မောင်လူပေတို့ အိမ်မှာ လက်နက်ကိုင်တွေ အပစ်အခပ် ရပ်စဲရေး (မူကြမ်း) ကို လက်မှတ်ထိုးတယ်။
မောင်လူပေတို့ တစ်အိမ်လုံး လက်နက်ကိုင်တွေ ချည်းပဲ။ မောင်လူပေရဲ့ လက်နက်က ဝက်အူလှည့်၊ မဒန်ပေရဲ့ လက်နက်က အသားခုတ်တဲ့ဓါး၊ ပေသမီးရဲ့ လက်နက်က ခဲတံချွန်တဲ့ဓါး။
လက်နက်ကိုင်တွေ ဆိုတော့ လက်နက်အားကိုးနဲ့ ဗိုလ်ကျဖို့ပဲ ပြင်နေတာ။ မဒန်ပေက လက်နက်အားသာ လူအားသာ ( သူ့အမျိုးတွေက ဒီအနီးအနားမှာ အများကြီးရှိတယ်။) နဲ့ ဦးဆောင်တယ်။ မောင်လူပေက မိတ်ဆွေတွေ အားကိုးနဲ့ မကြောက်။ ပေသမီးကလည်း သူ့ သူငယ်ချင်းတွေ အားကိုးနဲ့ မဖြုံ။
ဂလိုနဲ့ပဲ အိမ်တွင်းစစ်မီးက ကြာရှည်လာခဲ့တာ။
ခုတော့ အိမ်ထဲရှိသမျှလည်း ပျက်စီး။ အမြဲဆူညံနေတဲ့ အိမ်မို့ ပတ်ဝန်းကျင်ကလည်း ပြောလှပြီမို့ အိမ်တွင်းစစ် ရပ်စဲရေးအတွက် မဒန်ပေက ဦးဆောင်ပြီး ပြောလာလို့ ဆွေးနွေးကြတာ။
တသက်လုံး ရန်ဖြစ်လာတဲ့သူတွေ ပြန်ချစ်ဖို့ဆိုတာ ဘယ်လွယ်မှာလဲ။ ဒီတော့ အပစ်ရပ်ရေး ဟုတ်ပေါင်ယောင်လို့ လက်နက်မကိုင်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် မနည်းကို ညှိကြရတယ်။ ဖက်ဒရယ် အိမ်ထောင်စုစနစ်ကို မဖြစ်မနေ ထူထောင်မည် လို့ မောင်လူပေက စာချုပ်ထဲ ထည့်ချင်တယ်။ မဒန်ပေက ဖက်ဒရယ်အိမ်ထောင်စု စနစ် တည်ဆောက်ရေး ကြိုးပမ်းမည်လို့ အဆိုပြုတယ်။ မောင်လူပေ လိုချင်တာက must have. မဒန်ပေ အဆိုပြုတာက will try. အဲဒါကိုပဲ သဘောထားကွဲပြီး ညှိမရတာ အကြာကြီး။
ပြီးတော့ အိမ်တွင်း ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးပြီးရင် လက်နက်မကိုင်ရလို့ မဒန်ပေက ဆိုပြန်တယ်။ သူကတော့ မီးဖိုချောင်ပိုင်သူမို့ ထမင်းဟင်း ချက်ရေးအတွက် အသားခုတ်ဓါးကို ဆက်ကိုင်ထားမယ်တဲ့။ သူ့မှာ အရွက်လှီးဓါးတွေ အသားခုတ်ဓါးတွေက နည်းတာမဟုတ်ဘူး။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့ အကျင့်က ပါနေဆဲ။ မောင်လူပေနဲ့ ပေသမီးက အဲဒီအဆိုကို လုံးဝ ပယ်ချတယ်။ လက်နက်ကိုင်ထားလို့ ဒီလောက်ထိ ပြောဆိုခွင့်ရတာ၊ လက်နက်မကိုင်ရင် သူ့လက်ခုပ်ထဲကရေ ဖြစ်သွားမှာပေါ့။ အဲလို ဟာတွေ ညှိနေရလို့ ဂလောက်ကြာသွားတာ။
