တရုတ်စတော့ဈေးကွက်
ကိုတရုတ်ကြီးတို့ရဲ့
စတော့ရှယ်ယာတွေ ပြုတ်ကြတာ အမြင့်ဆုံးကနေ ရေတွက်ရင် လေးဆယ်ရာနှုန်းလောက်
ရှိပြီတဲ့။ စီးပွားရေးတိုးတက်မှုနှုန်း နှေးနေတာရယ်၊ ကုန်ထုတ်မှု နည်းတာရယ်၊
ယွန်ငွေတန်ဖိုးချတာရယ် ကမ္ဘာ့စီးပွားရေး နှေးကွေးတာရယ်
ပေါင်းဆုံသွားတာကြောင့် ဒီလိုဖြစ်ရတယ်လို့ ဆိုတယ်။
တရုတ်အစိုးရ ရှယ်ယာရောင်းဝယ်ရေးစည်းကမ်းတွေ တင်းကြပ်လိုက်တယ်။ ယွန်ငွေ တန်ဖိုးတွေ ဆက်ချတယ်။ အတိုးနှုန်းတွေ လျှော့ပေးတယ်။ ဘဏ်တွေရဲ့ စည်းမျဉ်းတွေကို လျှော့ပေးတယ်။ ဒါပေမဲ့ ခဏပဲ ပြန်တက်လာပြီး ပြန်ကျသွားပြန်တယ်။
၂၀၀၈ အမေရိကန်စတော့ဈေးကွက်ပျက်တော့
တောင့်ခံခဲ့တဲ့ တရုတ်စတော့ရှယ်ယာတွေ အခုလို ဈေးကွက်ပျက်ရတာဟာ
မည်သူမပြုမိမိမှုဆိုသလို သူတို့ကိုယ်တိုင် ဂရုမစိုက်မှုကြောင့်သာ
ဖြစ်ရတယ်လို့ဆိုတယ်။
ကမ္ဘာ့စီးပွားရေးက အခုထိ မခိုင်မာသေးပါ။
အမေရိကန်နိုင်ငံတခုတည်းသာ နလန်ထူပြီး ပြန်ကျန်းမာလာတာ။ သူ့ရဲ့အိမ်နီးချင်း
ကနေဒါတို့၊ ဥရောပတို့ဆိုရင် ခုထိ နလံမထနိုင်ကြသေး။ ဂျပန်လည်း ထိုနည်းတူစွာ
နလံထဖို့ ကြိုးစားနေရဆဲ။
နိုင်ငံအားလုံးက အသုံးစားရိတ်တွေခြွေတာပြီး စီးပွားရေးပြန်လည်ဦးမော့ဖို့
ကြိုးစားနေရတဲ့အချိန်မှာ တရုတ်က အသုံးစားရိတ်တွေ တိုးချဲ့ခဲ့ပါတယ်။
စစ်အသုံးစားရိတ်တွေ တိုးသုံးတယ်။ လျှပ်စစ်ရထားလမ်းတွေ တိုးချဲ့တယ်။
ဆောက်လုပ်ရေးတွေ တိုးချဲ့တယ်။ အဲဒီလို လုပ်ဖို့အတွက် စတော့တွေကို
တိုးချဲ့ခွင့်ပေးခဲ့ပါသတဲ့။ ဈေးကွက်ထဲကို အလျှံပယ် ထပ်ရောက်လာတဲ့စတော့သစ်တွေကို ရောင်းရတဲ့ငွေတွေနဲ့ ဒီလို နိုင်ငံရဲ့ ဆောက်လုပ်ရေးအတွက်သုံးလိုက်တဲ့အတွက် အခုလိုအချိန်မျိုးမှာ တရုတ်ဗဟိုဘဏ်က ဝင်ထိမ်းသိမ်းနိုင်စွမ်း အားနည်းစေပါတယ်တဲ့။
မဆင်မခြင် ငွေတွေသုံးရတာကတော့ နိုင်ငံတကာအမြင်မှာ တိုးတက်တဲ့တရုတ်နိုင်ငံကြီးအဖြစ် ကြွားဝါချင်လို့ပါ တဲ့။ အကျင့်ပျက်ခြစားမှုကြောင့် မြန်မာပြည်လိုပဲ ဆီးသီးဗန်းခဏခဏ မှောက်တာလည်း တကြောင်းပါတယ်လို့ ဆိုတယ်။
အခုတော့ အကျင့်ပျက်ခြစားမှုတွေကို အရေးယူ။ အသုံးငွေတွေလျှော့။ ဘဏ်တိုးနှုန်းလျှော့။ ငွေတန်ဖိုးချနဲ့ အပြင်းအထန် ကျားကန်နေရပြီ။
ဆင်ပိန်ကျွဲလောက်မို့ တရုတ်စီးပွားရေးဟာ တဖြည်းဖြည်းတော့
ပြန်ကောင်းလာမယ်လို့ ယူဆကြပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်လည်း
ဖြစ်စရာမရှိပါဘူးတဲ့။ ရေနံဈေးကတော့ အမေရိကန်က ထုတ်လုပ်မှု
ဖြတ်တောက်မယ်ဆိုတာနဲ့ လေးဆယ်ထိကျနေရာကနေ တစ်ပီပါကို ဒေါ်လာငါးဆယ်ထိ
ပြန်ဖြစ်လာပြီ။
စတော့ဈေးကွက်ထောင်ဖို့ ကျိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် အတုယူစရာပဲလို့ထင်လို့ သတင်းတွေထဲက တွေ့သမျှလေး ဝေငှပါတယ်။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment