Wednesday, April 1, 2015

ငါးကျော် တကောင်ရဲ့  ခရီး

လွန်ခဲ့သော နှစ်ငါးဆယ်ကျော်ခန့်က အပြည်ပြည်ဆိုင်ရာ လမ်းခွဲရှိ စစ်ဆေးရေးဂိတ်တွင် လူအများ တန်းစီလျှက်ရှိလေသည်။ ထိုဂိတ်ကို ဖြတ်သန်းရန် စောင့်နေသော လူအုပ်ထဲတွင် အောင်ကြူကြူအမူအရာဖြင့် တန်းစီစောင့်စားနေသူတစ်ဦးသည်ကား ယခုအချိန်တွင် မောင်လူပေဖြစ်လာမည့် မောင်လေပူပင် ဖြစ်သည်။

စစ်ဆေးရေးတပ်ချုပ်ကြီးမှာ နာမည်တစ်ဦးချင်းဆီခေါ်လိုက်၊ သူ့အံဆွဲထဲမှ ထိုသူ၏ ဖိုင်တွဲနှင့် ယှဉ်၍ စစ်ဆေးလိုက် လုပ်နေသောကြောင့် အချိန်အတော်ကြာသည့်တိုင် ကိုယ့်အလှည့် မရောက်နိုင်ပဲ ဖြစ်နေလေသည်။

ဘေးပတ်ဝန်းကျင်တခွင်မှာတော့ အထက်ပြည်၊ အောက်ပြည်ဟု လမ်းညွန်ဆိုင်းဘုတ်များ ညွှန်ပြထား၍ အထက်ပြည်ဆိုင်းဘုတ် အဆုံးတွင် ပန်းရထားပုံစံ ယာဉ်ပျံကြီးများက တန်းစီစောင့်နေလေသည်။ စစ်ဆေးရေး တပ်ချုပ်ကြီးထံမှ ရွှေလက်မှတ်(Golden ticket) ရရှိသူကိုသာ လက်ခံသောကြောင့် ချောင်ချိလျှက်လည်း ရှိပါသည်။ ထို ပန်းရထားယာဉ်မောင်းများမှာလည်း တောက်ပြောင်သော အဝတ်များဝတ်ဆင်ထားကာ အလွန် ကျက်သရေရှိသူများ ဖြစ်လေသည်။

အောက်ပြည်သို့ဟူသည့် ဆိုင်းဘုတ် အဆုံးမှာတော့ ညစ်ပတ်ပေရေနေသော ထော်လာဂျီများ တန်းစီစောင့်နေပြီး ထို ထော်လာဂျီများပေါ်တွင်လည်း လူအများ ပြည့်ကျပ်နေသောကြောင့် နံစော်၍ နေသည်။ ထိုလူများကို ခေါ်ဆောင်သွားမည့် သူတွေကလည်း ပုံဆိုးပန်းဆိုးနှင့် အကြည့်ရ ဆိုးလှပေသည်။

" မောင်လေပူ၊ မောင်လေပူ"
ကိုယ့်နာမည် ခေါ်သံကြားသဖြင့် စစ်ဆေးရေးတပ်ချုပ်ကြီးထံ အပြေးသွားလိုက်သည်။ ထိုသူက မောင်လေပူကို တချက်ကြည့်ရင်း သူ့လက်ထဲမှ ဖိုင်တွဲကို ဖွင့်လိုက်သည်။ ဖိုင်တွဲထဲမှာတော့ မည်သည့်အချိန်က မည်သူ မှတ်တမ်းတင်ထားသည် မသိရသည့် မောင်လေပူ၏ ဘဝမှတ်တမ်းများကို ဓါတ်ပုံ များနှင့်တကွ တွေ့ရလေသည်။ (ယခုအခါတွင် ထိုစစ်ဆေးရေးဂိတ်မှာ ခေတ်မှီ ကွန်ပြူတာများ အသုံးပြုနေကာ ဒေတာများစစ်ဆေး နေပြီ ဖြစ်သဖြင့် အရင်လို အကြာကြီးစောင့်ရန်မလိုတော့ဟု ကြားသိရသည်။ ဤကား စကားချပ်။)

"မင်းမှာ 'ကိုသု' ထုတ် ဘယ်နှစ်ထုတ်ပါလဲ"
" ဒီတစ်ထုတ်ပဲပါပါတယ်။ အဘချုပ်ကြီး ခင်ဗျား။"

ငါ့ကိုမဖါးနဲ့။ ပုံမှန်ဆက်ဆံ။ မင်းရဲ့ 'ကိုသု' အထုတ်က သေးနေတယ်ကွ။ ဒီတော့ မင်းငေးကြည့်နေတဲ့ ပန်းရထားယာဉ်ပျံအတွက် ရွှေလက်မှတ် ထုတ်ပေးလို့ မရဘူး။ မင်းရဲ့ဖိုင်ကလည်း သိပ်ဆိုးတာတွေ မပါလို့ အောက်ပြည်လည်း ပို့စရာ မလိုဘူး။ ဒီတော့ မင်းကို လူ့ပြည်ကို ပို့မယ်။ ဒီမှာ လူ့ပြည်အတွက်ဗီဇာစာရွက်။ ဟိုရောက်ရင် ဘယ်လောက်နေရမယ်ဆိုတာ အဝင်တုံး ထုပေးလိမ့်မယ်။ ဗီဇာကုန်ရင်တော့ အထွက်တုံး ပြန်ထုပြီး ငါ့ဆီ ပြန်လာခဲ့ပေါ့။ဒါပဲ။"