ခုတော့ အတော်လေး အဆင်ပြေလာလို့ ငြိမ်းချမ်းရေးစာချုပ်(မူကြမ်း) ကို လက်မှတ်ထိုးတဲ့ထိတော့ တိုးတက်လာပြီ။
ဒါပေမဲ့ မူကြမ်းပဲ ရှိသေးတာနော်။ သိပ်လည်း အကောင်းမြင် မနေကြနဲ့။ ဒီမူကြမ်းကို ယူသွားပြီး မောင်လူပေက မိတ်ဆွေတွေနဲ့ ဆွေးနွေး၊ ပေသမီးက သူငယ်ချင်းတွေနဲ့ တိုင်ပင် ကြရဦးမှာ။
အားလုံးသဘောတူကြမှ ငြိမ်းချမ်းရေးစာချုပ်ကို တရားဝင် လက်မှတ်ထိုးနိုင်မှာ။ တစ်ယောက်ယောက်က မူကြမ်းကို နည်းနည်းပြန်ပြင်ချင်တယ်ဆိုရင် ပြန်ပြင်ဖို့ ညှိကြရဦးမယ်။
ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးဖြစ်မှ အိမ်တွင်း ဖက်ဒရယ်အတွက် မူဘောင်တွေချ ဆွေးနွေးကြနဲ့ အတော်ကြာဦးမယ့် သဘောပဲ။ အမျိုးသားညီလာခံလို ၁၄နှစ်ကျော် မဖြစ်သွားရင်ကံကောင်း။
လက်နက်ကိုင်ရင်းနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးထားကြတာ ဆိုတော့လည်း လက်နက်အားကိုးနဲ့ စိတ်အခန့်မသင့်ရင် အရင်လိုပဲ ထချကြမဲ့ ပွဲတွေလည်း ဖြစ်လာနိုင်တယ်။ သဘောတူစာချုပ်ကို သူကစဖေါက်တယ် ငါက စဖေါက်တယ်နဲ့ လက်ညှိုးတွေ ထိုးကြရင်း ဆွေးနွေးပွဲပျက်ပြီး အရင်လိုပဲ ဆူညံပူညံ မောင်လူပေတို့အသံ လည်း ဖြစ်နိုင်တာပဲ။ ဘာလို့ ဒီလို ပြောနိုင်တာလည်းလို့တော့ မမေးနဲ့။ အရင်လည်း ဒီလိုပဲ ဖြစ်ဖူးတယ်လေ။ အိမ်တွင်း ငြိမ်းချမ်းရေးက လက်မှတ်ထိုးလိုက် ပျက်လိုက် ပြန်ရန်ဖြစ်လိုက်နဲ့ ဂျာအေး သူ့အမေရိုက် ဖြစ်နေတာ ကြာလှပေါ့။
လောလောဆယ်တော့ မူကြမ်းအဆင့်လောက်နဲ့ပဲ ကြေနပ်ကြဦး။ မောင်လူပေနဲ့ မဒန်ပေ ငြိမ်းချမ်းရေးမူကြမ်း လက်မှတ်ထိုးပြီးပြီမို့ ဒီနှစ်အတာ သင်္ကြန်မှာ ပျော်ရွှင်စွာ ချစ်ကြည်ရေးတည်ဆောက်ရင်း ရေကစားကြမဲ့ ဓါတ်ပုံလေးတော့ ရိုက်ပြီးလို့ ရှယ်ပေးလိုက်တယ်။
တကယ် ငြိမ်းချမ်းရေး ရမရကတော့ ပိတ်ကားပေါ်မှာသာ ရှုစားကြပါလို့ ပြောချင်ပါတယ်။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment