Thursday, September 3, 2015

ကစားကြမလား ပင်ညားတာ

စပိန်နွယ်ဖွားကလေးတွေ ကစားတဲ့ကစားနည်း တစ်ခု ရှိတယ်။ မွေးနေ့ပါတီတို့ ဘာတို့မှာ ကစားလေ့ရှိတယ်။ အဖြူတွေလည်း ကစားတတ်တယ်။ မျက်လုံးကိုအဝတ်စီးပြီး piñata (ပင်ညားတာ) လို့ခေါ်တဲ့ စက္ကူရုပ်ကြီးကို တုတ်နဲ့ကွဲအောင် ရိုက်ကြတဲ့ ကစားနည်းပါ။

အရုပ်ကြီးထဲမှာ များသောအားဖြင့် သကြားလုံးတွေ ထည့်ထားလေ့ရှိတယ်။ သစ်ကိုင်းတို့လို၊ ထုတ်တန်းတို့လိုနေရာမှာ ကြိုးနဲ့တွဲလောင်းချီထားတတ်တယ်။ရိုက်ချင်တဲ့ကလေးတွေကို တန်းစီခိုင်းတယ်။ တယောက်ချင်း ရိုက်ခိုင်းတယ်။ မျက်စိအဝတ်စီးထားတော့ မမြင်မကန်းနဲ့ လှမ်းရိုက်ကြရတယ်။

အရုပ်ကွဲသွားရင် အောက်ကိုကျလာတဲ့ သကြားလုံးတွေ ဝိုင်းလုကြရင်း ပျော်ကြတဲ့ ကစားနည်း။ စပိန်နွယ်ဖွားတွေ အများစုနေတဲ့ နေရာတွေက စတိုးဆိုင်တွေမှာ ဒီအရုပ်ကြီးတွေကို တွေ့နိုင်တယ်။ များသောအားဖြင့် ပုံပြင်ထဲက အကောင်တွေ ဖန်စီပုံတွေပါပဲ။

အခုတော့ အဲဒီ ပင်ညားတာ အရုပ်ရိုက်ကစားနည်းအတွက် အရုပ်အသစ်တခု ပေါ်လာပါတယ်။ ရောင်းမလောက်ပါပဲတဲ့။ အရုပ်အသစ်ကတော့ Donald Trump ( ဒေါ်နယ်ထရန့် ) လို့ခေါ်တဲ့ သူဌေးကြီးရဲ့ အရုပ်ပါပဲ။

အဲဒီသူဌေးကြီးက လာမဲ့၂၀၁၆ သမ္မတရွေးပွဲမှာ ဝင်ပြိုင်ဖို့ မဲဆွယ်နေတယ်။ သူသမ္မတအရွေးခံရရင် အမေရိကန်နိုင်ငံထဲကို တရားမဝင်ရောက်နေတဲ့ စပိန်နွယ်ဖွားတွေအများစုဖြစ်တဲ့ သူတွေကို သူတို့နိုင်ငံတွေဆီ ပြန်ပို့မယ်။ မက္ကဆီကို နယ်စပ်ကြီးတခုလုံးကို ခြံစည်းရိုးကာမယ်။ အမေရိကန်မှာ မွေးရင် အမေရိကန်နိုင်ငံသားပေးတဲ့ အချက်ကို ပြင်မယ်နဲ့ အဖြူအများစုအကြိုက် မဲဆွယ်တယ်။ မက္ကဆီကန်လူမျိုးတွေဟာ လူဆိုး၊သူခိုးနဲ့ မကောင်းတာတွေပဲ လုပ်တတ်တယ်ရယ်လို့ နှိမ်ချတဲ့စကားလုံးတွေ မဆင်မချင် ပြောတယ်။ သူကလည်း တီဗွီမှာ အလုပ်သင်စီးရီးတွေ ပြတဲ့အခါ You are fired. (မင်းကိုအလုပ်ဖြုတ်လိုက်ပြီ။) ဆိုတဲ့စကားလုံးတွေနဲ့ နာမည်ကြီးတဲ့ အိမ်ခြံမြေသူဌေးကြီးမို့ ဘယ်သူ့ကိုမှ ဂရုစိုက်ပုံမရ။ စပိန်နွယ်ဖွား မက္ကဆီကန်တွေ ဆိုတာကလည်း အများစုက ဘယ်သူမှမလုပ်ချင်တဲ့ သန့်ရှင်းရေး၊ အိမ်ဖေါ်စတဲ့အလုပ်ကြမ်းတွေ လုပ်ကြရတဲ့ အခြေခံလူတန်းစားတွေမို့ ပိုလို့အထင်သေးပုံ ရတယ်။ ( မြန်မာတွေ ထိုင်းတို့၊ မလေးရှားတို့လို နိုင်ငံတွေမှာ အထင်သေးခံရပုံနဲ့ ဆင်တူပါတယ်။)

ဒါကြောင့် တဦးကစေတနာ တဦးကမေတ္တာဆိုတဲ့စကားလိုပဲ သူ့ကို စပိန်နွယ်ဖွားတွေက အလွန်မုန်းတီးကြတယ်။ သူ့ကို အရိုင်းအစိုင်းအဖြစ် ပြန်ပြီးသရော်ကြတယ်။ အခုတော့ သူ့ရဲ့ပုံစံတူ ပင်ညာတာစက္ကူရုပ်လုပ်ပြီး ကွဲအောင် ရိုက်ကြတဲ့အထိ ဖြစ်လာတော့တာပါပဲ။

အရုပ်ထဲမှာ သကြားလုံးတောင်မထည့်တော့ပဲ ခဲတွေ သဲတွေ ထည့်ကြသတဲ့။ ရိုက်တဲ့သူတွေကလည်း လူကြီးတွေပါ ပါကြသတဲ့။ ဒေါ်နယ်ထရန့်အရုပ်ကြီး ရွဲ့စောင်းကွဲထွက်သွားတဲ့အခါ သြဘာပေးကြတယ်ပေါ့။

ကျွန်တော်တို့ မြန်မာပြည်မှာရော အဲဒီကစားနည်းလေးကို ပုံတူယူကြပြီး ကစားကြည့်ကြရင် မကောင်းပေဘူးလား။ တုတ်တချောင်းနဲ့ စက္ကူရုပ်ရိုက်တဲ့ကစားနည်းသစ်ကို ထွင်ကြရအောင်။ စက္ကူရုပ်ပုံကတော့ ကိုယ့်သဘော။ ကိုယ်မကြိုက်တဲ့သူရဲ့ ပုံလေးတွေ တည်ထွင်ကြတာပေါ့။ ဘယ်သူ့ပုံလုပ်ပြီး ရိုက်ချင်ကြပါသလဲ။ သိချင်စမ်းပါဘိဗျာ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ



 

No comments:

Post a Comment