ဟု စစ်ဆေးရေးတပ်ချုပ်ကြီးက အမိန့်ချလိုက်ပြီး ရွှေရောင်ပန်းရထားယဉ်များအား စောင်းငန်းစောင်းငန်းနှင့် ကြည့်ကာ သွားရည်ကျနေသော မောင်လေပူကို သွားတော့ဟု နှင်ထုတ်လိုက်တော့သည်။

လူ့ပြည်ဆိုသည်ကား နီးလှသည်မို့ ဘယ်ယာဉ်မှ စီးရန်မလို။ ခြေလျှင် လျှောက်ယုံသာ။ လူ့ပြည်ဟူသောလမ်းညွှန်ဆိုင်းဘုတ်အတိုင်း လျှောက်ခဲ့ရာ တခဏနှင့်ပင် ရောက်လာလေသည်။ လူ့ပြည်အဝင်တွင် လူ့ပြည် လူဝင်မှုကြီးကြပ်ရေးအရာရှိနှင့်တွေ့ရန် တန်းစီရပြန်သည်။

လူ့ပြည်ဝင်ပေါက်မှ လှမ်းကြည့်ပါက အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန် စသည်ဖြင့် နိုင်ငံဝင်ပေါက်များ တန်းစီထားသည်။လူ့ပြည် လဝက အရာရှိမှ ထုပေးသော ဗီဇာတုံးကို ကြည့်ပြီး သွားရုံသာပင်။

မောင်လေပူဟု ခေါ်သံအကြား လဝက အရာရှိထံ ရောက်သည်။ သူက လူ့ပြည်ဗီဇာကို စစ်ဆေးပြီး မြန်မာနိုင်ငံ တောင်ငူမြို့သို့သွားရန်ဟူ၍ ဗီဇာစာရွက်မှာ ရေးပေးလိုက်သည်။ ဆိုက်ရောက်နေ့စွဲ (၁၃/၀၄/၁၉၆၅) သက်တန်းကုန်နေ့စွဲ(--/--/--) ဟု အဝင်တုံးထုပေးသည်။
သက်တန်းကုန်နေ့စွဲက သူရေးနေရင်း မှင်ကုန်သွားသဖြင့် သဲကွဲစွာ မမြင်ရ။

"သွားပေတော့ မောင်ရင်။ သက်တန်းကုန်ရင် မင်းကို အထွက်တုံးပြန်ထုပေးမယ်။ Good luck. Welcome to my world. ဟုပင် မောင်လေပူကို နှုတ်ဆက်လိုက်သေး၏။

ထိုကြောင့်ပင် မြန်မာနိုင်ငံ တောင်ငူမြို့ ဟူသည့် အရပ်သို့ ယောင်လည်လည် ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။
အမည်သညာ ခေါ်စရာ မောင်လူပေရောက်ရှိလာခဲ့သော အချိန်သည်ကား ပိတောက်တွေ ရွှေရည်လူးသည့် နှစ်သစ်ကူးမည့်သင်္ကြန် အကြိုနေ့ မနက်ဖြစ်ရာ သင်္ကြန်ကား မောင်လူပေ၏ ဖွားဖက်တော်လည်း ဖြစ်သည်။

အနှီ အောင်ကြူကြူ မောင်လူပေကား မောင်မှကို၊ ကိုမှဦး ထိတ်စီးတွေလည်း ပြောင်းခဲ့၏။ အလွန်မေ့တတ်သူမို့ ဘယ်ကလာခဲ့သည်လည်း မမှတ်မိတော့။ ဘယ်တော့ဗီဇာကုန်မည်ကိုလည်း မသိ။
ထိုကဲ့သို့ မသိချင်းတွေ တိုင်ပတ်နေရသည့်အထဲ ဆယ်စုနှစ်တခု ပေါင်းခဲ့ရသည့် ချစ်သူ လေးမမနှင့် ခွဲခွာကာ ငါးမမ ခေါ်ရာနောက်သို့ လိုက်ပါရချေဦးတော့မည်။

ငါးမမနှင့် မပေါင်းချင်ပါသဖြင့် ဂါ၍တနည်း ဝိတ်ဖြင့်တသွယ် အချိန်တရားသူကြီးထံပါး ချဉ်းကပ်ခစားပါသော်လည်း ပေါင်ချိန်ထက်တိကြသော ထိုအချိန်တရားသူကြီးက အယူခံကို ပ,လပ်လိုက်ပါသောကြောင့် မချစ်မနှစ်သက်သူ ငါးမမနှင့် ဆယ်စုနှစ်တစ်ခုကြာအောင် ပေါင်းသင်းရတော့မည် ဖြစ်ပါသည်။

သို့ပါသောကြောင့် မကြာမီကာလတွင် ထိပ်စီးပြောင်းကာ ငါးကျော် ဖြစ်ရမည့်အရေးအတွက် တွေးတော ပူပန်နေမိပါသည်။ ငါးကျော်ဘဝတွင် ဗီဇာသက်တန်း မကုန်သေးပါက မည်သို့ မည်ပုံ နေထိုင်ရမည်ကိုလည်း သိချင်ပါသည်။ ထို့ကြောင့် ငါးကျော်ပြီး သယ်ရင်း အပေါင်းအသင်းများမှ အကြံဉာဏ်များ ပေးနိုင်ကြပါကြောင်း၊ ဒီနှစ်သင်္ကြန်တွင်လည်း စိတ်ပိန်စွာဖြင့် ရေပက်ခံထွက်မည် မဟုတ်ပဲ ခါနာမှန်ရေးအတွက် အလုပ်ဆင်းရမည် ဖြစ်ပါကြောင်း သယ်ရင်းအပေါင်းအား အကြောင်းကြားအပ်ပါသည်။

အေပရယ်ရဲ့ မဟာသင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

 

No comments:

Post a Comment