင်စွာ ချစ်ကြည်ရေးတည်ဆောက်ရင်း ရေကစားကြမဲ့ ဓါတ်ပုံလေးတော့ ရိုက်ပြီးလို့ ရှယ်ပေးလိုက်တယ်။

တကယ် ငြိမ်းချမ်းရေး ရမရကတော့ ပိတ်ကားပေါ်မှာသာ ရှုစားကြပါလို့ ပြောချင်ပါတယ်။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

 

ငါးကျော် တကောင်ရဲ့  ခရီး

လွန်ခဲ့သော နှစ်ငါးဆယ်ကျော်ခန့်က အပြည်ပြည်ဆိုင်ရာ လမ်းခွဲရှိ စစ်ဆေးရေးဂိတ်တွင် လူအများ တန်းစီလျှက်ရှိလေသည်။ ထိုဂိတ်ကို ဖြတ်သန်းရန် စောင့်နေသော လူအုပ်ထဲတွင် အောင်ကြူကြူအမူအရာဖြင့် တန်းစီစောင့်စားနေသူတစ်ဦးသည်ကား ယခုအချိန်တွင် မောင်လူပေဖြစ်လာမည့် မောင်လေပူပင် ဖြစ်သည်။

စစ်ဆေးရေးတပ်ချုပ်ကြီးမှာ နာမည်တစ်ဦးချင်းဆီခေါ်လိုက်၊ သူ့အံဆွဲထဲမှ ထိုသူ၏ ဖိုင်တွဲနှင့် ယှဉ်၍ စစ်ဆေးလိုက် လုပ်နေသောကြောင့် အချိန်အတော်ကြာသည့်တိုင် ကိုယ့်အလှည့် မရောက်နိုင်ပဲ ဖြစ်နေလေသည်။

ဘေးပတ်ဝန်းကျင်တခွင်မှာတော့ အထက်ပြည်၊ အောက်ပြည်ဟု လမ်းညွန်ဆိုင်းဘုတ်များ ညွှန်ပြထား၍ အထက်ပြည်ဆိုင်းဘုတ် အဆုံးတွင် ပန်းရထားပုံစံ ယာဉ်ပျံကြီးများက တန်းစီစောင့်နေလေသည်။ စစ်ဆေးရေး တပ်ချုပ်ကြီးထံမှ ရွှေလက်မှတ်(Golden ticket) ရရှိသူကိုသာ လက်ခံသောကြောင့် ချောင်ချိလျှက်လည်း ရှိပါသည်။ ထို ပန်းရထားယာဉ်မောင်းများမှာလည်း တောက်ပြောင်သော အဝတ်များဝတ်ဆင်ထားကာ အလွန် ကျက်သရေရှိသူများ ဖြစ်လေသည်။

အောက်ပြည်သို့ဟူသည့် ဆိုင်းဘုတ် အဆုံးမှာတော့ ညစ်ပတ်ပေရေနေသော ထော်လာဂျီများ တန်းစီစောင့်နေပြီး ထို ထော်လာဂျီများပေါ်တွင်လည်း လူအများ ပြည့်ကျပ်နေသောကြောင့် နံစော်၍ နေသည်။ ထိုလူများကို ခေါ်ဆောင်သွားမည့် သူတွေကလည်း ပုံဆိုးပန်းဆိုးနှင့် အကြည့်ရ ဆိုးလှပေသည်။

