Thursday, September 17, 2015

NLD ကို မဲပေးစို့ 

ခုတလော အွန်လိုင်းပေါ်မှာ အပြောအများဆုံးက ရွေးကောက်ပွဲ။ ထောက်ခံကြတဲ့ပါတီက NLD ချည်း တွေ့နေရတယ်။ အနုပညာရှင်တွေရော အတတ်ပညာရှင်တွေရော သာမန်အရပ်သားတွေရော ထောက်ခံကြ ပရိုဖိုင်းပုံတွေ ပြောင်းကြနဲ့ အားတက်စရာ။

တဖက်ကလည်း ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်လာတယ်။ အဲလို ဖြစ်လာရင် သူတို့ ပြန်လာမယ် တဲ့။ ၉၀ ကိုကြည့်ကြတဲ့။ ဖြဲခြောက်ပြနေတဲ့သဘော။

ရွေးကောက်ပွဲက ၂၀၀၈ခြေဥအောက်က သွားရမှာမို့ ဆန့်ကျင်တယ် မဲမထည့်ဘူးဆိုပြီး ဘူးသီးသီးတဲ့ဆရာတွေလည်း ရှိသေးတယ်။

ကျွန်တော့သူငယ်ချင်းအချို့ကလည်း ပြောကြတယ်။ ၉၀လိုညစ်ပြီးမပေးဘူးကွာဆိုရင် ဘာလုပ်ကြမှာလဲ Plan B ရှိလားတဲ့။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ အားလုံးက သတ်မှတ်ထားတဲ့ အန်တီစုက ၂၀၁၂ မှာ ကြားဖြတ်ဝင်တော့လည်း ကျွန်တော်အပါအဝင် အတော်များများက သဘောမကြခဲ့ပါ။ ၂၀၀၈ ခြေဥကို ဒူးထောက်ရတယ်လို့ ယူဆခဲ့ကြတယ်။ ခြေကုန်လက်ပမ်းကျနေတဲ့ လူထုအတွက် ရွေးစရာမရှိတော့လို့ ဒီနည်းကို ရွေးလိုက်တာပဲလို့သာ နားလည်ပေးခဲ့ရတယ်။

လွှတ်တော်တွင်းမှာ သူတတ်နိုင်သလောက် ခြေဥကို ပြင်ဖို့ ကြိုးစားခဲ့ပေမဲ့ အစထဲက ပြင်ဖို့ခက်အောင်ရေးထားတာမို့မအောင်မြင်။ ဗီတိုအာဏာပိုင်တဲ့ တပ်ချုပ်က ကန့်ကွက်တော့ လွှတ်တော်မှာ မဲအများစုနဲ့ ရှုံးရ။

အခုလည်း လွှတ်တော်တွင်း အများစုရရေး ၂၀၁၅ ရွေးကောက်ပွဲလမ်းကြောင်းနဲ့ ဆက်လျှောက်တယ်။ NLD ဟာ နှစ်ပေါင်းများစွာ အဖိအနှိပ်ခံပြီး ကြံ့ကြံ့ခံရပ်တည်ခဲ့တာရယ် အန်တီစုရဲ့ စွန့်လွတ်မှုတွေ အရှိန်အဝါတွေရယ်ကြောင့် ပြည်သူအများစုရဲ့ ထောက်ခံမှုရပြီး အောင်ပွဲခံဦးမှာ အသေအချာ။

အဲဒီကြမှ ပွဲကစမှာ။ တပ်ကကြီးစိုးတဲ့ ရွေးကော်က ရလာဒ်ကို ဘယ်လို ထုတ်ပြန်မလဲ။ တပ်ချုပ်က ဘယ်လို ဆက်လုပ်မလဲ။ အဲဒီအတွက် NLD မှာ Plan B ရှိပြီး ဖြစ်နေမှာပါ။ ၉၀ရဲ့ အတွေ့အကြုံကို သင်ခန်းစာယူနိုင်ခဲ့ပြီပဲ။ တပ်ကလည်း တမတ်သားအဆင်သင့်နဲ့ ဗီတိုရထားပြီးသား လက်ရှိအခြေအနေကို ဖျက်ပြီး နာမည်ပျက်ခံတော့မည် မထင်။ အန်တီစုကလည်း တပ်မပါပဲ သူဘာမှ လုပ်လို့မရဘူးဆိုတာ သိပြီးသားမို့ စိုးရိမ်ဖွယ်မမြင်။

အသွင်ကူးပြောင်းရေးဆိုတာ ရှင်းရှင်းပြောရရင် အာဏာခွဲဝေရေးပဲ။ တပ်နဲ့ပြည်သူ့အစိုးရ အာဏာကို ညီမျှစွာ ခွဲဝေနိုင်အောင် ခြေဥကြီးက ရေးထားပြီးသား။

အာဏာခွဲဝေတဲ့အခါ အသာစီးရဖို့ NLD ကိုသာ မဲပေးရမယ်။

အန်တီစု သမ္မတဖြစ်ဖို့က နောက်။ NLD အပြတ်နိုင်ရေးက ပထမမို့ မဲရုံသွားပြီး အားပေးထောက်ခံကြပါစို့။


 

No comments:

Post a Comment