Thursday, April 23, 2015

နှုတ်ဆက်ခြင်း အနုပညာ

လူ့ယဉ်ကျေးမှုမှာ လူအချင်းချင်း တွေ့ကြတဲ့အခါ လေးလေးစားစား နှုတ်ဆက်ကြရပါတယ်။ တချို့က လက်အုပ်ချီတယ်။ တချို့က လက်ဆွဲတယ်။ တချို့က ဖက်တယ်။ တချို့က ခေါင်းချင်းထိတယ်။ ဒါ ယဉ်ကျေးတဲ့ လူတိုင်း လိုက်နာရမဲ့ အစဉ်အလာပဲ။

လူကို လူလို့ပဲ မြင်တတ်ဖို့လိုတယ်။ မုတ်ဆိတ်ကြီးနဲ့ ဖြစ်ဖြစ်၊ ကတုံးနဲ့ ဖြစ်ဖြစ်၊ ဆံရှည်နဲ့ ဖြစ်ဖြစ် ဘယ်လူမျိုး ဘယ်ဘာသာဝင် ဖြစ်ဖြစ် လူမှန်ရင် လူ့တန်ဘိုးကို နားလည်တတ်ရမယ်။

ဒလိုင်လားမားနဲ့ တွေ့ဆုံပွဲတွေ ကြည့်ဖူးတယ်။ စင်ပေါ်တက်လာရင် လက်အုပ်ချီပြီး ပရိတ်သတ်ကို နှုတ်ဆက်တယ်။ ပြန်ဆင်းသွားရင်လည်း လက်အုပ်ချီပြီးမှ ဆင်းတယ်။ ဘာသာပေါင်းစုံက လာတွေ့ကြတဲ့ သူတွေကိုလည်း လက်အုပ်ချီပြီး စကားပြောတယ်။ မေတ္တာ ကြီးမားသူတွေဟာ လူသားအားလုံးကို လေးလေးစားစား ဆက်ဆံတတ်တဲ့ သဘောပါပဲ။

ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွေမှာလည်း ဘာသာရေးခေါင်းဆောင်တွေ လက်အုပ်ချီပြီး တစ်ဦးကိုတစ်ဦး အရိုအသေ ပေးကြတာ မကြာခဏ တွေ့ဖူးပါတယ်။

လက်အုပ်ချီပြီး အရိုအသေပြုတဲ့ အမူအကျင့်ကို ထိုင်းတို့ လာအိုတို့ ကမ္ဘောဒီးယားတို့လို ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ တွေ့ရတယ်။ အပြန်အလှန် လက်အုပ်ချီကြတယ်။ပြန်ပြီး အရိုအသေ ပေးတဲ့သဘောပေါ့။

မြန်မာပြည်မှာတော့ တပ်က ခေါင်းဆောင်တွေကို ပြည်သူတွေက လက်အုပ်ချီပြီး ကြိုနေကြတဲ့ သတင်းဓါတ်ပုံတွေ မကြာခဏ တွေ့ဖူးပေမဲ့ အဲဒီ ခေါင်းဆောင်တွေက ပြန်ပြီး လက်အုပ်ချီ အရိုအသေပေးတာ တွေ့ခဲပါတယ်။

မောင်လူပေတို့ ဗမာတွေရဲ့ ယဉ်ကျေးမှုမှာ ဘယ်လို နှုတ်ဆက်ရမယ်လို့ မသတ်မှတ်ထားပါ။ နှုတ်ဆက်စကားလည်း အတိအကျ မရှိ။ တွေ့ရင် မင်္ဂလာပါ။ နေကောင်းလား နဲ့ ပြောတတ်ပေမဲ့ တိတိကျကျ သတ်မှတ်မထား။

ဘိုတွေက ဟိုင်း။ တရုတ်က နီးဟောင်။ ကုလားက နမတ်စတေ။ ယိုးဒယားက ဆဝါဒီခပ် စသည်ဖြင့် သတ်မှတ်ထားတာ။ ဗမာကတော့ ပြုံးပြရင် လုံလောက်ပါသတဲ့။

ဘာပဲဖြစ်ဖြစ် လူလူချင်း ကြီးငယ်မဟူ တွေ့ကြတဲ့အခါ အရိုအသေပေးကြတဲ့ အစဉ်အလာလေးတခု မြန်မာပြည်မှာ ဆက်လက်တည်တံ့ပါစေ။

( ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပွဲကို တက်ရောက်ကြတဲ့ ဘာသာပေါင်းစုံက လူတွေကို ရိုရိုသေသေ နှုတ်ဆက်ဂါရဝပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်အား လေးစားလျှက်။)

No comments:

Post a Comment