" မောင်လေပူ၊ မောင်လေပူ"
ကိုယ့်နာမည် ခေါ်သံကြားသဖြင့် စစ်ဆေးရေးတပ်ချုပ်ကြီးထံ အပြေးသွားလိုက်သည်။ ထိုသူက မောင်လေပူကို တချက်ကြည့်ရင်း သူ့လက်ထဲမှ ဖိုင်တွဲကို ဖွင့်လိုက်သည်။ ဖိုင်တွဲထဲမှာတော့ မည်သည့်အချိန်က မည်သူ မှတ်တမ်းတင်ထားသည် မသိရသည့် မောင်လေပူ၏ ဘဝမှတ်တမ်းများကို ဓါတ်ပုံ များနှင့်တကွ တွေ့ရလေသည်။ (ယခုအခါတွင် ထိုစစ်ဆေးရေးဂိတ်မှာ ခေတ်မှီ ကွန်ပြူတာများ အသုံးပြုနေကာ ဒေတာများစစ်ဆေး နေပြီ ဖြစ်သဖြင့် အရင်လို အကြာကြီးစောင့်ရန်မလိုတော့ဟု ကြားသိရသည်။ ဤကား စကားချပ်။)

"မင်းမှာ 'ကိုသု' ထုတ် ဘယ်နှစ်ထုတ်ပါလဲ"
" ဒီတစ်ထုတ်ပဲပါပါတယ်။ အဘချုပ်ကြီး ခင်ဗျား။"

ငါ့ကိုမဖါးနဲ့။ ပုံမှန်ဆက်ဆံ။ မင်းရဲ့ 'ကိုသု' အထုတ်က သေးနေတယ်ကွ။ ဒီတော့ မင်းငေးကြည့်နေတဲ့ ပန်းရထားယာဉ်ပျံအတွက် ရွှေလက်မှတ် ထုတ်ပေးလို့ မရဘူး။ မင်းရဲ့ဖိုင်ကလည်း သိပ်ဆိုးတာတွေ မပါလို့ အောက်ပြည်လည်း ပို့စရာ မလိုဘူး။ ဒီတော့ မင်းကို လူ့ပြည်ကို ပို့မယ်။ ဒီမှာ လူ့ပြည်အတွက်ဗီဇာစာရွက်။ ဟိုရောက်ရင် ဘယ်လောက်နေရမယ်ဆိုတာ အဝင်တုံး ထုပေးလိမ့်မယ်။ ဗီဇာကုန်ရင်တော့ အထွက်တုံး ပြန်ထုပြီး ငါ့ဆီ ပြန်လာခဲ့ပေါ့။ဒါပဲ။"

ဟု စစ်ဆေးရေးတပ်ချုပ်ကြီးက အမိန့်ချလိုက်ပြီး ရွှေရောင်ပန်းရထားယဉ်များအား စောင်းငန်းစောင်းငန်းနှင့် ကြည့်ကာ သွားရည်ကျနေသော မောင်လေပူကို သွားတော့ဟု နှင်ထုတ်လိုက်တော့သည်။

လူ့ပြည်ဆိုသည်ကား နီးလှသည်မို့ ဘယ်ယာဉ်မှ စီးရန်မလို။ ခြေလျှင် လျှောက်ယုံသာ။ လူ့ပြည်ဟူသောလမ်းညွှန်ဆိုင်းဘုတ်အတိုင်း လျှောက်ခဲ့ရာ တခဏနှင့်ပင် ရောက်လာလေသည်။ လူ့ပြည်အဝင်တွင် လူ့ပြည် လူဝင်မှုကြီးကြပ်ရေးအရာရှိနှင့်တွေ့ရန် တန်းစီရပြန်သည်။

လူ့ပြည်ဝင်ပေါက်မှ လှမ်းကြည့်ပါက အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန် စသည်ဖြင့် နိုင်ငံဝင်ပေါက်များ တန်းစီထားသည်။လူ့ပြည် လဝက အရာရှိမှ ထုပေးသော ဗီဇာတုံးကို ကြည့်ပြီး သွားရုံသာပင်။

မောင်လေပူဟု ခေါ်သံအကြား လဝက အရာရှိထံ ရောက်သည်။ သူက လူ့ပြည်ဗီဇာကို စစ်ဆေးပြီး မြန်မာနိုင်ငံ တောင်ငူမြို့သို့သွားရန်ဟူ၍ ဗီဇာစာရွက်မှာ ရေးပေးလိုက်သည်။ ဆိုက်ရောက်နေ့စွဲ (၁၃/၀၄/၁၉၆၅) သက်တန်းကုန်နေ့စွဲ(--/--/--) ဟု အဝင်တုံးထုပေးသည်။
သက်တန်းကုန်နေ့စွဲက သူရေးနေရင်း မှင်ကုန်သွားသဖြင့် သဲကွဲစွာ မမြင်ရ။

