လတန်ခူးမှာ အလှထူးတဲ့ ခူးချင်စရာ ပိတောက်ပန်းကို ရာသီပန်း မရွေးပဲ ကံ့ကော်ကို ပေးခဲ့တာ မဆန်းနေဘူးလား။
ပိတောက်က ပင်မြင့်စံပန်း။ ပြီးတော့ သင်္ကြန်မိုးလေး ပက်ဖြန်းပေးမှ ပွင့်တဲ့ပန်း။ လှတယ် မွှေးတယ်။ ဒါပေမဲ့ ကြာရှည် မခံဘူး။ ခဏနဲ့ အလှပြယ်တယ်။
ကံ့ကော်က သည်လိုမဟုတ်။ အပင်သေးမို့ တန်ချူလေးရှိရင် ရပြီ။ မိုးရွာရွာ
နေပူပူ သူ့ အချိန်ဆို ပွင့်တယ်။ လှတယ် မွှေးတယ်။ ကြာရှည်လည်း ခံတယ်။ ခဏနဲ့
အလှမပြယ်ပဲ ပန်သူ့ ဆံဖျားမှာ ကြာရှည်နားခိုတယ်။
အထူးခြားဆုံးကတော့ ကံ့ကော်ပန်းက ဆေးဖက်ဝင်ပါ သတဲ့။ ကံ့ကော် ဝတ်ဆံခြောက်လေးတွေကို ရှုရှိက်ပေးရင် အမူးအမော် ပြေစေတယ်။ သွေးဆေးဖေါ်တဲ့ နေရာမှာလည်း ကံ့ကော် ဝတ်ဆံကို ထည့်ကြတယ်။
ဒါကြောင့် ရှေး မြန်မာကြီးတွေက ရာသီပန်းရာထူးကို ပန်းကံ့ကော်အား မြှောက်စားခဲ့ပုံရတယ်။ အညာဆိုတော့ မိုးနည်းတယ်။ ပိတောက်ပင်ရှားတယ်။ ပိတောက်ပွင့်ဆိုတာ မြင်ရခဲမယ် ထင်တယ်။
ငယ်တုန်းကတော့ အလှပန်းလေးတွေ ပွင့်ရာ မြကျွန်းညို ကံ့ကော်တောမှာ သာမောခဲ့ဖူးတယ်။
စွယ်တော်မြေမှာ နေပေမဲ့ နှစ်လွှာတစ်ရွက် စွယ်တော်ခက်က အပင်သေးလို့ အရိပ်မရ မအေးမြလို့ ထင်ခဲ့တာ။
ခုတော့လည်း စွယ်တော်ရော ကံ့ကော်ပါ မပွင့်တဲ့ ချယ်ရီမြေမှာ ရောက်နေပြန်ရော။
ကံ့ကော်မြေက ချစ်ဆွေအပေါင်း နွေဦး သင်္ကြန်နဲ့အတူ ချမ်းမြေ့သာယာ ကြပါစေ။

No comments:
Post a Comment