Thursday, September 17, 2015

9/11 အမှတ်တရ


9/11 လို့ ခေါ်တဲ့ အမေရိကား World Trade Center တိုက်ခိုက်မှု ၁၄ နှစ်ပြည့်ပြီ။

Pentagon စစ်ဌာနချုပ်လည်း အတိုက်ခံရတယ်။ လေယဉ်တစ်စီးကတော့ ခရီးသည်တွေက ပြန်ခုခံလို့ လယ်ကွင်းထဲ ပျက်ကြသွားတယ်။

အပြစ်မဲ့ပြည်သူ စုစုပေါင်း သုံးထောင်နီးပါး အသက်ဆုံးခဲ့ရတယ်။ အဲဒီအထဲမှာ ရဲနဲ့မီးသတ်သမား လေးရာကျော် ပါတယ်။

အဲဒီနေ့မနက်က အိမ်မှာအိပ်နေတုန်း အော်စီရောက်နေတဲ့ သူငယ်ချင်းက ဖုန်းဆက်တယ်။ မင်းတို့ဆီက နယူးယော့ခ်မှာ လေယဉ်တိုက်မှု ဖြစ်နေသတဲ့။ ကိုယ်နေတာက ဆန်ဖရန်မို့ မိုင်သုံးထောင်ကျော်ဝေးတယ်။ အဝေးကြီးပဲကွ ဆိုပြီး ဖုန်းချလိုက်တယ်။ မနက်ရ နာရီလောက်ပဲရှိသေးတာမို့ ပြန်အိပ်ဖို့ကြိုးစားပေမဲ့ အိပ်မရတော့။

ဒါနဲ့ပဲ သူပြောတာ ဘာပါလိမ့်မလဲ ဆိုပြီး တီဗွီဖွင့်ကြည့်မှ အကြောင်းစုံသိရတော့တယ်။ အဲဒီအချိန်မှာ နယူးယော့ခ်အချိန် ၁၀ နာရီခွဲလောက်ရှိနေပြီ။ ဆန်ဖရန်မှာတော့မနက် ၇နာရီ ခွဲလောက်ပဲ ရှိသေးတယ်။

အမေရိကန်တနိုင်ငံလုံး ယူကြုံးမရ ကြေကွဲကြရတယ်။ ဘယ်သူလုပ်ကြံတာလဲ။ ဘာကြောင့်လဲ ဆိုတာတော့ အဲဒီတုန်းက မသိကြသေးဘူး။

အဲဒီနေ့က ဈေးတွေရော ရုံးတွေရော လုပ်ငန်းတွေ အကုန်ရပ်ပြီး အားလုံးအိမ်ပြန်ခွင့်ပေးတယ်။ ဝမ်းနည်းခြင်းပြတဲ့သဘော။

မကြာခင်မှာပဲ လုပ်ကြံသူတွေဟာ နိုင်ငံခြားကဝင်လာတဲ့ သူတွေ အယ်လ်ကိုင်းဒါးအကြမ်းဖက်သမားတွေ ဆိုတာ ပေါ်တယ်။

အမေရိကန်အစိုးရက ကိုင်တွယ်တာ ပါးနပ်တယ်။ မွတ်စလင်တွေကို အကာအကွယ်ပေးတယ်။ သတင်းတွေမှာလည်း ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေ လို့သာ ကြေညာပေးတယ်။ မွတ်စလင်ဆန့်ကျင်ရေး လုံးဝ မလုပ်ပဲ မွတ်စလင်ခေါင်းဆောင်တွေကို သမ္မတက ခေါ်တွေ့ဆွေးနွေးတယ်။ အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး လူတွေထိတွေ့မှုရှိလာအောင် သိရှိလာအောင် လုပ်စေတယ်။ အမေရိကန်မွတ်စလင်တွေကလည်း အယ်လ်ကိုင်းဒါး မူစလင်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖေါ်တယ်။ အစိုးရက Hate Speech ( မုန်းတီးရေးစကားပြောဆိုမှု) ဟာရာဇဝတ်မှုမြောက်တယ်ဆိုတာ ပြည်သူတွေကို သတိပေးတယ်။ မြို့ကြီးတွေမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေလုပ်တယ်။

ဒါကြောင့် ခေါင်းပေါင်းတဲ့ ပန်ချာပီနှစ်ယောက် တောမြို့လေးတွေမှာ လူမှားအသတ်ခံရတာက လွဲပြီး လူမျိုးရေးအဓိကရုဏ်း ဘာသာရေးအဓိကရုဏ်း မဖြစ်ခဲ့ဘူး။

ကျွန်တော်တို့တွေအတုယူသင့်တဲ့ ကိုင်တွယ်မှုလို့ ယူဆလို့ တင်ပြလိုက်ပါတယ်။
 
 
 

No comments:

Post a Comment