"သွားပေတော့ မောင်ရင်။ သက်တန်းကုန်ရင် မင်းကို အထွက်တုံးပြန်ထုပေးမယ်။ Good luck. Welcome to my world. ဟုပင် မောင်လေပူကို နှုတ်ဆက်လိုက်သေး၏။

ထိုကြောင့်ပင် မြန်မာနိုင်ငံ တောင်ငူမြို့ ဟူသည့် အရပ်သို့ ယောင်လည်လည် ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။
အမည်သညာ ခေါ်စရာ မောင်လူပေရောက်ရှိလာခဲ့သော အချိန်သည်ကား ပိတောက်တွေ ရွှေရည်လူးသည့် နှစ်သစ်ကူးမည့်သင်္ကြန် အကြိုနေ့ မနက်ဖြစ်ရာ သင်္ကြန်ကား မောင်လူပေ၏ ဖွားဖက်တော်လည်း ဖြစ်သည်။

အနှီ အောင်ကြူကြူ မောင်လူပေကား မောင်မှကို၊ ကိုမှဦး ထိတ်စီးတွေလည်း ပြောင်းခဲ့၏။ အလွန်မေ့တတ်သူမို့ ဘယ်ကလာခဲ့သည်လည်း မမှတ်မိတော့။ ဘယ်တော့ဗီဇာကုန်မည်ကိုလည်း မသိ။
ထိုကဲ့သို့ မသိချင်းတွေ တိုင်ပတ်နေရသည့်အထဲ ဆယ်စုနှစ်တခု ပေါင်းခဲ့ရသည့် ချစ်သူ လေးမမနှင့် ခွဲခွာကာ ငါးမမ ခေါ်ရာနောက်သို့ လိုက်ပါရချေဦးတော့မည်။

ငါးမမနှင့် မပေါင်းချင်ပါသဖြင့် ဂါ၍တနည်း ဝိတ်ဖြင့်တသွယ် အချိန်တရားသူကြီးထံပါး ချဉ်းကပ်ခစားပါသော်လည်း ပေါင်ချိန်ထက်တိကြသော ထိုအချိန်တရားသူကြီးက အယူခံကို ပ,လပ်လိုက်ပါသောကြောင့် မချစ်မနှစ်သက်သူ ငါးမမနှင့် ဆယ်စုနှစ်တစ်ခုကြာအောင် ပေါင်းသင်းရတော့မည် ဖြစ်ပါသည်။

သို့ပါသောကြောင့် မကြာမီကာလတွင် ထိပ်စီးပြောင်းကာ ငါးကျော် ဖြစ်ရမည့်အရေးအတွက် တွေးတော ပူပန်နေမိပါသည်။ ငါးကျော်ဘဝတွင် ဗီဇာသက်တန်း မကုန်သေးပါက မည်သို့ မည်ပုံ နေထိုင်ရမည်ကိုလည်း သိချင်ပါသည်။ ထို့ကြောင့် ငါးကျော်ပြီး သယ်ရင်း အပေါင်းအသင်းများမှ အကြံဉာဏ်များ ပေးနိုင်ကြပါကြောင်း၊ ဒီနှစ်သင်္ကြန်တွင်လည်း စိတ်ပိန်စွာဖြင့် ရေပက်ခံထွက်မည် မဟုတ်ပဲ ခါနာမှန်ရေးအတွက် အလုပ်ဆင်းရမည် ဖြစ်ပါကြောင်း သယ်ရင်းအပေါင်းအား အကြောင်းကြားအပ်ပါသည်။

အေပရယ်ရဲ့ မဟာသင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