Thursday, September 17, 2015

လေပေါင်းစုံ

ကျန်းမာတော်မူကြပါစ ခင်ဗျာ။
(အဲ့တာက မိုးလေဝသကြီးရဲ့လေ။)

မိဘပြည်သူများခင်ဗျာ။
(အဲ့ဒါက သမ္မတကြီးရဲ့လေ။)

လူသားအားလုံးကို လေးစားပါတယ်။
(အဲဒါက ဦးကျော်ရဲ့လေ။)

တပ်မတော်သာအမိ၊ တပ်မတော်သာအဖ။
(အဲ့ဒါက အားလုံးသိပြီးသားမို့ ဘယ်သူ့လေလို့ ပြောရန်မလို။)

ပြညိသူသာအမိ၊ ပြည်သူသာအဖ။
(အစက လူ့ဘောင်သစ်တွေသုံးတယ်။ အခုတော့ အားလုံး ယူသုံးကြတဲ့လေ။)

ပြောင်းလည်းချိန်တန်ပြီ။
(ဒီချုပ်ရဲ့ လိုဂိုလေ။)

ပြုပြင်ပြောင်းလည်းမှု ဆက်လက်ဆောင်ရွက်မည်။
(ကြံ့ခိုင်ရေးရဲ့ လိုဂိုလေ။)

(အဲဒီလို လေပေါင်းစုံ ကိုယ့်လေနဲ့ကို ရှိကြပေသည့် မောင်လေပူကတော့ ကိုယ်ပိုင်လေမရှိသေး။ အစထဲက လေနဲ့ဝမ်းမကွဲသူမို့ သူများလေများကိုသာ ငှားသုံးတတ်သူ မောင်လေပူ။)

အနှီသို့ ဤသို့ ကိုယ်ပိုင်လေများစွာနှင့် လေထန်နေကြသောအချိန်မို့လားမသိ။ ဖွဘုတ်ကြီးလည်း လေသံတွေ တသောသောနှင့် စည်ဗျောလှ၏။

ရွာနှင့်ဝေးနေသော်လည်း ရွာမှာဖြစ်သမျှ ဒိဌမြင်ရသော အိမ်သာနက်ကြီး တန်ခိုးကား ကြီးလေစွ။ အန်တီကယားရောက်ပြီ။ ဘယ်လိုကြိုသည်။ ဘယ်သို့မေးကြသည်နှင့် ချက်ခြင်းလက်ငင်းတက်လာလေရာ ဖတ်မကုန်။ ပြောမဆုံး။ ဖွဘုတ်ကြီးကား ခြငိးခြင်းနီစွာ နေဘိတကား။

တဖက်က အနီတွေ လှိမ့်တက်လာသလောက် အစိမ်းတွေ ငြိမ်နေသည်ကလည်း စိတ်ဝင်စားဖွယ်။ အစိမ်းတွေက ငွေကို ရေလိုသုံးပြီး နယ်တွေမှာ မဲဝယ်နေလို့ ဖွဘုတ်ပေါ်တက်မလာသလား မသိ။
အမျိုးသားရေးတွေ ခဏခဏ ပြောတတ်သော သူတို့တွေ ငြိမ်လွန်းလေတော့ ဖွဘုတ်ပေါ်မှာ အနီများက ကြိုတင်၍ တဖက်သတ် အောင်ပွဲခံနေသလို ဖြစ်နေလေ၏။

ခုတလော ခေတ်စားလာသော ဘယ်သူ့ကိုမဲထည့်မယ်ဆိုတာ ကြိုမပြောရတို့။ အနုပညာရှင်တွေ ကြားနေတို့ဆိုတာ ထိုကိုအဝှာများ ပုံဖျက်ကာ လက်သီးပုန်းထိုးနေသလား မသိ။
နာမည်ကြီးမင်းသမီးချောချောလေးပုံနှင့် တက်လာသော အမျိုးသားရေးပါတီကို မဲပေးမည်ဆိုတာလည်း သူမပြောရပါကြောင်း ( သူ့လေ မဟုတ်ပါကြောင်း။) မင်းသမီးလေးက ရှင်းချက်ထုတ်ရှာ၏။ သူလည်း ပြည်သူအများနှင့်အတူ ရှိပါသတဲ့။

ဘယ်သူလုပ်မှန်းမသိတဲ့ ပုံတပုံကြောင့် သူမကို ပြည်သူအများ မုန်းမှာ စိုးရှာသည်ထင်၏။ သူမှမဟုတ်။ အခြားအနုပညာရှင်များစွာ၏ ပုံများကိုလည်း စာပြောင်းကာ လုပ်ကြံဖန်တည်း ကြသေး၏။ ဖိုတိုရှော့ ကို တီထွင်သူ ဆော့ဝဲလ် ကန်ပနီကိုသာ တရားစွဲကြရမည်။ အနှီပုဂ္ဂိုလ်ကျော်တို့၏ တီထွင်မှုကြောင့်သာ ဤသို့ ဖြစ်ရသည်မဟုတ်တုံလော။
(မောင်လေပူကတော့ ဆော့ဝဲလ်ဆိုတာ ရေဝဲလားလို့သာ ထင်တတ်သူဖြစ်ရကား ခေတ်မှီလောကဓာတ်ပညာများနှင့် လားလားမျှမနီးစပ်သူဖြစ်၍ အဘယ်ကဲ့သို့မျှ ဖိုတိုမရှော့တတ်။)

အနုပညာသမားများကား ပြည်သူမုန်းမည်ကို စိုးကြသည်မှာ သဘာဝပင်။ ပြညိသူမုန်းလျှင်နာမည်ပါ ပျောက်တတ်သည်။ နွမ်ဂျာသိုင်းတို့ မတင်ဝင်းတို့ဆိုလျှင် စာရေးကောင်းသော်လည်း မည်သူမျှမဖတ်ကြတော့။ အဖားမတော်တခွန်း ဖြစ်တတ်၏။ လွင်မိုးလည်း ထိုနည်းလည်းကောင်း။

(ထို့ကြောင့်ထင်သည်။ ဆရာမောင်စိန်ဝင်းက ပြောသည်။ သူ အမျိုးသားစာပေဆုရမှာ ကြောက်သတဲ့။ သူ့ကဗျာစာအုပ်တောင် ဆုမရရေးအတွက် ကဗျာပုဒ်ရေ လျှော့သတဲ့။ အမျိုးသားစာပေဆုကလည်း ဘယ်နှစ်ပုံးဆိုတဲ့ ဈေးကွက်နဲ့မကင်းလေတော့ အဆင့်တွေ လျှောကြခဲ့တာ ကြာခဲ့ပြီ။)

အနှီကဲ့သို့ ဖွဘုတ်ကြီးပေါ်မှာ တွေ့သမျှ လိုက်ဖတ်ရင်း သူများလေတွေနှင့် လေပူထလိုက်ပါသည် ချစ်စွာသော မိတ်ဆွေများ ခင်ဗျား။

ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော် မောင်လေပူ ဟုတ်ပေါင်ယောင်လို့ မောင်လူပေပါ။


ချစ်တဲ့

 မောင်လူပေ

No comments:

Post a Comment